← Chapters

အရာအားလုံးက ရှင့်သဘောပါပဲ

Vol. 11 Ch. 31

အရာအားလုံးက ရှင့်သဘောပါပဲ

Vol. 11 Ch. 31

မက်ဒါနာစကားဆုံးတဲ့နောက်တော့ အဖြူရောင်နောက်ခံ တစ်နေရာမှာ ငွေရောင်မျက်လုံးအစုံပေါ်လာပါတယ်။ ပြီးနောက် အဲဒီငွေရောင်မျက်လုံးတွေကနေတစ်ဆင့် လူသားခန္ဓာကိုယ်ကောက်ကြောင်းတစ်ခုပေါ်လာပြီး ခြေဖျားအထိရောက်လုမတတ် ရှည်တဲ့ငွေရောင်ဆံပင်နဲ့ မိန်းကလေးတစ်ယောက်အဖြစ် ဖြစ်တည်လာလေရဲ့။ အဲဒီမိန်းကလေးက ခေတ်ရှေ့ပြေးတဲ့ အနက်ရောင် အသားကပ်ဝတ်စုံပြည့်ကိုဝတ်ထားပြီး လှပပေမဲ့ အစစ်အမှန်မဟုတ်ဘူးဆိုတဲ့ ခံစားချက်ကို ရနေပါတယ်။

“နင်က....” ဖရာလီတာလည်း အဲဒီမိန်းကလေးကို မယုံနိုင်စွာနဲ့ ကြည့်လိုက်ပါတယ်။

“ငါက နင်မကာကွယ်နိုင်တဲ့အရာတွေကို ကာကွယ်ပေးမယ်လို့ နင့်ကိုကမ်းလှမ်းခဲ့တဲ့သူလေ။ ငါက နင့်ခန္ဓာကိုယ်ကို ခဏငှားသုံးချင်ရုံပါဟ။ တစ်ခုခုကိုလိုချင်ရင် တန်ရာတန်ကြေးတော့ ပေးရမှာပဲလေ။”

အဲဲဒီနောက် အီဆန်က မက်ဒါနာကို လက်ညိုးထိုးပြီး ပြောလိုက်ပါတယ်။ “ဒါကြောင့် ဒီအမျိုးသမီးကို ငါ့အစား နင့်စိတ်ထဲကနေ ကန်ထုတ်ပေးပါ။ ဒါက နင်တန်ဖိုးထားရတဲ့ သူ့ကိုကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်လိမ့်မယ်။”

မက်ဒါနာကတော့ ခေါင်းကိုခါယမ်းလိုက်ပြီး ဖရာလီတာရဲ့ရှေ့မှာ ပိတ်ရပ်လိုက်တယ်။ အဲဒီနောက် အီဆန်ရဲ့မျက်လုံးတွေထဲကို ကြည့်လိုက်ပြီးတော့

“ဖရာလီတာ၊ ဒီအမျိုးသမီးကို နင်ယုံလို့မဖြစ်ဘူး။ သူက အရှင်သခင်သုံးပါးထဲက တစ်ယောက်ဖြစ်ပေမဲ့ သေဆုံးရမှာကိုကြောက်ပြီးတော့ နည်းလမ်းအမျိုးမျိုးနဲ့ တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ သူရဲဘောကြောင်တဲ့ လူလိမ်မပဲ။ ဒီနေရာကနေ နင်ကန်ထုတ်ရမှာက သူ့ကို။”

တစ်ဖက်မှာတော့ အီဆန်က ပါးပြင်ကိုလက်ထောက်ပြီး ဖရာလီတာကို လှောင်ပြောင်တဲ့စကားတွေကို ပြောနေပါတယ်။

“နင်က ငါမရှိရင် ဘာမှအဖြစ်မရှိတဲ့ ကလေးမလေး တစ်ယောက်ဆိုတာ မေ့နေပြီလား။ နင်က စတန်းဖို့ဖ်ကို မကာကွယ်နိုင်ခဲ့သလို အယ်လိုဟင်ကိုလည်း မကာကွယ်နိုင်ခဲ့ဘူး။ အနာဂတ်မှာ နင်က မက်ဒါနာကို ကာကွယ်ပေးနိုင်မယ်လို့ ထင်နေသေးတာလား။ နင်က သူ့အတွက် အသုံးမဝင်တဲ့အရာတစ်ခု တဖြည်းဖြည်း ဖြစ်လာမှာပဲ။”

