မသိစိတ်နယ်ပယ်
Vol. 11 Ch. 30
https://mmxianxia.com/wp-content/uploads/2024/11/IMG_20241117_192629_419-195x300.jpg
ဆိုဖီယာရဲ့အကူအညီနဲ့ မက်ဒါနာက သူ့အသိစိတ်ကို ဖရာလီတာရဲ့မသိစိတ်ထဲ သွတ်သွင်းလိုက်တယ်။ တစ်ခဏလောက် မြင်ကွင်းက အမှောင်ကျသွားခဲ့ပေမဲ့ နည်းနည်းလောက်ကြာတော့ သူ့ခန္ဓာကိုယ်ကနေပြီး ဖြာထွက်နေတဲ့ ခရမ်းရောင်အလင်းကြောင့် ဘေးပတ်ဝန်းကျင်ကို သေချာမြင်လာရပါတယ်။
‘အသူရာစစ်သည်ပုံစံရဲ့မီးတောက်က ဒီလိုလည်း အသုံးဝင်သားပဲ။'လို့ မက်ဒါနာတွေးမိလိုက်ပေမဲ့ ဖရာလီတာဒုက္ခရောက်နေမှာကို တွေးပြီးစိုးရိမ်မိတော့ အဲဒီအတွေးပျောက်သွားတယ်။
လောလောဆယ် မက်ဒါနာရဲ့ငွေရောင်စစ်သည်ဟာ အနက်ရောင်ဖြစ်နေပြီး စေဘာစတိန်းနဲ့ပေါင်းစပ်ထားတာကြောင့် ရင်ဘတ်မှာ ခွေးခေါင်းတစ်ခေါင်း၊ ပခုံးနှစ်ဖက်မှာ ခွေးခေါင်းတစ်ခေါင်းစီ ရှိနေပါတယ်။ ခေါင်းစောင်းမှာတော့ ငရဲသားတစ်ကောင်လိုမျိုး ချိုပေါက်နေပြီး ခရမ်းရောင်မီးတွေက ဝတ်စုံရဲ့နေရာအနှံကနေ ဗီလိန်ဆန်ဆန်ဖြာထွက်နေတယ်။ အဝေးကနေ ကြည့်ရင် ဟီးရိုးလို့ကို ထင်စရာမရှိတာရယ်။
“ဖရာလီတာရဲ့အတွင်းစိတ်ကမ္ဘာက အဆုံးမရှိတဲ့ ဂျုံခင်းကြီးလား။”
မက်ဒါနာက ခရမ်းရောင်မီးရဲ့အလင်းအားကိုးနဲ့ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်း ခေါင်းစောင်းကိုလက်နဲ့ ပွတ်လိုက်မိတယ်။ သူ့မျက်စိကနေတစ်ဆင့် ဝါဝါထိန်နေတဲ့ ဂျုံခင်းတွေကို မျက်စိတစ်ဆုံးမြင်နေရတယ်။ အချိန်ကတော့ ညအချိန်ဖြစ်ပြီး လမိုက်ညဖြစ်တာကြောင့် ကြယ် တချို့ရဲ့အလင်းရောင်ကိုသာ တွေ့မြင်ရပါတယ်။
“ကောင်းပြီလေ၊ ဖရာလီတာကို မတွေ့မချင်း ဂျုံခင်းထဲမှာ လိုက်ရှာရတာပေါ့။”
စက်ယန္တရားတွေရဲ့သခင်မဟောင်း အီဆန်လက်ကနေ ဖရာလီတာကိုကယ်ဖို့ဆိုရင် မသိစိတ်ထဲမှာ ပိတ်မိနေတဲ့ ဖရာလီတာကို ရှာတွေ့ဖို့လိုတယ်။ အချိန်ဖြုန်းလို့မဖြစ်တာကြောင့် မက်ဒါနာက ညမြင်ကွင်းနည်းပညာကိုဖွင့်လိုက်ပြီး ဂျုံခင်းထဲမှာ စတင်ပြေးလွှားတယ်။ ဒါပေမဲ့ အရှေ့နောက်တောင်မြောက် အရပ်လေးမျက်နှာလုံး အဆုံးမရှိဂျုံခင်းကြီးဖြစ်နေတာကြောင့် ဘယ်နေရာမှာ ဖရာလီတာရှိနေလဲ မက်ဒါနာမသိတာမလို့ ပင်ကိုယ်သိစိတ်ကိုသာ အားကိုးနေရတဲ့ အနေအထားမျိုး ဖြစ်နေပါတော့တယ်။
“ကြည့်ရတာ အခြေအနေတိုးတက်လာပုံပဲ။”
