← Chapters

အခန်း (၁၄၁၆)

Vol. 102 Ch. 1416

အခန်း (၁၄၁၆)

Vol. 102 Ch. 1416

“ခေါင်းဆောင်၊ ဆရာဟန်ရဲ့ ပန်းပဲနည်းစနစ်က အရမ်းအဆင့်မြင့်တယ်။ သူက ဧရာမဝိညာဉ်ချပ်ဝတ်နဲ့ လှံရှည်တွေကို ပြုပြင်ပေးခဲ့တယ်”

လုကျီကျန်းက လျင်မြန်စွာပြောလိုက်သည်။

သူ၏ အဆင့်အတန်းအရ ယခုအချိန်မျိုးတွင် စကားပြောရန် အခွင့်အရေးမရှိပေ။

သို့သော် သူက ဟန်မူယဲ့၏ စွမ်းရည်ကို မြင်ခဲ့ရသည်။ ဟန်မူယဲ့၏ ပန်းပဲစွမ်းရည်က အလွန်မြင့်မားကြောင်း သိနေခဲ့သည်။

“မဟာဝိညာဉ်ချပ်ဝတ်တွေကို ပြုပြင်တာလား ....”

လုချန်းယွဲ့က စဉ်းစားကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။

“အဲဒါဆိုရင် သူ့ကို ငါးဆပေးပြီး ဧရာမဝိညာဉ်ချပ်ဝတ်တွေ ပြုပြင်ခိုင်းလိုက်မယ်”

“ကျန်တာကိုတော့ ....”

လုချန်းယွဲ့က တောက်ပနေသော မျက်လုံးများဖြင့် အဝေးတစ်နေရာသို့ ကြည့်လိုက်သည်။ ထာဝရစစ်ပွဲသားရဲ၏ ပုံရိပ်သည် သူ့ဘေးတွင် ရှိနေသည်။

“စစ်ကူတွေ မြို့ထဲရောက်လာသည်အထိ စောင့်လိုက်တာပေါ့”

ဤတစ်ကြိမ်တွင် စစ်ကူများက ခွန်အားကောင်းသည်။ ထို့အပြင် အကြီးအကဲများယူလာသော မိသားစုရတနာလည်း ရှိနေသည်။

အကယ်၍ သူတို့က လက်ရှိအခက်အခဲကို ဖြေရှင်းနိုင်လျှင် ဆရာဟန်၏အကူအညီကို မလိုအပ်တော့ပေ။

လုမိသားစုက ငါးဆတန်ဖိုးကို မပေးနိုင်ခြင်းမဟုတ်ပေ။ လုမိသားစု၏ အခွင့်အာဏာနှင့် စည်းမျဉ်းကို မလျော့ချလိုခြင်း ဖြစ်သည်။

“ဘုန်း”

မြို့တံတိုင်းတွင် ပေါက်ကွဲသံကို ကြားရသည်။

မြို့တံတိုင်းမှ ဆင်းသက်လာသော ဟန်မူယဲ့က ပေါ်ထွက်လာသော အလင်းတန်းကို လှည့်ကြည့်သည်။

သူက အလျင်မလိုပေ။

နောက်ဆုံးတွင် လုမိသားစုက သူ့ကို အကူအညီတောင်းရလိမ့်မည်။

သူက ဈေးပိုတောင်းခဲ့သော အကြောင်းအရင်းသည် ဤအရောင်းအဝယ်တွင် စည်းမျဉ်းသတ်မှတ်လိုသောကြောင့် ဖြစ်သည်။

လုမိသားစုသည် သူ့ကို လွှမ်မိုးမထားနိုင်ပေ။

ပိုမိုအရေးကြီးသော အကြောင်းပြချက်လည်း ရှိနေသေးသည်။

“ကောင်လေးဟန်၊ လုမိသားစုက သဘောတူမယ်လို့ ထင်လား”

နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ပြောလိုက်သည်။

“စကြဝဠာအဆင့်လက်နက်တွေကို ဘယ်သူမှ မပြုပြင်နိုင်ဘူး”

ဟန်မူယဲ့၏အသံက ညင်သာသော်လည်း ခိုင်မာသည်။

ကြယ်စင်စုစကြဝဠာတွင် စကြဝဠာအဆင့်လက်နက်များအားလုံးကို လောက၏စွမ်းအားဖြင့် ပျိုးထောင်ထားသည်။

