ခရစ်စမတ်အားလပ်ရက်
Vol. 11 Ch. 32
ဆုဗာနာတိုက်ပွဲနဲ့အတူ တိုက်ပွဲပေါင်းများစွာ ဆက်တိုက်ဖြစ်ခဲ့တဲ့နေ့က နောက်ဆုံးတော့ အတိတ်မှာ ကျန်ရစ်ခဲ့ပါပြီ။ မီဒီယာအများစုကတော့ အဲဒီနေ့ကို သုံးဆသွေးစွန်းတဲ့နေ့အဖြစ် ရည်ညွန်းပြောဆိုကြတယ်။
တိုက်ပွဲအပြီးမှာ မက်ဒါနာက မေမေသီတာကို နယ်စပ်မြို့လေးတစ်ခုမှာ ပြန်ရှာတွေ့ခဲ့ပြီး လုံခြုံစွာနဲ့ ရှိနေခဲ့ပါတယ်။ ဆုဗာနာနိုင်ငံကိုယ်တိုင်ကတော့ ကံမကောင်းခဲ့ပါဘူး။ တိုက်ပွဲညအတွင်းမှာပဲ လူဦးရေလေးပုံတစ်ပုံသေဆုံးခဲ့ပြီး အုပ်ချုပ်မှုယန္တရားတစ်ခုလုံး ရပ်တန့်သွားခဲ့တယ်။ အခြေအနေတွေကို ထိန်းချုပ်ဖို့အတွက် မက်ဒါနာက ဆုဗာနာကို မဟာမိတ်တိုက်ရိုက်အုပ်ချုပ်မှုအောက်မှာ ထားရစ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာပဲပြောပြော ဇက်သတ္တုတွင်းတွေရှိနေတဲ့ ဆုဗာနာက မဟာမိတ်ရဲ့ပထမဆုံးဦးစားပေးစာရင်းထဲမှာပါတယ်။
နယ်စားကြီးသေဆုံးသွားပြီး နယ်စားမင်းသားကလည်း ပိုးကောင်ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာတော့ ဖရာလီတာက မက်ဒါနာကို ဆုဗာနာရဲ့နယ်စားမအဖြစ် တာဝန်ယူစေချင်ပေမဲ့ မက်ဒါနာက လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ ဖရာလီတာက ဆုဗာနာကို မဟာမိတ်က တာဝန်ယူတာဟာ ယာယီပဲဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နယ်စားအသစ်က တစ်ချိန်ချိန်မှာ သရဖူကိုလက်ခံလိမ့်မယ်လို့ ပြည်သူတွေကို သတင်းပြန်ကြားခဲ့တယ်။
အဲဒီနောက်တော့ လူသားတွေနဲ့ပိုးကောင်တွေရဲ့စစ်ပွဲက အတော်လေးငြိမ်ကျသွားခဲ့တယ်။ ပိုးကောင်တွေရဲ့ဆုံးရှုံးမှုက အလွန်ကြီးခဲ့ပြီး အယ်ဖာအဆင့်များစွာကို တစ်ပြိုင်နက်ဆုံးရှုံးခဲ့တာမလို့ တိုက်ခိုက်နိုင်စွမ်းဆုံးရှုံးသွားပြီး ခံစစ်ပြင်ဖို့ ဆုံးဖြတ်ထားပုံပါပဲ။ သုံးဆသွေးစွန်းနေ့က စစ်ပွဲရဲ့အပြောင်းအလဲအမှတ်တစ်ခုဖြစ်ပြီး ပိုးကောင်တွေရဲ့အသားစီးရနေမှု အဆုံးသတ်သွားတဲ့နေ့အဖြစ် စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။
တစ်ဖက်မှာလည်း မဟာမိတ်က တန်ပြန်တိုက်စစ်စင်ဖို့ကို အလောမကြီးနေခဲ့ဘူး။
“ပိုးကောင်စစ်တပ်က အကြီးအကျယ်ဆုံးရှုံးသွားပေမဲ့ မဟာမိတ်အတွက်လည်းအတူတူပဲ။ စစ်ဒေသကြီးနှစ်ခုနဲ့ နိုင်ငံသုံးခုမှာ ဖြစ်ပွားခဲ့တဲ့အပျက်အစီးတွေက သိပ်ကိုကြီးလွန်းတယ်။ အဲဲဒီဒေသက ပြည်သူတွေ ပြန်လည်တည်ထောင်နိုင်ဖို့ အခွင့်အရေးပေးရမှာဖြစ်သလို မဟာမိတ်စစ်တပ်ကိုလည်း ပြန်လည်စုစည်းရမယ်။”