မက်ဒါနာက ဂျုံခင်းထဲကနေ ခုန်ထွက်လိုက်တယ်။ အသူရာစစ်သည်က အခုမြေသားလမ်းပေါ်မှာ ရပ်နေပြီ။ ရုတ်တရက် မြေသားပေါ်ကိုခုန်ချလိုက်တာကြောင့် မြေပြင်က ဖုန်တွေထောင်းခနဲထလာသလို ‘ဘုတ်' ခနဲအသံကလည်း ပတ်ဝန်းကျင်ကို ပြန့်နှံသွားတယ်။ မက်ဒါနာက ဘေးပတ်ဝန်းကျင်ကို သေချာစောင့်ကြည့်နေတဲ့အပြင် နားစိုက်ထောင်ကြည့်လိုက်တယ်။
“သဘာဝမကျအောင်ကို တအားတိတ်ဆိတ်နေတာပဲ။ အချိန်ကြာလာတာနဲ့အမျှ စောင့်ကြည့်ခံနေရတယ်ဆိုတဲ့ ခံစားချက်က ပိုတိုးလာသလိုပဲ။”
မက်ဒါနာက တစ်ကိုယ်တော်ရေရွက်ရင်းနဲ့ ကျောနောက်ကနေ မျက်လုံးတစ်စုံက သူ့ကိုစိုက်ကြည့်နေတယ်လို့ ခံစားရတာကြောင့် နောက်ကို ဖြတ်ခနဲလှည့်ကြည့်လိုက်ပေမဲ့ ဂျုံခင်းအလယ်မှာ ထင်းထင်းကြီးဖြစ်နေတဲ့ အဆုံးမဲ့မြေသားလမ်းမကလွဲလို့ ဘာကိုမှမတွေ့ရပါဘူး။
“ပြဿနာက ဘယ်ကိုဆက်သွားရမှာလဲ။ အရှေ့လား၊ အနောက်လား။”
ဦးတည်ရာနှစ်ဖက်လုံးက တူညီစွာနဲ့ပန်းတိုင်မရှိတာမလို့ မက်ဒါနာအကြပ်ရိုက်ရပြန်ပါတယ်။ ပုံမှန်လိုသာဆိုရင် ဒီလောက်ခက်တာကွာဆိုပြီး လက်လျှော့လိုက်မိမှာ။ ဒါပေမဲ့ အရင်တစ်ခါလမ်းပျောက်တုန်းက ငိုမဲ့မဲ့ဖြစ်နေတဲ့ ဖရာလီတာရဲ့မျက်နှာလေးကို ပြန်မြင်ယောင်မိတော့ ‘သူအခုငိုနေလောက်မလား။' လို့တွေးမိတာနဲ့ ခြေလှမ်းတွေက ပိုသွက်လာပြီး ဦးတည်ရာတစ်ခုကို ကျပန်းရွေးလိုက်တယ်။
“လမ်းမှန်ကိုရွေးမိဖို့ ငါးဆယ်ရာခိုင်နှုန်းရှိတာပဲလေ။ ငါသာဆိုရင် ဖရာလီတာဆီကို ကျိန်းသေရောက်မှာပါ။”
ဘယ်ကမှန်းမသိ ရောက်လာတဲ့ မိမိကိုယ်ကိုယ်ယုံကြည်မှုတွေနဲ့အတူ မက်ဒါနာက အသက်ကိုပြင်းပြင်းရှုထုတ်လိုက်တယ်။ မြေသားလမ်းပေါ်မှာ ပြေးနိုင်သလောက်ပြေးရင်း အချိန်စီးကြောင်းကို မခံစားမိလောက်အောင် ကြာတဲ့အချိန်မှာတော့ မက်ဒါနာက အဝေးမှာ အဆောက်အဦးတချို့ရှိနေတာကို မြင်လိုက်ရတယ်။
“ဒီလောက်ခေါင်တဲ့နေရာမှာ ရွာတစ်ရွာရှိနေတာလား။ ဒီနေရာက စိတ်ကူးထဲမှာဆိုပေမဲ့ တော်တော်ကြောင်စီစီနိုင်သား။”
မက်ဒါနာက ရွာအဝင်ဝကိုရောက်လာပြီး ရွာရဲ့ဆိုင်းဘုတ်ကို ဖတ်ကြည့်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ ဘယ်လိုကြိုးစားကြိုးစား ဖတ်ကြည့်လို့ကိုမရဘူး။ အင်္ဂလိပ်အက္ခရာတွေနဲ့ရေးထားပေမဲ့ ယနေ့ခေတ် အင်္ဂလိပ်စာအသုံးအနှုန်းနဲ့မဟုတ်သလို ရှေးဟောင်း၊ အလယ်ခေတ်နဲ့ခေတ်သစ်ဦး အင်္ဂလိပ်စာတွေနဲ့ရေးထားတာလည်းမဟုတ်ဘူး။ အင်္ဂလိပ်အက္ခရာသုံးထားတဲ့ တခြားဘာသာစကားလည်းမဟုတ်ဘူး။ ဘာအဓိပ္ပါယ်မှမရှိဘဲ အက္ခရာတွေကို ဒီတိုင်းတန်းစီရေးထားသလိုပဲ။