အီဆန်ရဲ့စကားတွေကြောင့် ဖရာလီတာက လက်တွေ့ကို မရင်ဆိုင်နိုင်တော့တဲ့အတွက် ခေါင်းကိုငုံထားပြီး ဘာမှမရှိတဲ့ ကြမ်းပြင်ကိုသာ ငုံကြည့်နေလိုက်တယ်။ ဒါပေမဲ့ မက်ဒါနာကတော့ ဖရာလီတာရဲ့လက်ကို တင်းတင်းဆုပ်ထားလိုက်ပြီး ပြောလိုက်လေရဲ့။

“ဖရာလီတာ... ငါကတိပေးခဲ့သလိုပဲ ငါက နင့်ကို ဘယ်တော့မှမေ့သွားမှာမဟုတ်သလို ဘယ်တော့မှ စွန့်ပစ်သွားမှာလည်းမဟုတ်ဘူး။ နင်ငါ့ကို မကာကွယ်နိုင်လို့ စိတ်မကောင်းဖြစ်မှာမဟုတ်သလို ငါက နင်ကာကွယ်ပေးဖို့လိုတဲ့ လူတစ်ယောက်လည်းမဟုတ်ပါဘူး။ အဲဒီအစား ငါက...”

မက်ဒါနာက ဖရာလီတာရဲ့ခေါင်းက ဆံပင်တွေကို ညင်သာစွာ ထိတွေ့လိုက်ရင်း စကားကိုအဆုံးသတ်လိုက်တယ်။

“နင့်ကို ကာကွယ်ပေးနေမှာမလို့။” အဲဲဒီနောက်တော့ မက်ဒါနာက ဖရာလီတာရဲ့လက်ကို လွှတ်လိုက်ပြီး

အီဆန်နဲ့ မျက်နှာချင်းဆိုင်လိုက်တယ်။ နောက်တော့ သူက လက်ဖျောက်တစ်ချက်တီးလိုက်ပြီး ချပ်ဝတ်ကို ဆင့်ခေါ်လိုက်တယ်။ အခုဆိုရင် အသူရာစစ်သည်က သူ့ရှေ့မှာရှိနေတဲ့ မိန်းမပျက်ကို ခုတ်ပိုင်းဖို့အသင့်ဖြစ်နေပြီ။

“နင်ပြောတဲ့ အိမ်ကွင်းအားသာချက်အကြောင်းကို ပြန်ပြောရမယ်ဆိုရင် ဒီနေရာက နင့်အတွက်လည်း ဘာအားသာချက်မှမရှိဘူး။ ဒီအတိုင်း စိတ်မတည်မငြိမ်ဖြစ်နေတဲ့ ကလေးမလေးတစ်ယောက်ရဲ့နေရာပဲဥစ္စာ။ နင့်လို သာမညကောင်မလေးတစ်ယောက်က ငါလိုသခင်မကို နိုင်မယ်ထင်နေတာလား။”

အီဆန်ကလည်း လက်ဖျောက်တစ်ချက်တီးလိုက်တယ်။ သူ့ကျောနောက်မှာ ငွေရောင်အလင်းဒြပ်စင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ဓားအလက်ပေါင်းများစွာပေါ်လာပြီး လှည့်ပတ်နေတာကြောင့် ရောင်ခြည်စက်ဝိုင်းတစ်ခုလို ထင်ရပါတယ်။ ပြီးတော့ ဧရာမစက်ရုပ်လက်ကြီးနှစ်ဖက်ကလည်း လေထုထဲမှာ မျောနေပြီး သူ့ကိုကာကွယ်ပေးထားသေးတယ်။

“သေလိုက်တော့....” အီဆန်က ဖရာလီတာနဲ့မက်ဒါနာတို့ နှစ်​​ယောက်လုံးကို လက်ညိုးညွန်ပြလိုက်တယ်။ ဓားတစ်ဒါဇင်ကျော်က ရောင်ခြည်တွေအလား လျင်မြန်တဲ့နှုန်းနဲ့ သူတို့ဆီတိုးဝင်လာတယ်။ အသူရာ စစ်သည်ကတော့ ခရမ်းရောင်မီးတွေတောက်လောင်နေတဲ့ဓားနဲ့ ဓားသွားတွေကို တားဆီးလိုက်ပြီး ဖရာလီတာကို အဝေးဆီတွန်းပို့လိုက်တယ်။