တစ်ခုတည်းသောချွင်းချက်သည် ဟန်မူယဲ့ ဖြစ်သည်။

ထိုအရာသည် သူ၏ အစစ်အမှန်မှီခိုရာ ဖြစ်သည်။

လုမိသားစုသည် သူ၏အကူအညီကို တောင်းခံရလိမ့်မည်။

ထို့အပြင် ထိုအရာသည် ကြယ်စင်စုစကြဝဠာအား အမှန်တကယ် အကွက်ချနေသောအစီအစဉ် စတင်ခြင်း ဖြစ်သည်။

ပြန်လည်ပေါ်ထွက်လာသော စကြဝဠာအဆင့်လက်နက်များ၏ ဆွဲဆောင်မှုကို မည်သူက ခုခံနိုင်မည်နည်း။

“ဘုန်း”

မိုးပြိုကျနေသကဲ့သို့ ကျယ်လောင်သောအသံကို ကြားရသည်။

လုမိသားစု၏ စစ်ပွဲသားရဲက ပျံသန်းထွက်သွားပြီး ရှေ့တွင်ရှိသော လေဟာနယ်ကို ထိုးခွဲလိုက်သည်။

အဝေးတစ်နေရာတွင် တူညီသော စစ်ပွဲသားရဲသုံးကောင်ကို မြင်နိုင်သည်။

ထိုအရာသည် လုမိသားစု၏ အကြီးအကဲများ ယူဆောင်လာသော မိသားစုရတနာ ဖြစ်သည်။

ထာဝရစစ်ပွဲသားရဲ ....

“လုမိသားစုက ရှေးခေတ်ရဲ့ သားရဲတစ်သောင်းဂိတ်နဲ့ ပတ်သတ်နေရမယ်”

ဟန်မူယဲ့က တီးတိုးပြောလိုက်ပြီး နောက်လှည့်မကြည့်ဘဲ ရှေ့ဆက်သွားခဲ့သည်။

သားရဲတစ်သောင်းဂိတ်သည် လျန်ထျန်းဂိုဏ်းထက် အင်အားကောင်းသော အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်ခဲ့သည်။

သို့သော် နောက်ပိုင်းမျိုးဆက်များတွင် ထိုဂိုဏ်း၏အကြောင်းကို မကြားရတော့ပေ။

ရှေးခေတ်အချိန်၏ အမွေအနှစ်များသည် အလွန်ရှားပါးသည်။ အကယ်၍ ရှိနေလျှင်လည်း အင်အားစုကြီးတစ်ခုက ချုပ်ကိုင်ထားသည်။

ဟန်မူယဲ့က လုမိသားစုစီစဉ်ပေးသော ခြံဝိုင်းထဲသို့ ရောက်လာပြီး အနားယူခဲ့သည်။ ခဏအကြာတွင် လုကျီကျန်းနှင့် တခြားလူများ ရောက်လာကြသည်။

သူတို့က ဧရာမဝိညာဉ်ချပ်ဝတ်နှင့် လက်နက်များအား ပြုပြင်ပေးရန်အတွက် ဆုကြေးကို ယူလာခဲ့သည်။

ပုံမှန်ထက် ငါးဆ ဖြစ်သည်။

ပျက်စီးနေသော ချပ်ဝတ်နှင့် လှံရှည်များကို ပြုပြင်ပေးရန်အတွက် လိုအပ်သောကုန်ကျစရိတ်ကို သေချာတွက်ချက်ထားပြီး ငါးဆတိုး၍ ပေးခဲ့သည်။

လုမိသားစုတွင် အားကောင်းသော ပန်းပဲပညာရှင်များ အမှန်တကယ်ပင် ရှိနေသည်။

သူတို့၏ ကျွမ်းကျင်မှုသည် လျှို့ဝှက်ကောင်းကင်မြို့၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်ဆယ့်နှစ်ယောက်နှင့် ယှဉ်နိုင်လိမ့်မည်။

