ဖျက်စီးခံလိုက်ရတဲ့ အသီးဆိုင်လေး
Vol. 83 Ch. 1239
လူငယ်လေး၏ လုပ်ရပ်ကို မြင်တော့ လူတိုင်း၏ စိတ်ထဲ တစ်စုံတစ်ရာ ဖြစ်ပျက်လာတော့မည် ဟူသည့် ခံစားချက်များ ရရှိလိုက်ကြ၏။
သူ့ကြည့်ရတာ ဒီသူငယ်ကို ပိုက်ဆံပေးမယ့်ပုံတော့ မပေါ်ဘူး… မိုက်ကြေးခွဲတော့မယ့် ပုံကြီး…
“ မေ့လိုက်စမ်းပါ နင်ကလည်း… ဒီတိုင်း ယွမ် ၁၀၀ တည်းကို…” အမျိုးသမီးမှ သူ့ကောင်လေးကို ဆွဲလျက် ပြောလိုက်ပြီး “ ချိန်ကောက တိုက်ကွမ်ဒိုကလပ် ဖွင့်ထားတာမလား.. သူ့ကို ဒီခေါ်လိုက်ရင် သူ့အချိန်အတွက် ပိုက်ဆံပေးနေရမှာပေါ့..”
“ ပိုက်ဆံက ပြဿနာ မဟုတ်ဘူး…” လူငယ်လေးမှ ပြောလိုက်ပြီး “ ငါ ဒီကောင့်ကို ယွမ် တစ်ရာပေးတာထက် ညီကိုချိန်ကိုပဲ ယွမ် တစ်သိန်း ပေးပစ်လိုက်မယ်…”
“ ကြိုက်တယ်… ဒါမှ ရန်ကျင်းသား ပီသတာ… တနယ်တကျေးသားကို ပိုက်ဆံပေးမယ့်အစား ကိုယ့်လူချင်းပဲ ပေးပစ်လိုက်မယ်… “ ကြည့်ရှုနေကြသူများမှ ဝိုင်းဝန်း မြှောက်ပင့်ပေးလိုက်ကြသည်။
“ လူတိုင်းပဲ… စိတ်အေးအေး ထားကြပါ… ကျုပ် သူနဲ့ ကျိုးသင့်ကြောင်းသင့် စကားပြောဖို့ လူခေါ်ထားပြီး ရန်ကျင်းရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ပေးမြည်းလိုက်တာပေါ့.. ကျုပ်တို့တွေ အပြင်လူ လာပြီး ကြောနေတာကိုတော့ ခံလို့ မရဘူး…”
“ ဝေးဟေးဟေး… ဟုတ်တယ်ဝေ့…”
“ ကြိုက်တယ်… ဒါမျိုးဖြစ်နေရမယ်…”
အနီးနား ဝန်းကျင်ရှိ လူတိုင်းမှ အားတက်သရော အော်ဟစ်လိုက်ကြသည်။ လင်းရီ၏ ရုပ်ရည်ကို နှစ်သက် သဘောကျသူများပင် ထိုအခိုက်အတန့်၌ ယက္ခဘီလူးထက်ပင် အကျည်းတန်သည်ဟု မြင်နေမိတော့၏။
တစ်ပါးသူ အပေါ် ဖျံကျချင်နေသည်ကတော့ လူကောင်းသူကောင်း မဖြစ်နိုင်ချေ။
သို့ဖြစ်သည့်တိုင် လူငယ်လေး၏ ချစ်သူကတော့ အနည်းငယ် စိတ်ပူပန်နေလျက်ရှိသည်။
“ နင် … ဖြစ်ပါ့မလားနော်… ချိန်ကောက လက်စ သိပ်ပြင်းတာ… အရင်လ တို့ အပြင်မှာ သွားစားတုန်းကတောင် အနီးနားဝိုင်းနဲ့ ရန်ဖြစ်ကြလို့ ဆေးဖိုး ယွမ်တစ်သောင်း လျော်လိုက်ရသေးတယ်… ဒီကိစ္စတာ ခြေလွန်လက်လွန်တွေ ဖြစ်သွားခဲ့ရင် ဖြေရှင်းဖို့ လွယ်မှာ မဟုတ်ဘူးနော်…”
