← Chapters

သူ ကျွန်တော့်ကို ထိုး.....

Vol. 83 Ch. 1241

သူ ကျွန်တော့်ကို ထိုး.....

Vol. 83 Ch. 1241

“ သူ့မှာ ထိပ်တန်း အထောက်အထားတစ်ခု ရှိနေတယ်..”

ထိုစကားကြားတော့ သူတို့ခေါင်းများ ပူထူသွားပြီး မနေနိုင် မထိုင်နိုင် ကြက်သီးတဖြန်းဖြန်း ဖြစ်သွားခဲ့ကြသည်။

အကယ်၍ ဤ ကျန်းပေါ်ထျန်း ဆိုသည့် လူသည်သာ သူတို့အား ရပ်တန့်၍ သတိပေးခြင်း မရှိပါက သူတို့ နှစ်ယောက်သွားပြီး ဤကိစ္စကို မညှာမတာ ကိုင်တွယ်မိလောက်သည်။

သို့သော်လည်း ထိုကဲ့သို့ ပြုလုပ်မည်ဆိုပါက သူတို့နှစ်ယောက်အပေါ် တစ်ခုခု ဖြစ်လာနိုင်သည်။

“ ဆရာ… ကျေးဇူးတင်ပါတယ်… တကယ်လို့ ဆရာသာ သတိမပေးဘူးဆိုရင် ကျွန်တော်တို့တော့ ပျားအုံ တုတ်နဲ့ သွားထိုးမိတော့မယ်…”

“ မလိုပါဘူးကွာ.. အဲ့လောက်ထိ ကျေးဇူးတင်နေစရာ မလိုဘူး… အဲ့ လင်းရီ ဆိုတဲ့သူကလည်း ဘာမှမမှားဘူး… ဒါပေမယ့် ဘာဖြစ်ခဲ့လဲ ဆိုတာတော့ မင်းတို့ မေးလိုက်ကြပေါ့…”

“ ကောင်းပြီ… မင်းတို့ သွားကြ… ဒါက ဝမ်ဖူကျင်လမ်းဆိုတော့ တစ်ခုခု ဖြစ်လာရင် ရည်ရည်လည်လည်နဲ့ ကိုင်တွယ်ဖြေရှင်းတတ်ရတယ်…”

ရဲအရာရှိ နှစ်ယောက်မှ ခေါင်းညိမ့်ပြလိုက်ကြပြီး ကားထဲသို့ ဝင်ကာ အခင်းဖြစ်ပွားသည့် နေရာသို့ မောင်းနှင်သွားလိုက်ကြသည်။

ရဲများကို မြင်တော့ ချိန်လီနှင့် ဝမ်ရန်တို့မှာ သူတို့စိတ်ထဲရှိ ဝမ်းသာ ပျော်ရွှင်မှုကို မည်သို့မျှ မဖုံးဖိနိုင်ကြချေ။

“ ရဲအရာကြီးတို့… နောက်ဆုံးတော့ ရောက်လာကြပြီပေါ့…”

“ ရဲခေါ်လိုက်တာ ဘယ်သူတုန်း…” အရပ်ရှည်ရှည်နှင့် ရဲအရာရှိမှ မေးလိုက်သည်။

“ ကျွန်တော်ပါ .. ကျွန်တော်ပါဗျ…” ချိန်လီ ပြောလိုက်သည်။

သွေးများ ပေကျံနေသည့် ချိန်လီကို မြင်သော်လည်း ရဲအရာရှိကြီးမှာ မှင်သေသေ မျက်နှာထားဖြင့် “ ဘာဖြစ်ခဲ့လဲ အရင်ပြော….”

“ သူက အသီးကို တစ်ကတ်တီ ယွမ် ၃,၀၀၀ နဲ့ ရောင်းနေတာ အရာရှိကြီး… ဒါ လုံးဝ ရိုက်စားလုပ်နေတာပဲ…”

“ တစ်ကတ်တီ ယွမ် ၃,၀၀၀ ရောင်းတာနဲ့ ရိုက်စားဖြစ်သွားတယ်ပေါ့….” အရပ်ရှည်ရှည်နှင့် ရဲအရာရှိမှ မေးမြန်းလိုက်ပြီး “ ဒါဆို ဟိုရဲ့ ယွမ်သိန်းကျော် ပေးဝယ်နေရတဲ့ အဝတ်အစားတွေ လက်ဝတ်ပစ္စည်းတွေ ကျတော့ ငွေကြေး အမြတ်ထုတ်မှုလား…”