မဟာမိတ်အဖွဲ့ဝင်များကောင်စီအကြီးအမှူးအဖြစ် တာဝန်ယူထားတဲ့ မင်းသမီးလီလီယာက အခုလိုမိန့်ခွန်းပြောခဲ့တယ်။ အခုမဟာမိတ်မစ်ရှင်အဖွဲ့က ပိုးကောင်ဗိုလ်ချုပ်တွေထက် အများကြီးအင်အားကြီးနေပြီ။ အေမီ၊ မက်ဒါနာ၊ ဆိုဖီယာ၊ ဖရက်၊ ဖရန့်၊ ဖရာလီတာတို့အပြင် ကိုင်းတိုကပါ အယ်ဖာအဆင့်ကို ပြန်ရောက်လာပြီး တစ်ဖက်မှာတော့ ပိုးကောင်စစ်တပ်မှာ ယင်ကောင်၊ ပိုးစုန်းကြူး၊ ပုစဥ်း၊ နဲ့ ပိုးဖလံတို့ရှိနေတယ်။ တစ်နည်းအားဖြင့် ပိုးကောင်စစ်တပ်ရဲ့အယ်ဖာအရေအတွက်က မဟာမိတ်တစ်ဝက်ပဲရှိတော့တာ။ ဥစာကီကိုလည်း အယ်ဖာအဆင့်အဖြစ်ထည့်တွက်လို့ရတယ်ဆိုပေမဲ့ တိုက်ပွဲတွေပြီးကတည်းက ဥစာကီကို ဘယ်နေရာမှာမှ မမြင်ရတော့ဘူး။ အေမီကတော့ ထောက်လှမ်းရေးစနစ်တွေက ရလာတဲ့ အချက်အလက်တွေကနေတစ်ဆင့် ဥစာကီတစ်ယောက် ဟစ်ကီကိုမိုရီ (အိမ်တွင်းပုန်း)ဖြစ်သွားပြီလို့ ကောက်ချက်ချကြတယ်။
“ထားလိုက်တော့... နိုဝင်ဘာလလည်း ကုန်တော့မှာဆိုတော့ မကြာခင် ခရစ်စမတ်ရောက်လာတော့မှာမဟုတ်လား။ ပိုးကောင်စစ်တပ်ဆီကို ယာယီအပစ်အခတ်ရပ်စဲဖို့ ကမ်းလှမ်းကြရအောင်။ ခရစ်စမတ်နေ့ညပြီးတဲ့အထိ ဘာတိုက်ပွဲမှမဖြစ်ရဘူး။ ဘယ်လိုလဲ...”
နောက်ဆုံးတော့ တိုက်ခိုက်နေရတာကို ငြီးငွေ့နေပြီဖြစ်တဲ့ မက်ဒါနာက ဖရာလီတာကို တောင်းဆိုလိုက်တယ်။ တကယ်တော့ ကောင်လေးဒီပကို တိုက်ပွဲမှာတွေ့ဖို့ စိတ်ပိုင်းဆိုင်ရာအရ မပြင်ဆင်ရသေးတာကြောင့်လည်းပါတယ်။
“အင်း... လောလောဆယ် ငါတို့ဘက်က အယ်ဖာအဆင့် ပိုများသွားပြီဆိုပေမဲ့ မြေပြင်စစ်တပ်တွေအနေနဲ့ဆိုရင် ပိုးကောင်စစ်တပ်က ပိုကောင်းတဲ့အနေအထားမှာရှိနေတယ်။ ဒီလအတွင်းမှာ စစ်နတ်သမီးတွေကိုပိုထုတ်ပြီး နယ်စပ်မျဥ်းတွေဆီပို့ရမယ်။ ဒါဆိုရင် တန်ပြန်တိုက်စစ်ဆင်တဲ့အခါ ပိုအကျိုးရှိလိမ့်မယ်။”
တစ်ဖက်မှာတော့ ဖရာလီတာက မက်ဒါနာရဲ့အကြောင်းပြချက်ကို အကြီးကြီးအထင်လွဲသွားပြီး စစ်နတ်သမီးထုတ်လုပ်မှုကို တိုးမြှင့်ဖို့ဆုံးဖြတ်လိုက်တယ်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးရလဒ်က အတူတူပါပဲ။ မဟာမိတ်မစ်ရှင်အဖွဲ့က ကနေဒါနယ်စပ်မှာရှိနေတဲ့ ပိုးကောင်နန်းတော်ဆီ ယာယီအပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့ တရားဝင်စာပို့ခဲ့တယ်။
....