“ဝင်ကြည့်ရတာပေါ့။”
မက်ဒါနာက ရွာထဲကို ဝင်လိုက်တယ်။ ရွာကလည်း ဂျုံခင်းပြင်ကြီးလိုပဲ အဆုံးမရှိဘူးထင်ရပြန်တယ်။ နေရာတိုင်းမှာ သစ်သားအိမ်တွေကို တွေ့မြင်နေရပြီး အားလုံးက အိုဟောင်းပြီးစွန့်ပစ်ထားပုံပေါ်တယ်။ အိမ်တွေထဲမှာ ဖရာလီတာကိုများ တွေ့ရလေမလားဆိုပြီး မှန်မရှိတော့တဲ့ ပြတင်းပေါက်တွေကနေ ကဲကြည့်မိပေမဲ့ ကသောင်းကနင်းဖြစ်နေတဲ့ အိမ်ပရိဘောဂတွေရဲ့မြင်ကွင်းကလွဲလို့ လူရိပ်လူယောင်မတွေ့ရ။
ဒါပေမဲ့ ရွာထဲဝင်လာကတည်းက စောင့်ကြည့်ခံနေရတဲ့ ခံစားချက်က ပိုပြီးကြီးမားလာသလို အနားကနေပြီး တစ်စုံတစ်ယောက်ဖြတ်သွားသလိုလို၊ နားနားကပ်ပြီး တီးတိုးပြောသွားသလိုလို ခံစားနေရတယ်။
“တကယ်ပဲ၊ ဒီအခြေအနေကြီးကို မကြိုက်ဘူး။”
မက်ဒါနာက ခေါင်းကိုခါယမ်းလိုက်မိတယ်။ ပြီးနောက် ရွာလမ်းအတိုင်းဆက်လျှောက်ရင်း အိမ်တွေရဲ့ထူးဆန်းပုံကို ပိုပိုသတိပြုမိလာတယ်။ တချို့အိမ်တွေမှာ ပြတင်းပေါက်မရှိဘူး။ တချို့အိမ်တွေကျ တံခါးမရှိဘူး။ တချို့အိမ်တွေက ဒုတိယထပ်ရှိပေမဲ့ လှေကားရှိမနေဘူး။ အိမ်တချို့မှာ ဝင်စရာအပေါက်မရှိတဲ့အခန်းတွေရှိတယ်။ ဒီနေရာကြီးတစ်ခုလုံးက ဆောင်းတွင်းအိပ်မက်တစ်ခုလိုပါပဲ။
အနည်းဆုံး အိမ်ခြေပေါင်းတစ်ထောင်ကို ဖြတ်လျှောက်ပြီးပြီလို့ ခံစားရချိန်မှာတော့ မြင်ကွင်းက ထပ်ပြီးပြောင်းသွားပြန်ပါတယ်။ အဝေးမှာ တောအုပ်လေးတစ်ခုရှိနေတယ်။ တောအုပ်ကို မရောက်ခင်မှာတော့ တခြားအဆောက်အဦးတွေနဲ့မတူ သေသေချာချာထိန်းသိမ်းထားပုံပေါ်တဲ့ အုတ်တိုက်လေးတစ်ခုရှိနေတယ်။ အုတ်တိုက်ရဲ့အရွယ်က မကြီးလွန်းမသေးလွန်း။ ခေါင်မိုးပေါ်မှာ လက်ဝါးကပ်တိုင်တပ်ထားတာကြောင့် လူနေအိမ်မဟုတ်ဘဲ ချက်ကျောင်းတစ်ကျောင်းဖြစ်မှန်း မက်ဒါနာသတိပြုမိတယ်။ အနားကိုရောက်လာတော့ ပြတင်းပေါက်မှန်တွေဟာ ရှားပါးတန်ဖိုးကြီးတဲ့ ရောင်စုံဖန်ဆိုင်းတွေဖြစ်မှန်း သတိထားမိလိုက်တယ်။ ရောင်စုံမှန်ဆိုင်းချပ်တွေနဲ့ ခရစ်တော်ဝင်ဇာတ်လမ်းတွေကို ပုံဖော်ထားတယ်လို့ ယူဆရပေမဲ့ သမ္မာကျမ်းရဲ့ဘယ်အပိုဒ်မှာမှမပါတဲ့ ဇာတ်လမ်းမျိုး။ မက်ဒါနာက ဘုရားကျောင်းရဲ့တံခါးရှေ့ကို ရောက်လာတော့ မျက်နှာချက်ချင်းပျက်သွားပြီး ရေရွတ်လိုက်တယ်။
“ သွေးနံ....”
