သီးသန့် စစ်ဆေးမယ်
Vol. 83 Ch. 1234
“ အာ… “ လင်းရီ အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး “ အကြီးအကဲက အထင်လွဲနေပြီနဲ့တူပါတယ်.. သူက မကောင်းဘူးလို့ ကျွန်တော် မပြောဘူး… ဒီအတိုင်း ဒီက လေ့ကျင့်ရေး ပစ္စည်းတွေက မစုံလင်ဘူးလို့ ခံစားမိရုံတင်ပဲ… မနက်ဖြန် တရားဝင် လူရွေးပွဲ စတင်တဲ့ အချိန်ကျ သူ့ရဲ့ အရည်အချင်းကို ပိုပြီး တိတိကျကျ စစ်ဆေးလို့ရတာပေါ့..”
“ မင်းက အဘိုးကြီးလုနဲ့ လိုက်လာခဲ့တယ်ဆိုတော့ ငါ့မြေးရဲ့ အင်အား အဆင့်ကို မင်း ကောင်းကောင်းကြီး သတိထားမိမှာပါ… ဒါတောင် မလုံလောက်သေးဘူးလို့ မင်း ထင်နေသေးတုန်းလား…”
“ သူ့အရည်အချင်းကို ကျွန်တော်ယုံတယ်… ဒါပေမယ့် လုံလောက်အောင် ကောင်းနေပြီလို့တော့ မဆိုလိုဘူး.. တခြား ကဏ္ဍတွေမှာ သူ့ဘက်က အားနည်းချက် ရှိနေတာမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်တာပဲလေ.. အဲ့လိုဆိုရင် တကယ့် လက်တွေ့ မစ်ရှင်တွေ ထမ်းဆောင်တဲ့ အချိန်ကျရင် ဒုက္ခရောက်လိမ့်မယ်…”
“ ကောင်းပြီလေ.. ဒါဆိုလည်း ငါတို့ မနက်ဖြန် လူရွေးပွဲမှာ ဝင်ပြိုင်မယ်… ဒါပေမယ့် ပြောင်းလဲမှု တစ်စုံတစ်ရာ မရှိဘူးဆိုရင်တော့ သူ မင်းရဲ့ အသင်းထဲ ဝင်မှာ မဟုတ်ဘူး…”
စွေ့ကျီကျိုး၏ မျက်နှာတွင် ဒေါသရိပ်တို့ ထင်ဟပ်နေသည်။
လုပေချိန်က သူ့ကို ဤနေရာသို့ လာရောက်ရန် ဖိတ်ခေါ်လာခဲ့ပြီးမှ ယခု သူရောက်လာခဲ့ပြန်တော့လည်း ထိုအဘိုးကြီး လက်အောက်ရှိ လူများက သူ့အား ခက်ခဲအောင် ပြုလုပ်နေသည်။ ဤသည်က သူ့အပေါ် လေးစားမှု မရှိခြင်းပင်။
“ ကိစ္စမရှိဘူး… လူတိုင်းမှာ အခွင့်အရေးဆိုတာ ရှိတယ်… သူ လူရွေးပွဲ အောင်သွားခဲ့ရင် ဘယ်အသင်းဝင်မယ်ဆိုတာ သူ့ဆုံးဖြတ်ချက်နဲ့သူပဲ… ကျွန်တော် ဘာပြောစရာမှ မရှိဘူး…”
လုပေချိန် ဘေးတွင် ရပ်နေလျက် စွေ့မိသားစုကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူ၏ ရှူးရှူးရှားရှား ဖြစ်နေသည့် သူ၏ ရဲဘော်ရဲဘက်ဟောင်းကြီးအား ကြည့်ရင်း ပြုံးလိုက်မိ၏။ သို့သော် သူ ဘာမှတော့ ဝင်မပြောချေ။