“ ငါ ခုလေးတင် ပြောခဲ့ပြီးပြီ မဟုတ်ဘူးလား… တစ်ခုခု ဖြစ်ခဲ့ရင်တောင် ကျသလောက် လျော်ပေးလိုက်မယ်.. ယွမ် တစ်သိန်းဆိုလည်း ပြဿနာ မရှိဘူး… ဒါပေမယ့် ဒီကောင့်ကိုတော့ ငါ ယွမ် တစ်ရာဆိုရင်တောင် မသထာနိုင်ဘူး… လူကို လာကြောလို့တော့ ဘယ်ရမှာ… မဟုတ်ရင် သောက်ကျင့်ပါတယ်…”
သူမ ကောင်လေး၏ ခိုင်မာသည့် ရပ်တည်ချက်ကို မြင်တွေ့လိုက်ရတော့ မိန်းမငယ်လေးလည်း ဘာမှ ဆက်ပြီး မပြောတော့ချေ။
ချစ်သူ့သဘောသာ လိုက်လျောပေးလိုက်တော့သည်။
တစ်ဖက်ရှိ လင်းရီကတော့ ထိုအချင်းအရာများအား ခေါင်းထဲပင် ထည့်မနေချေ။ သူ ဤအတိုင်း အေးအေးလူလူ ရှိနေပြီး အသီးများကို ထုတ်ချ ပြုနေလျက် ရှိတော့၏။
လေးငါး ဆယ်မိနစ်အတွင်းမှာပဲ လူအုပ်ကြီး၏ နောက်တွင် ဆူဆူညံညံ အသံများ ထွက်ပေါ်လာခဲ့သည်။
လူတိုင်း လှည့်ကြည့်လိုက်ကြသည်တွင် ထောင်ထောင်မောင်းမောင်း လူဆယ်ယောက်ကျော်ခန့်က သူတို့ ရှိသည့် နေရာသို့ မိမိုက်စွာ လျှောက်လှမ်းလာနေကြသည်ကို မြင်တွေ့လိုက်ရသည်။
အကုန်လုံးကလည်း ရှိန်လောက်သည့် ဘော်ဒီများနှင့်ဖြစ်ပြီး လမ်းသွားလမ်းလာများလည်း ၎င်းတို့နှင့် ရဲရဲ မကြည့်ဝံ့ကြကာ အလိုအလျောက် လမ်းဖယ်ပေးလိုက်ကြလေသည်။
ခေါင်းဆောင်လာသူမှာ သာမန်ဆန်စွာ ဝတ်ဆင်ထားသည်။ သူက ၁၉၀ စင်တီမီတာကျော် မြင့်မားပြီး လက်မောင်းနှစ်ဖက်တွင် ခပ်လန်းလန်း တက်တူးများ ရေးထိုးထား၏။ သူက နောက်ရှိ လူအုပ်ကြီးကို ဦးဆောင်၍ ဝမ်ရန်တို့ထံ ဦးတည်လာနေသည်။
ထိုအမျိုးသား၏ နာမည်က ချိန်လီဖြစ်ပြီး ဝမ်ရန်နှင့် ငယ်ပေါင်းကြီးဖော် တစ်ယောက်ပင်။
သို့သော် တက္ကသိုလ်ပညာရေးအား တောင်ကိုးရီးယား နိုင်ငံတွင် သွားရောက်သင်ယူခဲ့ပြီး ထိုနိုင်ငံတွင်ပဲ တိုက်ကွမ်ဒိုကို ပေါက်မြောက်ထူးချွန်ခဲ့ကာ အမိမြေ ဟွာရှသို့ ပြန်လာပြီး တိုက်ကွမ်ဒိုကလပ်အား ဦးစီး ဖွင့်လှစ်လိုက်တော့၏။ သူ၏ ဒိုဂျိုကိုလည်း ဝမ်ဖူကျင် လမ်းအနီးတွင် ဖွင့်လှစ်ထားလေသည်။ မဟုတ်ပါက ယခုလောက် မြန်မြန်ကြီး ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။
“ ချိန်… မင်းရောက်လာပြီလား…”
ချိန်လီ လင်းရီကို တစ်ချက်ကြည့်လိုက်ပြီး “ မင်းနား ငွေညစ်ချင်နေတဲ့ကောင်က သူလား..”
