အထောက်အထား ဖော်ထုတ်ခံလိုက်ရပြီ
Vol. 83 Ch. 1245
ချင်ရင်ယွဲ့ ဘာမျှ ပြန်မပြောချေ။
ဤမျှ ရာသီတို့ အလီလီ ကူးပြောင်းပြီးခါမှ သားဖြစ်သူ ပြင်ဆင်ပေးသည့် ဟင်းလျာတစ်ခွက်ကို မြည်းစမ်းကြည့်နိုင်သည်က သူမအတွက် အကြီးမားဆုံးသော ပျော်ရွှင်မှုကြီး တစ်ခု ဖြစ်လေသည်။
တွေးတောမိတော့ ချင်ရင်ယွဲ့ မျက်ရည်စမ်းလာခဲ့ပြန်၏။
“ ဒီလို ပျော်ရမယ့် အချိန်မှာ ဘာတွေ လာငိုနေတာလဲ…” ရှန်းရှုရီ တစ်သျှူး တစ်ရွက် ကမ်းပေးလိုက်၏။
ချင်ရင်ယွဲ့ ကမ်းပေးလာသည့် တစ်သျှူးဖြင့် သုတ်ရင်း “ ဒါပေမယ့် သူ့ကို ပြုစုပျိုးထောင်ပေးခဲ့တာက ငါမှမဟုတ်ပဲ…”
“ နင် သူ့ကို ပြုစုမပျိုးထောင်ခဲ့ပေးဘူးဆိုတာ ဘာ စကားလဲ…” ရှန်းရှုရီ ပြောလိုက်ပြီး “ သူ့ကို မွေးပြီး ဘဝတစ်ခု ပေးခဲ့တာက နင်… အဲ့တာကိုက သူ့အတွက် ကောင်းပေ့ဆိုတဲ့ လက်ဆောင်ကြီး ဖြစ်နေပြီးသား… သူ ချက်ပေးတဲ့ လက်ရာကို စားဖို့ နင့်ထက်ပိုပြီး သင့်လျော်တဲ့လူ ဒီကမ္ဘာမှာ မရှိတော့ဘူး…”
ချင်ရင်ယွဲ့ မျက်ရည်များကို သုတ်ရင်း “ နင့်ကို ပြောရင်တောင် နားမလည်တဲ့ တချို့ ကိစ္စတွေ ဆိုတာ ရှိတယ်…”
ရှန်းရှုရီ ရေနွေးကြမ်း တစ်ကျိုက် စုပ်သောက်လိုက်ရင်း ဘာမျှ မဖြေချေ။
ချင်ရင်ယွဲ့သည်က ထက်မြက်သည့် အမျိုးသမီး တစ်ယောက် ဖြစ်ပြီး သူမ ရှင်းပြနေစရာပင် မလိုချေ။ အချိန်ပေးပြီး သူမကိုယ်သူမ ဖြည်းဖြည်းချင်း သိရှိ နားလည်သွားပေလိမ့်မည်။ ထို့ထက်ပိုပြီး သူမလည်း ဖြောင်းဖြပေး၍ မရချေ။
သူမကိုယ်၌ ကိုယ်တိုင် ကြုံတွေ့ခံစားဖူးခြင်း မရှိသဖြင့် စာနာသည်ဆိုသော်လည်းပဲ ခံစားရသူ၏ ရင်ဘက်ကြီးထဲသို့ အတွင်းကျကျ မည်သို့ နားလည်ပေးနိုင်လိမ့်မည်နည်း။
“ ကဲပါ… နင့် မျက်ရည်တွေကို မြန်မြန်သုတ်လိုက်တော့… လင်းရီက ခဏနေဆို ရောက်လာတော့မှာ… တကယ်လို့ နင် ငိုနေတာ မြင်သွားခဲ့ရင် သူ ဘယ်လိုထင်သွားမလဲ..”
