← Chapters

တိုက်ဆိုင်မှု

Vol. 83 Ch. 1242

တိုက်ဆိုင်မှု

Vol. 83 Ch. 1242

“ နင် ဘာစကား‌ပြောတာ ... ငါ့ကို မဝယ်နိုင်ဘူးဆိုပြီး အထင်သေးတာလား…”

“ ငါ ပြောချင်တာ အဲ့သဘောမျိုး မဟုတ်ဘူး… ငါတို့ နှစ်ယောက်လုံး ပြဿနာ မများချင်လို့ ဒီတိုင်းပြောလိုက်တာ..."

အမျိုးသမီးမှ ဖုန်းအသည်းအသန် နှိပ်နေသည့် လင်းရီကို တစ်ချက်ကြည့်လျက် ခြေဆုံး ခေါင်းဆုံး ခေတ္တ အကဲခတ်ကြည့်လိုက်သည်။

သူက တော်တော်တော့ ချော၏။ သို့သော် အသီးရောင်းနေရမည့် အစား ဤနေရာတွင် လာပြီး ဖုန်းလာနှိပ်နေသည်။ ဤသည်က ဈေးသည်တစ်ဦး ပြုသင့်သည့် အမူအကျင့် မဟုတ်ချေ။

ထို့ပြင် သူ၏ အသီးများကို မတန်တဆ တစ်ကတ်တီ ယွမ် ၃,၀၀၀ အထိပင် ဈေးတင်၍ ရောင်းချနေလိုက်သေးသည်။ သူထင်နေသည်မှာ အမျိုးသမီးများက သူ၏ ရုပ်ရည်ကို ထောက်ရှု၍ ဝယ်ပေးကြမည်လို့များ မျှော်လင့်နေသည်လော။

“ နင် ငါဝယ်ခဲ့တဲ့ ပစ္စည်းတွေကို နင် မမြင်ဘူးလား… နင့်ဆီ လာတဲ့ ဖောက်သည်က ဘယ်လိုလူတန်းစားလဲ ဆိုတာတောင် အကဲမခတ်တတ်ရင် နင် ဒီလိုပုံစံနဲ့ ဘယ်လိုဆက်ပြီး စီးပွားရေး လုပ်မှာလဲ….” အမျိုးသမီးမှ ပြောလိုက်ပြီး “ နင်က ဒီမှာ ‌ဈေးဆိုင်လာဖွင်တာလား… ဒါမှမဟုတ် အသီးတွေကို အလှလာပြနေတာလား…”

“ ဟုတ်လား.. ဘာတွေများ ဝယ်ခဲ့လို့..” လင်းရီ အမျိုးသမီး လက်ထဲရှိ အိတ်များကို တစ်ချက် ငုံ့ကြည့်လိုက်ပြီး “ မင်းထင်နေတာ ဒီလို လက်ဇရီ ပစ္စည်းတစ်ချို့ ဝယ်လိုက်တာနဲ့ပဲ ကိုယ့်ကိုယ်ကို ချမ်းသာသွားပြီများ ထင်နေတာလား.. ဘယ်လိုတောင် မဖွံ့ဖြိုးလိုက်တဲ့ အတွေးအခေါ်ပါလိမ့်…”

“ နင် ဘယ်သူ့ကို မဖွံ့ဖြိုးဘူး လာပြောနေတာလဲ…”

လင်းရီ “ …... ”

“ မိချောလေး… မင်း မဝယ်ဘူးဆိုလည်း မြန်မြန်သာလစ်တော့ကွာ… ငါ ကောင်းရောင်း ကောင်းဝယ် လုပ်နေတာကို လာမနှောင့်ယှက်နဲ့ … ဟုတ်ပြီလား….”

မွန်းလွဲပိုင်း တစ်ညနေခင်းလုံးတွင်မှ ချယ်ရီ တစ်ကတ်တီသာလျှင် ရောင်းချနိုင်သေးသည့် လင်းရီမှာ စိတ်လက်က သိပ်ကြည်သာမနေချေ။ ထို့ကြောင့် သူ အပိုစကား ပြောချင်စိတ်တို့ ကုန်ဆုံးနေခဲ့၏။

“ ကောင်လေး… မင်း စကားကို ကြည့်ပြောရင် ပိုကောင်းမယ်နော်…”

