← Chapters

ဉာဏ်များသည့် အပြုံး

Vol. 83 Ch. 1236

ဉာဏ်များသည့် အပြုံး

Vol. 83 Ch. 1236

“ မင်းက အဲ့လောက်တောင် ယုံကြည်ချက် ရှိနေတယ်ပေါ့..”

“ ဒါပေါ့… ငါ့ကိုယ်ငါ မြန်တယ် ထင်ပေမယ့် ငါ့ရဲ့ ခွန်အားနဲ့ ယှဉ်လိုက်ရင် လျင်မြန်မှုက နည်းနည်း နိမ့်ကျနေသေးတုန်းပဲ…” စွေ့ချန် ပြောလိုက်ပြီး “ ငါတို့ချင်း အဆင့်က အတူတူလောက် ရှိတာ… ဒီတစ်ကြိမ်တော့ ငါမင်းကို မရှုံးစေရဘူး… မင်း ဘယ်လိုပြိုင်ချင်လဲ ပြော…”

“ ဟမ်….”

လင်းရီ ရေရွတ်လျက် “ နေစမ်းပါဦး… ငါ ဒီနား ဘာ အသုံးတည့်တာ ဘာရှိလဲ လိုက်ရှာကြည့်လိုက်ပါဦးမယ်…”

ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်ရင်း လင်းရီ မနီးမဝေးရှိ လေ့ကျင့်ရေး သံချပ်ကား တစ်ချပ်စင်းကို မျက်စိသွားကျမိသည်။

လေ့ကျင့်ရန် အသုံးပြုသည့် သံချပ်ကားဆိုတော့ မလိုအပ်သည့် အစိတ်အပိုင်းများအား ဖြုတ်ပြုပြီး ဖြစ်သဖြင့် ခန့်မှန်းချေ ခြောက်တန်လောက်တော့ အလေးချိန်ရှိမည်ဟု လင်းရီ ခန့်မှန်းလိုက်သည်။ စမ်းသပ်စစ်ဆေးမှု ပြုရန်အတွက် ပစ္စည်းကောင်းပင်။

“ ဒီဥစ္စာပဲ..”

လူအုပ်ကို ဖြတ်ကျော်ရင်း လင်းရီ လေ့ကျင့်ရေး သံချပ်ကာ ကားထံ လျှောက်လှမ်းသွားလိုက်သည်။

လေ့ကျင့်ရေး သံချပ်ကာ ကားကို ခွန်အား စမ်းသပ် စစ်ဆေးမည့် အပိုင်းတွင် ထည့်သုံးမည်ဟု လူတိုင်း ခန့်မှန်းလိုက်ကြ၏။ သို့သော် လင်းရီ မည်ကဲ့သို့ အသုံးပြုမလဲဆိုတာကိုတော့ သူတို့ မခန့်မှန်းနိုင်ကြချေ။

လူတိုင်း၏ အကြည့်အောက်တွင်ပဲ လင်းရီ သံချပ်ကာ ကား၏ ရှေ့မှောက်သို့ ရောက်ရှိလာသည်။

သူ လက်အဆစ်များ တဖြောက်ဖြောက် ချိုးလျက် ကီထိုင် ထိုင်လိုက်၏။ ထို့နောက် လက်နှစ်ဖက်ဖြင့် …..

သံချပ်ကာ ကားကြီးအား ခေါင်းအထက် ပင့်မြောက်လိုက်သည်။

“ သောက်ကျိုးနည်း.…”

ရှေ့ရှိ မြင်ကွင်းက လူတိုင်းကို မကျိန်ဆဲပဲ မနေနိုင်အောင် ဖြစ်ပျက်သွားစေပြီး ယုတ္တိပင် မတန်လှတော့ချေ။

လေ့ကျင့်ရေး သံချပ်ကာကား ဆိုသော်လည်းပဲ ၎င်း၏ အလေးချိန်က ခုနစ်တန် ရှစ်တန်ခန့် စီးပြီး လမ်းကြမ်းမောင်းသည့် ကားသုံးစင်းပေါင်း၏ အလေးချိန်နှင့် ညီမျှသည်။ ထို့ပြင် လင်းရီက လက်ဗလာနှင့် ပင့်မြှောက်ပြနေခြင်းပင်။