“ဖရာလီတာ၊ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပြီး လုံခြုံအောင်နေ။ ငါက နင့်ကို ဘယ်တော့မှစွန့်ပစ်သွားမှာမဟုတ်လို့ မစိုးရိမ်ပါနဲ့။”

မက်ဒါနာက ပြောလိုက်ရင်း ဘာမှမရှိတဲ့ကြမ်းပြင်ကို ခြေဆောင့်ကန်လိုက်ပြီး အီဆန်ရဲ့မျက်နှာရှေ့မှာ ပေါ်လာတယ်။ ဓားအသွားကတော့ အီဆန်ရဲ့လည်ပင်းဆီ ဦးတည်နေပြီ...

“အယ်... ဘယ်ဆိုးလို့လဲ။” အီဆန်ကတော့ ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်ပြီး လက်ကိုခါယမ်းလိုက်တယ်။ လူနှစ်ရပ်စာလောက်ရှိတဲ့ ဧရာမစက်ရုပ်လက်ကြီးက အသူရာစစ်သည်ကို ရုတ်တရက် ရိုက်ချလိုက်တယ်။ မက်ဒါနာက လေထုထဲမှာ အနေအထားပြောင်းဖို့ကြိုးစားလိုက်ပေမဲ့ နောက်ကျသွားပြီဖြစ်ပြီး အဝေးကြီးရောက်တဲ့အထိ လွင့်ထွက်သွားတယ်။

“နင်ငါ့ကို တစ်ခါနိုင်ဖူးတာနဲ့ အကြိမ်ကြိမ်နိုင်နိုင်မယ်လို့ မထင်နဲ့။ ငါ့ရဲ့အလိုလျောက်သင်ယူနိုင်စွမ်းကနေတစ်ဆင့် နင့်ရဲ့တိုက်ခိုက်မှုအလေ့အထတွေအားလုံးကို ငါနားလည်ထားပြီးသား။ မြန်မြန်လေးလက်လျှော့ပြီးတော့ ပြန်လိုက်တော့... ဒီကလေးမက ငါ့အပိုင်ဖြစ်နေပြီးသား။”

“နင်ပြောတိုင်း လက်လျှော့စရာလား....” မက်ဒါနာက ဓားကိုဆွဲပြီး ပြေးဝင်လာပြန်တယ်။ ဒါပေမဲ့ မကြာခင်မှာပဲ အီဆန်ရိုက်ထုတ်တာခံရပြန်တယ်။ အီဆန်က တကယ့်ကိုအားကောင်းလွန်းတယ်။ အဝေးကနေ ကြည့်နေတဲ့ ဖရာလီတာကတော့ မစိုးရိမ်ဘဲ မနေနိုင်တော့ဘူး။ သူက သူ့လက်နှစ်ဖက်ကိုယ်သူ အချင်းချင်းဆုပ်ကိုင်ထားလိုက်ပြီး တွေးပူနေမိတယ်။

“ဒီတစ်ခါလည်း ငါ့ရဲ့အားနည်းချက်ကြောင့် မက်ဒါနာကို အန္တရာယ်ထဲ တွန်းပို့မိပြန်ပြီ။”

သူချစ်တဲ့သူတွေ သူ့အတွက်နဲ့အန္တရာယ်ထဲတိုးဝင်ပြီး သေဆုံးသွားခဲ့ရတဲ့ ဖြစ်ရပ်တွေကို ပြန်သတိရလာမိချိန် ဖရာလီတာ မတုန်လှုပ်ဘဲ မနေနိုင်တော့ဘူး။ နောက်တစ်ကြိမ် အဲဒီလိုဖြစ်ရပ်မျိုးကို သူထပ်ပြီး မကြုံတွေ့ချင်တော့ဘူး။ ဒါပေမဲ့ သူစိုးရိမ်နေချိန်မှာပဲ နှုတ်ခမ်းပေါ်မှာရှိနေသေးတဲ့ နွေးထွေးတဲ့ အငွေ့အသက်လေးကို ပြန်သတိရမိသွားတယ်။ မက်ဒါနာပေးခဲ့တဲ့ အနမ်းအငွေ့အသက်တွေက ဖရာလီတာကို နွေးထွေးတဲ့အချိန်တွေကို ပြန်သတိရလာပေးဖို့ အကူအညီပေးခဲ့တယ်။