သူတို့ ယခင် ပခုံးချင်းယှဉ် တိုက်ပွဲဝင်ခဲ့စဉ်ကလည်း ထို အဘိုးကြီးမှာ အင်မတန် ခေါင်းမာသည့် လူစားမျိုး ဖြစ်၏။ အသက်ပင် ကြီးရင့်လာသော်လည်း စိတ်ဓာတ်ကတော့ ပြောင်းလဲ မလာသေးချေ။
‘ ဒီကိစ္စကတော့ ငါလည်း ဝင်ပြောလို့ မရဘူး… မင်းတို့ စွေ့မိသားစု ဘယ်လို ပြုမူမလဲ ဆိုတဲ့အပေါ်ပဲ မူတည်တော့တယ်…’
စွေ့ကျီကျိုး ထို့ထက်ပိုသည့် တုံ့ပြန်မှု မပြုလုပ်လာချေ။ သူ စွေ့ချန်ဘက်သို့လှည့်၍ “ ချန်.. မင်း လာခဲ့တော့… ဒီမှာ ဘာလေ့ကျင့်စရာမှ မရှိတော့ဘူး…”
စွေ့ကျီကျိုး၏ အသံကို ကြားတော့ စွေ့ချန် သူ ပြုနေသည်များကို ရပ်တန့်လိုက်သည်။ ထို့နောက် သူ့ ခန္ဓာကိုယ်ရှိ ဝိတ်တုံးကြီးများကို ဖြုတ်ပြီး လင်းရီတို့ထံ ကျဲလှမ်းသည့် ခြေလှမ်းတို့ဖြင့် ရောက်လာခဲ့၏။
“ အဘိုး.. ကျွန်တော့်မှာ ဘာပြဿနာမှမရှိဘူးမလား…”
စွေ့ချန် အပြုံးလေးဖြင့် မေးလိုက်သည်။
သူက ဤနေရာသို့ စမ်းသပ်လေ့ကျင့်မှု ပြုလုပ်ရန် လာသည်ဆိုသော်လည်းပဲ စွေ့ချန် ရင်ထဲ အလေးအနက် ထားမနေချေ။
သူက D အဆင့်သို့ ရောက်ရှိနေပြီး ကျုံးဝေ့တပ်ဖွဲ့၏ အသင်းခေါင်းဆောင်ပင် ထို အဆင့်လောက်သာလျှင် ရှိသည်။ သူက ဤနေရာသို့ လာပြီး လေ့ကျင့်ရုံမျှသာ လေ့ကျင့်နေခြင်း ဖြစ်၏။ မည်သို့ပင်ဆိုစေ သူက အသင်းခေါင်းဆောင်၏ ခွန်အားအဆင့်သို့ ရောက်ရှိနေပြီး ဖြစ်ရာ သူ၏ အရည်အချင်းကို မေးခွန်းလာထုတ်နေမည်ဆိုပါက တစ်ဖက်လူသည် ရူးနေသည့်သူ မဟုတ်လျှင် တစ်ခုခုသာ ဖြစ်ပေလိမ့်မည်။
“ ဒီ အသင်းခေါင်းဆောင်က မင်းကို အရည်အချင်း မမီဘူးတဲ့… ဒါကြောင့်မို့ သူက မင်းကို တံခါးမဖွင့်ပေးနိုင်ဘူး… မင်း မနက်ဖြန်ကျရင် တခြားလူတွေလိုပဲ တရားဝင် စစ်ဆေးမှုကို ကျော်ဖြတ်ရမယ်…”
“ ဟင်… ဒါ နည်းနည်းလေးတော့ များသွားပြီ မဟုတ်လား… ကျွန်တော့် အရည်အချင်းနဲ့ ပတ်သက်ပြီး ဘာ အမှားအယွင်းတွေများ ရှိနေလို့…”
လင်းရီ “ ….. “
‘ ဒီမြေးအဘိုးနှစ်ယောက်ရဲ့ ဦးနှောက်တွေကပဲ ပြဿနာ ရှိနေတာလား…’
‘ ငါ တစ်ခါမှ အဲ့လို မပြောခဲ့ဖူးပါဘူး.. ပြောခဲ့လို့လား….’