ဟန်မူယဲ့က ယဉ်ကျေးမနေဘဲ လက်ခံလိုက်ပြီး တံခါးပိတ်ကျင့်ကြံလိုက်သည်။

သူက အမှန်တကယ်ပင် ကျင့်ကြံရန် လိုအပ်နေသည်။

သူက စကြဝဠာနယ်မြေတွင် လက်နက်များကို ဆက်တိုက်သန့်စင်ပြီး တိုက်ခိုက်ခဲ့ရသည်။ ထိုသို့ဖြင့် ကိုယ်ပိုင်စွမ်းအားကို စုစည်းနိုင်ရန် နည်းလမ်းရလာသည်။

သူ၏ ကျင့်ကြံခြင်းသည် အဆီအနှစ်၊ ချီနှင့် ဝိညာဉ်တို့ တစ်သားတည်းဖြစ်သွားသောအချိန်သို့ အလိုလျောက် ရောက်လာခဲ့သည်။

သူ၏ မူလဝိညာဉ်ဓားသည် အသန်မာဆုံးအခြေအနေတွင် ရှိနေသည်။ ယခုအချိန်တွင် စတုတ္ထမြောက်ဓားကို စုစည်းရန် ဆုံးဖြတ်ရမည်။

စတုတ္ထမြောက်ဓားကို စုစည်းနိုင်လျှင် ကောင်းကင်စက်ဝန်းဓားဝင်္ကပါသည် ပြီးပြည့်စုံသွားလိမ့်မည်။

ထိုအချိန်တွင် သူ၏ ဓားပညာရပ်က အသွင်ပြောင်းသွားမည်။

ဓားနတ်ဘုရား ဖြစ်သည်။

ထိုအရာသည် ဘွဲ့ထူးတစ်ခုသာမက အဆင့်အတန်းတစ်ခုလည်း ဖြစ်သည်။

ဓားပညာရပ်၏ နတ်ဘုရားတစ်ပါး ဖြစ်လာမည်။

ထိုဘွဲ့ထူးသည် အင်မော်တယ်ဘုရင်ထက် ပိုအဆင့်မြင့်ပြီး ကျင့်ကြံခြင်းလမ်းစဉ်တစ်ခု၏ အထွတ်အထိပ်ကို ကိုယ်စားပြုသည်။

ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ ဓားဘုရင်ယွမ်ထျန်းနှင့် ဤနေရာတွင်ရှိခဲ့သော ဓားဘုရင်လုယွဲ့တို့ကဲ့သို့ ဖြစ်သည်။

ဟန်မူယဲ့၏ လက်ရှိကျင့်ကြံခြင်း၊ ရုပ်ခန္ဓာနှင့် ဝိညာဉ်သည် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများထက် တစ်ဆင့်သာ နိမ့်ကျသည်။ နောက်ဆုံး ပေါင်းစပ်သွားမည့်အချိန်ကို လိုအပ်နေရုံသာ ဖြစ်သည်။

အမှန်အတိုင်းပြောရလျှင် သူက ထိပ်ဆုံးသို့ ရောက်သွားနိုင်မည့် နည်းလမ်းကို ပိုင်ဆိုင်ထားသည်။

သူ၏ ခန္ဓာကိုယ်ကို ရုပ်သေးရုပ်အဖြစ် သန့်စင်လိုက်လျှင် ရသည်။

သို့သော် သူက စဉ်းစားကြည့်လိုက်ပြီး ထိုနည်းလမ်းကို စွန့်လွှတ်ခဲ့သည်။

လက်ရှိအချိန်တွင် သူက ပန်းပဲပညာလမ်းစဉ်၏ သဏ္ဍာန်မဲ့အဆင့်သို့ မရောက်သေးပေ။

သဏ္ဍာန်မဲ့အဆင့်သို့ ရောက်သွားမှသာ သူက ကိုယ်ပိုင်ရုပ်သေးရုပ်ကို သန့်စင်မည်။

လောကတွင်ရှိသော ရုပ်ဝတ္တုပစ္စည်းများအားလုံးသည် အချိန်နှင့်အတူ ယိုယွင်းသွားလိမ့်မည်။

သဏ္ဍာန်မဲ့ကသာ ခေတ်တစ်လျှောက် မပျက်စီးဘဲ တည်ရှိနေလိမ့်မည်။

“ဟမ်”

သွေးရောင်စီးကြောင်းများသည် ဟန်မူယဲ့၏ပတ်ဝန်းကျင်တွင် ပေါ်ထွက်လာပြီး သူ၏ အင်မော်တယ်ကျင့်ကြံခြင်းစွမ်းအားနှင့် ပေါင်းစပ်သွားသည်။

ဘေးတွင် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က စောင့်ကြပ်ပေးနေသည်။

ရှေးခေတ်၏ အသန်မာဆုံးရုပ်ခန္ဓာ၊ ကမ္ဘာဦးခေတ် အုပ်ချုပ်သူအဆင့်သားရဲ၏ စွမ်းအား ....