“တုန်လှုပ်နေလို့ ဘာအကူအညီမှဖြစ်မှာမဟုတ်ဘူး။ မြန်မြန်မက်ဒါနာကို ကူညီပေးနိုင်မယ့်နည်းလမ်း စဥ်းစားမှဖြစ်မယ်။”

တဖြည်းဖြည်းရှုံးနိမ့်လာနေတဲ့ မက်ဒါနာကိုကြည့်ရင်း ဖရာလီတာက သက်ပြင်းချလိုက်ကာ မကောင်းတဲ့ အတွေးတွေအားလုံးကို ရှင်းထုတ်ပစ်လိုက်တယ်။ စိတ်ကြည်လင်လာတာနဲ့အညီ ဖရာလီတာက ဖြေရှင်းနည်းတစ်ခုကို တည်တည်ငြိမ်ငြိမ်နဲ့ စဥ်းစားလာနိုင်တယ်။

“ဒီနေရာက ငါ့ရဲ့မသိစိတ်လို့ မက်ဒါနာပြောခဲ့တယ် မဟုတ်လား။ ငါ့ရဲ့စိတ်နယ်ပယ်ဖြစ်တဲ့အတွက် ဒီနေရာကို ထိန်းချုပ်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ရှိနေမှာပဲ။”

ဖရာလီတာက သူသာဒီနေရာကို ထိန်းချုပ်နိုင်မယ်ဆိုရင် မက်ဒါနာအတွက် အိမ်ကွင်းအားသာချက်ကို ဖန်တီးပေး နိုင်လိမ့်မယ်လို့ တွေးလိုက်မိတယ်။

ဘုန်း...

ဖရာလီတာတွေးနေတဲ့အချိန်မှာပဲ အသူရာစစ်သည်က အီဆန်ရဲ့စက်ရုပ်လက်နှစ်ဖက်နဲ့ကြားညှပ်ရိုက်ခံလိုက်ရပြီး ပြုတ်ကျလာတယ်။ သံချပ်ဝတ်က အက်ကွဲကြောင်း ပေါ်လာ​ပေမဲ့ မက်ဒါနာက အရှုံးမပေးသေးပါဘူး။

“ဒီလောက်နဲ့ ပြီးသွားမယ်မထင်နဲ့။” အသူရာစစ်သည်က ဓားကိုဝေ့ယမ်းလိုက်တယ်။ ခရမ်းရောင်မီးတောက်တွေက လူတစ်ရပ်နီးများမြင့်တက်လာပြီး မြွေနဂါးကြီးတစ်ကောင်အဖြစ် ဖွဲ့စည်းသွားတယ်။ အဲဒီမြွေနဂါးကြီးက အီဆန်ကိုချုပ်နှောင်ပြီး ဝါးမျိုပစ်ဖို့ ကြိုးစားပေမဲ့ အီဆန်က ဓားသွားတွေနဲ့ လွယ်လွယ်လေးပဲ ပိုင်းဖြတ်ပစ်လိုက်တယ်။

ဖရာလီတာကတော့ နည်းလမ်းကို အပြေးအလွှားစဥ်းစားနေဆဲပါ။ “ငါက မကောင်းတဲ့ အတွေးတွေက ငါ့ရဲ့မသိစိတ်ထဲမှာ နယ်ပယ်တစ်ခုအဖြစ် ဖြစ်ပေါ်လာတယ်။ ဒါဆိုရင် ငါ့ရဲ့ကောင်းတဲ့အတွေးတွေကရော....”

နောက်ဆုံးတော့ ဖရာလီတာရဲ့စိတ်ထဲမှာ ဖြတ်ခနဲ အလင်းတန်းတစ်ခုပေါ်လာပြီး နေရာမှာတင် ဒူးထောက် ထိုင်ချလိုက်တယ်။ အဲဒီနောက်တော့ လက်နှစ်ဖက်ကို ပူးကပ်ပြီး မျက်လုံးကိုမှိတ်ကာ ဆုတောင်းနေဟန်နဲ့ အရာတစ်ခုကို စတင်စိတ်ကူးယဥ်တယ်။ သူစိတ်ကူးယဥ်နေတဲ့အရာက ပျော်စရာကောင်းလွန်းလို့ တွေးမိရုံနဲ့တင် မပြုံးမိဘဲမနေနိုင်ဘူး။