“ ငါ့ မျက်လုံးထဲ အမှုန်ဝင်သွားတယ်လို့ ပြောမှာပေါ့…”
“ လင်းရီဆိုတဲ့ နင့်ရဲ့သားက သိပ်ဉာဏ်ပြေးတာ… နင် အဲ့လောက်လေးနဲ့ သူ့ကို အရူး လုပ်နိုင်မယ်များ ထင်နေလာ…” ရှန်းရှုရီ ပြောလိုက်ပြီး “ ဒါပေမယ့် တစ်ခု ကောင်းသွားတာက သူနဲ့ မဆိုင်ရင် အဲ့ကလေးက ဘာမှ သိပ်ဂရုမစိုက်တာလေး တစ်ခုပဲ…”
နှစ်ယောက်သား တိုးတိုးတွတ်တွတ် ရွတ်နေစဉ်မှာပဲ စားပွဲထိုး၏ အသံမှာ တံခါးပေါက် အပြင်ဘက်မှ နေ၍ ထွက်လာခဲ့လေသည်။
ချင်ရင်ယွဲ့လည်း မျက်ရည်များကို လက်ဖြင့် ကမန်းကတမ်း ဖယ်သပ်လိုက်၏။
မကြာမီ စားပွဲထိုးမှ ဟင်းပွဲများနှင့်အတူ သီးသန့်ခန်းထဲ ရောက်လာခဲ့လေသည်။
“ စားကောင်းမယ့် ပုံပဲ…” ရှန်းရှုရီ အားရကျေနပ်စွာဖြင့် ခေါင်းညိမ့်လိုက်၏။ ထို့နောက် သူမ ချင်ရင်ယွဲ့အတွက် အသားတစ်တုံး ညှပ်ပေးလိုက်ပြီး “ စားကြည့်ကြည့်… ချက်ဖ်လင်းရဲ့ လက်ရာဆိုတာ လူတိုင်း မြည်းစမ်းနိုင်တဲ့ အရာ မဟုတ်ဘူးနော်…”
ချင်ရင်ယွဲ့ ပါးစပ်ထဲ ထည့်ကြည့်လိုက်ပြီး ပြောမပြတတ်လောက်အောင် အရသာရှိမှန်း သူမ သတိပြုမိလိုက်သည်။
ရှန်းရှုရီကတော့ ရင်ထဲတွင် အားရကျေနပ်မှု အပြည့်ဖြင့် ဖြစ်နေသည်။ သို့ပေမယ့် သူမ တစ်ချိန်တည်းတွင် မနာလိုလည်း ဖြစ်နေမိတော့၏။
ယင်းက ဘာကြောင့်လဲဆိုတော့ လျန်ချွင်းရှောင်၏ နှစ်ငါးဆယ်ပြည့် မွေးနေ့ပွဲတွင် လျန်ရူရွှယ်မှာ ရင်ဘက်ကို တဘုန်းဘုန်းပုတ်၊ ခေါင်းကို မော်ကြွားလျက် တစ်အိမ်လုံး ရှေ့တွင် သူ့အဖေအတွက် သမီးကောင်းပီသစွာ ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ပေးမည်ဟု ဝင့်ကြွားခဲ့လေသည်။ ထိုသို့ ပြောပြီးနောက် မကြာခင်မှာပဲ မီးဖိုချောင် တစ်ခုလုံး မီးစွဲလုစွဲခင် ဖြစ်သွားခဲ့တော့၏။
ထိုစဉ် ချင်ရင်ယွဲ့အတွက် လင်းရီ ပထမဆုံး ချက်ပြုတ်ပေးသည့် ဟင်းပွဲလက်ရာက ဤမျှ အရသာရှိနေလေသည်။
အဘယ်ကြောင့် ကွာဟမှုက အဲ့သလောက် ကြီးမားနေရသနည်း။
“ တကယ် အရသာရှိတယ်…”
ချင်ရင်ယွဲ့နှင့် မရင်းနှီးသဖြင့် လင်းရီ ထိုစကားကို ဘာမျှ ပြန်မပြောဘဲ အပြုံးတစ်ပွင့်ဖြင့်သာ လက်ခံလိုက်၏။
ဤသည်ကလည်း ရှန်းရှုရီ၏ ပထမဆုံးအကြိမ် လင်းရီ၏ လက်ရာကို မြည်းစမ်းကြည့်ဖူးခြင်းပင်။
