← Chapters

ထင်မှတ်မထားသည့် စိတ်အားထက်သန်မှု

Vol. 83 Ch. 1237

ထင်မှတ်မထားသည့် စိတ်အားထက်သန်မှု

Vol. 83 Ch. 1237

လင်းကျင်ကျန့်မှတဆင့် လုပေချိန် လင်းရီ၏ စိတ်နေစရိုက်ကို အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။

သူတို့ နှစ်ယောက်လုံးက ချည်နှောင်ခံရခြင်းကို မနှစ်သက်ကြသူများပင်။ သင့်ဘက်က ကန့်သတ်ချုပ်ချယ်ခြင်း မရှိပါဘူးဟု ပွင့်ပွင့်လင်းလင်း ရှင်းပြစေကာမူ သူ့တို့စိတ်ထဲ သက်တောင့်သက်သာ မရှိသလို ခံစားရပေမည်။

ထို့ကြောင့် အကောင်းမွန်ဆုံးသော ချဉ်းကပ်နည်းက သူတို့ကို တစ်ကိုယ်တော် ပစ်ထားပြီး လုပ်ချင်ရာ လုပ်ခိုင်းလိုက်ဖို့ပင်။ လင်းရီ အနည်းငယ် အကျိုးပြုနိုင်လျှင်ပင် သူသည်လည်း အနည်းငယ် အကျိုးအမြတ် ရမည်ဖြစ်၏။

“ အကြီးအကဲရဲ့ လေသံက ကျွန်တော့်ကို ကျိုးကြောင်းမဆီလျော်တဲ့လူ ပုံစံ ပေါက်နေစေပြီ..”

လုပေချိန်၏ ကြင်နာလွှမ်းသည့် စကားလုံးများက လင်းရီကို စိတ်ထဲ အနည်းငယ် ရှက်ရွံ့သွားစေခဲ့သည်။

မည်သို့ပင် ဆိုစေ သူသည်လည်း ယခုလို အပေးအယူမှ အကျိုးအမြတ်ရှိမည်မှာ ကျိန်းသေသည်။

“ ဘာမှ ရှက်စရာ မလိုဘူး… ကျုံးဝေ့တပ်ဖွဲ့ဆိုတာ စကတည်းကရင် လွတ်လပ်တဲ့ နေရာ… ငါ မင်းကို ချုပ်ချယ်ချင်တဲ့ စိတ် မရှိဘူး…”

“ ကောင်းပြီလေ…” လင်းရီ လုပေချိန်ဖို့ ရေနွေးတစ်ခွက် ငှဲ့ပေးလိုက်ပြီး “ နောင် အနာဂတ်မှာ ဘာတွေ ဖြစ်လာမလဲ ကြိုမပြောနိုင်ဘူးဆိုပေမယ့် ကျွန်တော့်အတွေးတွေ အချိန်တစ်ခုလောက်အထိတော့ ပြောင်းလဲမယ် မထင်ဘူး.. အဲ့ဒီကာလအတွင်းမှာ ကျွန်တော် အသင်း ၁ ကို တတ်အားသရွေ့ ကူညီပေးသွားမယ်… နောက်ဆက်တွဲ ရလဒ်တွေ အတွက်ကတော့ သူတို့ အပေါ်ပဲ မူတည်တယ်… ကျွန်တော့်မှာ တာဝန်မရှိဘူး..”

“ ဟားဟား… အဲ့လိုကြားရတာကိုပဲ ဝမ်းသာလှပြီ…” လုပေချိန် ပြုံးလျက် ပြောလိုက်ပြီး “ ငါ လျိုဟုန်ဆီကနေ ကြားမိတာ စစချင်းတုန်းက မင်းငါ့ဆီ မလာချင်ဘူးဆို… မင်း ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သည့်ထက် ပိုကြီးတဲ့ ရာထူးတွေ မရချင်တော့ဘူးများလားပေါ့….”