“ ဟုတ်တယ်… ငါ ဒီတိုင်း သူ့ လိုင်ချီးလေး တစ်လုံး မြည်းကြည့်တာကို ငါ့နား ယွမ် ၁၀၀ တောင်းတယ်… မင်းပဲ စဉ်းစားကြည့်.. ဒါ ဓားပြတိုက်နေတာ မဟုတ်ဘူးလား…”
“ ချီးတဲ့မှ …” ချိန်လီ ပြုံးလျက် လင်းရီကို ကြည့်လိုက်ပြီး “ ကောင်လေး.. မင်း တော်တော်လည်း စိတ်ဝင်စားဖို့ ကောင်းတဲ့ကောင်… ဒါ ဘယ်နေရာလဲဆိုတာ မင်း မသိဘူးလာ…”
“ ငါ သူ့ကို အသီး တစ်ကတ်တီ ယွမ် ၃,၀၀၀ ကျတယ်ဆိုတာ ပြောပြီးပြီ … လိုင်ချီးတစ်လုံး ယွမ် ၁၀၀ … ဘာမှ ငွေညစ်နေတာမဟုတ်ဘူး…”
“ ငါ နေလာတာ နှစ်ပေါင်း မနည်းတော့ဘူး… မင်းလို ပျံကျ ဈေးသည်တစ်ယောက်က တစ်ကတ်တီကို ယွမ် ၃,၀၀၀ နဲ့ ရောင်းနေတာ ငါ ပထမဆုံး မြင်ဖူးတာပဲ…”
“ အဲ့တာ မင်းတို့ကောင်တွေ အမြင်မကျယ်လို့လေ… ဒီအသီးတွေက ကျိုးဟိုင်မှာလည်း ဒီဈေးပဲ…”
ချိန်လီ မျက်မှောင်နှစ်ဖက် တင်းတင်းကြုတ်သွားခဲ့ပြီး မျက်နှာထက်တွင် ဒေါသရိပ်များ စတင် ပျံ့နှံ့လာခဲ့ကာ “ မင်း စကားက ဘာစကားတုန်း… ရန်ကျင်းက ကျိုးဟိုင်လောက်ကို အဆင့်မရှိဘူးဆိုပြီး ပြောချင်နေတာလား…”
ရှေးအစဉ်အဆက်ကတည်းကရင် ဤကိစ္စက အထိခိုက် မခံနိုင်သည့် ကိစ္စတစ်ရပ် ဖြစ်လေသည်။ ရန်ကျင်းနှင့် ကျိုးဟိုင်မှာ တံစောင်းစေးနှင့် မျက်ချေးကဲ့သို့ ဖြစ်နေပြီး မထင်ရင် မထင်သလို ဝင်ဝင်ဆွဲတတ်ကြသည်။
တနယ်တကျေးသား လင်းရီ ပြောလိုက်သည့် စကားလုံးက ချိန်လီကိုသာလျှင် အမျက်ထွက်သွားစေသည် မဟုတ်ဘဲ အနီးနား ဝန်းကျင်ရှိ လူတိုင်းကိုပါ တံတွေးနှင့် ဝိုင်းထွေးချင်စိတ်များ ပေါက်သွားစေသည်။
“ ငါက ဒီတိုင်း အမှန်ကို ပြောပြနေတာ.. အနာပေါ် တုတ်ကျသွားတယ်ဆိုလည်း မတတ်နိုင်ဘူး..” လင်းရီ ပြောလိုက်ပြီး “ အဲ့ကောင် မင်းကို ပိုက်ဆံ ယူလာခဲ့ခိုင်းတယ်မလား… ငွေသားနဲ့လား… ကျူအာပေးလား…”
“ ဟက်…”
ချိန်လီ လက်ပိုက်လျက် “ ငါ့ရဲ့ ညီကိုတို့.. ဒီသောက် ကလေးက သူများကို ပိုက်ဆံ ညစ်နေရုံတင် မကသေးဘူး.. ငါတို့ရန်ကျင်းကို ကျိုးဟိုင်ထက် နိမ့်ကျတယ်ဆိုပြီး ပြောနေလိုက်သေးတယ်… ငါတို့ ဒီကိစ္စ ဘယ်လိုလုပ်သင့်တယ်ထင်လဲ…”
“ ဟားဟား…”
ချိန်လီခေါ်လာခဲ့သည့် ဒါဇင်ချီသော လူတို့မှာ တစ်ပြိုင်တည်း ပွဲကျသွားခဲ့ကြပြီး “ အစ်ကိုချိန်… ဈေးပြောတဲ့ သူကတောင် ပြောနေပြီ… ကျုပ်တို့ကမှ တန်ကြေးမပေးဘူးဆိုရင် ကျုပ်တို့ အမှား ဖြစ်သွားမှာပေါ့…”
“ မင်းပြောတာလည်း ဟုတ်သလိုတော့ ရှိသားကွ.. ဟားဟား….”