ယခင် ဖုန်းမှတဆင့် လင်းရီ၏ လက်ရာက မည်မျှစားကောင်းကြောင်းကို လျန်ရူရွှယ်ထံမှ ကြားဖူးနားဝ ရှိခဲ့သော်လည်း ယနေ့တွင်တော့ မြည်းစမ်းကြည့်ခွင့် ရခဲ့လေပြီ။ သူမ သမီး၏ စကားတို့ထဲ အလိမ်အညာ တစ်ခွန်းမှ မပါချေ။ အမှန်ပင် အရသာ ရှိလှ၏။ စားကောင်းကောင်းနှင့် သူမ ပုံမှန်ထက် တူပန်ကန်လုံး တစ်ဝက်ပင် ပိုစားမိလိုက်သည်။
သုံးယောက်သား၏ ညစာဝိုင်းလေးမှာ တစ်နာရီကျော်ကြာသည့်တိုင်အောင် မပြီးဆုံးသေးချေ။
စကားဝိုင်း အများစုကလည်း လင်းရီ၏ သာမန် နေ့စဉ်ဒူဝ ကိစ္စများသာ ဖြစ်၏။ ယင်းကလည်း ချင်ရင်ယွဲ့အတွက် လင်းရီ၏ အကြောင်းကို ပိုမို နားလည်သဘောပေါက် စေရန် ရည်ရွယ်လေသည်။
ကြည့်ရသလောက်တော့ လင်းရီထံတွင် လုပ်စရာကိစ္စတို့က တောင်ပုံယာပုံ ရှိနေသည်ဟု ထင်ရ၏။
ညစာစားပြီးနောက် စားသောက်ဆိုင်မန်နေဂျာမှ သူတို့ကို ဆိုင်ပေါက်ဝအထိ လိုက်ပို့ပေးသည်။ ထို့နောက် သုံးယောက်သား မြေအောက် ကားပါကင်သို့ သွား၍ အိမ်သို့ပြန်ရန် ဟန်ပြင်လိုက်ကြလေသည်။
မြေအောက် ကားပါကင်ထိုးသည့် နေရာတွင် ချင်ညီကိုတို့တတွေ၏ ကားက Audi A8 နှင့် မျက်စောင်းထိုး ရပ်တန့်ထား၏။ သူတို့ရှေ့တွင် လင်းရီတို့၏ လှုပ်ရှားမှုကို ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
“ အစ်ကိုကြီး…. သူတို့တွေ ဟိုမှာ…..”
သုံးယောက်သား အောက်ဆင်းလာသည်ကို မြင်တော့ နှစ်ယောက်လုံး ချက်ချင်း ကျောဖြောင့်သွားခဲ့ပြီး အခြေအနေ အသေးစိတ်ကို မျက်ခြေမပြတ် စောင့်ကြည့်နေကြတော့၏။
ရှန်းရှုရီ ကားဘေးတွင် မတ်တပ်ရပ်လျက် ချင်ရင်ယွဲ့ကို ကြည့်လိုက်ရင်း “ အဘိုးကြီးလျန်က အလုပ်ခရီးထွက်နေတယ်.. နင်ဒီည ငါနဲ့ လိုက်နေပါလား…”
“ ငါ ဟိုတယ် ဘွတ်ကင်ပေးထားပြီးပြီ…”
“ ပေးထားလည်း ပြန်ဖျက်လိုက်ပေါ့… ဘာ ခဲယဉ်းတာမှတ်လို့… အိမ်မှာ ငါ တစ်ယောက်တည်းဆို ပျင်းစရာကြီး…”
လင်းရီ ပြုံးလိုက်၏။ သို့သော် စိတ်ထဲတွင်မူကား
‘ ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘယ်လိုကြီးတုန်း… ဘာလို့ အန်တီရှန်းက သူ့အိမ်မှာ အသည်းအသန် လိုက်အိပ်ခိုင်းနေတာ…’
သို့ဆိုလျှင်ပင် လင်းရီ များများစားစားတော့ မတွေးမိ။ သူနှင့် မဆိုင်သည့် ကိစ္စရပ်များကို အချိန်ပေးပြီး အတွေးလွန်နေတတ်သည့် အကျင့် သူ့တွင် မရှိချေ။
“ အင်းပါလေ… နင့်အိမ်မှာက ဘယ်သူမှလည်း မရှိဘူးဆိုတော့ နင်နဲ့အတူ လိုက်နေပေးလိုက်ပါမယ်..”
