ချင်ရင်ယွဲ့၏ ကာကွယ်ပေးမှု
Vol. 83 Ch. 1244
မှန်ကြောင် လူကြီးမှ ကိုးရို့ကားယား ဖြစ်စွာ လက်ကို ပြန်ရုတ်လျက် ရိုကျိုးသည့် အပြုံးလေးကို သူ့မှာ မျက်နှာတပ်ထားရင်း “ ဒါပေါ့ဗျ… ကြွပါ ကြွပါ ဥက္ကဌရှန်း…”
ရှန်းရှုရီ တစ်ဖက်သို့လှည့်၍ စားပွဲထိုးမလေးအား ကြည့်လိုက်ကာ “ အထဲဝင်ကြစို့…”
“ ဟုတ်ကဲ့… ဒီဘက် ကြွပေးပါ…”
စားပွဲထိုးမလေး၏ ဦးဆောင်မှု အောက်၌ သုံးယောက်သား VIPအခန်းထဲသို့ ရောက်လာခဲ့ကြသည်။
ယခုလို VIP အခန်းမျိုးက ဆိုင်တိုင်းတွင် နှစ်ခန်းစီ ထားရှိ၏။ များသောအားဖြင့် လစ်လှပ်နေသည်ဆိုသော်လည်းပဲ လူတိုင်းကို ဖွင့်ပေးသည်ထက် လစ်လှပ်နေသည့် အတိုင်းသာလျှင် ထားလိုက်သည်။
“ နင်တို့ရဲ့ မန်နေဂျာကို တစ်ချက်ခေါ်ပေးပါလား…” ရှန်းရှုရီ စားပွဲထိုးမလေးအား ပြုံးပြ၍ တောင်းဆိုလိုက်သည်။
“ ဟုတ်ကဲ့… ခေတ္တ စောင့်ပေးပါဦးနော်..”
စားပွဲထိုးမလေးခမျာ ‘ ဘာကြောင့် ’ ဆိုပြီး ပြန်လည် မေးခွန်း မထုတ်ဝံ့ချေ။ VIP ဧည့်သည်တော်မှ တောင်းဆိုလာပြီဖြစ်ရာ သူမက သူတို့တောင်းဆိုသည့် အတိုင်း ပြုလုပ်ပေးရန်သာ ရှိလေသည်။
မကြာမီ စားသောက်ဆိုင်၏ မန်နေဂျာမှာ သီးသန့်ခန်းထဲ ရောက်ရှိလာခဲ့၏။
“ ဥက္ကဌရှန်း… မင်္ဂလာပါခင်ဗျ… ကျုပ်က ဟော့ဒီ ကွမ်းတုံဟိုင်ဟွေ့ဆိုင်ရဲ့ မန်နေဂျာပါ… ဆိုင်ကို လာတဲ့အတွက် ကြိုဆိုပါတယ်… ဘာများ ကူညီပေးရမလဲ မသိဘူး…”
ရှန်းရှုရီ ခေါင်းညိမ့်ပြလိုက်ပြီး လင်းရီကို အပြုံးလေးဖြင့် ကြည့်လိုက်ကာ “ ငါတို့ဆီမှာ ဟင်းသုံးလေးခွက်လောက် ချက်ချင်နေတဲ့ ချက်ဖ်(chef) တစ်ယောက်ရှိတယ်… နင်တို့ မီးဖိုချောင်ကို ခဏငှားလို့ရလား…”
“ ဟုတ် ရတာပေါ့.. ပြဿနာ မရှိပါဘူး…”
မန်နေဂျာတစ်ယောက်ဖြစ်သည့် သူသည် ဟွာရှတွင် မန်ဘာကတ် ပိုင်ဆိုင်ထားသူတို့၏ အထောက်အထားများကို ကောင်းစွာ သိရှိထားသည်။
ဤ တောင်းဆိုမှုက နည်းနည်း များသော်လည်ပဲ သူ့တွင် ငြင်းဆန်နိုင်သည့် အခွင့်အရေး မရှိပါချေ။
“ ကဲ… နင့် လက်စွမ်းတွေ ပြရမယ့် အချိန်ပဲမလား…” ရှန်းရှုရီ လင်းရီကို ကြည့်လျက် ပြောလိုက်၏။
“ အန်တီ ဘာစားမလဲ….. စားချင်သာပြောလေ…”
“ ကြက်ကုန်းဘောင် ၊ ကြက်တောက်ဖြူ(ကြက်သားပြုတ်) ၊ ပုစွန်ပေါင်း စွပ်ပြုတ်…. ဒီသုံးမျိုး အရင် ပြင်လိုက်.. ကျန်တဲ့ အရန်ဟင်းတွေကိုတော့ မီနူးထဲကပဲ မှာလိုက်မယ်..”