တချို့လူများက ရုပ်ခန္ဓာကို စွန့်ပစ်ရန် ရွေးချယ်ခဲ့သောအချိန်တွင် ဟန်မူယဲ့က ကိုယ်ပိုင်ရုပ်ခန္ဓာကို စုစည်းရန် ကြိုးစားနေသည်။

ထိုလမ်းစဉ်၏ အမှန်နှင့်အမှားကို သေချာမသိနိုင်ပေ။

လောကတွင် မရေမတွက်နိုင်သော ကျင့်ကြံခြင်းလမ်းစဉ်များ ရှိကြသည်။ သို့သော် အနည်းငယ်ကသာ အထွတ်အထိပ်သို့ ရောက်နိုင်သည်။

ထိုအရာသည် ကျင့်ကြံခြင်း၏ သဘာဝပင် ဖြစ်သည်။ ထိပ်ဆုံးသို့ရောက်ရန် နီးကပ်လေ ခက်ခဲလေ ဖြစ်သည်။

ဟန်မူယဲ့က တိတ်ဆိတ်စွာ ကျင့်ကြံနေသောအချိန်တွင် ဒါဇင်ချီသော လုမိသားစု၏ အကြီးအကဲနှင့် ရာချီသော ပန်းပဲပညာရှင်များက အပြင်ဘက်တွင် စုဝေးနေကြသည်။

ရင်ပြင်ကျယ်တွင် အမျိုးမျိုးသော လက်နက်၊ ချပ်ဝတ်နှင့် ရုပ်သေးရုပ်များကို မြင်ရသည်။

ပစ္စည်းတိုင်းသည် များပြားသော ဒဏ်ရာဒဏ်ချက်များကို သယ်ဆောင်ထားသည်။

ပျက်စီးနေသော ထောင်ချီသည့် ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် လက်နက်များကိုလည်း မြင်ရသည်။

“ကောင်းကင်ဖိအားကို ဖြေလျော့လိုက်တဲ့အတွက် မူရမြို့မှာ ပိုပြီး လူစုနိုင်ခဲ့တယ်။ ဒါပေမဲ့ အလင်းတန်းကုန်းမြေရဲ့ တည်နေရာကလည်း ပေါ်သွားတယ်”

အစိမ်းရောင်ဝတ်စုံနှင့် အကြီးအကဲတစ်ယောက်က လုမိသားစုခေါင်းဆောင် လုချန်းယွဲ့ကို လေးနက်စွာ ပြောလိုက်သည်။

သူ့နာမည်က လုကျူလင်းဖြစ်ပြီး လုမိသားစု၏ ဘိုးဘေးအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူက လုချန်းယွဲ့ထက် အနည်းငယ်သာ အားနည်းသည်။

အဘယ်ကြောင့်ဆိုသော် လုမိသားစု၏ နည်းပါးသော ဘိုးဘေးအဆင့် ကျွမ်းကျင်သူများသည် မိသားစု၏ ထိပ်တန်းအဆင့် ရတနာများကို မပိုင်ဆိုင်ကြပေ။

လုမိသားစု၏ စည်းကမ်းများအရ ဒုတိယအဆင့် အားအကောင်းဆုံး အကြီးအကဲများသည် ထိပ်တန်းအဆင့် ရတနာများကို ကိုင်ဆောင်ထားကြသည်။ ထို့ကြောင့် သူတို့က ပထမတန်းစား အကြီးအကဲများ ဖြစ်လာပြီး လုမိသားစု၏ ခွန်အားကို ပိုမိုမြှင့်တင်ပေးနိုင်မည်။

လုချန်းယွဲ့က လုကျူလင်းကို စကားပြန်မပြောခဲ့ပေ။ သူက သိပ်မဝေးသောနေရာတွင် ရှိနေသည့် ဆံပင်ဖြူနှင့် အကြီးအကဲကို ကြည့်လိုက်သည်။