ဘယ်လိုတောင် ထိတ်လန့်စရာကောင်းတဲ့ ခွန်အားကြီးလဲ…

၎င်းကို မြင်တော့ စွေ့ချန် မျက်မှောင်ကုပ်မိသွားခဲ့သည်။

သူကိုယ်၌လည်း ဤကဲ့သို့ စွမ်းဆောင်နိုင်မည်ဟု သေချာသော်ငြား စိန်ခေါ်မှုတော့ တော်တော်လေး များ၏။ လင်းရီ၏ ပြိုင်ဘက်ကင်းသည့် အရည်အချင်းတို့က ကျုံးဝေ့တပ်ဖွဲ့၏ ခိုင်မာသည့် အုတ်မြစ် အင်အားကို သူ့အား သွယ်ဝိုက်၍ ပြသရာလည်း ရောက်နေသည်။ ထိုကဲ့သို့ ထင်မထားလောက်အောင် ပိန်သွယ်သည့် ခန္ဓာကိုယ်နှင့် ခုနစ်တန်လောက်ရှိသည့် ကားကို ပင့်မပြနိုင်သည်က ကြောက်ဖို့ကောင်းသည်ထက်ကို ကျော်လွန်နေပြီးဖြစ်၏။

“ မင်း ဘယ်လိုထင်လဲ..” စွေ့ကျီကျိုး တိတ်တဆိတ် မေးမြန်းလိုက်သည်။ သူ၏ မျက်နှာအမူအရာက လင်းရီ၏ ယခုလို စွမ်းဆောင်ပြနေမှုကို မယုံကြည်နိုင်သည့် အသွင် ပြသနေလေသည်။

“ ရတယ် အဘိုး.. ကျွန်တော် လုပ်နိုင်တယ်..” စွေ့ချန် တုံ့ပြန်လိုက်သည်။

၎င်းကိုကြားတော့ စွေ့ကျီကျုံး အများအပြား စိတ်သက်သာရာ ရသွားခဲ့လေသည်။

သို့သော် သူ သက်ပြင်းချလို့ မဆုံးသေးခင်မှာပဲ ပိုပြီး အံ့အားသင့်ဖို့ကောင်းသည့် တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့၏။

သံချပ်ကာကားကို ခေါင်းအထက် ပင့်မြောက်ပြီးနောက် လင်းရီ ပြန်လွှတ်မချပဲ ထိုအစား ကိုယ်ဟန်ကို ပြောင်းလဲ၍ ကားကို နောက်ကျောသို့ ပို့လိုက်၏။

ထို့နောက် ထိုင်ထ ခုနစ်ခါ လုပ်ပြလိုက်သည်။

လူတိုင်း “ …. “

ဤကဲ့သို့ ခွန်အားပြသမှုက လင်းရီ ကျည်ဆံရှောင်ပြသွားသည်ထက်ပင် ပို၍ မှင်တက် အံ့ဩဖွယ်ကောင်းနေပေတော့သည်။

အခြေအနေများစွာကို ဖြတ်သန်းဖူးဖြစ်သည့် လုပေချိန်ပင်လျှင် ထိုတခဏ၌ ကြက်သေသေသွားခဲ့တော့၏။

သောက်ကလေး ဘာတွေများ စားလို့ ဒီလောက်တောင် သန်မာနေတာပါလိမ့်…

လူ တစ်ရာနီးပါးခန့် စုဝေးနေကြသော်လည်း အသံတစ်သံပင် မကြားရချေ။ လူတိုင်း၏ မျက်လုံးအကြည့်တို့က လင်းရီတွင် စွဲမြဲနေပြီး သူတို့၏ ကမ္ဘာကြီး အပေါ် သိမြင်နားလည်ထားမှုတို့က ကျွမ်းထိုးမှောက်ခုံ ဖြစ်ပျက်သွားသည့်နှယ် ခံစားနေကြရလေသည်။