“ ကောင်းပြီ… ကျွန်တော် မီးဖိုချောင်ထဲ တစ်ချက် သွားကြည့်လိုက်ဦးမယ်..”
“ အင်း…”
မန်နေဂျာ၏ ဦးဆောင်မှုအောက်တွင် လင်းရီ မီးဖိုချောင်ထဲသို့ ရောက်ရှိလာခဲ့သည်။
“ ဆရာဝမ်… ခင်များ အလုပ်တွေ ဘေးခဏချိတ်ထားဦး… ကျုပ် ပြောစရာလေးရှိလို့…”
မန်နေဂျာမှ လှမ်းခေါ်လိုက်သည်။ အသက်လေးဆယ် အရွယ်ရှိမည့် သက်လတ်ပိုင်း လူကြီး တစ်ဦးမှ သူ၏ မီးဖိုချောင်သုံး ပစ္စည်းများအား အောက်ချ၍ အခြား အမျိုးသားတစ်ဦးနှင့်အတူ လင်းရီတို့ထံ လျှောက်လှမ်း၍ လာသည်။
“ ဘာကိစ္စလဲ…”
“ ဒီလူငယ်လေးကို ကျုပ်တို့ ဆိုင်ရဲ့ မန်ဘာတစ်ယောက်က ခေါ်လာခဲ့တာ.. သူက ဟင်းနည်းနည်းချက်ချင်လို့ မီးဖိုချောင် ခဏသုံးချင်တယ်တဲ့.. အဲ့တာ ခင်များကို အသိပေးသင့်တယ်ထင်လို့…”
“ ချက်ဖို့ ပြုတ်ဖို့ ဟုတ်လား… ဒီနေရာက လေ့ကျင့်ဖို့ဆို မသင့်တော်ဘူးနော…” ဝမ်ကျင်းချိုင် မျက်ခုံးပင့်လျက် ပြောလိုက်သည်။
အကယ်၍ သာမန်လူသာ ယခုလို လာရောက်တောင်းဆိုခဲ့မည် ဆိုပါက ဝမ်ကျင်းချိုင်သည် ဆဲလွှတ်လိုက်ပြီး ဖြစ်၏။
သို့သော်လည်း တစ်ဖက်သူမှာ ဆိုင်၏ မန်ဘာဝင်တစ်ယောက်ဖြစ်နေလေရာ အခြေအနေမှာ ကွာခြားသွားခဲ့တော့သည်။
ရန်ကျင်းတွင် မန်ဘာကတ် ကိုင်ဆောင်နိုင်သူများက သိပ်မရှိချေ။ ထို့ကြောင့် သူ တစ်ဖက်လူကို အပြစ်ပြုလို့ မစွမ်းသာချေ။
သို့ဆိုသော်ငြား ဤ မီးဖိုချောင်၏ သူ၏ စီမံအုပ်ချုပ်မှုအောက်တွင် အချိန်ကြာမြင့်စွာ တည်ရှိနေခဲ့ပြီး သူစိမ်းတစ်ယောက်မှ ရုတ်တရက် ဤနေရာတွင် လာရောက် ချက်ပြုတ်ရန် တောင်းဆိုလာမှုက သူ့အား ဒေါသ ထောင်းခနဲ ဖြစ်သွားစေသည်။ ထို့ကြောင့် မသိမသာ ငြင်းဆန်လိုက်ခြင်းဖြစ်၏။
“ လေ့ကျင့်မှာ မဟုတ်ဘူး… ကျုပ် ကတ်စတန်မာဆီက ကြားလာတာ ဒီလူငယ်လေးရဲ့ ဟင်းချက် လက်ရာကလည်း တော်တော်လေး ကောင်းတယ်ဆိုပဲ… ဒါကြောင့်မို့ သူ့ရဲ့ အရည်အချင်းတွေကို ပြသစေချင်နေတာ.. ဒါကြောင့်မို့ ကျုပ် ခင်များဆီ ခေါ်လာခဲ့ပေးတာပဲ…”