ပိုးကောင်နန်းတော်၊ နန်းရေးဝန်ရုံး။
ယင်ကောင်က ဧရာမမြေပုံကြီးတစ်ချက်ကို စားပွဲပေါ်မှာချပြီး အသည်းအသန်စဥ်းစားနေတယ်။ လက်ရှိအခြေအနေကို မညှာတမ်းဝန်ခံရမယ်ဆိုရင် ပိုးကောင်စစ်တပ်က အသာစီးရမနေတော့ပါဘူး။ မြေပြင်တပ်တွေက အင်အားကြီးနေသေးတယ်ဆိုပေမဲ့
“မစ်ရှင်အဖွဲ့ကသာ ပိုးကောင်တပ်မဟာကြီးတွေကို တစ်ခုချင်းစီလိုက်ဖျက်ဆီးမယ်ဆိုရင် ငါတို့ပိုးကောင်ဗိုလ်ချုပ်တွေက တားဆီးနိုင်တော့မှာမဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ နောက်ဆုံးမှာ ငါတို့လုံးဝရှုံးနိမ့်သွားလိမ့်မယ်။”
တစ်ပြိုင်နက်တည်းမှာပဲ ယင်ကောင်က မျက်မှောင်ကြုတ်လိုက်မိတယ်။ “ပြီးတော့ ဘာလို့ အရှင်မက ငါပြောထားရဲ့နဲ့စစ်ပွဲထဲမှာ ရှေ့ထွက်လာတာလဲ။”
ယင်ကောင်ရဲ့အကြည့်တွေက ဘုရင်မရဲ့ကိုယ်ပိုင်အိပ်ဆောင်ရှိရာဆီ ရောက်သွားတယ်။ သူဘယ်တုန်းကမှ ဥစာကီနဲ့ကိုင်းတို စီးချင်းထိုးမယ့်ကိစ္စကို ဖြစ်စေချင်ခဲ့တာမဟုတ်ဘူး။
“အခုအရှင်မက ဝေခွဲလို့မရတဲ့ စိတ်အခြေအနေထဲ ကျရောက်သွားပြီ။ ပြီးတော့ လက်ရှိသူ့အခြေအနေက အရွယ်ရောက်လာဖို့အတွက် သားလောင်းဆောင်းခိုရတော့မယ့်အချိန်နဲ့ သိပ်နီးကပ်နေပြီ။”
ဥစာကီက မိရိုင်ရဲ့အမုန်းကို ခံရပြီးတဲ့နောက်မှာ သူ့ဘာသာသူ အခန်းပိတ်နေတော့တယ်။ ပြီးတော့ ‘ငါ့လက်တွေက သွေးစွန်းနေလွန်းလို့ မိရိုင်ကိုထိတွေ့ဖို့ အခွင့်အရေးမရှိတော့ဘူး။'လို့ပဲ ထပ်တလဲလဲရေရွတ် နေပါတော့တယ်။
“တိုက်ပွဲက မစခင်ကတည်းက ရှုံးနိမ့်နေပြီလား။ ဒီစိတ်နဲ့ဆိုရင် ဘုရင်မက တစ်ဖက်အိုမီဂါကို တစ်ဦးချင်းယှဥ်တိုက်ခဲ့ရင်တောင် အနိုင်ရလိုတဲ့ ဆန္ဒမရှိတာကြောင့် နိုင်တော့မှာမဟုတ်ဘူး။ ငါ အာကာသထဲက စီနီယာဗိုလ်ချုပ်တွေကို ဆင့်ခေါ်သင့်လား။”
ယင်ကောင်က ခုံကနေထလိုက်ပြီး အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်တယ်။ ဒါပေမဲ့ ခဏကြာတော့ ခေါင်းခါလိုက်ပါတယ်။
“မဖြစ်သေးဘူး... အဲဒီပိုးကောင်ဗိုလ်ချုပ်တွေအားလုံးက ဘာရွန်နေရာကို လိုချင်နေတဲ့ကောင်တွေချည်းပဲ။ သူတို့ရောက်လာရင် ပိုးကောင်အစိုးရအတွင်းမှာ ကသောင်းကနင်းဖြစ်ရပ်တွေ ဖြစ်လာလိမ့်မယ်။ ဒါက ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ်။ ပြီးတော့ လက်ရှိအာကာသထဲက စစ်ပွဲကလည်း သူမသာကိုယ်မသာဖြစ်နေတာ။ သူတို့ကိုနေရာကနေ ဆင့်ခေါ်လိုက်ရင် ဖက်ဒရေးရှင်းဘက်က အသာရသွားပြီး ကမ္ဘာကိုစစ်ကူပေးနိုင်ခြေရှိတယ်။ ဒါဆိုရင် ကမ္ဘာပေါ်ကစစ်ပွဲက ပိုကြီးလာတာပဲရှိပြီး အခြေအနေက တိုးတက်လာမှာမဟုတ်ဘူး။”