ပြောလိုက်သူကတော့ ဘေးတွင် ပါလာသည့် အမျိုးသားတစ်ယောက်မှ ဖြစ်သည်။ သူ၏ ဘော်ဒီ အချိုးအစားက လင်းရီနှင့် အတူတူလောက် ရှိ၏။ သို့သော် အသားကတော့ ညိုသည့်ဘက်ကသမ်းသည်။ ထိုအရာကပဲ သူ့ကို တောင့်တောင့်တင်းတင်းနှင့် လူရှိန်စေသည့် အရှိန်အဝါများအား ပေးစွမ်းနေတော့၏။

“ ငါ ပြောတဲ့ထဲ ဘာမယဉ်ကျေးတာများ ပါသွားလို့…”

“ မင်း စကားတွေ ဘယ်နေရာ ယဉ်ကျေးသွားလဲဆိုတာ ငါစဉ်းစားလို့ မရဘူး..” လူငယ် အမျိုးသားမှ ပြောလိုက်ပြီး “ မင်း ဂိမ်း မင်းဆော့ပြီး သောက်ရေးမပါတဲ့ စကားတွေ သိပ်မပြောနဲ့… ဂရုစိုက်… မဟုတ်ရင် ငါ မင်းရဲ့ ဆိုင်ကို ဖျက်ဆီးပစ်မယ်…”

“ ငါ့ဆိုင်ကို ဖျက်ဆီးမယ် ဟုတ်လား…”

ရန်သူ့ အခြေစိုက် တာဝါကို ဖျက်ဆီးပြီးနောက် လင်းရီ ဖုန်းကို သူ၏ အိတ်ကပ်ထဲ ပြန်ထည့်၍ “ လာ လာ လာ … မြန်မြန် လာဖျက်ဆီးလှည့်… ငါ ဒီနေ့ မရောင်းရမှာကို စိတ်ပူနေတာနဲ့ အတော်ပဲ..”

အမျိုးသမီးမှ လင်းရီကို မျက်မှောင် တွန့်ကွေးလျက် ကြည့်လိုက်ပြီး “ ငါတို့ မလုပ်ဝံ့ဘူးများ နင် ထင်နေတာလား.. ငါ နင့်ဆိုင်ကို ဖျက်စီးလိုက်ရင်တောင် ဘယ်သူမှ ငါ့ကို မဖမ်းရဲဘူး..”

“ အိုး … တယ်ဟုတ်လှချည်လား… ဒါဆိုလည်း လာ လာ… မင်း မလုပ်ရင် ငါမင်းကို အထင်သေးလိုက်တော့မှာ…” လင်းရီ ဘေးသို့ ထွက်ပေးလိုက်ပြီး “ အကုန် ဖျက်ဆီးပစ်လိုက်ရင် အကောင်းဆုံးပဲ.. ဘာတစ်ခုမှကို ချန်ထားမနေနဲ့… ငါ့ကို စိတ်ပူစရာမလိုဘူး…”

သုံးယောက်လုံး၏ အမူအရာမှာ အနည်းငယ် အေးတိ အေးစက် ဖြစ်သွားခဲ့ပြီး ဒေါသ ထောင်းခနဲ ထွက်လာတော့၏။

“ ချောင်ကြီး .. ဖက်တီးလေး… သွားပြီး သူ့ဆိုင်ကို ဖျက်ဆီးပစ်လိုက်… သူ ငါ့ကို ဘာလုပ်နိုင်မလဲဆိုတာ ကြည့်စမ်းဦးမယ်..” အမျိုးသမီးမှ အေးစက်စက် ကြုံးဝါးလိုက်လေသည်။

“ ငိုးပဲ… ငါ့လည်း လက်က ယားနေပြီ…”

ကျိန်ဆဲပြီးနောက် နှစ်ယောက်သား လက်ထဲရှိ အထုပ်အထည်များအား အောက်သို့ချကာ ဒေါသတကြီး လင်းရီ ဆိုင်အနားသို့ ချဉ်းကပ်လာသည်။

“ မင်းတို့ကောင်တွေ အဲ့တာဘာလုပ်နေကြတာတုန်း…”

နှစ်ယောက်သား ရိုက်ခွဲ ဖျက်ဆီးတော့မည့် အချိန်တွင်ပဲ သူတို့ မလှမ်းမကမ်းမှ အော်ဟစ်သံ တစ်သံကို ကြားလိုက်ကြရသည်။

လူတစ်ချို့မှာ နောက်လှည့်ကြည့်လိုက်ကြတော့ ရဲအရာရှိ နှစ်ဦး ပြေးလာနေသည်ကို မြင်တွေ့လိုက်ရလေသည်။

“ သေစမ်း… အဲ့လူတွေပဲဟ…”