“ စော်ကားလိုစိတ်နဲ့ ပြောတာ မဟုတ်ပေမယ့် အိမ်ချက် စားဖိုမှူး အဆင့်နဲ့ ပရော်ဖက်ရှင်နယ် စားဖိုမှူးအဆင့်ဆိုတာ ကမ္ဘာကြီးလောက်ကို ခြားတယ်… မင်း ကတ်စတန်မာကို သွားပြန်ပြောလိုက်ပါလား.. ငါ ဟင်းပွဲတွေကို သေချာလေး အားစိုက်ထုတ်ပြီး ချက်ပြုတ်ပေးမယ်လို့.. သူတို့ စိတ်ကျေနပ်စေရမယ်…”
အစားအသောက် လောကတွင် ဟင်းကောင်းတစ်ခွက် ဖန်တီးသူ စားဖိုမှူးတို့သည် ၎င်းတို့၏ မီးဖိုချောင်နှင့် ပတ်သက်၍ အင်မတန်ကို ဆတ်ဆတ်ထိမခံ ရှိကြသည်။ ထို့ကြောင့် ဆရာဝမ်သည်လည်း သူစိမ်းလူ ရောက်လာပြီး မျက်စိစပါးမွှေး စူးမည်ကို သူ လက်သင့်မခံနိုင်ချေ။
“ ဖြစ်နိုင်မယ် မထင်ဘူး… ကတ်စတန်မာက တောင်းဆိုလာပြီးမှတော့ ကျုပ်က သွားငြင်းလို့ သင့်မယ် ထင်သလား… “ မန်နေဂျာမှ ခါးသီးစွာ ပြုံးလျက် ပြောလိုက်သည်။
ဝမ်ကျင်းချိုင် သွယ်ဝိုက်ပြောဆိုနေသည့် စကား အဓိပ္ပာယ်ကို သူနားမလည်ဘဲ ဘယ်နေလိမ့်မည်နည်း။ သို့သော် သူလည်း မတတ်နိုင်ချေ။
ဝမ်ကျင်းချိုင် မျက်မှောင်ကြီး ကြုတ်လျက် လင်းရီကို တစ်ဖန်ပြန်ကြည့်လိုက်သည်။
အတန်ငယ်ကြာအောင် တိတ်ဆိတ်နေပြီးတော့မှ “ ကောင်းပြီ… မင်း ဒီမှာချက်ပြုတ်လို့ရတယ်…”
“ ဒါဆို ကျုပ် ဆရာ၀မ်နဲ့ပဲ လွှဲထားခဲ့တော့မယ်…”
“ ရတယ်…”
ညွှန်ကြားချက်များ ပေးပြီးနောက် မန်နေဂျာသည် လင်းရီကို မီးဖိုချောင်ထဲ ချန်ထားခဲ့လိုက်၏။
ဝမ်ကျင်းချိုင် လင်းရီကို ကြည့်၍ “ မင်းက ဘယ်ဟင်းပွဲကို ချက်ချင်နေတာ.. ငါ့လူတွေကို ပြင်ခိုင်းထားလိုက်မယ်…”
“ ကြက်ကုန်းဘောင်… ကြက်တောက်ဖြူ… ပုစွန်ပေါင်း ဟင်းရည်…”
ရှန်းရှုရီမှာ သူမ၏ ကျန်းမာရေးကို အတော်လေး ဂရုပြုသည်ဟု ပြော၍ရ၏။ အကုန်လုံးက အသားဟင်းလျာချည်း ဖြစ်သော်လည်း အဆီနည်းပြီး ဝိတ်ချနေစဉ် စားသုံးရန်အတွက် သင့်လျော်လေသည်။
“ အဲ့ဟင်းပွဲတွေအတွက် အမယ်တွေ အဆင်သင့် လုပ်ထားလိုက်…”