“တာအိုသူတော်စင်တောက်၊ ရုပ်သေးရုပ်နဲ့ ချပ်ဝတ်တွေကို ပြုပြင်ဖို့ ဘယ်လိုလဲ”

သူ့စကားကို ကြားရသောအခါ လူတိုင်းက ဆံပင်ဖြူနှင့် အကြီးအကဲကို ကြည့်လိုက်ကြသည်။

လုမိသားစု၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင် တောက်လွင်သည် အလွန်အားကောင်းပြီး ပါရမီရှင်တစ်ယောက်ဖြစ်‌သော ကျန်းယောင်ရန်နှင့်ပင် ယှဉ်နိုင်သည်။

“လက်ရှိအမြန်နှုန်းအတိုင်းဆိုရင် လက်နက်တွေရဲ့ ဆယ်ပုံတစ်ပုံကို ပြုပြင်ဖို့ နှစ်တစ်ရာလောက် ကြာလိမ့်မယ်”

တောက်လွင်က ခေါင်းခါလိုက်ပြီး အကူအညီမဲ့စွာ ပြောသည်။

“အဲဒီလိုလုပ်ဖို့အတွက် စကြဝဠာနယ်မြေကနေ ဆင့်ခေါ်ထားတဲ့ ပန်းပဲပညာရှင်တွေကို လိုအပ်တယ်။ တကယ်လို့ သူတို့ မရှိဘူးဆိုရင် .....”

စစ်ကူရောက်လာသော ပန်းပဲပညာရှင်များကို မစုစည်းနိုင်လျှင် ဆယ်ပုံတစ်ပုံပင် ပြီးမည်မဟုတ်ပေ။

တောက်လွင်သည် ထိုအကြောင်းကို ကြိုတင်ခန့်မှန်းထားခဲ့သည်။

သူက အတွေ့အကြုံပြည့်ဝသော ပန်းပဲပညာရှင်တစ်‌ယောက် ဖြစ်သောကြောင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များအား ပြုပြင်ရာတွင် ရာနှုန်းပြည့် အောင်မြင်မှုရမည်ဟု မပြောနိုင်ပေ။

သို့သော် သူက လုမိသားစု၏ ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သောကြောင့် အလင်းတန်းကုန်းမြေ၏ အရေးကြီးပုံကို သိနေသည်။ အကယ်၍ သူတို့က လျင်မြန်စွာ မဖြေရှင်းနိုင်လျှင် လုမိသားစု၏ အခြေခံအုတ်မြစ်က ယိမ်းယိုင်လာလိမ့်မည်။

“နှစ်တစ်ရာ၊ ဆယ်ပုံတစ်ပုံ .....”

လုချန်းယွဲ့က ခေါင်းခါသည်။

လုမိသားစု၏ တခြားအကြီးအကဲများကလည်း မျက်နှာထားဆိုးဝါးနေသည်။

ထိုပုံအတိုင်းဆိုလျှင် အသုံးမဝင်ပေ။

“ခေါင်းဆောင်၊ ဆုံးဖြတ်ချက်ချပါ”

လုကျူလင်းက ပြောသည်။

“အနိုင်ရဖို့ မဖြစ်နိုင်ဘူးဆိုရင် အလင်းတန်းကုန်းမြေကို စွန့်ပစ်ရပါမယ်”

သူက လုမိသားစု၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့် ဤတစ်ကြိမ်တွင် လူငါးယောက်ပါဝင်သော အကြီးအကဲအုပ်စုကို ကိုယ်စားပြုထားသည်။

လုချန်းယွဲ့က အလင်းတန်းကုန်းမြေကို စွန့်ပစ်မည်ဟု ပြောလိုက်လျှင် သူက စကြဝဠာနယ်မြေတွင်ရှိသော လုမိသားစု၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများကို ဆက်သွယ်ပြီး အလင်းတန်းကုန်းမြေ၏ ကောင်းကင်ဖိအားကို ရုတ်သိမ်းပစ်မည်။

ထိုအချိန်တွင် လုမိသားစု၏ ခွန်အားက အလင်းတန်းကုန်းမြေတစ်ခုလုံးကို နင်းချေပစ်နိုင်မည်။