စိုးရိမ်စိတ်က ငယ်ထိပ်အထိရောက်လာတာမလို့ မက်ဒါနာက ရှေးကျပုံပေါ်တဲ့ ချက်ကျောင်းရဲ့ဝက်သစ်ချသားတံခါးကြီးကို အတင်းတွန်းဖွင့်လိုက်တယ်။
ကျွီ... အီ... အီ...
သည်းထိတ်ရင်ဖိုဇာတ်ကားတွေထဲကလိုမျိုး တံခါးချပ်ကြီးက မြည်သံပြုရင်း ပွင့်သွားတယ်။ လရောင်က ရောင်စုံဖန်ချပ်တွေကိုဖြတ်ပြီး ချက်ကျောင်းအတွင်းက ခုံတန်းတွေပေါ် လှပစွာ ကျရောက်နေတယ်။ ပြင်ပကောင်းကင်ကြီးမှာ လမင်းက ရှိမနေပေမဲ့ ချက်ကျောင်းထဲမှာ လရောင်က တောက်ပလို့ပေါ့။
ချောက်... ချောက်....
အသူရာစစ်သည်ရဲ့ချက်ကျောင်းကြမ်းပြင်ပေါ် ခြေချသံက တိတ်ဆိတ်နေတဲ့ ချက်ကျောင်းအတွင်းမှာ ပဲ့တင်သံထွက်လာတယ်။ ခဏနေတော့ မက်ဒါနာက မနေနိုင်ဘဲ အသံထွက်ပြီး ပြောလိုက်မိတယ်။
“ဒီနေရာမှာ ဘာဖြစ်ထားတာလဲ။”
မက်ဒါနာက ပတ်ဝန်းကျင်ကိုကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်မိတယ်။ သူ့ခြေထောက်ကို ငုံကြည့်တော့ အသူရာစစ်သည်ရဲ့ချပ်ဝတ်ဘွတ်ဖိနပ်ဟာ သွေးတွေနဲ့ ရဲရဲနီနေတယ်။ သွေးက ဘုရားကျောင်းကြမ်းပြင်မှာ အိုင်ထွန်းလို့။ သွေးတွေရဲ့ရင်းမြစ်ကတော့ ဘုရားကျောင်းခန်းမရဲ့နေရာအနှံအပြားမှာ ပြန့်နှံနေတဲ့ လူသေအလောင်းတွေဆီက။ ပြီးတော့ ဒီမှာရှိနေတဲ့ သေလူတွေအားလုံးက သူရင်းနှီးနေတဲ့ လူတွေချည်းပဲ။
“ လင်ဒါ... ဖလေရာ... ဆိုဖီယာ... လီဆာ... ဘာလို့ သူတို့အားလုံးက ဖရာလီတာရဲ့မသိစိတ်ထဲမှာ သေဆုံးနေကြတာလဲ။”
မက်ဒါနာ နားမလည်နိုင်တော့ဘူး။ ရင်ထဲက ပျို့အန်မိလုမတတ် ခံစားချက်တွေကို ထိန်းချုပ်ရင်း မက်ဒါနာက ရင်းနှီးသူတွေရဲ့ကိုယ်ခန္ဓာတွေကို ဖြတ်ကျော်ပြီး ဘုရားကျောင်းခန်းမအဆုံးထိ လျှောက်လာခဲ့တယ်။ ခန်းမအဆုံးမှာတော့ ဖာသာတွေ တရားဟောတဲ့အခါသုံးတဲ့ စင်မြင့်တစ်ခုရှိနေပြီး စင်မြင့်ပေါ်မှာ မင်္ဂလာဆောင်ဝတ်စုံတွေနဲ့ စုံတွဲတစ်တွဲကို တွေ့ရတယ်။ နှစ်ယောက်လုံးက မိန်းကလေးတွေဖြစ်ပြီး တစ်ယောက်က အဖြူရောင်ဂါဝန်ကိုဝတ်ထားတယ်။ တခြားတစ်ယောက်ကတော့ အနက်ရောင်ဂါဝန်ကို ဝတ်ထားတယ်။ အနက်ရောင်မိန်းကလေးက အဖြူရောင်မိန်းကလေးကို ပွေ့လိုက်သားအနေအထားမှာရှိနေပြီး အဖြူရောင်မိန်းကလေးရဲ့ခန္ဓာကိုယ်တစ်ဝက်က မက်ဒါနာကို ကျောပေးထားတယ်။
အဖြူရောင်ဂါဝန်ဝတ်ထားတဲ့ သတို့သမီးမှာ ရင်းနှီးနေတဲ့ ငွေရောင်ဆံပင်တွေရှိနေပြီးတော့ လက်တွေခြေတွေဟာ သံကြိုးနဲ့တုပ်နှောင်ခံထားရတယ်။ သတို့သမီးဇာခေါင်းဆောင်းကနေတစ်ဆင့် သူ့မျက်လုံးတွေကို အနက်ရောင်အဝတ်နဲ့အုပ်ထားမှန်း တစ်ဝက်တစ်ပြတ်ဖြတ်မြင်နေရတယ်။
“ဒါက ငါလား... ပြီးတော့ အဲဒီတစ်ယောက်က....”