“ လက်ဇရီ ပစ္စည်းတွေဆိုတာ ဈေးကြီးတာ သဘာဝပဲလေ… ငွေကြေး အမြတ်ထုတ်တယ်လို့ ဘယ်လိုလုပ်ပြီး ခေါ်နိုင်မှာလဲ…” ချိန်လီ ထိုမေးခွန်းက အနည်းငယ် ရယ်ရသည်ဟု ခံစားနေရ၏။

“ ဒါဆို လက်ဇရီ ပစ္စည်းတွေတောင် မတန်တဆဈေးနဲ့ ရောင်းနေနိုင်ရင် သူ့အသီးတွေကရော ဘာလို့ ဈေးကောင်းကောင်းနဲ့ မရောင်းနိုင်ရမှာလဲ…” ရဲအရာရှိကြီးမှ မေးခွန်းထုတ်လိုက်လေသည်။

“ ဒါမှမဟုတ် မင်းထင်နေတာ အဲ့ နိုင်ငံခြား ကုန်ပစ္စည်းတွေကကျ ဈေးကြီးကြီးနဲ့ ရောင်းနိုင်ပြီးတော့ ငါတို့ ပြည်တွင်းထုတ်ကုန်တွေကျတော့ အဲ့လို ရောင်းလို့ မရဘူးဆိုတဲ့ သဘောလား… ရေသန့်တစ်ဘူးက ယွမ် သုံးလေးရာကျော် ပေးနေရတာကို မင်းဘာလို့ အတွန့်မတက်လဲ… တူလေးတစ်စုံကို ယွမ် ၂,၀၀၀ ပေးနေရတာ မင်းဘာလို့ အတွန့်မတက်လဲ… သူများက အသီးလေး တစ်ကတ်တီကို ယွမ် ၃,၀၀၀ နဲ့တင်ရောင်းတာကိုမှ မင်းကလာပြီး ဈေးကြီးတယ် ပြောနေတယ် ဟုတ်လား… မင်း အဲ့ သောက်စိတ်ဓာတ်က ဘာစိတ်ဓာတ်ကြီးတုန်း…”

ရဲအရာရှိမှ သူ့ကို မချေမငံ ပြောနေသော်ငြား ချိန်လီ တစ်ခွန်းမျှ ပြန်ခံမပြောဝံ့ချေ။ သူ လူကြားသူကြားတွင် ရှက်ရွံ့နေမိလေသည်။ ဤသည်က သူစိတ်ကူးထားသည်နှင့် တက်တက်စင်အောင် လွဲချော်နေခဲ့တော့၏။

“ ဒါဆို အဲ့ကောင် ကျွန်တော့်ကို ဘယ်လိုတောင် ထိုးထားလဲ အရာရှိကြီး ကြည့်တော့… ကျွန်တော့် နှာခေါင်းရိုးဆို ကျိုးလုကြေခင်ပဲ…”

ရဲအရာရှိမှ တစ်ဖက်သို့လှည့်ပြီး လင်းရီကို ကြည့်လိုက်သည်။ သူ၏ အမူအရာမှာတော့ အနည်းငယ် ပိုမို နူးညံ့နေခဲ့ကာ “ မင်း သူ့ကို ဘာလို့ထိုးလဲ…”

“ ဒီကောင်တွေ ကျုပ်အသီးစားပြီး ပိုက်ဆံ မပေးဘူး… ပြီးတော့ လူတွေပါ ခေါ်လာပြီး ကျုပ် အသီးဆိုင်ကိုတောင် ဖျက်ဆီးလိုက်ကြသေးတယ်.. ကျုပ်က ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာ…”

အရာရှိကြီးမှ ချိန်လီထံ ပြန်လှည့်ကြည့်၍ “ မင်း ဘာပြောစရာ ရှိသေးလဲ..”

“ ဒါက….”

ချိန်လီ ဘာပြန်ပြောလို့ ပြောရမှန်း မသိ ဖြစ်သွားခဲ့၏။ သူ ပြောသွားခဲ့သည်များကလည်း အခြေအနေ အစစ်အမှန် ဖြစ်နေလေသည်။

“ ဒါပေမယ့် သူ ကျွန်တော့်ကို ထိုးခဲ့တယ်လေ..”