ဝမ်ကျင်းချိုင် သူ့တပည့် ဖြစ်သူကို ပြောလိုက်သည်။သူ၏ အမူအရာမှာတော့ ထူးမခြားနားဟန် ရှိနေပြီး ပြပွဲကောင်း တစ်ခုကို စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းနေဟန်ရ၏။
သူ့လက်အောက်ရှိ လူများကလည်း အလုပ်လုပ်ရာတွင် ထိရောက်မှုရှိလှသည်။ မိနစ် အနည်းငယ်အတွင်း လိုအပ်သည့် အမယ်များအားလုံးကို ပြင်ဆင်ပြီးသွားခဲ့ချေပြီ။
လင်းရီ သူ၏ အင်္ကျီလက်ကို လိပ်လိုက်ပြီး အလုပ်စရန် ဟန်ပြင်တော့သည်။
သူ အရင်ဦးဆုံး ဆီကို အပူပေးသည်။ ထို့နောက်တွင်မှ ဂျင်းကြက်သွန်ဖြူ၊ ငရုတ်ခြောက်၊ ငရုတ်ပွတို့အား ဆီပူထိုးလေသည်။
“ နေစမ်းပါဦး… မင်း ဒီဟင်းပွဲကို ဘယ်လိုတွေ လုပ်နေတာ… ကုန်းဘောင်ကြက်ဆိုတာ ဆီပူပူထဲ နစ်ကြော်ရမှန်း မင်း မသိဘူးလား…”
“ ခင်များရဲ့ နည်းလမ်းက မော်ဒန် ချက်ပြုတ်နည်း…. ခု ကျုပ်ချက်တဲ့ ပုံစံက အဲ့လို ကြော်နေစရာ မလိုဘူး…”
“ အိုး .. ဆိုတော့ မင်းက မူရင်း ဟင်းလျာစစ်စစ်ချက်မယ်ပေါ့...."
“ ဒီဟင်းလျာက ရန်ကျင်းမြို့ရဲ့ ဟင်းလျာဟောင်းတစ်ခွက်ကို ခင်များတို့က ဒီမှာသာ ဆိုင်လာဖွင့်နေကြတယ် ဒီလို ကြော်ကြမှန်းကို မသိဘူးပေါ့…”
“ ကောင်လေး… ဘယ်သူမှ ငါ့ ကြက်ကုန်းဘောင်လက်ရာကို အပြစ်မရှာနိုင်ကြဘူးကွ…” ဝမ်ကျင်းချိုင် ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
သူ့နောက်တွင် ချက်ပြုတ်နေကြသည့် စားဖိုမှူး ပေါက်စနလေးများကလည်း ရယ်မောနေကြလေသည်။ သူတို့က လင်းရီ၏ ရိုးအမှုကို လှောင်ရယ်နေကြဟန် ရှိ၏။
သူတို့၏ ဆရာက စာဖိုမှူး ဘုရင် ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုကို ဆွတ်ခူးထားနိုင်သူ တစ်ယောက်ဖြစ်သည်။ ဘယ်ဂျောင်က ရောက်လာမှန်း မသိသည့် လူငယ်လေးက သူတို့ဆရာကို ဝေဖန်နေသည်လော။
“ အဲ့တာ ခင်များတို့ အရသာ အကဲဆတ်တဲ့ ကတ်စတန်မာနဲ့ မတွေ့ဖူးသေးလို့…”