လင်းရီ ပြေးလာနေသည့် နှစ်ယောက်ကို မှတ်မိသည်။ သူတို့က နေ့ခင်းပိုင်းတုန်းက သူ့အား ကူညီပေးခဲ့သည့် ရဲအရာရှိ နှစ်ဦး ဖြစ်လေသည်။

ယခု သူ တိုက်ဆိုင်သည်လို့ မထင်တော့ချေ။ ထိုနှစ်ယောက်မှာ ဤနေရာတွင် စောင့်ကြပ်နေပြီး အခြေအနေအား စောင့်ကြည့်နေကြခြင်း ဖြစ်လောက်၏။

မဟုတ်ပါက ယခုလို အချိန်မီ ရောက်လာနိုင်လိမ့်မည် မဟုတ်ချေ။

ကောင်းရော.. မင်းတို့က ကောင်းတဲ့ စိတ်ကလေးနဲ့ ဆိုပေမယ့် ငါ့ အစီအစဉ်တွေကို ကြန့်ကြာအောင် လုပ်နေတာပဲ…

ရဲ ရောက်လာသည်ကို မြင်တော့ နှစ်ယောက်လည်း ချက်ချင်းဆိုသလို ရပ်တန့်လိုက်ကြသည်။

“ မင်းတို့ အဲ့တာ ဘာလုပ်နေတာ…”

ရဲအရာရှိမှ အပြေးအလွှားရောက်ရှိလာပြီး သုံးယောက်လုံးကို တစ်ပြိုင်တည်း မေးခွန်းထုတ်လိုက်သည်။

“ ဒီလူက အသီး တစ်ကတ်တီကို ယွမ် ၃,၀၀၀ နဲ့ ရောင်းနေတာ.. ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်းတွေလည်း ပြောသေးတယ်… ဒါကြောင့်မို့ အငြင်းပွားနေကြတာ…”

ရဲအရာရှိများကို မြင်သော်ငြား အမျိုးသမီးမှာ ထိတ်ထိတ်ပျာပျာဖြစ်မှု အလျဉ်းမရှိပါပဲနဲ့ အေးဆေး တည်ငြိမ်စွာ ရှင်းပြလိုက်သည်။

“ ဈေးဘယ်လောက် ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း ပြောထားပြီးပြီပဲ မဟုတ်ဘူးလား.. သူ့ ပစ္စည်း သူ ကြိုက်သလောက် ဈေးတင်မှာပေါ့… မင်းတို့က မဝယ်ချင်ရင် မဝယ်ကြနဲ့ပေါ့… ဘာလို့ ဒီလာပြီး ဆူညံ ဆူညံ လုပ်နေကြတာ.. ဘာလဲ…. မင်း စိတ်ထဲ ထင်ထားတဲ့ ဈေးနဲ့ မကိုက်လို့ ဒေါသထွက်နေတာလား ဟုတ်လား…”

ရဲအရာရှိကလည်း အတော်လေး ခေါင်းမာသည်။ သူ အမျိုးသမီးကို မျက်နှာတစ်ချက် မငဲ့ပဲ ပျော်ပျော်ကြီး ပြောဆိုတော့၏။

“ နင်တို့ ဘာစကားတွေ လာပြောနေတာလဲ… နင်တို့ သဘောက ဂရုမစိုက်ဘူးဆိုတဲ့ သဘောလား….” အမျိုးသမီးလည်း ကျွဲမြီးတိုသွားခဲ့ပြီး

“ သူရောင်းနေတဲ့ ဈေးကို မပြောသေးနဲ့ဦး… ဒါ ဝမ်ဖူကျင်လမ်း… ဒီနားမှာ ဈေးဆိုင် လာတည်တယ်ဆိုကတည်းက ဖြစ်ကို မဖြစ်သင့်တာ…”

“ မင်း အဲ့ကိစ္စ ငါ့လာပြီး မပြောနဲ့… မကျေနပ်ဘူးဆိုရင် ဗျူရိုကို သွားတိုင်… ငါက ငါ့တာဝန်ငါ ထမ်းရွက်နေတာ…”

“ မပူနဲ့… တိုင်မှာ.. တိုင်ရုံတင် မကသေးဘူး… နင်တို့ကိုပါ တိုင်မှာ…”

“ လုပ်ချင်သလိုသာလုပ်..”