ချိန်လီ လင်းရီအနားသို့ လျှောက်လာခဲ့ပြီး သူ့ဆိုင်ရှိ အသီးများအား သိမ်းကျုံးကြည့်လျက် “ ဒီလိုင်ချီးလား တစ်ကတ်တီကို ယွမ် ၃,၀၀၀ နဲ့ရောင်းတာ…”
“ အမှန်ပဲ…”
ဝုန်း…
ချိန်လီ ဘာမျှ ထပ်မပြောဘဲ လိုင်ချီးများ ထည့်ထားသည့် ခြင်းကို မြေပြင်သို့ ကန်ကျောက်ပစ်လိုက်၏။
ထိုသို့ ကန်ပြီးတာတောင်မှ သူ၏ မျက်နှာထက်တွင် စိတ်ကျေနပ်သေးဟန်မရ။ ဘေးတွင် စီတန်းထားသည့် စပျစ်သီး ၊ ပန်းသီး အစရှိသည့် ခြင်းများလည်း အလားတူ ကန်ကျောက် ခံလိုက်ရလေသည်။
အသီးများမှာ မြေပြင်အနှံ့ ပျံ့ကျဲ ပျက်စီးသွားခဲ့ပြီး ပြန်ကောက် ရောင်းဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်တော့ချေ။
ချိန်လီ လင်းရီကို ငုံ့ကြည့်လိုက်ပြီး ထောင့်မကျိုးသည့် လေသံဖြင့် “ ငါ ဒီလိုလုပ်လိုက်တယ်.. မင်း ကျေနပ်လား… မင်း ငါ့နား ပိုက်ဆံ လိုချင်သေးလား…”
လင်းရီ ဒေါသထွက်ခြင်း အလျဉ်းမရှိချေ။ ထိုအစား သူ နှုတ်ခမ်းတွန့်ကွေးလျက် ပြုံးလိုက်ပြီး “ မင်း ဒါတော့ လွန်သွားပြီ…”
ချိန်လီ ပခုံးတွန့်လျက် “ ငါ လွန်တယ်ဆိုတော့ရော မင်း ဘာတတ်နိုင်လဲ.. မင်း ငါ့ကို ဘာပြန်လုပ်နိုင်လို့လဲ…. ကျစ် ကျစ် … မင်းပုံကြည့်ရတာ ပျော်နေတဲ့ပုံလည်း မပေါ်ပါ့လား… မင်း မပျော်ဘူးဆိုရင် ငါ့လာပြီး ရိုက်လို့ရတယ်နော်…”
“ ဟားဟား…” ဤသည်ကတော့ နောက်ရှိ သူ့ တပည့်တပန်းများမှ ရယ်မောသည့် အသံပါပင်။
“ ရတယ်…”
“ ကောင်းတယ်… မင်း မှတ်ထား… ဒါက ရန်ကျင်း … မင်းက နဂါးဆိုရင်တောင် နိမ့်ချပြီး ကျားဆိုရင်တောင် ခေါင်းဝပ်နေရမယ်… မင်းလို အပြင်လူကများ ကိုယ့်စောက်ဆင့်ကိုယ် မသိဘဲ ဒီလာပြီး မောက်မာချင်နေသေးတယ်ပေါ့…”
“ ဟားဟား….”
အနီးနား ပတ်ဝန်းကျင်ရှိ လူတိုင်း လင်းရီကို ဟားတိုက်လိုက်ကြပြီး တစ်ချို့ဆို လက်ညိုးထိုး၍ “ ဒီကောင်က အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူဆို ကုန်းဝပ်ချတတ်တဲ့ အကောင်မျိုးဆိုတာ သိသာတယ်… သူထင်နေတာ လူငယ်လေးက အနိုင်ကျင့်ရလွယ်မယ်ထင်နေတာ.. ဒါကြောင့်မို့ ဈေးအများကြီး တောင်းလိုက်တာ ဖြစ်မယ်… အခု တစ်ယောက်ယောက်က သူ့ဆိုင်ဖျက်စီးနေတာ မြင်တော့ လေတောင် ကျယ်ကျယ် မလည်ရဲတော့ဘူး… ယုတ်ညံ့လိုက်တဲ့ အောက်တန်းစား စရိုက်ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်မယ်…”
ပတ်ဝန်းကျင်ဆိုသည့် အတိုင်း မကောင်းတာဆို ပိုပိုသာသာလေး ပြောချင်တတ်ကြ၏။ အကယ်၍ ဂုဏ်သိက္ခာသည်သာ သူတို့ ပါးစပ်ထဲတွင် ရှိမည်ဆိုပါက လင်းရီမှာ ကုန်းကောက်ရန် သိက္ခာပင် ကျန်ရှိတော့မည် မဟုတ်ချေ။
