ပိုက်ဆံ မပေးဘူးဆိုရင် ထွက်သွားဖို့ မစဉ်းစားနဲ့
Vol. 83 Ch. 1238
လင်းရီကတော့ လမ်းသွားလမ်းလာများ ယခုလို ဝိုင်းကြည့်သည်ကို သူ့အတွက် နေသားကျနေချေပြီ။
သူ ထန်းချိန် အိမ်ယာတွင် ပထမဆုံး အကြိမ် ဆိုင်ဖွင့်တုန်းကဆိုလျှင် အရွယ်သုံးပါး မရွေး အမျိုးကောင်း သမီးတို့မှာ သူ့အနား ရောက်လာ၍ ဖုန်းနံပါတ်များတောင်းကြပြီး သူ၏ မွေးစားမေမေများ ဖြစ်ချင်ခဲ့ကြသည်။
လင်းရီ ထင်မှတ်ထားသည့်အတိုင်း သူ ဆိုင်တည်ပြီးတော့ ဒါဇင်ကျော်သော အမျိုးသမီးတို့ သူ့အနား ဝိုင်းအုံလာသည်။ ထိုအထဲ အမျိုးသား တစ်ချို့ပင်မကင်း။ ဘာကြောင့်ရယ်မှန်းတော့ သူလည်း မပြောတတ်။
တော့တီး တော့တဲ့ လမ်းလျှောက်တတ်စ အရွယ်မှ အစ အသက်ကြီးကြီးအမျိုးသမီးတို့အထိ သူ့အသီးဆိုင်နား ရောက်လာခဲ့ကြသည်။
ဝမ်ဖူကျင်လမ်းတွင် ယခုလို ဆိုင်လာဖွင့်နေသည်အား မည်သူကမျှ အာရုံမရှိကြပေ။ သူတို့ သိချင်သည်မှာ ဤလူချောလေး၏ ဖုန်းနံပါတ်ကို မည်သို့လှည့်ပတ်ပြီး ရယူရင်ကောင်းမလဲ ဆိုတာကိုပင်။
“ အဲ့ အသီးရောင်းတဲ့ အစ်ကိုလေးက သိပ်ချောတာပဲနော်…”
ပြောလိုက်သူကတော့ အသက်နှစ်ဆယ် အရွယ်ရှိ ဂျင်း စကတ်တိုနှင့် ခေတ်စားသည့် မီးခိုးရောင် Yeezys တစ်ရံကို စီးနင်းထားသည်။
“ ချောတော့ရော ဘာလုပ်ရမှာ.. သူက ဒီတိုင်း အသီးရောင်းသမားကိုများ… သူ တစ်လ တစ်လ ရှာနိုင်တဲ့ ပိုက်ဆံက ငါ့ဖိနပ် တစ်ရံဖိုးတောင် မရှိဘူး..”
ပြောလိုက်သူမှာတော့ အခြားမဟုတ်။ သူမနှင့်အတူ လိုက်ပါလာသည့် ကောင်လေး တစ်ယောက်ပင်။
သူ့ကြည့်ရသည်မှာ ဆံပင်ကို တော်တော်လေး ဂရုစိုက်ထားဟန်ရပြီး လည်ပင်းတစ်ဝိုက်တွင် ငွေရောင် ငှက်မွေးပုံစံ လည်ဆွဲကို ဝတ်ဆင်ထားသည်။ ဘောင်းဘီကိုတော့ ကာဂို အစိမ်းရောင် ဝတ်ထား၏။
ဖက်ရှင် အမြင်ချင်း ကြည့်မည်ဆိုပါက နှစ်ယောက်မှာ စွယ်တော်ရွက်ပမာ လိုက်ဖက်ညီလှသည်။ နှစ်ယောက်က စုံတွဲများ ဖြစ်မည်ဆိုတာကို သံသယရှိနေရန် မလိုချေ။
ထို့ပြင် နှစ်ယောက်လုံးကလည်း ကြွယ်ဝသည့် လူတန်းစားများ ဖြစ်ပုံရ၏။ ကောင်မလေး ခြေထောက်အောက်ရှိ ရီးဇီးဖိနပ်ဆို ယွမ် ၅,၀၀၀ ကျော် တန်ကြေးရှိလေသည်။
သာမန်လူဆိုပါက ထိုသို့သော အဝတ်အစား တန်ဆာတို့အား မဆင်မြန်းနိုင်မည်မှာ ကျိန်းသေသည်။
“ ငါက ဒီတိုင်းလေးပဲ ပြောလိုက်တာပါဟယ်… ငါ ပြောချင်တာ သူက အဲ့ဒီ TV ပေါ်က ဆယ်လီတွေထက်ကို ပိုကြည့်ကောင်းသလို ရှိတယ်နော်..”