“ ဒါ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာ.. မဟုတ်ရင် သူက မင်းလုပ်သမျှ ငြိမ်ခံနေရမှာလား…” ရဲအရာရှိကြီးမှ ပြောလိုက်ပြီး “ နောက်ပြီး မင်းက သူများ သစ်သီးဆိုင်ကိုလည်း ဖျက်စီးခဲ့သေးတယ်ဆို… ဒါက ဥပဒေ ချိုးဖောက်လိုက်တာပဲ… ဒါ လျော်ကြေးပေးရုံ၊ ဒဏ်ငွေဆောင်ရုံလောက်နဲ့ မပြီးဘူး… သက်ဆိုင်ရာ ဥပဒေရဲ့ တရားတဲ့ ပြစ်ဒဏ်ကိုပါ ခံယူရမယ်… ငါတို့နဲ့ ချက်ချင်းလိုက်ခဲ့…”

“ အာ…”

လူတိုင်း ကြက်သေသေသွားခဲ့ကြတော့သည်။

ရဲခေါ်လိုက်တာ သူတို့ပါဟ… ဘာလို့ ခေါ်လိုက်တဲ့သူက ပြန်အဖမ်းခံသွားရတာတုန်း….

“ အရာရှိကြီး… ခင်များတို့ လူမှားနေတာ မဟုတ်တာတော့ သေချာပါတယ်နော်.. ကျွန်တော့်မျက်နှာလေးလည်း သေချာကြည့်ပါဦး.. ကျွန်တော့် ဘော်ဒါတွေရော ဘယ်လိုတောင် ရိုက်နှက်ခံထားရလဲ.. ဒီကိစ္စ ဘယ်လိုမှ မလုပ်ပေးတော့ဘူးလား…”

“ ငါက ဘယ်လိုလုပ်ပေးရမှာ… သူ လုပ်တာ ဘာမှားလို့လဲ…. မင်းပြော….”

“ ဒါပေမယ့်… “

“ ဘာ ဒါပေမယ့်မှ မရှိဘူး… မင်း ပြောစရာ ရှိရင် စခန်းရောက်မှ ဆက်ပြော.. ခုချက်ချင်း ကားထဲဝင်…”

ခေါင်းမာသည့် ရဲအရာရှိနှင့် ရင်ဆိုင်တွေ့ရချိန်တွင် ချိန်လီ၊ ဝန်ရန်နှင့် သူ့အပေါင်းအပါတို့မှာ အသံတစ်သံပင် မထွက်ရဲကြတော့ချေ။ သူတို့အားလုံး ဝမ်းနည်းနေသည့် မျက်နှာငယ်လေးများဖြင့် ကားထဲ ဝင်သွားခဲ့ကြ၏။

“ ဆုံးရှုံးမှု တန်ဖိုးကို တွက်ချက်ပြီးပြီလား..” ရဲအရာရှိမှ လင်းရီကို ကြည့်ပြီး မေးမြန်းလိုက်သည်။

“ ကတ်တီ ၆၀ လောက်ဆိုတော့ ယွမ် ၁၈၀,၀၀၀ ရှိတယ်…”

“ ကတ်နံပါတ် ပေးခဲ့လိုက်… ငါ သူတို့ရဲ့ မိသားစုဝင်တွေဆီ အကြောင်းကြားပြီး ထိခိုက်ပျက်စီးမှုတွေအတွက် အလျော်ပေးခိုင်းလိုက်မယ်… “

“ အရာရှိကြီးတို့ကို အလုပ်ရှုပ်စေမိပြီ…”

“ အဆင်ပြေပါတယ်… ဒါ ပြည်သူ့၀န်ထမ်းတစ်ယောက် လုပ်သင့်လုပ်ထိုက်တာပဲလေ…” ရဲအရာရှိမှ ပြောလိုက်ပြီး “ ခဏနေကျရင် အနီးနားက သန့်ရှင်းရေးသမားတွေကို အကြောင်းကြားပြီး ဒီနေရာ သန့်ရှင်းခိုင်းလိုက်မယ်… ကိုယ့်လူလည်း ဆက်ပြီး ဆိုင်ဖွင့်လို့ရတာပေါ့…”

“ ကောင်းပါပြီ .. ကျေးဇူးအများကြီး တင်ပါတယ်…”

ရိုးရှင်းစွာ စကားပြောဆိုပြီးနောက် ရဲအရာရှိနှစ်ဦးမှာ ကားထဲဝင်၍ ထွက်ခွာသွားခဲ့လေသည်။

ဤဒရာမာဆန်လှသည့် မြင်ကွင်းက အနီနားဝန်းကျင်ရှိ ကြည့်ရှုသူများကို ရှုပ်ထွေးသွားစေခဲ့သည်။