မက်ဒါနာရဲ့အကြည့်တွေက အနက်ရောင်ဂါဝန်နဲ့ မိန်းကလေးဆီရောက်သွားတယ်။ ကြီးမားဝိုင်းစက်တဲ့ အပြာရောင်ရွဲမျက်လုံးတွေနဲ့ ပိုးသားလိုနူးညံ့လှတဲ့ ရွှေရောင်ဆံပင်တောက်တောက်။ ဗြိတိသျှနန်းတွင်း မင်းသမီးတစ်ယောက်လို ကိုယ်ဟန်အနေအထား။
“ရောက်လာပြီလား....”
အနက်ရောင်ဝါဝန်နဲ့မိန်းကလေး (ဝါ) ဖရာလီတာက ခေါင်းကိုမော့ကြည့်လိုက်ရင်း ပြောပါတယ်။ တစ်ပြိုင်နက်တည်းမှာပဲ သူက သူ့ရင်ခွင်ထဲမှာ ပွေ့ထားတဲ့ သတို့သမီးကို အနည်းငယ်ဖြေလျှော့ပေးလိုက်တယ်။ မိန်းကလေးရဲ့ခန္ဓာကိုယ်က တစ်ဖက်ကိုလိမ့်သွားပြီး ဝမ်းဗိုက်မှာ သွေးတွေနီရဲနေတာကို မြင်ရတယ်။ အနက်ရောင်မိန်းကလေးရဲ့လက်ထဲမှာတော့ ဓားတစ်လက်နဲ့...
“ငါ့ရဲ့သေမင်း....” အနက်ရောင်ဝတ်မိန်းကလေးက စကားကိုတစ်ဝက်တစ်ပျက်နဲ့ရပ်ထားပြီး အတော်ကြာမှ ဓားကိုမြှောက်ကာ သူ့လည်ပင်းကိုသူလှီးဖြတ်ဖို့ ကြိုးစားတယ်။
“မလုပ်နဲ့....” မက်ဒါနာက ရှေ့တက်သွားပြီး ဖရာလီတာရဲ့လက်မောင်းသေးသေးလေးကို ဖမ်းဆွဲထားလိုက်တယ်။ ဘာဖြစ်နေမှန်း မက်ဒါနာ သေချာမသိပေမဲ့ သူ့ရှေ့က ဖရာလီတာကို ကျိန်းသေ သေခွင့်ပေးလို့မဖြစ်မှန်း မက်ဒါနာသိနေပါတယ်။
ဖရာလီတာက အသူရာစစ်သည်ရဲ့မျက်လုံးတွေကို စိုက်ကြည့်လိုက်ရင်း မျက်ရည်တွေစီးကျလာတယ်။
“သူ့ကိုသာ တစ်ယောက်တည်းပိုင်ဆိုင်ခွင့်ရရင် ငါအများကြီး ပျော်ရွှင်ရလိမ့်မယ်လို့ ထင်ထားခဲ့ပေမဲ့ အကြီးကြီးမှားခဲ့တာပဲ။”
ဖရာလီတာက ရေရွတ်လိုက်တယ်။ သူက သေချာ ရှင်းမပြခဲ့ပေမဲ့ မက်ဒါနာက အဖြစ်အပျက်တွေကို တစ်စတစ်စနဲ့ မှန်းဆမိလာတယ်။
“ သူတို့ကို နင်သတ်လိုက်မိတာလား....” မက်ဒါနာက မေးလိုက်တော့ ဖရာလီတာက ခေါင်းညိတ်ပြလိုက်တယ်။
“ငါငါးနှစ်သမီးတုန်းက မွေးနေ့ပွဲမှာ ကိတ်မုန့်ကို တခြားသူတွေနဲ့မျှဝေစားရင် ပျော်ဖို့ကောင်းမှန်း သင်ယူခွင့်ရခဲ့တယ်။ ဒါပေမဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ငါ့ရဲ့တစ်စိတ်တစ်ပိုင်းက အဲဒီကိတ်မုန့်ကို တစ်ကိုယ်တည်း စားရရင် ပိုပျော်ဖို့ကောင်းမယ်လို့ ပြောနေခဲ့တာ။ ငါခြောက်နှစ်ပြည့်မွေးနေ့ကို ဘယ်သူမှမဖိတ်ဘဲ တစ်ယောက်တည်းကိတ်ခွဲစားဖို့ ဆုံးဖြတ်ခဲ့တယ်။ ကိတ်မုန့်က အရသာရှိခဲ့ပေမဲ့....”