“ ငါလည်း ပြန်ပြောလိုက်မယ်… ရုပ်ချောတာက သုံးစား မရဘူး ဟုတ်ပြီလား… လူဆိုတာ ပိုက်ဆံရှိမှကွ… “ လူငယ်လေးမှ အထင်သေးမှု အပြည့်ဖြင့် ခွန်းတုံ့ပြန်လိုက်ပြီး
“ ဟို ချမ်းသာတဲ့ လူငယ်သခင်လေးတွေကို သွားကြည့်လိုက်… သူတို့ ဥပဓိရုပ်ဆိုတာ ငါ့ကိုတောင် မမှီဘူး… ဒါတောင် ဘေးနားမှာ အလှလေးတွေဆိုတာ ပန်းလိပ်ပြာလား ကျနေတာ… ဝိုင်းဝိုင်းကိုလည်လို့… အဲ့တာ ငွေရဲ့ ဆွဲဆောင်နိုင်စွမ်းပဲ…”
ကောင်မလေးမှ ပြုံးရုံသာ ပြုံးပြီး ဘာမျှ ပြန်မပြောချေ။ သူမသည်လည်း သူမ ကောင်လေး၏ စကားကို လက်ခံသည်။
“ နင်မှန်တယ်.. ဒါပေမယ့် အဲ့ အသီးရောင်းတဲ့ အစ်ကိုလေးက ချောတယ်ဆိုတာတော့ နင်ငြင်းလို့ မရဘူး… ငါတို့ ညစားဖို့ နည်းနည်းလောက် ဝယ်သွားကြမလား…”
“ အင်း… ဝယ်လေ… သူ့အသီးတွေ ကြည့်ရတာလည်း မဆိုးတဲ့ပုံပဲ..”
“ အွန်း.. သွားပြီး နည်းနည်းလောက် ဝယ်ကြစို့… ငါ လိုင်ချီးမစားရတာတောင် တော်တော်လေး ကြာနေပြီ…”
နှစ်ယောက်သား လက်ချင်းတွဲလျက် လင်းရီ၏ အသီးဆိုင်ရှေ့ ရောက်ချလာခဲ့ကြ၏။ လူငယ်လေးမှ လင်းရီ၏ အသီးများကို သိမ်းကျုံးကြည့်ရင်း လိုင်ချီးသီး တစ်လုံးကို သာမန်လျှံကာ ကောက်ယူပြီး မြည်းကြည့်လိုက်တော့….
သူ မျက်လုံးအရောင်များ လက်ခနဲ ဖြစ်သွားခဲ့လေသည်။
“ ချိုလှချည်လားဟ…”
“ ညီကို… မင့် လိုင်ချီးတွေက ဘယ်လောက်တုန်း… ငါ့ကို ငါးကတ်တီလောက် ….”
သူ့ ချစ်သူ ကောင်မလေးမှ အာသီသ ရှိနေသည်ဆိုတော့ သူသည်လည်း သဘာဝအလျောက် ခပ်များများလေး ဝယ်ပေးရပေမည်။
ဖောက်သည်က တော်တော်ကြီး ရက်ရောနေသည်ဆိုတော့ လင်းရီ တစ်လုံး မြည်းကြည့်သည့်အပေါ် တွန့်တိုမနေတော့ပဲ
“ တစ်ကတ်တီကို ယွမ် ၃,၀၀၀ … ငါးကတ်တီဆိုတော့ ယွမ် ၁၅,၀၀၀ ကျမယ်… ဒီက ကျူအာကုတ်ကို စကန်ဖတ်ပြီး ရှင်းလို့ ရတယ်…”
လင်းရီ၏ ဈေးနှုန်းကို ကြားတော့ နှစ်ယောက်မှာ ကြက်သေသေသွားခဲ့တော့သည်။
ပတ်ဝန်းကျင်ရှိ အဆင်လာငမ်းနေကြသူများပင် ဆွံ့အ နေမိကြလေသည်။
ဘယ်လို အသီးမျိုးကို တစ်ကတ်တီ ယွမ် ၃,၀၀၀ နဲ့ ရောင်းနေရတာ…
ဒီကောင် ဓားပြတိုက်ချင်နေတယ်ဆိုရင်တောင် ဒီလောက် ပေါ်တင်ကြီးတော့ မလုပ်သင့်ပါဘူး.. ဟုတ်တယ်ဟုတ်…
“ မင်း ဘာပြောလိုက်တယ်… တစ်ကတ်တီ ယွမ် ၃,၀၀၀ ဟုတ်လား…”