“ အကြီးအကဲ… ကျွန်တော် နောက်ဆုံးတစ်ကြိမ် ထပ်ရှင်းပြမယ်… သူ့ကို အရည်အချင်း မမှီဘူးလို့ ကျွန်တော် မဆိုလိုဘူး… ဒီတိုင်းလေး တရားဝင် စစ်ဆေးမှုကို ကျော်ဖြတ်စေချင်နေတာ ... ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ဘက်ပေါင်းစုံက အရည်အချင်းကို ကျွန်တော် သိချင်လို့ … သူ့ရဲ့ ခွန်အား၊ အမြန်နှုန်း၊ တုံ့ပြန်မှု၊ နှလုံးရဲ့ လုပ်ဆောင်ချက်… ဒါတွေက သူ့အင်အား အဆင့်နဲ့ ဘာမှ မသက်ဆိုင်ဘူး…”
“ ဘာများ ကွာသွားမှာမို့လို့…” စွေ့ချန် မေးမြန်းလိုက်သည်။ “ မင်း စိုးရိမ်နေတာကို ငါမသိဘူးများ ထင်နေတာလား.. ငါ့ရဲ့ အရည်အချင်းနဲ့ဆိုရင် အသင်းခေါင်းဆောင် ရာထူးကိုတောင် ယူလို့ ရနေပြီ… အဲ့လိုဆိုရင်တောင် မင်းငါ့ကို ဒီလိုမျိုးကြီးတော့ မလုပ်သင့်ဘူး မဟုတ်လား..”
“ မင်းက D အဆင့်ရောက်နေတယ်ဆိုရင်တောင် မင်းရဲ့ အရည်အချင်းက အသင်းခေါင်းဆောင်ဖြစ်ဖို့ အဝေးကြီး လိုသေးတယ်.. မောက်မာတဲ့ လူတွေက ဒီမှာ အသက်မရှည်ဘူး.. မင်း သိပ်ပြီး မမောက်မာနဲ့…” လင်းရီ ပြောလိုက်သည်။
စွေ့ချန် မျက်နှာ သိပ်မလှတော့ချေ။
“ ငါကတော့ မောက်မာနေတာ မင်းလို့ပဲ ထင်တယ်…”
စွေ့ချန် လင်းရီကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်ရင်း “ မင်း ဒီအသက်အရွယ်နဲ့ အသင်းခေါင်းဆောင် ဘယ်လို ဖြစ်လာလဲဆိုတာ ငါ မသိဘူး… ဒါပေမယ့် မင်းကိုယ်မင်း ဘယ်နေရာမှာ ရှိသင့်တယ်ဆိုတာတော့ သိလိမ့်မယ် ထင်တယ်… သူများကို နိမ့်ချပြီး မမြင်နဲ့… ရန်ကျင်းက ဘက်ပေါင်းစုံမှာ မြင့်မားနေတယ်ဆိုပေမယ့် တခြား နေရာကလည်း နိမ့်ကျမနေဘူး… မင်းက အသင်းခေါင်းဆောင် ဆိုရင်တောင် ငါ့ထက် ပိုမတော်ဘူးဆိုတာ ငါယုံတယ်…”
လင်းရီ ခေါင်းကုတ်လျက် လုပေချိန်ထံ လှည့်၍ “ ကိုင်း အကြီးအကဲ… တစ်ယောက်ယောက်ကတော့ ကျွန်တော့်ရဲ့ အရည်အချင်းတွေကို မေးခွန်းလာထုတ်နေပြီ… ဒီကိစ္စ ဘယ်လိုလုပ်သင့်လဲ… ကျွန်တော် ဒီ အသင်းခေါင်းဆောင် တာဝန်ကို ဆက်ပြီး ယူသင့်ရဲ့လား…”
“ မင်းလုပ်ချင်သလိုသာလုပ်… ငါ ဒီကိစ္စမှာ ဘာမှ ဝင်မစွက်ဖက်ဘူး… “ လုပေချန် ပြောလိုက်ပြီး “ မင်း သူ့ကို လက်မခံချင်လဲ ရသလို သူနဲ့ လက်ရည်ယှဉ်ချင်လည်း ရတယ်… စကားပြောပြီး လေကုန်ခံနေစရာ မလိုဘူး….”
“ ကျွန်တော်တော့ မာစတာလု ပြောသင့်သလောက် ပြောပြီးသွားပြီလို့ ထင်တယ်… နည်းနည်းလောက် လက်ရည်စမ်းပြီးသွားရင် တစ်ယောက်ရဲ့ အဆင့်ကို အတိအကျကို သိသွားပြီလေ…” စွေ့ချန်၏ ညီငယ် စွေ့ရှန်၏မှ ပြောလိုက်သည်။
“ ဘာ လက်ရည်မှ စမ်းနေစရာ မလိုဘူး… အဘိုးကြီးလုက ငါ့ကို သေရေးရှင်ရေးမှာ ကယ်တင်ခဲ့တဲ့လူ… ဒီတော့ သူ ပြောတဲ့အတိုင်း ငါလုပ်မယ်… ငါတို့ တရားဝင် စစ်ဆေးမှုကို ကျော်ဖြတ်မယ်..”