“ အဲ့လို မဟုတ်ပါဘူး.. ကျွန်တော် တုံ့ဆိုင်းနေတယ် ဆိုတာ ဒီတိုင်း ဖန်လုံအိမ်ထဲက အသီးတွေ မှည့်နေပြီဆိုတော့ မြန်မြန်ရောင်းမှလေ.. “ လင်းရီ ပြောလိုက်ပြီး “ ခု အသီးတွေလည်း ရန်ကျင်း သယ်လာခဲ့ပြီ ဆိုတော့ ဒီမှာ ရောင်းရုံပဲ.. ရောင်းမရတော့လည်း ပြန်သယ်သွားရုံပေါ့…”

“ မင်းက တကယ့်ကောင်ပဲ…” လုပေချိန် ရယ်မောလိုက်ရင်း “ ဘီလီယမ်နာကြီးက အသီးတွေ ရောင်းနေတာကို ငါ ပထမဆုံးအကြိမ် မြင်ဖူးတာပဲ… ဒါပေမယ့် ရန်ကျင်းက ကျိုးဟိုင်ထက် မဆိုးပါဘူးကွ… မင်း ဒီမှာ ရောင်းဖို့ စီစဉ်ထားတယ်ဆိုရင် ဈေးကောင်းရနိုင်တယ်…”

“ မပြောစမ်းပါနဲ့ဗျာ.. ကျွန်တော့် အသီး တစ်ကတ်တီကို ယွမ် ၃,၀၀၀ နဲ့ ရောင်းရင် တစ်နေကုန်နေလို့ တစ်လုံး ရောင်းရမလားပဲ..”

“ ဟင်… တစ်ကတ်တီကို ယွမ် ၃,၀၀၀ ပေးရတဲ့ အသီးပေါ့… မင့် အသီးတွေက ရွှေနဲ့များ စပ်ထားလို့လား… စီးပွားရေးနဲ့ ကုန်သွယ်ရေးဗျူရိုကလူတွေ မင်းဆီ မလာကြဘူးလား..”

လုပေချိန် အလွန်အမင်းကို အံ့အားသင့်မိသွားခဲ့သည်။ သူတို့စားသည့် အထူးသစ်သီးဝလံများပင် ထိုမျှ ဈေးမပေးရချေ။

“ မလာဘဲ ဘယ်နေမှာ… စစချင်း ထုတ်ရောင်းပါပြီဆိုတဲ့ နေ့ကတည်းကနေ ရောက်ချလာတာပဲ…” လင်းရီ ပြောလိုက်ပြီး “ ဒါပေမယ့် ကျိုးဟိုင်ဆိုတာ ကျွန်တော့်ရဲ့ ပိုင်နက်လေ… ဗျူရိုက လူတွေ လာတော့ ကျွန်တော့် နာမည်ပြောပြီး မောင်းထုတ်လိုက်တယ်… ဒါပေမယ့် ရန်ကျင်းမှာကျ အဲ့လို သွားလုပ်လို့ မရတော့ဘူး… ဒီမှာကျ အမှန်ကြီး ဖမ်းခံရမယ့် ကိန်းရှိတယ်… ဒါကြောင့်မို့ ဒီ မလာချင်တာ…”

“ မင်းရောင်းတဲ့ ဈေးက နည်းလို့ဖြစ်ခြင်း… မလာရှာမှပဲ ထူးဆန်းနေလိမ့်မယ်..” လုပေချိန် ပြုံးလျက် ပြောလိုက်သည်။ “ ဒါပေမယ့် ဒီမှာ ငါတစ်ယောက်လုံး ရှိနေတာပဲ… မင်း ရဲရဲကြီးသာရောင်း… ငါ မင်းကို ကာကွယ်ပေးမယ်…”

လင်းရီ ရယ်မောလိုက်၏။ “ ကျွန်တော်ကလည်း အဲ့စကားမျိုး ကြားချင်နေတာ…”

“ မင်းကို တစ်ယောက်ယောက် ဆက်သွယ်လာလိမ့်မယ်… ဒီကိစ္စ စိတ်မပူနဲ့..”

“ အိုကေ…”

“ ကောင်းပြီ… ဒီနေ့တော့ ဒီလောက်ပဲ… ငါ သွားအိပ်တော့မယ်…”

“ ကျွန်တော် ကူညီပေးမယ်…”

လင်းရီ မတ်တပ်ရပ်ပြီး လုပေချိန်ကို ထရန် ကူညီ၍ အိမ်ထဲ လိုက်ပို့ပေးလိုက်သည်။

တံခါးလာဖွင့်ပေးသည့် လူက လုပေချိန်၏ ဇနီး၊ စုန့်ယွီကျိန်းပင်။

“ နင်က……. “

လင်းရီကို မြင်တော့ စုန့်ယွီကျိန်း အနည်းငယ် မရင်းနှီးသယောင် ခံစားနေရသည်။ သူ၏ ဝတ်စားဆင်ယင်ပုံကို ကြည့်ရသလောက်တော့ သူ့ခင်ပွန်း၏ ဘော်ဒီဂတ်လည်း မဖြစ်နိုင်ချေ။