ကိုယ်စီ သွားကြမည့် လမ်းကြောင်းကို ဆုံးဖြတ်ပြီးနောက် သုံးယောက်သား ကားကိုယ်စီထဲသို့ ဝင်၍ အိမ်ပြန် အနားယူရန် ဟန်ပြင်လိုက်ကြသည်။ ညမှာ အတော်လေး နောက်ကျနေချေပြီ။
ဆန့်ကျင်ဘက် အခြား တစ်နေရာတွင် ချင်ညီအစ်ကို နှစ်ယောက်မှ အချင်းချင်း ကြည့်လိုက်ကြ၏။
“ အစ်ကိုကြီး.. အခြေအနေကတော့ မအိုကေဘူး.. ဒေါ်လေးက ရှန်းရှုရီအိမ်မှာ ဒီည သွားအိပ်မှာတဲ့.. ငါတို့ ထပ်စောင့်ကြဦးမှာလား…”
ချင်ရန်ဖူ အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီးနောက် “ အခုပဲ လှုပ်ရှားကြစို့… သည့်ထက်ပိုမစောင့်တာ ကောင်းမယ်… ငါတို့ ဒေါ်လေးကို သွားအထင်မသေးလိုက်နဲ့… တစ်ခါလွဲသွားလို့ကတော့ ဖမ်းလို့ကို မမိဘဲ နေလိမ့်တော့မယ်…”
“ ကောင်းပြီ…”
တစ်ချိန်တည်းတွင် လင်းရီ ကားကို မြေအောက် ကားပါကင်၏ ထွက်ပေါ်သို့ ဦးတည်လိုက်၏။
သို့သော်လည်း သူ မောင်းထွက်လာပြီး မကြာမီ Rolls Royce Cullinan တစ်စင်းမှ သူ့လမ်း လာပိတ်ရပ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
အစကတော့ လင်းရီ များများ မတွေးမိချေ။ တစ်ဖက်သူမှာ မကြာမီ မောင်းထွက်သွားပါမည် ဟုသာ တွေးထင်နေခဲ့၏။ သို့သော် ဆယ်စက္ကန့်ကျော်ကြာအောင် စောင့်ဆိုင်းပြီးသည့် တိုင်အောင် တစ်ဖက်ကားမှာ တုတ်တုတ်လှုပ်မလာချေ။ လင်းရီ ဒေါခွီးလာခဲ့၏။ ကြည့်ရသည်မှာ တစ်ဖက်သူက တမင်တကာ ရည်ရွယ်ချက်ရှိရှိ လမ်းလာပိတ်နေသည့် ပုံပင်။
“ သူလား…”
ဒရိုင်ဘာကို မြင်တော့ လင်းရီ အနည်းငယ် အံ့အားသင့်သွားခဲ့၏။
သူ ချင်ရန်လင်း၏ မျက်နှာကို ချက်ချင်း မျက်မှန်းတန်းမိသွားခဲ့လေသည်။
“ ဒီ ခွေးသူတောင်းစားလေးက ပြန်ပြီး လက်စား လာချေနေတာလား…” ထိုသို့ တီးတိုးရေရွတ်ရင်း လင်းရီ ကားတံခါးဖွင့်၍ အပြင်သို့ ထွက်လိုက်သည်။
တစ်ချိန်တည်းတွင် ချင်ညီအစ်ကို နှစ်ယောက်လုံး အပြင်သို့ ထွက်လာခဲ့ကြ၏။
သူတို့ကတော့ လင်းရီနှင့် ဆန့်ကျင်ဘက်တွင် ရပ်တန့်နေသည်။
ချင်ရန်လင်း လင်းရီကို အေးစက်စက်စိုက်ကြည့်၍ “ မင်း ဘေးဖယ်နေရင် ပိုကောင်းမယ်.. ငါတို့ ဒီနေ့ မင်းအတွက် ရောက်လာတာ မဟုတ်ဘူး..”