“သတင်းပို့ပါတယ်....” ယင်ကောင်ခေါင်းကိုက်နေတဲ့ အချိန်မှာပဲ ပိုးကောင်ငယ်သားတစ်ယောက်က ကွန်ပျူတာကနေ ပရင့်ထုတ်လာတဲ့ စာတစ်စောင်ကို လာပို့တယ်။
“မဟာမိတ်မစ်ရှင်အဖွဲ့က ခရစ်စမတ်ပွဲတော်ပြီးတဲ့အထိ စစ်ပွဲကိုရပ်နားဖို့အတွက် အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းလာပါတယ်။”
ပိုးကောင်က သူကြားလိုက်ရတဲ့စကားကို မယုံနိုင်ဟန်နဲ့ စာကိုယူပြီးဖတ်ကြည့်လိုက်တယ်။ ဒါကိုတောင်မှ မယုံနိုင်သေးတဲ့အတွက် အကြိမ်ကြိမ်ဆက်ဖတ်ကြည့်တယ်။
“ဒါက... ဘုရားပေးတဲ့လက်ဆောင်ပဲ။ ပိုးကောင်စစ်တပ်က အခုနေတိုက်မယ်ဆိုရင် မဟာမိတ်စစ်တပ်ကို ရှုံးနိုင်ခြေရှိတယ်။ ဒါပေမဲ့ တစ်လသာ ပြင်ဆင်ချိန်ရမယ်ဆိုရင်....”
ယင်ကောင်က တွေးလိုက်ပြီးတဲ့နောက် ပြုံးလိုက်တယ်။ “ငါ့အမိန့်ကိုယူသွားလိုက်။ ပိုးကောင်စစ်တပ်ရဲ့အကြီးအကဲနဲ့ နန်းရေးဝန်အနေနဲ့ အပစ်အခတ်ရပ်စဲရေးကို ငါလက်ခံတယ်လို့ထုတ်ပြန်။ တစ်လအတွင်းမှာ ပိုးကောင်မွေးဖွားနှုန်းအမြင့်ရုံးရောက်အောင်မြှင့်ပြီး ပိုးကောင်ဗိုလ်ချုပ်တိုင်းကို ပြင်းပြင်းထန်ထန်လေ့ကျင့်ဖို့ အကြောင်းကြား။ ငါကိုယ်တိုင်ကတော့....”
ယင်ကောင်က ပိုးကောင်ဘုရင်မရှိရာကို ကြည့်လိုက်တယ်။ တိုက်ခိုက်ချင်စိတ် ပျောက်ဆုံးနေတဲ့ ဘုရင်မနဲ့ပတ်သက်ပြီး သူတစ်ခုခုလုပ်မှဖြစ်ပါမယ်။
...
ဒီလိုနဲ့နိုဝင်ဘာလရဲ့လက်ကျန်ရက်တွေက ငြိမ်းချမ်းစွာ ကုန်ဆုံးသွားခဲ့ပြီး ဒီဇင်ဘာလကို ရောက်လာခဲ့ပါတယ်။ အွန်လိုင်းပေါ်မှာတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာ ကတည်းက လူကြိုက်များခဲ့တဲ့ ရိုးရာဓလေ့တစ်ခုကို ခရစ်စမတ်အကြိုအဖြစ် ကျင်းပနေကြပါပြီ။
“HASHIRE SORI YO
KAZE NO YOU NI
TSUKIMIHARA WO
PADORU PADORU”
ခရစ်နှစ်အားဖြင့်တော့ ၂၀၄၅ ခုနစ်။ လူတွေကတော့ ဆံပင်ရွှေရောင်နဲ့ချီဘီမလေး ခရစ်စမတ်ဝတ်စုံနဲ့ ပြေးလွှားနေတဲ့ ဟာသသီချင်းအတိုလေးကို နယူးဖိပြည့်လုမတတ် ဝေမျှနေကြဆဲ။
...