ထိုအခိုက်အတန့်တွင် လူငယ်လေးသာလျှင် ဒေါသထွက်နေသည် မဟုတ်ဘဲ သူ၏ ကောင်မလေးသည်လည်း မျက်နှာ မသာမယာ ဖြစ်နေလျက် ရှိ၏။
ဒီလူ တော်တော်လေး တရားလွန်သွားပြီ… သူ့ကိုယ်သူ ကြည့်ကောင်းတာနဲ့ပဲ အသီးတွေကို မတန်တဆ ရောင်းလို့ရပြီများ ထင်နေလား မသိဘူး…
တစ်ချိန်တည်းတွင် အလှမ်း သိပ်မဝေးသည့် နေရာတွင်ရှိ ကျန်းပေါ်ထျန်းသည်လည်း လင်းရီ၏ အခြေအနေကို မြင်တွေ့နေရသည်။
သို့သော် သူ လာရောက်ကူညီပေးရန် ရည်ရွယ်ချက် မရှိ။
ဤသည်က အသေးအမွှား ကိစ္စလေးမျှသာ ဖြစ်သောကြောင့် လင်းရီ သူ့ကိုယ်ပိုင် အစွမ်းအစဖြင့် ဖြေရှင်း၍ ရလေသည်။ သူ၏ အကူအညီကို လိုအပ်လိမ့်မည် မဟုတ်ချေ။
“ မင်း နားကြား မမှားဘူး.. တစ်ကတ်တီ ယွမ် ၃,၀၀၀ ဆိုတာ ဟုတ်တယ်… မင်းလည်း မြည်းကြည့်ပြီးပြီပဲ… စားဖူးတဲ့ လူတိုင်းကတော့ တန်တယ် ပြောကြတာပဲ….” လင်းရီ ပြောလိုက်သည်။
“ ကောင်လေး… မင်း ငါ့ကို လာနောက်နေတာလား… ဒီ အသီး အစုတ်အပြတ်ကို မင်း တကယ်ကြီး ယွမ် ၃,၀၀၀ နဲ့ ရောင်းနေတယ်ပေါ့… “ လူငယ်လေးမှ နှာခေါင်းရှုံ့လိုက်၏။
“ မင်း ဘာတွေ လာပြောနေတာ… ခုနက ပြောတော့ အသီးက အရသာ ရှိတယ်ဆိုပြီး ခုကျတော့ ဘယ်လိုဖြစ်လို့ စုတ်ပြတ်သပ်သွားပြန်ရတာ....”
“ ငါတော့ မင်း ငါတို့ကို ရိုက်စားလုပ်ဖို့ ကြံနေတယ်လို့ ထင်တယ်…”
“ ဒါ ပုံမှန်ဈေးပဲ…”
“ ငါ လခွမ်းကို ပုံမှန်ဈေးလား… ဘယ်မလဲ မင်းရေးထားတယ်ဆိုတဲ့ ဈေး… ဘယ်မလဲ ဆိုင်းဘုတ်… ” လူငယ်မှ ဒေါသတကြီးဖြင့် ပြောလိုက်ပြီး “ ငါ အသီးကို အရင်စားလိုက်လို့ မင်း ငါ့ကို ဈေးပိုတင်နေတာမလား… မင်းငါ့ကို ရိုက်စားလာလုပ်ချင်နေတာ…”
လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းကုတ်မိလိုက်သည်။
“ ကိုယ့်လူ … မင်း မတတ်နိုင်ဘူးဆိုလည်း ပွင့်ပွင့်လင်းလင်း ပြောလိုက်… ငါမင်းကို အတင်း အဓမ္မကြီး မဝယ်ခိုင်းဘူး… ဒါပေမယ့် မင်း လိုင်ချီးတစ်လုံး စားလိုက်တယ်ဆိုတော့ အဲ့ တစ်ခုဖိုးတော့ ရှင်းပေးရမယ်… ဈေးနှုန်းအတိုင်းဆို ယွမ် ၁၀၀ … မင်း ငါးကတ်တီ မတတ်နိုင်ဘူးဆိုရင်တောင် မင်းစားခဲ့တဲ့ အသီးဖိုးတော့ ရှင်းပေးခဲ့…”
လင်းရီသည် စိတ်သဘောထား သေးသိမ်တတ်သူ မဟုတ်သဖြင့် လိုင်ချီးလေး တစ်လုံးတည်းနှင့် ဇာချဲ့နေမည့်လူစားမျိုး မဟုတ်ချေ။