သံချပ်ကာ ကားကို ပင့်မပြသည်က တစ်ကဏ္ဍ။ သို့သော် သံချပ်ကာ ကားကို ပင့်မ၍ ထိုင်ထပြုလုပ်နေသည်ကတော့ နောက်အဆင့်တစ်ခုသို့ လုံးလုံး ရောက်ရှိသွားပြီဖြစ်၏။

ထိုင်ထ ပြုလုပ်ပြီးနောက် လင်းရီ သူ၏ မူလ ကိုယ်ဟန်ကို ပြောင်းလဲ၍ သံချပ်ကာကားကို ပုံမှန်အတိုင်း ပြန်ထားပေးလိုက်သည်။

“ ခုနစ်ကြိမ်က ငါ့အကန့်အသတ်ပဲ… မင်း သည့်ထက် ပိုလုပ်နိုင်ရင် ဒီတစ်ချီ မင်းနိုင်ပြီ…”

စွေ့မိသားစုဝင် သုံးယောက်လုံး ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားခဲ့ကြ၏။ သူတို့ အချိန်အတော်ကြသည်အထိ တိတ်ဆိတ်သွားခဲ့လေသည်။

သူတို့ ထင်မှတ်ထားသည်မှာ လင်းရီက သံချပ်ကာ ကားကို မ၍ အကြမ်းထည် ခွန်အားချည်းသပ်သပ် ယှဉ်ပြိုင်မည်ဟု မျှော်လင့်ထားခဲ့သော်လည်း ဖြစ်ချင်တော့ အနှီသံချပ်ကာ ကားနှင့် ထိုင်ထပြုရန် အမှန်ပင် စိန်ခေါ်နေခြင်းပင်။ ဤသည်ကတော့ ထင်ထားသည်ကို ကျော်လွန်နေပြီး ဖြစ်၏။

“ ဘိုး… ဘိုးဘိုး… ကျွန်တော်တို့ တကယ်ကြီး ဆက်လုပ်ကြမှာလား.. “ စွေ့ချန်၏ ညီငယ်မှ အသံတုန်ယင်စွာဖြင့် မေးမြန်းလာခဲ့သည်။

“ အဲ့တာ မင်းအစ်ကိုကြီးကိုမေး…”

“ မလို.. မလိုဘူး.. အစ်ကိုကြီး ကျွန်တော်အရှုံးပေးပြီ…” စွေ့ချန်၏ အသံသည်လည်း မသိမသာ ထိတ်လန့် တုန်ယင်နေသည်။

“ ကောင်းပြီလေ.. မင်းဘက်က ကျေနပ်တယ်ဆိုတော့လည်း ပိုပြီး လွယ်ကူသွားတာပေါ့… မနက်ဖြန် မနက် ရှစ်နာရီမှာ လူရွေးပွဲ စမယ်… မင်း တပ်ဖွဲ့ထဲ ဝင်ချင်ရင် အဲ့ဒီကို အချိန်မီ ရောက်အောင်လာခဲ့… မဝင်ချင်ဘူးဆိုလည်း မလာခဲ့နဲ့… မင်းစိတ်တိုင်းကျဆုံးဖြတ်…”

“ ကောင်းပြီ.. ကျွန်တော် အချိန်မီ ရောက်အောင်လာခဲ့မယ်…”

လင်းရီ စွေ့ချန်၏ လေးစားမှုအား အပြည့်အဝ သိမ်းပိုက်လိုက်နိုင်သည်ကို မြင်တော့ လုပေချိန် အလွန်အမင်း အားရကျေနပ်သွားခဲ့လေသည်။

" ဘယ်လိုလဲ... ဘာပြဿနာမှ မရှိတော့ဘူး မလား...."

“ အထင်ကြီးစရာပဲ… မင်း ဒီကောင်ကို ဘယ်နားကနေ ရှာလာခဲ့တာ… သူက တော်တော်ကြီးကို ပုံမှန် မဟုတ်တာ...."