တစ်ချိန်တည်းတွင် ဂျင်းကြက်သွန်ဖြူ ဘာညာသာရကာတို့ မွှေးလာသည့် အချိန်တွင် လင်းရီ အတုံး အတုံးလေးများ လှီးထားသည့် ကြက်ရင်အုပ်သားများကို ဒယ်ထဲသွန်ထည့်၍ မီးကောင်းကောင်းနှင့် အကုန်လုံးကို ရောသမမွှေလိုက်သည်။ သူ သခွားသီး၊ ခါကြက်ဥနှင့် မြေပဲစံ စသည်များကို ထပ်ပေါင်းထည့်၍ တစ်ခါတည်း ဆက်ရောကြော်လိုက်လေသည်။
သူ၏ ကျွမ်းကျင်လှသည့် အိုးကိုင်တွယ်ပုံ၊ ချက်ပြုတ်သည့် ဟန်ပန်တို့က မီးဖိုချောင်ထဲရှိ လူတိုင်းကို ရှော့ခ်ရသွားစေခဲ့သည်။
၎င်းကြည့်ရသည်မှာ လက်သင်လေးနှင့် မတူချေ။ အင်မတန် အရည်အချင်း ရှိပုံရ၏။
မိနစ်ဝက်ခန့်ကြာပြီးနောက် လင်းရီ အရသာအနှစ်ကို ပြင်ဆင်၍ အိုးထဲသို့ လောင်းထည့်ကာ မီးကောင်းကောင်းနှင့်အပူပေးလိုက်၏။ ထို့နောက် ရှာလကာရည် အနည်းငယ်နှင့်အတူ ကြက်ကုန်းဘောင်ကြော်သည် အဆင့်သင့် ဖြစ်သွားခဲ့ချေပြီ။
လင်းရီ ဖန်တီးထားသည့် ကြက်ကုန်းဘောင်က အမြင် တင့်တယ်သည်သာမက အနံ့လည်း ကြိုင်လှိုင်နေလျက်ရှိပြီး တော်တော်ကလေးကို အရသာရှိမည့်ပုံပေါ်လေသည်။ မီးဖိုချောင်ထဲရှိ လူတိုင်း အကြည့်ချင်း ဖလှယ်လိုက်ကြ၏။
အရသာကို မမြည်းကြည့်ရသေးသော်လည်းပဲ အပေါ်ယံကြည့်ရုံနှင့်တင် သားရည်ယိုချင်စရာကြီးပင်။
“ ကောင်းပြီ ဒီတိုင်း ရပ်ကြည့်မနေနဲ့… လာ လာ .. တူလေး ကိုင်ပြီး လာမြည်းလှည့်..” လင်းရီ ဝမ်ကျင်းချိုင်ကို ပြုံး၍ ကြည့်လျက် ပြောလိုက်သည်။
“ ဒါဆိုလည်း ငါ အားနာမနေတော့ဘူး…”
ဝမ်ကျင်းချိုင် တူနှင့် ညှပ်၍ ပါးစပ်ထဲ ထည့်ကြည့်လိုက်တော့ သူ့မျက်လုံးတို့ အရောင်လက်လာလေသည်။
“ ချို ချဉ် ငံ စပ်… အကုန် အစပ်အဟပ်တည့်တယ်… အသားက အကျက်လည်း မလွန်သလို နူးညံ့ပြီး ရွှမ်းတယ်… ဒီအရသာက တော်တော်ကြီးကို ကောင်းနေတာပဲ…” “ ခင်များရဲ့ လက်ရာနဲ့ ယှဉ်ရင် ဘယ်လိုနေလဲ…”