“ သူက လင်းရီ… ငါတို့ ခုတင် စကားပြောနေကြတာ…”

“ ဆိုတော့ သူက လင်းရီကိုး…”

လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိသွားပြီးနောက် စုန့်ယွီကျိန်း၏ မျက်နှာအမူအရာက အများကြီး ကြင်နာရိပ်သန်းလာသည်။ သူမ၏ မျက်ဝန်းတို့ဆို ချစ်ခင်နှစ်သက်မှုတို့ ပြည့်နှက်နေခဲ့၏။

“ ဝင်ပြီး ထိုင်သွားလေ… အဆင်ပြေရင် ထမင်းပါ တစ်ခါတည်း စားသွားပါဦးလား…”

စုန့်ယွီကျန်း၏ ဖော်ရွေနေမှုကြီးက လင်းရီ ထင်မှတ်ထားသည်ထက်ပင် ကျော်လွန်နေပြီဖြစ်၏။

ထို့ပြင် သူမ၏ မျက်ဝန်းတို့က မေတ္တာစိတ်တို့ ပြည့်နှက်နေခဲ့၏။ ယင်းကို လင်းရီ နားမလည်နိုင်ပါချေ။

စုန့်ယွီကျိန်း ယခုလို ပြုမူနေရခြင်း အကြောင်းပြချက်က သူမနှင့် သူ့မိဘတို့ကြားရှိ ရင်းနှီးပတ်သက်မှုတို့ကြောင့်ပင်။

ထို့ပြင် မနက်ခင်း အစောပိုင်းတုန်းက ချင်ရင်ယွဲ့ သူမထံ ဖုန်းဆက်လာပြီး သူမထံ လာလည်မည်ဟုလည်း ပြောသွားခဲ့သေး၏။

ဤအကြောင်းပြချက်တို့က စုန့်ယွီကျန်းအား လင်းရီအပေါ် ပို၍ တွယ်တာမှုတို့ ဖြစ်ပေါ်စေသည်။

“ ဟုတ် … မစားတော့ဘူးဗျ… အိမ်မှာ လုပ်စရာတွေ ရှိသေးတာ ဆိုတော့လေ… ဒီတော့ အကြီးအကဲတို့ နှုတ်ဆက်ပါတယ်…”

“ မြေး အလုပ်ရှုပ်တယ်ဆိုရင်လည်း ဒီက မခေါ်ထားတော့ပါဘူး.. အားရင်တော့ အိမ်လာလည်နော်..”

“ ဟုတ်ကဲ့ပါ…”

ယဉ်ကျေးစွာ စကားပြောဆိုပြီးနာက် လင်းရီ ခြံထဲမှ ထွက်လာခဲ့လိုက်သည်။ သို့သော် သူအနည်းငယ်တော့ ဇဝေဇဝါ ဖြစ်နေစဲ ဖြစ်၏။

သူတို့ချင်း ဘာ ရင်းနှီးပတ်သက်မှုမှ မရှိတာတောင် ဘာလို့ ဒီလောက်ထိ ယဉ်ကျေးနေရတာလဲ…

ဒါကြီးက နည်းနည်းတော့ မဆီမဆိုင်သလိုပဲ…

ခေါင်းကို ခါရမ်းလိုက်ရင်း လင်းရီ သူ၏ ဦးနှောက်ဆဲလ်များကို သူ တွေးမပေါက်နိုင်သည့် အရာများအပေါ် အချိန်ဖြုန်းမနေဖို့ ဆုံးဖြတ်လိုက်၏။ မည်သိုပင် ဆိုစေ ယင်းကလည်း မကောင်းသည်တော့ မဟုတ်ပေ။

ဟိုတယ်သို့ ပြန်ရောက်လာခဲ့ပြီးနောက် လင်းရီ ကားထဲရှိ အသီးများအား ကြည့်လိုက်သည်။ အကုန်လုံးက လှတပတ ရှိနေသေးပြီး မပုပ်သေးသဖြင့် ရောင်းချရာတွင် ပြဿနာတော့ ရှိမည့်ပုံ မပေါ်ချေ။

နောက်ထပ် ခြေလှမ်းက သူ အသီးများကို မည်သည့်နေရာတွင် ရောင်းသင့်လဲ ဆိုတာပင်။

သူ ရန်ကျင်းနှင့်လည်း မရင်းနှီးပဲ သိသည့် နေရာဟူ၍ ဝမ်ဖူကျင်လမ်းသာလျှင် ရှိလေသည်။

ထို့ပြင် ထိုနေရာ၌ လူချမ်းသာ တော်တော်များများလည်း ရှိပုံရ၏။ ဝမ်ဖူကျင်တွင် သွားရောင်းမည်ဆိုလျှင်လည်း မဆိုးလောက်ချေ။

ကလင် ကလင် ကလင်….