“ ဘိုးဘိုး(ဖိုးဖိုး)… ဘာလို့ ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရမှာလဲ…” စွေ့ရှန် နားမလည်နိုင်ဖြစ်စွာ သူ့အဘိုးအား မေးလိုက်သည်။
“ မင်း အစ်ကိုကြီးရဲ့ အရည်အချင်းနဲ့ဆိုရင် သူ ဒီကောင်လေးနဲ့ လက်ရည်ချင်း ယှဉ်လို့ရတယ်… ဒါပေမယ့် ဘာပဲပြောပြော ဒီကောင်က ကျုံးဝေ့တပ်ဖွဲ့ရဲ့ အသင်းခေါင်းဆောင် ဖြစ်နေတုန်းပဲလေ… တကယ်လို့ ကြည့်မကောင်းတဲ့ မြင်ကွင်းတွေ ထွက်လာခဲ့ရင် အသင်းခေါင်းဆောင်ကို အရှက်ရစေမယ်... အဲ့လိုဆို အဘိုးကြီးလုကိုပါ အရှက်ခွဲသလို ဖြစ်သွားလိမ့်မယ်… အဘိုးတို့ မလုပ်သင့်ဘူး…”
စွေ့ရှန် စဉ်းစဉ်းစားစားနှင့် ခေါင်းညိမ့်လိုက်၏။ သူ့ အဘိုးဆုံးဖြတ်တာ မှန်သည်ဟု သူလည်း ထင်မိသည်။
လောကဓမ္မတာ ကိစ္စရပ်များကို သူနားလည်ဆင်ခြင်နိုင်ရန် အများကြီး လိုအပ်နေသေး၏။
“ အဲ့ကိစ္စ စိုးရိမ်နေစရာ မလိုဘူး… ငါ မင်းတို့ကို ဒီနေ့ ဒီခေါ်လိုက်တယ်ဆိုတာ မင့် မြေးရဲ့ သတင်းကို ကြားမိလို့… ဒါကြောင့်မို့ သူ့ကို အသင်း ၁ ဆီ အထူးအနေနဲ့ ဝင်စေချင်တာ… ဘယ်သူ့ ဂုဏ်သိက္ခာမှ ငဲ့ကွက်နေစရာ မလိုဘူး…”
လုပေချိန် ဘေးသို့ ကပ်ရပ်လိုက်ပြီး လင်းရီအတွက် လမ်းဖယ်ပေးလိုက်၏။
“ သူက အသင်း ၁ ရဲ့ အသင်းခေါင်းဆောင်.. အရင်ဆုံး ဒီမှာ စမ်းသပ်စစ်ဆေးမှုပြုပြီး ဘယ်လိုရလဒ်မျိုး ထွက်လာမလဲ ကြည့်ကြတာပေါ့… မင်းတို့ ဘယ်လိုထင်လဲ…”
“ မင်းပြောလာပြီ ဆိုတော့ ငါ အားမနာတော့ဘူးနော်…”
“ သောက်အဘိုးကြီး… ငါတို့ချင်း သိလာတာ နှစ်ခြောက်ဆယ်ကျော်နေပြီကို မင်းကများ ငါ့အပေါ် လာလှည့်စားချင်နေသေးတယ်ပေါ့… မင့် သောက်ကျင့် ငါမသိဘူးများ ထင်နေတာလား….”