“ဟားဟားဟား... နင်ငါ့ကို မနိုင်နိုင်ပါဘူး။ သေလိုက်တော့... နောက်နှစ်ဒီနေ့ကျရင် နင့်အတွက် ငါနှစ်ပတ်လည်နေ့လုပ်ပေးမယ်။”

အီဆန်က ကူရာမဲ့ပြုတ်ကျနေတဲ့ အသူရာစစ်သည်ကို စက်ရုပ်လက်နဲ့ရိုက်ချလိုက်တယ်။ ကြောက်စရာကောင်းတဲ့ ဧရာမစက်ရုပ်လက်ကြီးက အသူရာစစ်သည်ကို ခြင်ရိုင်သလို ရိုက်မိတော့မှာဆိုပေမဲ့...

ပွတ်...

ထူးဆန်းတဲ့အသံတစ်သံနဲ့အတူ သံမဏိလက်ကြီးကနေ ပန်းနုရောင်အခိုးအငွေ့တွေထွက်လာပြီး လဲမှို့တွေနဲ့ဖြည့်ထားတဲ့ ဝက်ဝံအရုပ်လက်ကြီးအ​ဖြစ် ရုတ်တရက်ပြောင်းသွားရော။

အိကျိ...

အသူရာစစ်သည်က အားပြင်းပြင်းနဲ့ရိုက်ထုတ်ခံလိုက်ရပေမဲ့ ဘာထိခိုက်ဒဏ်ရာမှမရဘဲ မြေပြင်ပေါ်ကို ဆင်းသက်နိုင်လိုက်တယ်။

“ဘာဖြစ်သွားတာလဲ...” မက်ဒါနာကိုယ်တိုင်လည်း နားမလည်နိုင်တော့တဲ့အတွက် ဘေးပတ်ဝန်းကျင်ကို ကြည့်လိုက်ပါတယ်။ နေရာက အစောပိုင်းကလိုမျိုး အဖြူရောင်နဲ့ပြည့်နေတဲ့ နေရာတစ်ခုမဟုတ်တော့ပါဘူး။ အဲဒီအစား တိမ်တိုက်တွေ လှုပ်ရှားသွားလာနေတဲ့ အပြာရောင်ကောင်းကင်ကြီးရှိနေပြီး ကာတွန်းရုပ်မျက်နှာနဲ့ နေမင်းကြီးကလည်း မြေပြင်ကို ပြုံးပြီးစိုက်ကြည့်နေတယ်။ မြေပြင်ကတော့ မျက်စိတစ်ဆုံး နေကြာပန်းခင်းကြီးနဲ့ပြည့်နေပြီး ဗင်ဂိုးရဲ့လက်ရာ နေကြာပန်းချီကားတစ်ချက်လို ခံစားရပါတယ်။ ပြီးတော့....

“ဟိဟိဟိ....” မက်ဒါနာက အီဆန်ကိုကြည့်လိုက်မိပြီး မရယ်ဘဲ မနေနိုင်တော့ဘူး။

အစောပိုင်းက သူ့ကိုခြိမ်းခြောက်မှုပေးခဲ့တဲ့ စက်ရုပ်လက်ကြီးနှစ်ဖက်က အခုမျောလွင့်နေတဲ့ ဝက်ဝံလက်ကြီးနှစ်ဖက်ဖြစ်နေပြီး ဓားသွားစက်ဝန်းက ဓားတွေကလည်း ကြောက်စရာမကောင်းတဲ့ ခရစ်စမတ်သကြားလုံး တုတ်ကောက်ကြီးတွေဖြစ်နေပြီ။ အီဆန်ကိုယ်တိုင်ကတော့ ကာတွန်းကားထဲက ပင်လယ်ဓားပြဗိုလ်ကြီးလို အဝတ်မျိုးဝတ်ထားတယ်။

မက်ဒါနာကတော့ မြေပြင်မှာဆုတောင်းနေဟန်နဲ့ ထိုင်နေတဲ့ ဖရာလီတာကိုကြည့်ပြီး တွေးလိုက်ပါတယ်။

“ဖရာလီတာတွေးလိုက်တာက... ပျော်စရာကောင်းတဲ့ ကလေးတီဗီအစီအစဥ်တစ်ခုလား...”