ဖရာလီတာက အဖြူရောင်ဝတ်မိန်းကလေးရဲ့မျက်နှာပေါ်ကို ပါးအပ်လိုက်ရင်း ကြေကွဲနေတဲ့လေသံနဲ့ ဆက်ပြောပါတယ်။
“ငါတကယ်တမ်းခံစားမိတာက အထီးကျန်လိုက်တာ.. အထီးကျန်လိုက်တာ... ဆိုတာပဲ။”
“.....” မက်ဒါနာက သူ့ရှေ့က ကောင်မလေးကို တိတ်ဆိတ်စွာနဲ့ ကြည့်နေမိတယ်။ ဖရာလီတာက တစ်ကိုယ်ကောင်းဆန်မှန်းမသိပေမဲ့ အဲဒီလောက် အတိုင်းအတာအထိ လုပ်ခဲ့ဖူးမယ်မထင်ခဲ့ဘူး။
“အခုလည်း အဲဲဒီလိုပဲလေ။ အားလုံးနဲ့အတူနေရတာ ပျော်စရာကောင်းပေမဲ့... သူ့ကိုသာ တစ်ယောက်တည်း ပိုင်ဆိုင်ခွင့်ရရင် ပိုပြီးပျော်ဖို့ကောင်းမှာဆိုပြီး လောဘ တက်မိပြန်တယ်။”
ဖရာလီတာက ဆံဖြူမလေးရဲ့မျက်နှာပေါ်မှာ ကပိုကရိုကျနေတဲ့ ဆံစတချို့ကို ဖယ်ရှားပေးလိုက်တယ်။ “အစကတော့ ငါဒီလိုလုပ်ရင် သူ့ခံစားချက်တွေကို ထိခိုက်စေလိမ့်မယ်ဆိုပြီး မလုပ်ဖို့တွေးခဲ့ပါသေးတယ်။ ဒါပေမဲ့ သူက ငါမပါလည်း တခြားသူတွေနဲ့အတူ ဆက်ပြီးပျော်ရွှင်နေနိုင်သေးတယ်ဆိုတာ တွေးမိတော့ ငါကြောက်တတ်လာတယ်....”
ဖရာလီတာရဲ့မျက်ဝန်းထဲမှာ နောင်တတွေက အလင်းတန်းတစ်ခုလိုမျိုး ဖြတ်ပြေးနေတယ်။ အသက်ရှင်ချင်စိတ်ကို ဘယ်နေရာမှာမှ မတွေ့ရတော့ဘူး။
“ဒီလိုနဲ့ သူ့ကိုနာကျင်စေနိုင်မှန်းသိရဲ့နဲ့ သူ့ကိုချုပ်နှောင်ပြီး တခြားသူတွေကို အကြပ်ကိုင်ခဲ့တာပဲ။ နောက်တော့... သူငါ့ကို မုန်းသွားခဲ့တယ်။”
ဖရာလီတာက သွေးမရှိဖြူဖျော့နဲ့ ဆံဖြူမလေးရဲ့နှုတ်ခမ်းပေါ်ကို လက်ချောင်းလေးတွေ တင်လိုက်ရင်း ပြောလိုက်တယ်။
“အခုတော့ ငါသူ့ကို ထာဝရဆုံးရှုံးလိုက်ရပြီ။ သူအသက်ရှင်နေလည်း ငါ့အတွက်ပျော်ရွှင်မှုကို မပေးနိုင်တော့ပါဘူး။ ဒါကြောင့် ငါတို့နှစ်ယောက်လုံး ပျောက်ကွယ်သွားတာကမှ ပိုကောင်းသေးတယ်မဟုတ်လား...”