လုမိသားစု၏ အစစ်အမှန်ခွန်အားသည် အပေါ်ယံတွင် ဖော်ပြထားသကဲ့သို့ မဟုတ်ပေ။

အလင်းတန်းကုန်းမြေသည် လုမိသားစု၏ အခြေခံအုတ်မြစ်ကို ဘယ်သောအခါမှ မထိခိုက်စေနိုင်ပေ။

အလင်းတန်းကုန်းမြေကို ဆုံးရှုံးခဲ့လျှင် လူငယ်များ လေ့ကျင့်နိုင်မည်နေရာတစ်ခု လျော့သွားမည်။ သို့သော် လုမိသားစု၏ ကျွမ်းကျင်သူများကို ပြန်ခေါ်လိုက်လျှင် စကြဝဠာနယ်မြေတွင်ရှိသော အဆင့်အတန်းကို ထိန်းသိမ်းထားနိုင်မည်။

ထိုသို့ နယ်မြေတစ်ခုကို စွန့်လွှတ်ရခြင်းသည် အနည်းငယ် မျက်နှာပျက်ရသော်လည်း သိပ်အရေးမပါပေ။

“အလင်းတန်းကုန်းမြေကို စွန့်ပစ်ရမှာလား ....”

လုချန်းယွဲ့၏မျက်နှာထားက လေးနက်နေသည်။

“ငါ လုချန်းယွဲ့က လုမိသားစုရဲ့ အပြစ်သားတစ်ယောက် ဖြစ်လာတော့မှာလား”

သူ့မျက်နှာက ဖြူဖျော့ပြီး နှုတ်ခမ်းထောင့်တွင် ရွှေရောင်သွေးတချို့ စီးကျနေသည်။

ကန်အန်းမျိုးနွယ်၏ ထိပ်တန်းအဆင့် ကျွမ်းကျင်သူများနှင့် တိုက်ပွဲတွင် သူက အမှန်တကယ်ပင် ဒဏ်ရာရသွားခဲ့သည်။

ထိုသို့မဟုတ်လျှင် အခြေအနေက ဤသို့ ဖြစ်လာမည်မဟုတ်ပေ။

လုချန်းယွဲ့၏ပုံစံကို မြင်ရသောအခါ ပတ်ဝန်းကျင်တွင်ရှိသော အကြီးအကဲများ၏ မျက်နှာထားက မည်းမှောင်သွားသည်။

လုချန်းယွဲ့က လုမိသားစု၏ အပြစ်သား မဖြစ်ချင်ပေ။ ထို့အတူပင် သူတို့ကလည်း မဖြစ်ချင်ပေ။

အလင်းတန်းကုန်းမြေကို လက်လွှတ်ခဲ့လျှင် လူငယ်မျိုးဆက်သစ်များအတွက် လေ့ကျင့်ရန် နေရာကောင်းတစ်ခု ပျောက်ဆုံးသွားလိမ့်မည်။

ထိုအရာသည် မိသားစု၏ အနာဂတ်ကို သက်ရောက်လာမည်။

“ခေါင်းဆောင်၊ တကယ်လို့ ဆရာဟန်က စကြဝဠာအဆင့် လက်နက်တွေကို ပြုပြင်နိုင်တယ်ဆိုရင် သုံးခု၊ ငါးခုလောက် ပြန်ကောင်းလာရင်တောင် ဒီတိုက်ပွဲရဲ့ အခြေအနေကို လွှမ်းမိုးနိုင်လိမ့်မယ်”

စကြဝဠာနယ်မြေမှ စစ်ကူပေးရန်ရောက်လာသော လုကန်းကျီက ပြောခဲ့သည်။

သင်္ဘောပျံများနှင့် ထွက်လာသောအချိန်တွင် သူနှင့် လုကန်ရှန်းက နတ်အာရုံဆက်သွယ်၍ စကားပြောခဲ့သည်။

လုကန်ရှန်း၏စကားအရ ဆရာဟန်သည် လောက၏ ထိပ်တန်းအဆင့် ပန်းပဲပညာရှင်တစ်ဦး ဖြစ်ပြီး လုမိသားစု၏ လက်ရွေးစင်ဖြစ်သော လုကျီရှုကိုယ်တိုင် ဖိတ်ခေါ်လာခဲ့သည်။

All Chapters