သူတကယ်ပဲ နားမလည်နိုင်ဘူး။ ဗြိတိသျှလိုလီလေးက ဒီလိုတီဗီအစီအစဥ်တွေကို ကြိုက်နှစ်သက်လိမ့်မယ်လို့ပေါ့။ ဒါပေမဲ့ ရန်သူကို အနိုင်ယူမှဖြစ်မယ်ဆိုတဲ့အတွေးကြောင့် မက်ဒါနာက ဓားကိုမြှောက်လိုက်တယ်...

“အမ်...” ဒါ​ပေမဲ့ သူ့ဓားက ဓားမဟုတ်တော့ဘဲ ရှေးခေတ်က မြင်းစီးစစ်သည်တွေကိုင်တဲ့ ဧရာမ စီးချင်းထိုးလှံကြီးဖြစ်နေတာတွေ့တော့ မက်ဒါနာကိုယ်တိုင် နားမလည်နိုင်ဖြစ်သွားပြီး သူ့ကိုယ်သူ ငုံကြည့်လိုက်တယ်။

အခုမက်ဒါနာက သံချပ်ဝတ်အပြည့်နဲ့မြင်းဖြူကြီးကို စီးနေပြီး ကာတွန်းကားထဲက သူရဲကောင်းစစ်သည်လိုမျိုး အလယ်ခေတ်ချပ်ဝတ်ကို ဝတ်ဆင်ထားတယ်။

“ဒါက ဖရာလီတာရဲ့ငါ့ကိုမြင်တဲ့ အမြင်လား...” သူမနေနိုင်ဘဲ ပြုံးလိုက်မိတယ်။ အဲဒီနောက်တော့ အချိန်ဖြုန်းမနေတော့ဘဲ မြင်းကိုဒုန်းစိုင်းစီးကာ ပင်လယ်ဓားပြဗိုလ်ကြီးဖြစ်နေတဲ့ အီဆန်ကို စီးချင်းလှံနဲ့ ထိုးချလိုက်တယ်။

“မဖြစ်နိုင်တာ... ငါလိုသခင်မက ဘာမဟုတ်တဲ့ ကလေးမလေးနှစ်ယောက်ကို ရှုံးနိမ့်စရာလား။”

လှံက အီဆန်ရဲ့ရင်ဝကိုထိုးမိသွားပြီး ကျောကနေ ပြန်ထွက်လာတယ်။ ဒါပေမဲ့ သွေးတွေအစား ကလေးဆန်ဆန် လဲမှို့တွေပဲထွက်ကျလာပြီး သိပ်မကြာခင်မှာပဲ ‘ပွတ်'ဆိုတဲ့အသံနဲ့အတူ ​ပန်းရောင် မီးခိုးလုံးကြီးအဖြစ်ပြောင်းလဲပျောက်ကွယ်သွားတယ်။ အီဆန်ရှိမနေတော့ဘူး။ စိတ်ကူးယဥ်ကမ္ဘာထဲမှာ မြင်းဖြူစီးစစ်သည်နဲ့ ဗြိတိသျှလိုလီလေးပဲကျန်ရစ်တော့တယ်။

“ဖရာလီတာ... နင့်ရဲ့ပျော်စရာအတွေးက ကလေးတီဗီအစီအစဥ် ဖြစ်နေမယ်လို့ ထင်မထားဘူး။”

မက်ဒါနာက ခေါင်းစောင်းကိုချွတ်လိုက်ပြီး ဖရာလီတာကို ပြောလိုက်တယ်။ လက်ထဲမှာတော့ အလယ်ခေတ်စစ်သည်ခေါင်းစွပ်ကြီးကို ကိုင်လို့။ ဖရာလီတာကတော့ မျက်လုံးတွေကို ဖွင့်လိုက်ပြီး မက်ဒါနာကို ပြုံးပြလိုက်တယ်။ မက်ဒါနာမြင်ဖူးသမျှထဲမှာ အချိုမြိန်ဆုံးအပြုံးပဲ။

“ဒါပေမဲ့ ငါတွေးလိုက်တဲ့ ပျော်စရာကိစ္စက အဲဒီတစ်ခုတည်းမဟုတ်ပါဘူးနော်။ ငါ့ကိုပျော်ရွှင်စေတဲ့ အရာမှန်သမျှကို တွေးလိုက်တာ။ ဟိုမှာကြည့်...”