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှပြီးတဲ့နောက်မှာတော့ မစ်ရှင်အဖွဲ့ဝင်တွေလည်း သာမန်ရုံးဝန်ထမ်းတွေလိုပဲ ခရစ်စမတ်ပိတ်ရက်ရခဲ့ပါတယ်။ မစ်ရှင်အဖွဲ့ရုံးက အမေရိကန်မှာရှိနေတာမလို့ နိုဝင်ဘာလရဲ့လေးခုမြောက် ကြာသပတေးနေ့ကနေစပြီး ပိတ်ရက်ရခဲ့တယ်။ ဆံဖြူမလေးကတော့ ဒီရက်ပိုင်း ကျောင်းအလုပ်ရော ဟီးရိုးအလုပ်ပါ မလုပ်ရတော့လို့ ပျော်ပျော်ကြီးနားနေလေရဲ့။ အစက ခရစ်စမတ်ပိတ်ရက်က မှုခင်းအဖြစ်ဆုံးကာလမလို့ နယူးယောက်ကို ကင်းလှည့်ဖို့စဥ်းစားခဲ့ပေမဲ့ အေမီက
“မမလေးက အဓိကတိုက်ပွဲကြီးတစ်ခုကိုတိုက်ထားတာ မကြာသေးဘူးလေ။ ဒါကြောင့် ကောင်းကောင်းနားဖို့လိုတယ်။ မြို့လုံခြုံရေးကို ကျွန်မနဲ့ စစ်နတ်သမီးတွေတာဝန်ထားလိုက်။”
အဲဒီနောက်တော့ အေမီက ငွေရောင်စစ်သည်ဝတ်စုံကို မက်ဒါနာအစားဝတ်ပြီး နယူးယောက်မြို့ပတ်ဝန်းကျင်မှာ နေ့တိုင်းကင်းလှည့်နေလေရဲ့။
...
၂၄၊ ဒီဇင်ဘာလ၊ ၂၀၄၅ ခုနစ်။
ဒီနေ့လည်း ဘာအလုပ်မှမရှိတာကြောင့် မက်ဒါနာလည်း အေးအေးနဲ့စောင်ကို ရင်ဘတ်အထိခြုံပြီး အိပ်မောကျနေခဲ့တာ။ အိပ်မက်တချို့မက်တယ်ဆိုပေမဲ့ အိပ်မက်ကောင်းတော့ မဟုတ်ဘူးရယ်။
အိပ်မက်ထဲမှာ သူက ချောမောတဲ့လူငယ်လေးတစ်ယောက်ရဲ့လက်ကို ကိုင်ထားပြီး နှစ်ယောက်လုံးက သင်္ဘောကြီးတစ်ခုပေါ်မှာ ရှိနေခဲ့တာ။ ပြီးတော့ ဘာကြောင့်မှန်းမသိဘဲ မက်ဒါနာက ပုဝါလေးတစ်ထည်ကို ခေါင်းပေါ်မှာ သတို့သမီးဇာပုဝါလို စောင်းထားသေးတယ်။ ပြီးတော့ နှစ်ယောက်လုံးက တစ်ယောက်ကိုတစ်ယောက် မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေနဲ့ကြည့်ပြီး ‘ထာဝရအတူရှိနေပါမယ်'ဆိုတဲ့ သစ္စာစကားကို ဆိုနေကြတာ။