“ အင်း… ငါ့လက်ရာထက်ကို ကောင်းတာ အမှန်ပဲ.. ရန်ကျင်းရဲ့ မူလ အငွေ့အသက်တွေ ဒီထဲ ကိန်းအောင်းနေတယ်..” ဝမ်ကျင်းချိုင် လင်းရီကို ကိုးရို့ကားယား ပြုံးလျက် ကြည့်လိုက်ပြီး “ ကောင်လေး… မင်း ဒီ စကေးတွေကို ဘယ်ကနေ သင်ယူခဲ့တာ… ငါ ဒီလောကမှာ အသက်မွေးနေတာ အနှစ် ၂၀ ကျော်ပြီ… ဒါတောင် ငါ့ လက်ရာက မင်းလောက်ကို မကောင်းချင်ဘူး…”
“ ဒီတိုင်း ယူကျူ့ကြည့်သင်တာလေ… ကျုပ်ကိုယ်ကျုပ်လည်း တော်တယ် မခံယူရဲပါဘူး… ဒီတိုင်း နည်းနည်းပါးပါး ချက်တတ် ပြုတ်တတ်ရုံပါပဲ…”
“ ဒီတိုင်း ကိုယ့်ဘာကိုယ် သင်တာတောင် ဒီလောက် တော်နေတယ်ဆိုတော့ မင်း တော်တော်ကြီးကို ပါရမီကောင်းလို့ ဖြစ်မယ်…”
ဝမ်ကျင်းချိုင် တောင်းပန်တိုလျှိုးသည့် အားတောင့်အားနာ အပြုံးမျိုးဖြင့် “ လာ လာ … နောက် ချက်ရမယ့် ဟင်းနှစ်ပွဲ ကျန်သေးတယ်မလား… မင့် စကေးတွေ ပြစမ်းပါဦး… ဒါမှ ငါလည်း သင်ယူလို့ရမှာ … “
“ ရတာပေါ့….”
…………..
လင်းရီ မီးဖိုချောင်ထဲ၌ ကြော်လှော်ချက်ပြုတ်နေစဉ် ရှန်းရှုရီနှင့် ချင်ရင်ယွဲ့တို့က သီးသန့်ခန်းထဲတွင် တွတ်ထိုးနေကြလေသည်။
“ နင် သိပ် တရားလွန်တယ်… ဒီတိုင်း ဟင်းတစ်ပွဲတည်း ချက်ခိုင်းလိုက်တာ မဟုတ်ဘူး.. ဘာလို့ သုံးပွဲကြီးများတောင်လဲ…” ချင်ရင်ယွဲ့ မကျေမနပ်ဖြစ်စွာဖြင့် ပွစိပွစိ လုပ်နေလျက် ရှိသည်။
“ အဲ့တာ အကုန် နင့်အကြိုက်တွေချည်း မဟုတ်ဘူးလား… သူ့ စကေးတွေ ပြစမ်းပါစေ….”
“ ဒါပေမယ့် တစ်နေ့ခင်းလုံးလည်း အသီးတွေ ရောင်းထားရသေးတာကို ပင်ပန်းနေမှာပေါ့…”
“ ဟက် ... သူ နင်နဲ့ မနေခဲ့တာ ကံကောင်းသွားတယ် သိလား.. မဟုတ်ရင် နင်သူ့ကို ဘယ်လောက်တောင် အလိုလိုက်ထားမလဲ မသိဘူး..” ရှန်းရှုရီ ပြောလိုက်ပြီး “ ဒီဟင်း သုံးပွဲလေး ချက်ပြုတ်ရတာ ဘာများ ပင်ပန်းသွားမှာမို့လို့… ပြီးတော့ သူက နင့်ရဲ့သား… သားတစ်ယောက်က အမေစားဖို့ ချက်ပြုတ်ပေးသင့်တာ သာမန်ပဲ မဟုတ်ဘူးလား… ပင်ပန်းတယ်ဆိုရင်တောင် လုပ်ရမှာပဲ… “