ရဲအရာရှိမှ သူ၏ ရဲနံပါတ်ကို ပြသလိုက်ပြီး “ ရေးမှတ်ထားလိုက်… မင်းတို့ငါ့ကို တိုင်ချင်သလို တိုင်လို့ရတယ်…”

နှစ်ယောက်လုံးက လင်းရီကို ကာကွယ်ပေးနေခြင်း ဖြစ်သည့်အတွက် မည်သည့် တုန်လှုပ်ကြောက်ရွံ့ခြင်းတို့မျှ စိတ်ထဲ ရှိမနေကြချေ။

‘ဟိုက အထက်အကြီးအကဲတွေကတောင် ဖူးဖူးမှုတ်ထားရတဲ့လူကို မင်းတို့ကောင်‌တွေက ဇယားသွားရှုပ်နိုင်မယ်များ ထင်နေလား...'

အမျိုးသမီးကလည်း အပြောနှင့် အလုပ် ညီသည်။ သူမ ရဲ အရာရှိ၏ နံပါတ်ကတ်ကို ဓာတ်ပုံရိုက်၍ နောက်ကျ တိုင်ကြားရန် ပြင်ဆင်ထားလိုက်သည်။

“ ငါ သက်သေတွေ အကုန် ရထားပြီးပြီ… နင်တို့တွေ စောင့်နေလိုက်….”

ပြောပြီးနောက် သုံးယောက်လုံး ဒေါသထွက်နေသည့် အမူအရာတို့ဖြင့် ထွက်ခွာသွားကြလေသည်။

လင်းရီ မသိမသာ ခေါင်းခါရမ်းရင်း ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။

“ သေလိုက်စမ်းပါကွာ.. သူတို့သာ ဖျက်ဆီးလိုက်မယ်ဆိုရင် မစ်ရှင်လည်း ပြီးနေပြီကို ဒီလို ငါးမျိုးဆိုတာ မိဖို့ မလွယ်ဘူး…”

“ မစ္စတာလင်း.. ခု အားလုံးလည်း အဆင်ပြေသွားပြီဆိုတော့ ကျုပ်တို့ သွားတော့မယ်နော… “ အရပ်ရှည်ရှည်နှင့် ရဲအရာရှိမှ ပြောလိုက်ပြီး “ ကျုပ်တို့က ဒီနားမှာ ကင်းလှည့်နေတာလေ… မကြောက်နဲ့… တစ်ခုခု ဖြစ်လာရင် ကျုပ်တို့‌ ရှိနေမယ်…”

“ အိုကေ.. ကျေးဇူးပဲ…”

လင်းရီ အားတင်းပြုံးလျက် နှစ်ယောက်ကို ကျေးဇူးတင်ရင်း ခေတ္တ လိုက်ပို့ပေးလိုက်သည်။

ယခု သူ၏ အစီအစဉ်မှာလည်း ကျရှုံးသွားပြီး ဖြစ်ရာ ထိုင်ခုံရာ ထင်အောင် ထိုင်ရင်း ဆက်ရောင်းရန်သာ ကျန်လေတော့သည်။ သူပြန်သွားလျှင်လည်း လုပ်စရာက မရှိသဖြင့် အားလပ်နေမည့် အတူတူ အကျိုးရှိတာလေး လုပ်တာက ပိုကောင်းလေသည်။

သို့သော်လည်း လက်တွေ့ အမှန်တရားက ရက်စက်လွန်းလှ၏။

စီးပွားရေးက ခြောက်ကပ်လွန်းလှ၍ ရေလောင်းယူရမည့်ပုံတောင် ပေါက်နေသည်။

ခရိတ်ခ်…

လင်းရီ တာဝါများအား ကြိုးစားပမ်းစား ခိုးနေစဉ် သူ့ဆိုင် အနီးနားသို့ အော်ဒီအေ8 တစ်စင်း ထိုးရပ်လာခဲ့၏။

လင်းရီကတော့ သူ ဈေးရောင်းရတော့မည်ဟု တွေးမဆုံးခင်တွင်ပဲ အပြင်သို့ ထွက်လာခဲ့သည့် သူက ရှန်းရှုရီ ဖြစ်နေသည်။

ရှန်းရှုရီ အပြင် ချင်ရင်ယွဲ့လည်း ရှေ့ဆင့်နောက်ဆင့် အပြင်သို့ ထွက်လာခဲ့၏။

မွန်းလွဲပိုင်းတွင် ကုမ္ပဏီမှ ထွက်လာပြီးနောက် နှစ်ယောက်မှာ SKP တွင် ရှော့ပင်းထွက်ကြပြီး နည်းနည်းမှောင်လာတော့ ဝမ်ဖူကျင်လမ်းထံ ဦးတည်လာခဲ့ကြသည်။