စွေ့ကျီကျိုး ယခုလို မှတ်ချက်ပြုလိုက်၏။

“ သူကသာ ထူးခြားမနေဘူးဆိုရင် ငါကရော သူ့ကို အသင်း ၁ ရဲ့ ခေါင်းဆောင် ခန့်ထားပါ့မလားကွ… “ လုပေချိန် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရင်း “ ဒါပေမယ့် မင့်မြေးကလည်း တော်တော်လေး ကောင်းပါတယ်.. သူ့မှာ အလားအလာကောင်းတွေ ရှိတယ်… ကျောက်ရိုင်းတုံးလေး… သွေးပေးလိုက်ရင် သည့်ထက် ပိုထက်လာနိုင်တယ်..”

“ ကောင်းပြီ.. ငါတို့ ဒီနေ့ ဒီလောက်နဲ့ တော်ကြတာပေါ့..” စွေ့ကျီကျိုး လင်းရီကို ကြည့်လိုက်ပြီး “ မနက်ဖြန်ကျ တွေ့မယ်..”

“ ကောင်းပါပြီဗျ…”

အပြန်အလှန် နှုတ်ဆက်စကားများ ဆိုပြီးနောက် လင်းရီ စွေ့မိသားစုကို လိုက်ပို့လိုက်သည်။ ထို့နောက် လုပေချိန်နှင့် ပြန်ပြီး ရေနွေးသောက်ရန် ဆုံးဖြတ်လိုက်၏။

သူတို့ လုပေချိန်၏ နေရာကို ပြန်ရောက်တော့ လင်းရီ အကြမ်းအိုးထဲ ရေနွေးပြန်ဖြည့်လိုက်လေသည်။

“ မင်း အဲ့ကောင်လေးကို ဘယ်လိုထင်လဲ…”

“ ရိုးသားတယ်… အပြောနဲ့ အလုပ်ညီတယ်… မဆိုးပါဘူး…”

“ သူက ကျုံးဝေ့တပ်ဖွဲ့ထဲ ၀င်ဖို့ ပြဿနာ မရှိပေမယ့် သိပ်ပြီး ထက်ထက်မြက်မြက်တော့ ရှိပုံ‌မပေါ်ဘူး...” လင်းရီ ထပ်ပေါင်း မှတ်ချက်ပြုလိုက်၏။

“ မင်းကိုက တော်လွန်းနေတာ.. ဒီတော့ မင်းနဲ့ ယှဉ်လိုက်ရင် လူတိုင်းက တုံးအတဲ့ပုံ ပေါက်သွားရော…” လုပေချိန် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ တကယ့်တကယ် လူရွေးပွဲ စတဲ့ အချိန်ကျရင် သူ့လောက်တောင် မတော်တဲ့လူတွေနဲ့ မင်းတွေ့ရမှာ… “

“ အင်း…” လင်းရီ ရေနွေးကြမ်း တစ်ကျိုက် စုပ်လိုက်ပြီး “ အကြီးအကဲပြောတာလည်း ဟုတ်ပါတယ်…”

လင်းရီ သူ၏ အတွေးက လွန်ကဲနေသည်လို့တော့ ကိုယ့်ကိုယ်ကို မထင်ချေ။ ဤအတိုင်း သူ့ဘေးနားတွင် သူ့နည်းသူ့ဟန်ဖြင့် ကျွမ်းကျင်နေသူများ စုဝေးနေသောကြောင့်ဟုသာ ထင်မိသည်။

ကျီချင်းရန်၊ လီချူးဟန်၊ ရှန်းရှုရီ၊ လျန်ရူရွှယ်၊ အာယာနဲ မစ်ဆူ ၊ ယူရှီမစ်ဆူ …. ချီရှန်းကျောက်နှင့် ဟော်ယွမ်ယွမ်တို့ကပင် ၎င်းတို့နည်း ၎င်းတို့ဟန်ဖြင့် ထူးခြား ကျွမ်းကျင်သူများ ဖြစ်ကြ၏။ ထို့ကြောင့် သူ၏ စံသတ်မှတ်ချက်ကလည်း သာမန်လူများနှင့် ထိတွေ့ဆက်ဆံရာတွင် အနည်းငယ် ကွဲပြားသွားခြင်း ဖြစ်လောက်သည်။