သို့သော် ထို ငနဲ၏ လေသံကို သူ ကြည့်မရသဖြင့် သဘောထား မကြီးရန် ဆုံးဖြတ်လိုက်တော့သည်။
လူငယ်လေးမှ အထင်သေးမှု အပြည့်ဖြင့် ပြုံးလိုက်ပြီး လင်းရီကိုလည်း အထင်သေးစွာ ကြည့်လိုက်သည်။
“ ငါ မပေးဘူးဆိုရင် မင်း ဘာဖြစ်ချင်လဲ…”
လင်းရီ ပခုံးတွန့်လျက် “ မင်းလည်း ဒီကနေ ထွက်သွားဖို့ မစဉ်းစားနဲ့…”
“ အိုး… မင်း အဲ့လို စကားမျိုး ပြောလာမယ်တောင် ထင်မထားဘူး… မင်း လေသံ နားထောင်ရသလောက်တော့ ရန်ကျင်းလေသံလည်း မဟုတ်ဘူး… ဒီတော့ ဒီနေရာက မင်း သောက်ဆရာကြီး လုပ်သင့်တဲ့ နေရာ မဟုတ်ဘူးဆိုတာ နားလည်ထားမှာပါ…”
“ ငါက ဒီကို အသီးလာရောင်းတာ.. ငါ့မှာ အချိန်ဆိုတာ အများကြီးရှိတယ်… မင်း မယုံရင် စမ်းကြည့်ကြည့်လိုက်…”
“ မင်း ငါ့ကို ခြိမ်းခြောက်နေတာလား…”
လူငယ်လေးမှ လင်းရီကို ပြုံးလျက် ကြည့်လိုက်၏။
“ ငါက ဒီတိုင်း ပြောပြနေတာ.. စားပြီးမှတော့ ပိုက်ဆံပေးရမှာ သဘာဝပဲ မဟုတ်ဘူးလား… မင်းလည်း နားလည်တတ်တဲ့ အရွယ်ရောက်နေပြီ… ဒီတော့ ငါ စကားများများ မပြောချင်ဘူး…”
“ ဒါပေါ့… ငါနားလည်တာပေါ့… ပြီးတော့ မင်းသာ တစ်ကတ်တီကို ယွမ် သုံးလေးရာလောက် ရောင်းနေရင်တောင် ငါလက်ခံပေးနိုင်တယ်.. ဒါပေမယ့် ငါ မြည်းကြည့်ပြီးတာနဲ့ မင်းက အသီးဈေး ယွမ် ၃,၀၀၀ တန်းပြောလိုက်တယ်… မင်းရဲ့ လုပ်ရပ်ကို မင်း မရှက်ဘူးလား…”
“ မရှက်ဘူး… ငါ အမြဲတမ်း ဒီဈေးနဲ့ပဲ ရောင်းတယ်… ပြီးတော့ ငါ့မှာ ဖောက်သည်တွေ အများကြီးပဲ.. မင်း ယုံချင်လည်း ယုံ၊ မယုံချင်လည်းနေ… ငါဂရုမစိုက်ဘူး.. မင်း စားသွားတဲ့ အသီးဖိုး ရှင်းပေးခဲ့ရင် အဆင်ပြေပြီ…”
၎င်းကို ကြားပြီးတော့ အနီးရောက်ရှိနေကြသည့် လူတိုင်းလည်း အချင်းချင်း တွတ်ထိုးကြတော့သည်။
သူတို့စိတ်ထဲ လူငယ်လေး ပြောသွားသည်များက ယုတ္တိရှိသည်ဟု ခံစားနေကြရလေသည်။
အစမ်း တစ်လုံး မြည်းကြည့်ပြီးသည်နှင့် ကုန်စိမ်းသည် အချောလေးက အသီးဈေးကို ချက်ချင်း မိုးအထိ တင်ပစ်လိုက်၏။
“ သူလေးက ကြည့်ကောင်းရဲ့သားနဲ့ အတွင်းစိတ်က အဲ့လောက်ထိ ပုပ်ပွနေမယ်လို့တောင် ထင်မထားဘူး…”