ထိုအခိုက်အတန့်တွင် လင်းရီ ဖုန်းသံ မြည်လာခဲ့၏။ အမည်မသိ နံပါတ်တစ်ခုမှ ဆက်သွယ်လာခဲ့ခြင်းပင်။

“ ဟယ်လို… အသင်းခေါင်းဆောင် လင်းလားခင်ဗျ…”

အသင်းခေါင်းဆောင်လင်း ဆိုပါလား….

လင်းရီ သူ့ကိုယ်သူ ရေရွတ်လိုက်၏။ ဤလူက သူ့ကို ယခုလို ကင်ပွန်းတပ်လာသဖြင့် အတွင်းလူတစ်ယောက် ဖြစ်လောက်ပေသည်။

“ ကျုပ်ပါပဲ…”

“ ကျွန်တော့်ကိုယ် ကျွန်တော် မိတ်ဆက်ပေးပါရစေ… ကျွန်တော်က ကျန်းပေါင်ထျန်း… မာစတာလုရဲ့ အစောင့်လေ… ခေါင်းဆောင်ပြောတာ ခင်များက အသီးတစ်ချို့ ရောင်းချင်တယ်ဆိုလို့ ကျွန်တော့်ကို လာပြီး ကူညီခိုင်းလိုက်တာ… ကျွန်တော် ဘာများ ကူညီပေးရမလဲ…”

“ အင်း….” လင်းရီ အတန်ငယ်ကြာအောင် တိတ်ဆိတ်နေပြီးနောက် “ ကျုပ် ဝမ်ဖူကျင်လမ်းကို သွားချင်တယ်.. ဒါပေမယ့် အဲ့မှာ ဆိုင်တည်ဖို့တော့ ခွင့်မပြုထားဘူးထင်တယ်.. ကျုပ်ကို ဆိုင်တည်လို့ရအောင် ကူညီပေးပါလား..”

“ ပြဿနာ မရှိဘူး..” ကျန်းပေါင်ထျန်း ပြောလိုက်သည်။

“ အရင်ဆုံး ဝီချက် အပ်ထားကြတာပေါ့… ကျွန်တော် အခုပဲ စီစဉ်ပေးလိုက်မယ်… ဝမ်ဖူကျင် လမ်းကို အရင်ဆုံး မောင်းလာခဲ့လိုက်… စီစဉ်ပြီးလို့ရှိရင် ကျွန်တော် ခေါင်းဆောင်လင်းဆီ location ပို့ပေးလိုက်မယ်…”

“ ကောင်းပြီ… အလုပ်ရှုပ်စေမိသွားပြီ..”

“ မဟုတ်တာ…”

ပြောစရာရှိသည်များ ပြောပြီးနောက် လင်းရီ ဖုန်းချလိုက်သည်။

မကြာမီ တစ်ဖက်သူမှ သူငယ်ချင်းဖြစ်ခွင့် တောင်းခံလွှာ ပို့လာခဲ့၏။ လင်းရီ လက်ခံလိုက်ပြီး ဝမ်ဖူကျင် လမ်းလေးထံ မောင်းထွက်လာခဲ့လိုက်သည်။

သူ ရောက်တော့မည့် အချိန်တွင်ပဲ ဖုန်းထဲသို့ တည်နေရာ မက်ဆေ့ချ် တစ်ခု ကျလာသည်။ လင်းရီ ထိုလိပ်စာ အတိုင်း မောင်းလာခဲ့ပြီး ယင်းက ဝမ်ဖူကျင်လမ်း၏ လူအကျဆုံး နေရာတစ်ခုဖြစ်ကြောင်းကို လင်းရီ သတိပြုမိလိုက်သည်။

လမ်းဘေး တစ်နေရာတွင် စစ်သုံး SUV အစိမ်းရောင်း တစ်စင်း ထိုးရပ်ထား၏။ ၎င်းနံဘေးတွင် လူတစ်ယောက် ရပ်နေလျက်ရှိပြီး သာမန် အရပ်ဝတ်ကိုသာ ဝတ်ဆင်ထား၏။