တကယ်လို့ အသီးရောင်းတဲ့ သူငယ်လေးက မမှားဘူးဆိုရင်တောင် ရဲဖြစ်တဲ့လူက နှစ်ဖက်စလုံးကို သေချာစစ်ဆေးသင့်တယ်လေ…. ဘာပဲပြောပြော တစ်ဖက်သူက လူကို ရိုက်နှက်ထားတာကိုပဲ…

အဲ့တာကို ဘာလို့ တစ်ဖက်သတ်ချည်း ဖမ်းသွားခဲ့ရတာတုန်း…

သို့သော်လည်း ကိစ္စမှာ ဖြေရှင်းပြီး ဖြစ်သဖြင့် မည်သူကမျှလည်း ဆက်ပြီး အရေးမစိုက်လိုကြတော့ချေ။ ထို့ကြောင့် အကုန်လုံး လူစု ခွဲလိုက်ကြလေသည်။

မကြာမီ ဝမ်ဖူကျင် လမ်းအနီး တာဝန်ကျ သန့်ရှင်းရေးသမားများ ရောက်ရှိလာခဲ့ကာ နေရာကို ရှင်းလင်းမှု ပြုကြ၏။

လင်းရီ ဘေးတွင် ရပ်နေရင်းဖြင့် အခြေအနေကို သုံးသပ်ကြည့်လျက် နောက်ဆုံးတွင် ဘာဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့လေသည်။

ပုံမှန် အခြေအနေဆိုပါက သူ့ဘက်က မှားယွင်းခြင်း မရှိလျှင်တောင် ခံဝန်ချက်အတွက် သူ စခန်းသို့ခေါ်သွားခြင်း ခံရမည် ဖြစ်၏။ သို့သော် လုပေချိန်မှ သူ၏ အာဏာကို အသုံးပြုပြီး သူ့အား ကူညီပေးလိုက်သည့်ပုံပင်။

ထိုကိစ္စ ဖြစ်ပျက်ပြီးနောက် တစ်နာရီကျော်သည့် တိုင်အောင် မည်သူကမျှ သူ၏ အသီးများအား လာရောက် စပ်စုခြင်း မပြုကြတော့ချေ။ အဘယ်ကြောင့်ဆိုသော် အကုန်လုံးက ဤနေရာရှိ အဖြစ်အပျက်များအား သိရှိထားကြပြီး ရောင်းသည့် အသီးများကလည်း ဈေးအင်မတန် ကြီးလှသဖြင့် လာရောက်သူတို့မှာ စိတ်မဝင်စားကြတော့ချေ။

သို့ဖြစ်သည့်တိုင် ဤနေရာက လူသွားလူလာ မပြတ်သည့် ဝမ်ဖူကျင်လမ်းဖြစ်၏။ မကြာမီတွင်ပဲ သူ၏ ဆိုင်သတင်းက ဂျောင်တစ်နေရာတွင် ပျောက်ကွယ်သွားခဲ့ကာ လူတွေ တစ်ယောက်ပြီး တစ်ယောက် ဈေးလာမေးကြတော့လေသည်။

သို့သော်လည်း တစ်ကတ်တီ ယွမ် ၃,၀၀၀ ဆိုသည့် ဈေးနှုန်းကိုလည်းကြားတော့ လန့်ဖြန့်သူက လန့်ဖြန့်၊ မျက်မှောင်ကြုတ်ပြီး မကျေမနပ် ကြည့်သူကကြည့်၍ ထွက်ခွာသွားခဲ့ကြသည်။ တူညီသည့် တစ်ချက်ကတော့ သူတို့အားလုံး လင်းရီကို ‘ စိတ်မနှံ့ဘူးလား ‘ ဟူသော အကြည့်မျိုးဖြင့် ကြည့်သွားကြခြင်းပင်။

ရလဒ် အနေဖြင့် သုံးနာရီကျော် ကြာသည့်တိုင်အောင် လင်းရီ အသီး တစ်ကတ်တီပင် ရောင်းမထွက်လိုက်ချေ။

သူ့စိတ်ထဲ ဤနေရာက ထန်းချိန် အိမ်ယာရှေ့ ရောင်းသည်ထက်ပင် ဆိုးရွားသည်ဟု ခံစားနေရ၏။

ဤသည်က အရည်အသွေးနှင့် အရည်အတွက်ကြား ကွာဟမှုကို သွားပြီး မီးမောင်းထိုးပြနေသည်။

ဝမ်ဖူကျင်လမ်းက လူလာမပြတ်သော်ငြား သာမန် အလုပ်သမား လူတန်းစားက ခပ်များများပင်။

ချမ်းသာသည့်လူနည်းစု ပါဝင်သော်လည်းပဲ အများစုက သာမန်လူများ ဖြစ်ကာ သူတို့ သုံးဖြုန်းနိုင်သည့် ပမာဏက အင်မတန်ကို အကန့်အသတ်နှင့် ဖြစ်၏။