‘ဒါဘယ်လိုမှမဖြစ်နိုင်တာကြီးကို... ငါက တခြားကောင်လေးတစ်ယောက်ရှေ့မှာ အဲဒီလိုသစ္စာဆိုစရာလားဟဲ့။' မက်ဒါနာတစ်ယောက် အိပ်မက်ဆိုးကြီးကြောင့် အိပ်ချင်မူးတူးနဲ့ထထိုင်မိတဲ့အထိပဲ။ ပြီးမှ ခေါင်းကို ဆုပ်ကိုင်ထားပြီး အဲဒီအဖြစ်အပျက်ကို ပြန်တွေးကြည့်တော့ တကယ်ဖြစ်ပျက်ခဲဖူးတယ် ထင်ရပေမဲ့ ဝေးကွာတဲ့အတိတ်ကဖြစ်ရပ်တွေလိုမျိုး ခံစားရပြီး သေချာပြန်စဥ်းစားမရတော့ဘူး။
“အဲဒီကောင်လေးနာမည်က ရေမွန်လား...” ကောင်လေးရဲ့နာမည်ကို သူသေချာပေါက် မှတ်မိတယ်။ သိပ်ကိုရင်းနှီးပြီး တန်ဖိုးထားရတဲ့လူလိုမျိုး ခံစားပေမဲ့ အပြင်မှာ တစ်ခါမှမတွေ့ဖူးမှန်းသိနေပြန်ပါတယ်။
“နဂါးပြာရဲ့စစ်ဆေးမှုကိုဖြတ်ကျော်ရတုန်းက ကိစ္စတွေများလား... သူပြောတာတော့ ဘဝသုံးခုကို ငါဖြတ်သန်းခဲ့ရတယ်ဆိုပေမဲ့ အဲဒီနောက်ပိုင်း အသေးစိတ်အချက်အလက်တွေကို ငါဖြည်းဖြည်းချင်း မေ့သွားခဲ့တာပဲ။”
မက်ဒါနာက အဲဒီကိစ္စကို နဂါးပြာနဲ့တိုင်ပင်ခဲ့ပေမဲ့ နဂါးပြာကတော့ မေ့သွားတာပိုကောင်းတယ်လို့ပဲ ပြန်ဖြေခဲ့တယ်။ ကိစ္စကိုစိတ်စွဲပြီး အိပ်မက်မက်တာပါလို့ မက်ဒါနာတွေးမိပြီးနောက်တော့ နာရီကိုကြည့်လိုက်တယ်။ ငါးနာရီပဲရှိသေးတာတွေ့တော့ သူ့ဘာသာပခုံးတွန့်ပြီး ဆက်အိပ်ဖို့ဆုံးဖြတ်လိုက်ပါလေရော။
“ဘာပဲဖြစ်ဖြစ်လေ... အစောကြီးထစရာမှမလိုတာ။”
အိပ်ရာနဲ့ခေါင်းနဲ့ထိပြီးမကြာခင်မှာပဲ မက်ဒါနာပြန်အိပ်ပျော်သွားတယ်။ ဒါပေမဲ့ ထပ်ပြီးမကြာလိုက်ဘူးဆိုရမလား၊ စောင်အောက်ကနေ နွေးထွေးတဲ့အရာတစ်ခု လှုပ်ရှားနေတယ်ဆိုတဲ့ ခံစားချက်ကြောင့် မက်ဒါနာမျက်လုံးဖွင့်လိုက်တော့ သူ့စောင်အောင်မှာ ဘုလုံးလေးတစ်ခုရှိနေပြီး အဲဒီဘုလေးက အထက်ဘက်ကို ရွေ့လျားလာနေတယ်။
‘ဘာလေးလဲ... ကြွက်တော့မဟုတ်တဲ့ပုံပဲ... ကြွက်တစ်ကောင်ထပ် အများကြီးကြီးနေတာပဲ။' အိပ်ချင်မူးတူးနဲ့မလို့ မက်ဒါနာတစ်ယောက် ဘာမှမတွေးတော့ဘဲ မျက်လုံးပြန်မှိတ်ပြီး ကိစ္စကို လစ်လျူရှုဖို့ ဆုံးဖြတ်ခဲ့တယ်ဆိုပေမဲ့....
“ဒါလင်... ဒီနေ့မနက်စောစောမထဖို့ ဆုံးဖြတ်လိုက်ပြီဆိုတော့ အတူဆက်အိပ်ကြမလား...”