ဘေးတွင် ရပ်နေသည့် ဝမ်ရန်သည်လည်း သဘောကျစွာဖြင့် ရယ်မောပစ်လိုက်၏။
“ ရှောင်ယင်… မင်း မြင်လား… သူ့လို လူစားမျိုးတွေဆိုတာ သင်ခန်းစာပေးမှ နောင်ကြဉ်သွားမှာ.. မဟုတ်ရင် သောက်ကျင့်ကိုပါတယ်…”
“ ခုလေးတင် သူ့ကို အချောလေးဆိုပြီး ချီးကျူးမိတာရယ် … သူ့စီးပွားရေးကို အားပေးဖို့ ကြံမိတာရယ်ကို တွေးလိုက်ရင် ကိုယ့်ကိုယ်တောင် ပြန်ရှက်မိတယ်… သူ့ကို ဒီလိုလူစားမျိုး ဖြစ်မယ်လို့ကို ထင်မထားဘူး…”
“ ဒါကြောင့်မို့ နောင်ကျ ကိုယ့်စကားကို နားထောင်… ဟုတ်ပြီလား…”
“ အွန်း… ဟုတ်…”
“ ညီကိုချိန်… ဒီကိစ္စ ဒီလောက်ဆို ရပြီ.. သွာကြစို့… ဒီညီကိုတွေလည်း ညကျ လာခဲ့ကြနော်… ငါတို့တွေ သောက်ဖို့ စားပွဲဝိုင်း ပြင်ထားလိုက်မယ်…” ဝမ်ရန်မှ ပြောလိုက်သည်။
“ အသေးမွှားလေးကို ပြောနေစရာ မလိုပါဘူး… ဘာကိုသောက်မှာ… မင်းလုပ်စရာရှိသာတာ သွားလုပ်… ငါတို့လည်း ဒိုဂျိုကို ပြန်သွားရတော့မှာ…”
“ ဒါဆိုလည်း နောက်တစ်ခေါက်ပေါ့..”
“ ကိုယ့်လူချင်းကို မင်းကလည်း သူစိမ်းဆန်တဲ့ စကားတွေ ပြောနေပြန်ပါပြီ…”
ပြောပြီးနောက် ချိန်လီ ကျန်သူများထံသို့ လက်ဝှေ့ယမ်းလျက် “ ဒီကောင်က အလကား ဆန်ကုန်မြေလေး… လျစ်လျူရှုထားလိုက်… ပြန်ပြီး လေ့ကျင့်ကြမယ်…”
“ ဟုတ်တယ်…”
လူတိုင်း ခေါင်းညိမ့်၍ ထွက်ခွာရန် နောက်သို့ လှည့်လိုက်ကြသည်။ သို့သော် ထိုအခိုက်အတန့်တွင်ပဲ လင်းရီ၏ အသံက သူတို့နောက်ကျောမှ ထွက်ပေါ်လာသည်။
“ မင်းကြည့်ရတာ ငါပြောတာကို နားလည်မှု လွဲသွားတယ်ထင်တယ်..”
“ ဟင်… မင်း ဘာပြောလိုက်တာလဲ…”
“ ငါ မင်းကို ပြန်မငြင်းချင်တာ မဟုတ်ဘူး… ဒီတိုင်း မင်းပေးတဲ့ အကြံမဆိုးဘူးလို့ ပြောချင်တာ…”
ချိန်လီ အနည်းငယ် ကြက်သေသေသွားခဲ့ပြီး သူ လင်းရီကို အေးစက်စက် စိုက်ကြည့်လျက် “ မင်း ဘာတွေ လာပြောနေတာ… ငါပေးတဲ့ အကြံမဆိုးဘူးဆိုတာ ဘာစကားတုန်း…”
“ မင်းကို လာရိုက်ဖို့ အကြံပေးတယ် မဟုတ်ဘူးလား… ငါတော့ တော်တော်လေး ကောင်းတဲ့ အကြံပြုချက်လို့ ထင်တယ်…”
ပြောပြီးနောက် လင်းရီ ရှေ့သို့ ခြေတစ်လှမ်းတိုး၍ ချိန်လီ၏ နှာခေါင်းကို လက်သီးဖြင့် ပစ်ထိုးလိုက်သည်။
‘ အား……’
ကျယ်လောင်သည့် ညဉ်းညူသံနှင့်အတူ ချိန်လီ သွေးထွက်နေသည့် နှာခေါင်းကို အုပ်လျက် မြေပြင်သို့ လဲကျသွားခဲ့၏။
ထို့နောက် မြင်ကွင်းက ၀ရုန်းသုန်းကား အခြေအနေသို့ ပေါက်ကွဲထွက်လာတော့သည်။