ထန်ချိန် အိမ်ယာရှိ အသီး ကတ်တီ အနည်းငယ်လောက်ကို မျက်တောင်မခတ် ဝယ်ယူလေ့ရှိကြသည့် လူချမ်းသာများနှင့် မတူညီပေ။

လင်းရီ သူတော့ နေရာမှားပြီး ရောက်လာမိပြီဖြစ်၏။

ကံကောင်းသည်က လျော်ကြေးငွေ ယွမ် ၁၈၀,၀၀၀မှာ အကောင့်ထဲ လွှဲပြောင်းလာခဲ့ပြီး ယနေ့ တစ်နေ့တာ၏ အကြီးမားဆုံးသော အကျိုးအမြတ်ဟု ပြော၍ရသည်။

သူ့ဘက်က နောက်ထပ် ယွမ်တစ်သိန်းကျော်ဖိုး ရောင်းကုန်သည်နှင့် ဤအဆင့် မစ်ရှင်သည်လည်း ပြီးပြည့်စုံသွားပေလိမ့်မည်။

သို့သော်လည်း ဝမ်ဖူကျင်လမ်းတွင်တော့ ထိုမျှ အသီးအမြောက်အများ ရောင်းချရန်က အနည်းငယ်တော့ ခက်ခဲမည် ဖြစ်၏။

သူ မနက်ဖြန်ကျ နောက်တစ်နေရာ ပြောင်းရွေ့သင့်လေသည်။

“ ဟဲ့ အသီးတွေ ဘယ်လိုရောင်းလဲ..”

လင်းရီ အချိန်ဖြုန်းရန် ဂိမ်းဆော့နေသည့် အခိုက်တွင် တစ်စုံတစ်ယောက်မှ အသီးဈေး မေးလာသည့်အသံ ကြားလိုက်ရသည်။ သို့သော် သူ အာရုံထားမနေဘဲ ဂိမ်းဆက်ဆော့နေလိုက်၏။

ယင်းက ဘာကြောင့်လဲဆိုတော့ မွန်းလွဲပိုင်း တစ်နေ့ခင်းလုံးက ယခုလိုချည်း သံသရာလည်နေသောကြောင့် ဖြစ်လေသည်။ ဈေးနှုန်းကြားပြီးသည်နှင့် အကုန်လုံးက မဝယ်ယူဘဲ ထွက်ခွာသွားခဲ့ကြ၏။

“ တစ်ကတ်တီ ယွမ် ၃,၀၀၀ “

“ ဟင်… တစ်ကတ်တီ ယွမ် ၃,၀၀၀ ဟုတ်လား… နင် လျှာချော်သွားတာ မဟုတ်တာ သေချာပါတယ်နော်..”

ပြောလိုက်သည့်လူက ကြည့်ကောင်းသည့် အမျိုးသမီး တစ်ယောက်ပင်။ သူမ၏ ဆံပင်များက ရှည်လျားခြင်း မရှိပါဘဲ ပခုံးထက် ဖြာကျနေလျက်ရှိ၏။

သို့သော် အရပ်အမောင်းကတော့ အလွန်ကောင်းပြီး ၁.၇၅ မီတာလောက်ကို မြင့်မားသည်။ မိန်းမပီသစွာ ခြယ်သဆင်မြန်း ဝတ်ဆင်ထားလေသည်။

သူမဘေးတွင် အမျိုးသားနှစ်ယောက်က နာမည်ကြီး ဘရန်း အမှတ်တံဆိပ် ပါသည့် အိတ် ဆယ်လုံးခန့်ကို တစ်ယောက်စီ ကိုင်ထားလျက် ရှိ၏။ သူတို့ သုံးယောက်က ရှော့ပင်ထွက်လာခဲ့ကြောင်း သိသာလေသည်။

“ မင်း နားကြား မမှားဘူး.. တစ်ကတ်တီကို ယွမ် ၃,၀၀၀ ဟုတ်တယ်.. ဝယ်မယ်ဆို ခု တစ်ခါတည်း ချိန်ပေးလိုက်မယ်… မဝယ်ဘူးဆို မထိနဲ့…”

All Chapters