ရုတ်တရက်စောင်အောက်က ဘုလုံးလေးက အပြင်ဘက်ထွက်လာပြီး မက်ဒါနာကိုသိုင်းဖက်လိုက်ပါလေရော။ လန့်သွားတဲ့ မက်ဒါနာလည်း မျက်လုံးဖွင့်ကြည့်တော့ ဘုလုံးလေးက သာမန်ဘုလုံးလေးမဟုတ်ဘဲ ညအိပ်ဝတ်စုံဝတ်ထားဆဲဖြစ်တဲ့ ဖရာလီတာဖြစ်နေမှန်း သိလိုက်ရပါလေရော။
“ဖရာလီတာ... မနက်အစောကြီးနိုးနေတာလား....”
“အင်း... ဆိုပါတော့... တအားချမ်းလွန်းလို့ အိပ်မရတာနဲ့ အချစ်ဆီမှာ ကိုယ်ငွေ့လှုံဖို့လာခဲ့တာ။”
“ဒီကောင်မလေး အတော်စကားတတ်နေတာပဲ။” မက်ဒါနာက ဖရာလီတာကို မောင်းထုတ်ဖို့ကြိုးစားပေမဲ့ တကယ်ပဲ ဆောင်းရာသီမလို့ အပြင်မှာအေးနေမှန်း သတိထားမိလိုက်တယ်။ အေးတာမှ အသေးမလေးကိုယ်ငွေ့မရှိရင် ချမ်းသေတော့မယ့်အတိုင်းပဲ။
“အတူလာအိပ်ရုံပဲဆိုရင် ကိစ္စမရှိပါဘူး။ ပေါက်ကရတွေ မလုပ်ရင်ရပြီ....”
“အဟိဟိ...” ဖရာလီတာကတော့ ကောက်ကျစ်စွာပြုံးရင်း မက်ဒါနာရဲ့ပခုံးပေါ်ကို မျက်နှာအပ်ပြီး ဆက်အိပ်ဖို့လုပ်ပါတယ်။ မက်ဒါနာလည်း ပြန်အိပ်ဖို့ ကြိုးစားလိုက်ပေမဲ့ မကြာခင်မှာပဲ အခန်းတံခါးပွင့်သွားပြီး မီးတွေအကုန်ပွင့်လာတယ်။
“လက်စသတ်တော့ ထင်တဲ့အတိုင်းပဲ ဒီဟာမက မက်ဒါနာအခန်းထဲ ခိုးဝင်နေတာကိုး။”
မက်ဒါနာလည်း မီးရောင်ကြောင့် အိပ်လို့မရတော့တဲ့အတွက် ဝင်လာတဲ့သူကို ကြည့်လိုက်တော့ ငြိမ်ဝပ်ပိပြားရေးမှူးယူနီဖောင်း ဝတ်ထားပြီးသားဖြစ်နေတဲ့ လင်ဒါကိုတွေ့လိုက်ရပါလေရော။
“မြို့တော်ဝန်က ခရစ်စမတ်အကြိုနေ့အတွက် မိန့်ခွန်းပြောပေးပါဆိုပြီးခေါ်လို့ မနက်အစောကြီးထမိတာ ကံကောင်းတာပဲ။ ဒီဟာမလေးအခန်းတံခါးက ပုံမှန်မဟုတ်ဘဲ အစောကြီးပွင့်နေပါတယ်လို့။ ခါတိုင်းလိုပဲ ခေါင်းထဲ အကြံတွေနဲ့ပြည့်နေပါလေရောလား။”
လင်ဒါက ပြောပြောဆိုဆိုနဲ့ ဖရာလီတာကို ခြေထောက်ကနေ ဖမ်းဆွဲပြီး မက်ဒါနာရဲ့အိပ်ရာထဲကနေ ဆွဲထုတ်လိုက်တယ်။ လင်ဒါက အော်ကြီးဟစ်ကျယ်နဲ့ ပြောဆိုနေတာမလို့ ကျန်တဲ့အခန်းတွေမှာရှိနေတဲ့ တခြားသူတွေလည်းနိုးလာပြီး လာကြည့်ကြတယ်။ ဖလေရာ၊ ဆိုဖီယာ၊ ဖရက်နဲ့အေမီတို့က အကြောင်းစုံကိုသိသွားပြီးတဲ့နောက်တော့ အားလုံးက အဖမ်းခံထားရတဲ့ ဖရာလီတာကို မကျေမနပ်ကြည့်နေကြရော။
“ကဲပါကဲပါ... မနက်အစောကြီး ရန်ဖြစ်တာမကောင်းဘူးလေ။ ဖရာလီတာက ချမ်းလို့ ငါနဲ့အတူလာကွေးရုံတင်ပါ။ ပတ်ဝန်းကျင်ကိုလည်း အားနာကြပါဦး။”
မက်ဒါနာက ဖရာလီတာဝိုင်းရိုက်မခံရအောင် ကူပြောပေးလိုက်တော့ အားလုံးအကြည့်တွေက ပြောင်းလဲသွားပြီး ပထမဆုံးလှုပ်ရှားလာတာက ဆိုဖီယာပါ။
“ပြောခါမှ နယူးယောက်ဆောင်းက တော်တော်အေးသားပဲနော်။ ငါလည်း ဆောင်ထဲမှာ နွေးအောင်ဝင်ကွေးရင် ကောင်းမလားပဲ။”
ဆိုဖီယာက ပြောပြောဆိုဆိုနဲ့ မက်ဒါနာရဲ့ညာဖက်ဘေးမှာ ဝင်ထိုင်ပြီးအိပ်ရာပေါ် လဲချလိုက်တယ်။ ဒုတိယကတော့ ဖလေရာ။ သူက တစ်ခါတည်း မက်ဒါနာပေါ်ခုန်တက်ပြီး မျက်နှာကို ရင်ဘတ်နဲ့ဖိထားတော့တာ။
“ဖလေရာ... ငါအသက်ရှုလို့မရတော့ဘူး....”