အမှန်တော့ သူ ဤအခွင့်အရေးကို အသုံးချ၍ လင်းရီကို လက်စားချေချင်သည်။ သို့သော် လင်းရီ၏ ကျုံးဝေ့တပ်ဖွဲ့ အသင်း ၁ ခေါင်းဆောင်ဟူသော အထောက်အထားက သူ့အား မဆင်မခြင် မပြုရဲအောင် ဟန့်တားနေလျက် ရှိတော့သည်။
ထို့ကြောင့် လုံးလုံးလျားလျား လိုအပ်သည်မှအပ ချင်ရန်လင်းလည်း တစ်လက်မ လှုပ်ရှားလိမ့်မည် မဟုတ်ချေ။
“ မင်းက ငါ့အတွက် ရောက်လာတာ မဟုတ်ဘူးပေါ့…”
ဤစကားလုံးများက လင်းရီကို ပိုလို့ပင် အံ့အားသင့်သွားစေခဲ့သည်။
အကယ်၍ သူတို့က သူ့အတွက် ရောက်လာခဲ့သည် မဟုတ်ပါက အဘယ်ကြောင့် အကြောင်းပြချက် မရှိ လမ်းလာပိတ်နေရသနည်း။
စဉ်းစားကြည့်တော့ လင်းရီစိတ်ထဲ မကောင်းသည့် ခံစားချက်တို့ ပျံ့နှံ့လာခဲ့သည်။
ဤနေရာတွင် ကားက နှစ်စင်းတည်းသာလျှင် ရှိပြီး အကယ်၍ ၎င်းတို့က သူ့အတွက် ရောက်လာခဲ့သည် မဟုတ်ပါက ဖြစ်နိုင်သည်မှာ အန်တီရှန်းကြောင့်များလော။
ယင်းက ပိုလို့တောင် မဖြစ်နိုင်ချေ။
သူမက လျန်မိသားစု၏ အားကိုးရာ ချွေးမကောင်း တစ်ဦးဖြစ်ပြီး ဟွာရန်အုပ်စုကြီး၏ ဥက္ကဌတစ်ယောက်လည်း ဖြစ်နေသေး၏။
၎င်းတို့ကို မဆိုထားဘိ၊ မည်သူတစ်ဦးကမျှ သူမအား ထိပါးဝံ့လိမ့်မည် မဟုတ်ချေ။
အကယ်၍ မကျေမနပ် ဖြစ်မှု တစ်စုံတစ်ရာ ရှိထားခဲ့လျှင်ပင် ပွင့်ပွင့်လင်းလင်း ဖြေရှင်းကြလိမ့်မည်။ ယခုလို ယုတ်မာသည့် နည်းလမ်းဖြင့် ချဉ်းကပ်သည်မှာ မဖြစ်နိုင်ချေ။မည်သို့ပင်ဆိုစေ ချင်မိသားစုက ထိုမျှ ရူးမိုက်ကြလိမ့်မည် မဟုတ်သည်မှာ သေချာသည်။
ထိုအခိုက်အတန့်တွင် ရှန်းရှုရီနှင့် ချင်ရင်ယွဲ့တို့လည်း တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိထားမိပြီး ကားထဲမှ ထွက်လာခဲ့ကြ၏။
သူမတို့နှင့် ဆန့်ကျင်ဘက်တွင် မတ်တပ်ရပ်နေကြသည့် ချင်ရန်ဖူနှင့် ချင်ရန်လင်းတို့ကို မြင်တော့ ချင်ရင်ယွဲ့၏ အမူအရာမှာ သိသိသာသာကြီး ပြောင်းလဲသွားခဲ့တော့သည်။
သူတို့က သူမအတွက် ဤနေရာသို့ ရောက်လာခဲ့ကြောင်းကို သူမ နားလည်သည်။
“ ဒေါ်လေး… မတွေ့တာတောင် အတော်ကြာပြီ….”