“ အသင်း ၁ ကိုတော့ …. ငါ မင်းနဲ့ စိတ်ချထားမယ်.... မင်း လုပ်ချင်သလိုသာလုပ်.....” လုပေချိန် ပြောလိုက်သည်။ “ ဒါပေမယ့် ငါ မင်းတို့ အသင်းကို မြင့်မြင့်မှန်းထားတယ်.. ဒီတော့ ခိုင်မာတဲ့ အုတ်မြစ်တွေ တည်ဆောက်ပြီး ငါ့ကို စိတ်မပျက်စေနဲ့…”

“ ကျုံးဝေ့တပ်ဖွဲ့မှာ အဓိက တိုက်ခိုက်ရေး အင်အားစုဖြစ်တဲ့ အသင်း ၄ ရှိနေပြီးသား မဟုတ်ဘူးလား… နောက်ထပ် ကျွမ်းကျင်တပ်ဖွဲ့ တစ်ခု လိုအပ်သေးလို့လား…”

“ လိုအပ်တာပေါ့.. နောင် လာမယ့် မစ်ရှင်တွေက စိန်ခေါ်မှုတွေ သည့်ထက်မက ပိုပြီး များလာတော့မှာ… အသင်း ၁ ကိုချည်း အားကိုးနေလို့ မဖြစ်ဘူး..” လုပေချိန် ရှင်းပြလိုက်ပြီး “ ပြီးတော့ အသင်း ၄ ရဲ့ ချဉ်းကပ်တဲ့ နည်းပရိယာယ်တွေက ဒိတ်အောက်နေပြီ.. ခေတ်ဆန်း တိုက်ပွဲမှာ ခေတ်ဟောင်းက အတွေးအခေါ်တွေနဲ့ ဆိုလို့ကတော့ အဲ့ကောင်တွေ ပျက်စီးဖို့ အနှေးအမြန်ပဲ… ဒါကြောင့်မို့ ငါ အသင်းသစ် တစ်ခု ဖွဲ့စည်းချင်တယ်… သေချာလေး စဉ်းစားကြည့်လိုက်တော့ မင်းက ဦးဆောင်ဖို့ အသင့်လျော်ဆုံးပဲ… “

လင်းရီ လက်ထဲတွင် ရေနွေးကြမ်းခွက်ကို ကိုင်ထားရင်း အတွေးနက်နေဟန်ဖြင့် တည်ငြိမ်နေလျက်ရှိကာ “ မျှော်လင့်ချက်တွေ ကြီးမားရင် ပိုပြီးမှလည်း စိတ်ပျက်ရတတ်တယ်… ကျွန်တော်က တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့်ပြီး အသေခံမယ့် မျိုးချစ် သူရဲကောင်းကြီး မဟုတ်ဘူးနော်.. အကြီးအကဲက အဲ့လောက် တာဝန်အကြီးစားကြီးကို ကျွန်တော့်ခေါင်းပေါ် လာတင်ပေးနေတော့ ဒီက ဘယ်လို ပြန်ပြောရမလဲတောင် မသိတော့ဘူး..”

ပြောရင်းဖြင့်လည်း လင်းရီ လုပေချိန်၏ အမူအရာကို အကဲခတ်နေလျက်ရှိကာ တစ်ဖက်သူမှာ သူ့အား ပြုံးလျက် ကြည့်နေသည်ကို မြင်တွေ့လိုက်ရ၏။ စဉ်းစားစေ့ဆော် ဉာဏ်များလျက် ရှိသော အပြုံးမျိုးပင်။

“ မင်းရဲ့ အတွေးတွေကိုငါနားလည်တယ်.. ဒီတော့ ငါကလည်း မင်းကို ကျုံးဝေ့တပ်ဖွဲ့နဲ့ တစ်သက်လုံး ချည်နှောင်သွားမယ်လို့ မျှော်လင့်မထားဘူး..” လုပေချိန် ပြောလိုက်ပြီး “ ငါ တောင်းဆိုချင်တာ မင်းရဲ့ အတွေးအမြင် သဘောထား နည်းစနစ်တွေကို အောက်ကလူတွေရဲ့ ဦးနှောက်ထဲ စိုက်ပျိုးပေးခဲ့ဖို့ပဲ… အဲ့လို ဆိုရင်ကို လုံလောက်ပြီ…”

All Chapters