“ချမ်းနေမှာစိုးလို့ ကိုယ်ငွေ့လှုံပေးတာပါ မက်ဒါနာရဲ့။”
“မမလေးမမလေး... ကျွန်မလည်းချမ်းတယ်။” အေမီကလည်း အိပ်ရာထဲအတင်းခုန်ဝင်လာတယ်။
“ဟဲ့၊ စက်ရုပ်တွေက ချမ်းတတ်လို့လား။ ပြီးတော့ ခုထိကင်းလှည့်မသွားသေးဘူးလား။” မက်ဒါနာက အေမီကို အထွန့်တက်လိုက်ပေမဲ့ အေမီကတော့ မက်ဒါနာကို နောက်ကနေ အတင်းဖက်ထားပြီးပြီ။ ဖရက်ကတော့ ဘာမှမပြောပေမဲ့ အိန္ဒြေရရပဲအိပ်ရာပေါ် ဝင်ထိုင်ပြီး မက်ဒါနာကိုပြုံးပြလိုက်တယ်။ သူက ပုံမှန်လိုပဲ မက်ဒါနာကို ဖိအားပေးချင်ပုံမရဘူး။ နောက်ဆုံးတော့ လင်ဒါလည်း သက်ပြင်းချလိုက်ပြီး အိပ်ရာထဲလာဝင်နေလေရဲ့။
“နင့်ကို သူတို့နဲ့ထားခဲ့ဖို့ ငါလုံးဝစိတ်မချဘူး။ မိန့်ခွန်းပြောမယ့်ကိစ္စကို ဖြတ်လိုက်တော့မယ်။”
ရလဒ်အနေနဲ့ကတော့ မက်ဒါနာရဲ့အိပ်ရာထဲဝင်ကွေးဖို့ ပထမဆုံးအကြံထုတ်ခဲ့တဲ့ ဖရာလီတာက အိပ်ရာအပြင်မှာ တစ်ယောက်တည်းလစ်လျူရှုခံထားရပြီး ကျန်တဲ့သူတွေအားလုံးက မက်ဒါနာအိပ်ရာပေါ်မှာ စောင်ခြုံပြီးကွေးနေကြတာပဲ။
ဖရာလီတာကတော့ မျက်နှာကြီးမည်းသည်းနေပြီး အချစ်ပြိုင်ဘက်တွေကို မကျေမနပ်ကြည့်နေလေရဲ့။
“ထင်ထားတဲ့အတိုင်းပဲ ကိတ်မုန့်ကိုဝေမျှစားတယ်ဆိုတာ ဘယ်နည်းနဲ့မှမကောင်းဘူး။ ဒီဟာမတွေကို တစ်နည်းနည်းနဲ့ ရှင်းထုတ်ပစ်မှပါ။” ဖရာလီတာရဲ့နက်မှောင်နေတဲ့ အတွေးတွေက အသက်ဝင်လာပြန်ပါပြီ။
“ဟုတ်သားပဲ၊ ဒီနေ့က ခရစ်စမတ်အကြိုညဆိုတော့... ငီးငီးငီး...”