စွေ့ကျီကျိုး ကျယ်လောင်စွာ ရယ်မောလိုက်ပြီး “ ဒါဆိုလည်း လုပ်လိုက်ကြတာပေါ့…”
လုပေချိန် လင်းရီကို တစ်ချက်ကြည့်လိုက်သည်။
“ မင်း အဆင်ပြေတယ်မလား…”
“ သီးသန့် စစ်ဆေးမှု လုပ်တာက ပြဿနာ မရှိဘူး… ဒါပေမယ့် ဒီမှာ ပစ္စည်းပစ္စယတွေ မစုံဘူးဆိုတော့ နည်းနည်းတော့ခက်တယ်…”
“ အဲ့တာ လွယ်ပါတယ်..” စွေ့ချန် ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်ပြီး “ ငါ မနက်ဖြန် မင်းနဲ့ ပြိုင်မယ်… မင်း ဘယ်ဘက်ကို ပြိုင်ချင်လဲပြောလိုက်… တကယ်လို့ ငါနိုင်တယ်ဆိုရင် ငါ့အရည်အချင်းတွေက လုံလောက်တယ်ဆိုတဲ့ သဘောပဲ မဟုတ်ဘူးလား… အဲ့လိုဆိုရင်တော့ မင်း ငါ အသင်း(၁)ထဲ ဝင်မယ့် ကိစ္စ ပြောစရာ ရှိတော့မယ် မထင်ဘူး…”
“ အစ်ကို… မင်း သူ့ကို အနိုင်ယူနိုင်နေမှတော့ ဆိုလိုတာ မင်းက အသင်းခေါင်းဆောင် ဖြစ်ဖို့ အရည်အချင်း ပြည့်မီတာပဲ မဟုတ်ဘူးလား..” စွေ့ရှန်မှ ဝင်ပြောလိုက်၏။
လုပေချိန် သဘောကျစွာဖြင့် ရယ်မောလိုက်၏။
နွားပေါက်လေးတွေ ကျားကို မကြောက်ဘူးဆိုတာ အမှန်ပါလား… ဒီလို စကားမျိုးကို တကယ်ကြီး ပြောဝံ့နေတယ်…
“ ဟုတ်တယ်… ဒါပေမယ့် နေရာတိုင်းမှာ စည်းမျဉ်းစည်းကမ်း ဆိုတာ ရှိတယ်.. သူ့အတွက်လည်း ဒီလို ရာထူးမျိုး ရအောင် လုပ်ရတာ မလွယ်ဘူးဆိုတော့ သူလည်း လွယ်လွယ်နဲ့ လက်လျော့…...."
“ တော် တော် တော်…”
စွေ့ချန် စကားဆုံးအောင် မပြောနိုင်ခင်တွင်ပဲ လင်းရီ သူ့အား စကားစဖြတ်ပစ်လိုက်၏။
“ ငါ့ကို မထိတထိ လာပြောမနေနဲ့…. ငါဘယ်လိုမှ နေမှာ မဟုတ်ဘူး..” လင်းရီ ပြောလိုက်ပြီး “ ကံကောင်းချင်တော့ ဒီနေ့ လူတိုင်း ဒီနေရာမှာ ရှိတယ်…. ဆိုတော့ ငါ တစ်ခါတည်း ရှင်းအောင် ပြောမယ်… တကယ်လို့ မင်း ငါ့ကို အနိုင်ယူနိုင်ရင် အသင်းခေါင်းဆောင် ရာထူးက မင်း အပိုင်…. ဒါက အရေးကြီးတဲ့ ရာထူးနေရာတစ်ခုဆိုတော့ လုပ်နိုင်စွမ်းရှိတဲ့လူလက်ထဲ ထားသင့်တယ်…”
လင်းရီ၏ စကားလုံးများက စွေ့မိသားစုဝင် သုံးယောက်လုံးကို အံ့အားသင့်သွားစေသည်။
ကောင်လေးက လူသာ ငယ်သာ မာန်ကတော့ မငယ်ဘူးပဲ…
ထူးတော့ ထူးတယ်…
“ အိုကေ… သဘောတူတယ်…”
“ ကောင်းပြီ…”
“ ပြော.. ငါတို့ ဘယ်လို ယှဉ်ကြမှာ… မင်း စီစဉ်တဲ့အတိုင်းပဲ…”
“ ပုံမှန် စစ်ဆေးမှုမှာဆိုရင် ကဏ္ဍ လေးရပ်ရှိတယ်… ပြိုင်ပွဲဝင်တွေက လျင်မြန်မှုနဲ့သက်လုံရယ်၊ ခွန်အားရယ်၊ နှလုံးလုပ်ဆောင်နိုင်စွမ်းနဲ့ ဆက်စပ်တွေးခေါ်နိုင်စွမ်းကို စစ်ဆေးခံရမယ်..”
“ ဒါပေမယ့် လက်ရှိ အနေအထားအရ ငါတို့တွေ ရှေ့ နှစ်ခုပဲ ယှဉ်ပြိုင်ကြတာပေါ့.. မင်း ငါ့ကို တစ်ခုခုမှာ နိုင်သရွေ့ အသင်းခေါင်းဆောင်ရာထူးက မင်းဥစ္စာပဲ…”