ဖရာလီတာက သူ့လက်ထဲကဓားကို လွှတ်ချလိုက်ပြီး အခြားလက်တစ်ဖက်နဲ့ လေထဲကဓားကိုဖမ်းတယ်။ ပြီးနောက် ကိုယ့်ကိုယ်ကိုယ်အဆုံးသတ်ဖို့ ကြိုးစားပေမဲ့ မက်ဒါနာက နောက်တစ်ကြိမ်အဲဒီလက်ကို ဖမ်းဆွဲပြန်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ အသူရာစစ်သည်ဝတ်စုံကို ပယ်ဖျက်လိုက်တယ်။
“ဖရာလီတာ... အခုဖြစ်နေတာတွေက တကယ်မဟုတ်ဘူး... နင်ဘာမှအမှားမလုပ်မိထားဘူး။ ငါလည်းအသက်ရှိနေသေးတယ်... တခြားသူတွေလည်း အဆင်ပြေပါတယ်ဟ။”
ဒါပေမဲ့ ဖရာလီတာက မက်ဒါနာကိုမြင်တော့ ပိုပြီးဝမ်းနည်းသွားဟန်နဲ့ ပြောလိုက်တယ်။
“နင်ဝင်လာကတည်းက ငါသိပါတယ်။ ဒါပေမဲ့ ဘာထူးတော့လို့လည်း။ အခုတော့ ငါ့ရဲ့အရုပ်ဆိုးတဲ့ဘက်ခြမ်းကို နင်မြင်သွားပြီ။ နင်အခု ငါ့ကိုမုန်းနေပြီမဟုတ်လား... တစ်ယောက်တည်း အရာအားလုံးကို ပိုင်ဆိုင်ချင်တဲ့ငါ့ကို။ နောက်ဆုံးမှာ အဲဒီတန်ဖိုးရှိတဲ့အရာကို ဘယ်တော့မှ ကာကွယ်နိုင်မှာမဟုတ်တဲ့ငါ့ကို.... တစ်ကိုယ်ကောင်းဆန်လွန်းတဲ့ ငါ့ကို....”
မက်ဒါနာက ဖရာလီတာကို စကားအဆုံးထိပြောခွင့်မပေးဘဲ ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်။ ရုတ်တရက်အဖြစ်အပျက်ကြောင့် ဖရာလီတာကိုယ်တိုင် အငိုက်မိသွားပြီး တုန့်ပြန်ချိန်မရလိုက်ဘူး။
“အရူးမလေး... ငါက နင့်ရဲ့ရူးကြောင်ကြောင်အတွေးတွေကို မြင်ရရုံနဲ့ နင့်ကိုမုန်းသွားမယ်လို့ ထင်နေတာလား။ ဒါတွေအားလုံးက တကယ်မှမဟုတ်တာကို...”
“ဒါပေမဲ့ တစ်နေ့ကျရင် အဲဒီကိစ္စတွေကို ငါတကယ်လုပ်မိနိုင်တယ်လေ။”
ဖရာလီတာရဲ့စကားကြောင့် မက်ဒါနာက ဖရာလီတာကို ခေါင်းခေါက်လိုက်တယ်။ “အူကြောင်ကြောင်နဲ့.... ငါက နင့်ကို အဲဒီလိုတစ်ကိုယ်ကောင်းဆန်ခွင့်ပေးမယ်ထင်နေလား။ ပြီးတော့ ငါက နင်ထင်သလိုပြန်ပေးဆွဲလို့ရမယ့် အရုပ်မလေးမဟုတ်ဘူးလေ။”
မက်ဒါနာက နားနားတပ်ချိတ်အောင်ပြုံးရင်း ဖရာလီတာရဲ့မဲ့နေတဲ့မျက်နှာလေးကို အတင်းဆွဲညှစ်ပြီး ဖိအားပေးပြုံးခိုင်းလိုက်တယ်။ ဖရာလီတာထည့်မတွေးမိတဲ့အချက်က လက်ရှိမက်ဒါနာဟာ ရူးသွပ်လောက်အောင် အားကောင်းနေပြီဆိုတာပါပဲ။
ဒါပေမဲ့ ဖရာလီတာက ပြုံးဖို့ငြင်းဆန်နေတုန်းပဲ။
“ ဒါဆိုရင်လည်း ပြီးပြည့်စုံလွန်းတဲ့နင်က တစ်နေ့ကျရင် အားနည်းချက်တွေများလွန်းတဲ့ငါ့ကို ငြီးငွေ့သွားပြီး ပစ်ထားသွားဦးမှာပဲမဟုတ်လား။ အဲဒီလိုအနာဂတ်မျိုးကို ငါမလိုချင်ဘူး။”