ထို ဘာမဟုတ်သည့် စကားတစ်ခွန်းလေးကို ကြားသည်တွင် လင်းရီ၏ ခန္ဓာကိုယ်တစ်ခုလုံး ကျောက်ရုပ်ကြီးသဖွယ် အေးခဲသွားခဲ့တော့သည်။
ထိတ်လန့်တုန်လှုပ်ဖွယ် တစ်စုံတစ်ရာကို ကြားလိုက်ရသကဲ့သို့ သူ၏ မွေးညှင်းမျှင်များသည်လည်း တန်းမတ်လို့နေလေသည်။
ယခင်တုန်းက သူ ရှန်းရှုရီနှင့် လျန်ရူရွှယ်ထံမှ ကြားသိခဲ့ရသည်မှာ သူ့ မွေးရင်းအမေနာမည်က ချင်ရင်ယွဲ့ဆိုတာကိုပင်။
သူမက ရန်ကျင်းရှိ ချင်မိသားစု၏ တတိယ သမီး တစ်ယောက် ဖြစ်ပြီး ဆွေမျိုး တော်စပ်မည်ဆိုပါက ချင်ရန်လင်းသည် သူနှင့် ဝမ်းကွဲတော်စပ်သူဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချင်ရန်လင်း၏ အဒေါ်က သူ၏ မွေးရင်းမိခင် ဖြစ်နေသောကြောင့် ဖြစ်လေသည်။
ယခု ငနဲသားက ရှန်းရှုရီဘေးရှိ အမျိုးသမီးကို ‘ ဒေါ်လေး ‘ ဟု ခေါ်နေသည်ဆိုတော့….
တစ်နည်းအားဖြင့် ……
၎င်းကို တွေးမိတော့ လင်းရီ မျက်နှာ ဖြူဖျော့သွားခဲ့ပြီး နှုတ်ခမ်းတို့ပင် တဆတ်ဆတ် တုန်ယင်လာသည်။
သူ ခေါင်းကို တောင့်တောင့်ကြီး လှည့်ကြည့်လိုက်ရင်း အကြည့်တို့က ချင်ရင်ယွဲ့အပေါ် ကျရောက်သွားခဲ့၏။
သူ၏ မျက်ဝန်းတို့က ရှုပ်ထွေးမှုတို့ဖြင့် ပြည့်နှက်နေပြီး ဖော်မပြတတ်သည့် ခံစားချက်တို့ ဖြစ်ပေါ်လာခဲ့ကာ ကတုန်ကယင် ဖြစ်နေသည့် အသံဖြင့် သူ မေးလိုက်၏။
“ ခင်များ… ခင်များက ချင်ရင်ယွဲ့လား…”
စာစဉ် (၈၃) ပြီး၏။
နေရပ်အခြေအနေ မတည်ငြိမ်တာကြောင့် စာစဉ်ထွက်တာ အနည်းငယ် နောက်ကျသွားတယ်ဗျာ။ အားပေးကြတဲ့ အတွက် ကျေးဇူးပါဗျ။ စောင့်ပေးခဲ့ကြတဲ့ အတွက်ရော ကျေးဇူးတင်ပါတယ်။ ထပ်ပြီးလည်း စောင့်ပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်ဗျ။
- Tun Lin Aung