အမျိုးသမီးဆိုသည့် မှော်ဆန်သည့် သက်ရှိ သတ္တဝါ (တစ်ချို့)သည် အိမ် အလုပ်လုပ်ခိုင်းလျှင်သာ သေမလောက် ညည်းညူတတ်ကြသော်လည်း တစ်နေ့ခင်းလုံး ရှော့ပင်းထွက်ထားသည့်တိုင်အောင် ခွန်အားက မမောနိုင်မပမ်းနိုင် တက်ကြွ လန်းဆန်းနေ လျက်ရှိ၏။

သူမတို့ နှစ်ယောက်လည်း လင်းရီကို ဤနေရာတွင် လာတွေ့ရလိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။

“ နင်က ဒီမှာ အသီးလာရောင်းနေတယ်ပေါ့…”

“ ကျွန်တော် ဒီမှာရောင်းနေမှန်း အန်တီသိတယ်ပေါ့…”

“ နင် ကျိုးဟိုင်မှာ ရောင်းတယ်ဆိုတာပဲ သိတယ်.. ဒါပေမယ့် ဒီမှာ လာရောင်းနေမယ်လို့တော့ ထင်မထားဘူး.. နင့် ကြည့်ရတာ အသီးတွေနဲ့ ပတ်သက်သက်ပြီး တော်တော်လေး ဝါသနာ ပါတဲ့ပုံပဲနော်…”

“ ကိုယ်ပိုင် ၀င်ငွေလေး ရ‌အောင်လေ…”

“ လင်းယွင်အုပ်စုကြီး တစ်ခုလုံး ရှိနေတာကို ဘာလို့ ငါ့လာပြီး ပေါက်တတ်ကရတွေ လာပြောနေတာ....” ရှန်းရှုရီ သူမ နာရီကို တစ်ချက် ငုံ့ကြည့်လိုက်ရင်း “ ခုနစ်နာရီတောင် ထိုးတော့မယ်.. ဆိုင်ပိတ်လိုက်တော့.. နင့်အသီးတွေက ဒီလောက်ဈေးကြီးတာ ဝယ်မယ့်သူ ရှိမယ့်ပုံလည်း မပေါ်ပါဘူး.. ငါတို့နဲ့ အတူ ထမင်းလိုက်စားလှည့်…”

“ အန်တီရှန်း စကားတွေက ကျွန်တော့် ယုံကြည်ချက်တွေကို ဆောင့်နင်းလိုက်သလိုပဲ… အန်တီတို့ ရန်ကျင်းက လူတွေသာ ဘာက ကောင်းမှန်း နားမလည်ကြလို့… ကျွန်တော်သာ ကျိုးဟိုင်မှာ ဆိုလို့ကတော့ ဒီအသီးတွေ တစ်နာရီအတွင်း ကုန်အောင် ရောင်းပြလိုက်လို့ရတယ်…”

“ အဓိကက ငါတို့နှစ်ယောက်လည်း ဘာမှ မစားရသေးလို့ဟေ့... နင် လိုက်ကျွေးမှာကို စောင့်နေတာ..."

“ ပြဿနာ မရှိဘူး..”

ရှန်းရှုရီ အဘယ်ကြောင့် သူနှင့် ထမင်း အတူစားရန် အဲ့လောက် လောနေလဲဆိုတာ လင်းရီ နားမလည်နိုင်တော့ချေ။

သို့သော် သူမဘက်က ပြောလာနေပြီ ဆိုမှတော့ လင်းရီတွင်လည်း အဘယ်၌ ငြင်းဆန်ရန် ခွန်အား ရှိလိမ့်မည်နည်း။

ထို့ပြင် သူ့အား တိတ်တဆိတ် စောင့်ကြည့်ပေးနေကြသူများလည်း ရှိသဖြင့် ဆိုင်လေး စောစောသိမ်း၍ ထိုသူတို့ကို ပေးနားလိုက်သည်ကလည်း ကောင်းသည်။

“ ဒီနားလေးမှာ ကွမ်တုံးဆိုင် ကောင်းကောင်း တစ်ဆိုင်ရှိတယ်.. အဲ့သွား စားကြည့်ကြစို့..…”

ရှန်းရှုရီမှ ပြောလိုက်ပြီး “ ငါ မီလိလေးဆီကနေ ကြားတာတော့ နင့် ဟင်းချက် လက်ရာက မဆိုးဘူးဆို.. နင့်လက်စွမ်းတွေ ငါတို့လည်း သိရအောင် လုပ်ပြစမ်းပါ…”

All Chapters