ဖရာလီတာကြောင့် မက်ဒါနာပြုံးလိုက်တယ်။ ပြီးနောက် မက်ဒါနာက ကိုယ်ကိုကိုင်းလိုက်ပြီး ဖရာလီတာရဲ့နှုတ်ခမ်းပေါ်ကို အနမ်းမိုးရွာချပေးလိုက်တယ်။ နှစ်ယောက်လုံး တိတ်ဆိတ်သွားပြီးတဲ့နောက်မှ လွှတ်ပေးလိုက်ပြီး
“ငါက နင့်ကိုပစ်သွားစရာလား... ပြီးတော့ နင့်မှာ ဘာတွေများအားနည်းချက်ရှိနေလို့လဲ အရူးမလေးရဲ့။ နင်က တစ်ကိုယ်ကောင်းဆန်ပေမဲ့ ငါပျော်ရွှင်ဖို့အတွက်နဲ့ အဲဒီတစ်ကိုယ်ကောင်းဆန်တဲ့စိတ်ဆန္ဒတွေကို တစ်ကိုယ်တည်းထိန်းချုပ်နေခဲ့လို့ နင့်မသိစိတ်ထဲမှာ အခုလိုဖြစ်တဲ့အထိ အစွဲအလမ်းဖြစ်လာတာမဟုတ်လား။”
ဖရာလီတာရဲ့မသိစိတ်လောကက အခုလိုဖြစ်ရပ်မျိုးကို ပြသနေတာ တစ်ခုပဲရှိပါတယ်။ ဖရာလီတာက သူ့ဆန္ဒတွေကို အကန့်အသတ်ကျော်လွန်တဲ့အထိ ဖိနှိပ်ထားခဲ့လို့ပါ။
“ဒါကြောင့်.... ငါနင့်ကို အပြစ်မတင်မိဘူး.... အဲဒီအစား ငါအရမ်းပျော်မိတယ် ဖရာလီတာ....”
မက်ဒါနာက ဖရာလီတာကို ပွေ့ဖက်ထားလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ ဖရာလီတာရဲ့အကြည့်တွေက ပျော့ပြောင်းသွားပြီး...
“တကယ်လား....”
“အင်း.... တကယ်...” မက်ဒါနာဆီကနေ တိကျတဲ့ အဖြေစကားကို ရပြီးတဲ့နောက်မှာတော့ ဖရာလီတာက စိတ်ကိုလျှော့ချလိုက်တယ်။ တစ်ပြိုင်နက်တည်းမှာပဲ မသိစိတ်လောကမှာ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတယ်။ ဘေးပတ်ဝန်းကျင်က အရာအားလုံး အဖြူရောင်ပြောင်းသွားတယ်။ ဘုရားကျောင်းခန်းမကြီးလည်း မရှိတော့ဘူး။ ဂျုံခင်းကြီးလည်းမရှိတော့ဘူး။ မက်ဒါနာကတော့ ဖရာလီတာကို ပွေ့ဖက်ထားရာကနေ လွှတ်ပေးလိုက်တယ်။ ဒါပေမဲ့ အသေးမလေးလက်ကို ဆွဲထားတုန်းပဲ။
“ဖရာလီတာ... လောလောဆယ် ငါ့မှာတခြားလုပ်စရာ တစ်ခုရှိသေးတယ်။ နင့်ကိုအနိုင်ကျင့်တဲ့သူကို အသေရိုက်သတ်ဖို့လေ....”
မက်ဒါနာက ပြောပြောဆိုဆိုနဲ့ အဖြူရောင်မြင်ကွင်းရဲ့တစ်နေရာကို ကြည့်ပြီးပြောလိုက်ပါတယ်။
“ပုန်းနေရုံနဲ့ ငါ့မျက်စိအောက်က လွတ်မယ်မထင်နဲ့။ အီဆန်မ၊ နင်အရင်တစ်ခါတုန်းက ငါ့ကို နင့်အတွေးစိတ်နယ်ထဲခေါ်ပြီး စိတ်ကြိုက်ကစားဖို့လုပ်ပေမဲ့ နိုင်ခဲ့တာငါနော်။ အခုက ဖရာလီတာရဲ့အတွင်းစိတ်နယ်ထဲမှာဆိုတော့ နင့်မှာ အိမ်ကွင်းအားသာချက်မရှိဘူးဆိုရမလား။ ဒါကိုတောင်မှ မကျေပွဲ နွှဲချင်သေးတာလား။”