“ နင် မြင်ပြီမလား… ရုပ်ချောတဲ့ကောင်တွေဆိုတာ လက်ကြောမတင်းကြတဲ့ ငပျင်းတွေ… နင် ကောင်လေး ရှာမယ်ဆို ရုပ်ရည်ကို သွားမကြည့်နဲ့… ရန်ကျင်းမှာ အိမ်နဲ့ကား ရှိတယ်ဆိုရင်ကိုပဲ လုံလောက်နေပြီ… ရုပ်ရည်က အကြောင်းမဟုတ်ဘူး… မီးမှိတ်ချစ်ရင် အကုန်လုံးက အတူတူပဲ…”
လင်းရီ ထိုစကားပြောလိုက်သည့် လူကို တစ်ချက် ကြည့်လိုက်တော့ ပေါင် ၁၈၀၊ ၁၉၀ လောက် ရှိမည့် မိန်းကလေး တစ်ယောက် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။
‘ အင်း… မီးမှိတ်ထားရင်တော့ အတူတူပါပဲ…”
“ အချစ်… သွားကြစို့နော်… သူ့ကို မြန်မြန် ပိုက်ဆံပေးလိုက်တော့… သူတောင်းစားကို စွန့်ကြဲတယ်လို့ပဲ သဘောထားလိုက်စမ်းပါ…”
ကောင်မလေး ဖြစ်သူမှ သူ့ကောင်လေးကို လက်မောင်းဆွဲပြီး ပြောလိုက်သည်။
သူမ လူသွားလူလာ လမ်းတွင် ယခုလို ဈေးသည်မျိုးနှင့် ပြိုင်တု ရန်မဖြစ်ချင်ပေ။ ဤအတိုင်း တတ်နိုင်သမျှ မြန်မြန် ထွက်သွားချင်နေမိတော့၏။
ထိုအချိန်တွင်တော့ ကောင်မလေးမှာ လင်းရီအပေါ် အထင်အမြင်ကောင်းများ ရှိမနေတော့ချေ။
“ အင်း မပူနဲ့ .. ငါသူ့ကို ကျိန်းသေပေါက်ပေးမှာ.. ဒါပေမယ့် ငွေက ပါမလာဘူးဆိုတော့ ကိုယ့်သူငယ်ချင်းတွေကို ဖုန်းဆက်ပြီး သူတို့ကို ပိုက်ဆံယူခဲ့ခိုင်းလိုက်မယ်…”
လူငယ်လေးမှ ဖုန်းကို ကိုင်လျက် ပြောလိုက်ပြီး “ ဖြစ်ချင်တော့ သူတို့လည်း ဒီနားလေးမှာ ဆိုင်အသစ်ဖွင့်ထားတာနဲ့ အတော်ပဲ… ဖုန်းတစ်ချက် ဆက်လိုက်တာနဲ့ သုံးလေးမိနစ်ဆို ရောက်ပြီ…”
ပြောပြီးနောက် လူငယ်လေးမှ လင်းရီကို ကြည့်လိုက်ပြီး “ မင်း ဒီမှာပဲနေ .. ဘယ်မှ မပြေးနဲ့… ငါ့ကောင်တွေကို ပိုက်ဆံယူလာခဲ့ခိုင်းဦးမယ်…”
“ ငါ့ဆိုင် ဖွင့်ထားတဲ့နေရာကို ထားပြီး ငါက ဘယ်ပြေးရမှာမို့လို့..”
“ ကောင်းတယ်… ဒါဆိုလည်း မင်းစောင့်နေ…”
ပြောပြီးနောက် လူငယ်လေးမှ ဖုန်းခေါ်ဆိုလိုက်ပြီး အသံကျယ်ကျယ်ဖြင့် “ ချိန်… ငါ ဒီ ဝမ်ဖူကျင် လမ်းမှာ လိမ်ရိုက်ခံနေရလို့.. မင်း ပိုက်ဆံနည်းနည်းနဲ့ လူတွေလည်း ခေါ်ခဲ့…”
“ မြောက်ပေါက်နားက မက်ဒေါ်နယ်ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာ… မင်းတို့ အဲ့ရောက်တာနဲ့ ငါတို့ကို မြင်လိမ့်မယ်…”
“ အဲ့လောက်အများကြီး ခေါ်လာစရာ မလိုဘူး… တစ်ဒါဇင်လောက်ဆို အဆင်ပြေပြီ… ငါ မင်းတို့ကောင်တွေကို စောင့်နေမယ်.. မြန်မြန်လာခဲ့နော် ဟျောင့်တွေ…”