ဖရာလီတာက တစ်နေရာကို လက်ညိုးညွန်ပြလိုက်တယ်။ အဲဲဒီမှာ မွေးနေ့ကိတ်တင်ထားတဲ့ စားပွဲနဲ့ပါတီအပြင်အဆင်တွေရှိနေတယ်။ တခြားတစ်နေရာမှာတော့ ရေခဲမုန့်ကိုင်ထားတဲ့ မက်ဒါနာနဲ့ပုံစံတူ ငွေရောင်စစ်သည်တစ်​ယောက်ရှိနေတယ်။ ဖရာလီတာလမ်းပျောက်တုန်းက ရေခဲမုန့်ဝယ်ကျွေးခဲ့မိတဲ့ကိစ္စထင်တယ်။ ပြီးတော့ အဝေးတစ်နေရာမှာ ​ဘုရားကျောင်းတစ်ကျောင်းရှိနေပြီး မက်ဒါနာ ဖရာလီတာကို ရှာတွေ့ခဲ့တဲ့ဘုရားကျောင်းဆိုပေမဲ့ ဒီတစ်ခါတော့ မှောင်မိုက်မနေတော့ဘဲ ဘုရား ကျောင်းအပြင်ဘက်မှာ ပရိသတ်တွေအပြည့်နဲ့။ ပရိသတ်တွေကတော့ ဘားဂျက်နည်းတဲ့ကာတွန်းတစ်ခုက နောက်ခံဇာတ်ကောင်တွေလိုမျိုး မျက်နှာမပါ ပုံကြမ်းသက်သက်ဖြစ်နေပေမဲ့ပေါ့။ သူတို့အားလုံးက သတို့သားနဲ့သတို့သမီးကို စောင့်ကြိုနေကြပုံပဲ။

ပွတ်...

နောက်တစ်ခါ ပန်းရောင်မီးခိုးလုံးကြီးက ဖရာလီတာနဲ့ မက်ဒါနာကို ဖုံးလွှမ်းသွားပြန်ပြီး နှစ်ယောက်လုံးက မင်္ဂလာဆောင်အဝတ်အစားတွေ ဝတ်ထားကြတယ်။

“ဒါပေါ့၊ အဲဒါက ငါတို့မင်္ဂလာဆောင်လေ။ ဒါပေမဲ့ သတို့သမီးက တစ်ယောက်တည်းနော်... မက်ဒါနာ။ ကျန်တဲ့သူတွေအားလုံးကို ငါက သတ်ပစ်မှာမဟုတ်ပေမဲ့ ရအောင်ပထုတ်ဦးမှာ။”

“.....” ကြည့်ရတာ အသေးမလေးက သူ့အိပ်မက်ကို လက်မလျှော့သေးတဲ့ပုံပဲ။ မက်ဒါနာတစ်ယောက် ခေါင်းမခြောက်ဘဲ မနေနိုင်တော့ဘူး။

“ကဲ... ဘုရားကျောင်းထဲဝင်ပြီး သစ္စာဆိုကြမလား မက်ဒါနာ။” ဖရာလီတာက သူ့လက်ကို ကမ်းပေးလိုက်ပေမဲ့ မက်ဒါနာကတော့ ငြင်းလိုက်ပါတယ်။

“ဖရာလီတာ... ဘာပဲပြောပြော... ဒီနေရာက စိတ်ကူးသက်သက်ပဲလေ။ အခုတော့ အပြင်ပြန်ထွက်ပြီး တစ်နေ့နေ့ကျမှ လက်တွေ့ဘဝမှာ အခုလိုကိစ္စမျိုးလုပ်ရအောင်။”

တိုက်ရိုက်ငြင်းပယ်ခံရတာမျိုးမဟုတ်တဲ့ သွယ်ဝိုက်ပြီး လက်ခံတဲ့စကားကြောင့် ဖရာလီတာတစ်ယောက် အပျော်လွန်သွားတယ်။ အဲဒီနောက်တော့ သူက ပြုံးနေရင်းကနေပဲ ခေါင်းညိတ်လိုက်ပါတယ်။

“ကောင်းပြီလေ၊ ဒီနေ့ဒီချိန်ကနေစပြီး အရာအားလုံးက ရှင့်သဘောပါပဲ ဒါလင်။”

All Chapters