“ ခင်များက ကျန်းပေါင်ထျန်းလား..” ကားထဲမှ ထွက်လာပြီးနောက် လင်းရီ မေးမြန်းလိုက်သည်။

“ ဟုတ်ပါတယ်..” ကျန်းပေါင်ထျန်း အလေးပြုလိုက်ပြီး “ ကျွန်တော် လိုက်မေးကြည့်ပြီးသွားပြီ.. ဒီနေရာက ဝမ်ဖူကျင်လမ်းထဲ အကောင်းဆုံး တည်နေရာပဲ.. လူတော်တော်များများလည်း ဝင်ထွက်သွားလာနေကြတာ ဒီနားလေးမှာ ဆိုင်ဖွင့်လို့ မမှားဘူး..”

“ ကောင်းပြီ.. ကျေးဇူးပဲ…”

လင်းရီ တစ်ဖက်သို့လှည့်၍ ကားထဲမှ အသီးအိတ်ထဲ လက်နှိုက်လိုက်သည်။ ထို့နောက် ဖရဲသီး တစ်လုံးထုတ်လာပြီး ကျန်းပေါင်ထျန်း လက်ထဲ ထည့်ပေးလိုက်၏။

“ အသီးက ပိုးသတ်ဆေး မဖြန်းဘဲ ကျုပ်ကိုယ်တိုင် စိုက်ထားတဲ့ အသီး… ယူသွားပြီး မြည်းစမ်းကြည့်ကြည့်…”

“ ခေါင်းဆောင်လင်း… ကျွန်တော် အဲ့လိုလုပ်လို့ မရဘူး… ကျွန်တော် ခေါင်းဆောင်လင်း ပေးတာကို လက်ခံလို့မရလို့ပါ…”

“ အဆင်ပြေပါတယ်… စိတ်ချလက်ချသာ စားစမ်းပါ… ဒါလေး စားလို့ ဘယ်သူမှ ခင်များဆီ တံခါးလာမခေါက်ပါဘူး… တကယ်လို့ တစ်ခုခု ဖြစ်လာခဲ့ရင် ကျုပ် တာဝန်ယူတယ်…”

ကျန်းပေါင်ထျန်း ရိုးသားစွာ ပြုံးလိုက်ပြီး လင်းရီအပေါ် အားနာနေခြင်း မရှိတော့ချေ။

အကယ်၍ သူ့ဘက်က အတင်းဇွတ်ငြင်းနေမည်ဆိုပါက ဟန်ဆောင်လွန်းသည့်အသွင် ရောက်သွားပေလိမ့်မည်။

“ ဒါဆိုလည်း ကျွန်တော် သွားနှင့်ပြီ… တစ်ခုခု လိုအပ်ရင် ခေါ်လိုက်နော်.. အားမနာနဲ့…”

“ အိုကေ…”

လင်းရီနှင့် စကား အနည်းငယ် ပြောဆိုပြီးနောက် ကျန်းပေါ်ထျန်း ကားမောင်း၍ ထွက်ခွာသွားခဲ့သည်။

သို့သော် သူ ခပ်ဝေးဝေးတော့ မသွား။ ထိုအစား လမ်းကြားလေးတစ်ခုထဲသို့ မောင်းဝင်သွားခဲ့၏။

ယင်းက ဘာကြောင့်လဲဆိုတော့ ခေါင်းဆောင်ကြီးမှ သူ့ကို လင်းရီ ပြဿနာ တက်သည်နှင့် အဆင့်သင့် ဝင်ရောက်ကူညီပေးရန် အမိန့်ပေးထားသောကြောင့် ဖြစ်လေသည်။

သိုသော် အမောင် လင်းရီကတော့ ထိုအချင်းအရာများအား မသိ။ သူ ကားပါကင်ထိုးပြီးနောက် လင်းရီ အသီးများကို ကားထဲမှ ထုတ်လိုက်ပြီး ကိုယ်ပိုင် စီးပွားရေးလေးအား တရားဝင် စတင်တော့၏။

လင်းရီ၏ ထွက်ပေါ်လာမှုက ဝမ်ဖူကျင်လမ်းတွင် ချက်ချင်းဆိုသလိုပဲ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့လေသည်။

“ ဒီလောက် ရုပ်ချောတဲ့ အစ်ကိုလေးက အသီးလာရောင်းနေတယ်… ဒါ အင်တာနက်မှာ ခေတ်စားနေတဲ့ ဆယ်လီတွေလို နာမည်ကြီးအောင် ဗွီဒီယို ရိုက်နေတာများလားနော်....”

All Chapters