အခန်း (၁၄၁၇)
Vol. 102 Ch. 1417
လုကန်းကျီက အလင်းတန်းကုန်းမြေသို့ ထွက်မလာခင် ဆရာဟန်နှင့် ပတ်သတ်သော လျှို့ဝှက်ကောင်းကင်မြို့၏ သတင်းတချို့ကို ကြားခဲ့ရသည်။ သို့သော် သူက ပန်းပဲပညာရှင်တစ်ယောက် မဟုတ်သောကြောင့် အသေးစိတ်အချက်အလက်များကို အာရုံမစိုက်ခဲ့ပေ။ ဆရာဟန်က အလင်းတန်းကုန်းမြေသို့ ရောက်လာမည်ဟုလည်း ထင်မထားခဲ့ပေ။
“သူလား။ သူက ငါးဆပိုပြီး ဈေးတောင်းတယ်”
အနီးအနားတွင်ရှိသော အကြီးအကဲတစ်ယောက်က မကျေနပ်သောမျက်နှာထားဖြင့် ခေါင်းခါသည်။
“သူက ပန်းပဲပညာရှင်အစည်းအရုံးရဲ့ ပင်မအကြီးအကဲလေးတစ်ယောက်ပဲ။ ဘယ်လောက် စွမ်းရည်ရှိမှာမလို့လဲ။ ဒါတောင် မောက်မာနေသေးတယ်”
တခြားအကြီးအကဲတစ်ယောက်ကလည်း ရေရွတ်သည်။
“အဲဒါက ခေါင်းဆောင်ကိုယ်တိုင် တွေ့ချင်တယ်လို့ ပြောခဲ့တဲ့ ဆရာဟန်လား”
တခြားလူများ၏စကားကို ကြားရသောအခါ တောက်လွင်၏မျက်နှာထားက ပြောင်းလဲသွားသည်။
“သူက နတ်ဘုရားတစ်သောင်း ဘုရားကျောင်းကနေ ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တွေကို ပြုပြင်ပေးခဲ့တဲ့လူလား။ စကြဝဠာအဆင့်တွေကိုတောင် ပြုပြင်နိုင်တယ်လို့ သတင်းထွက်နေသေးတယ်”
တောက်လွင်၏မျက်လုံးများက တောက်ပနေသည်။
“တကယ်လို့ စကြဝဠာအဆင့်ရုပ်သေးရုပ်တွေကို ပြုပြင်နိုင်တယ်ဆိုရင် အလင်းတန်းကုန်းမြေကို စွန့်ပစ်လိုက်ရင်လည်း အရေးမကြီးဘူး”
ပတ်ဝန်းကျင်တွင်ရှိသော လူများက အံ့အားသင့်သွားကြသည်။
လုချန်းယွဲ့က ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။
ဤနေရာတွင် ပျက်စီးနေသော စကြဝဠာအဆင့်ရုပ်သေးရုပ် အခုနှစ်ဆယ်ခန့် ရှိနေသည်။
ထိုထဲတွင် ရှေးခေတ်၏ စစ်ပွဲသားရဲသုံးကောင်လည်း ပါဝင်သည်။
အကယ်၍ ထိုစကြဝဠာအဆင့် ပစ္စည်းများကို ၃၀%ခန့် ပြုပြင်နိုင်လျှင် မူရမြို့၏ ခွန်အားကလည်း ၃၀%တိုးတက်သွားလိမ့်မည်။
ဤတစ်ကြိမ်ရောက်လာသော စစ်ကူများကို ထည့်တွက်လိုက်လျှင် အလင်းတန်းကုန်းမြေ၏ စစ်ပွဲအခြေအနေကို သေချာမပြောနိုင်တော့ပေ။
အကယ်၍ လုမိသားစုက အလင်းတန်းကုန်းမြေကို စွန့်လွှတ်ရလျှင်ပင် လုံလောက်သော စကြဝဠာအဆင့်လက်နက်များ ရှိနေသ၍ ဆုံးရှုံးမှုကို လျစ်လျူရှုထားနိုင်သည်။
“ငါးဆပေးရမှာလား ....”
လုချန်းယွဲ့က အသက်ရှူသွင်းလိုက်သည်။
လုမိသားစု၏ စည်းကမ်းများကို ချိုးဖောက်မိတော့မည်။
“တကယ်လို့ သူက စကြဝဠာအဆင့် ရတနာတွေကို ပြုပြင်နိုင်တယ်ဆိုရင် ငါးဆပေးရတာ ဘာဖြစ်သွားမှာမလို့လဲ”
တောက်လွင်က ခေါင်းခါလိုက်ပြီး ကျယ်လောင်စွာပြောသည်။
“တခြားမိသားစုတွေက သူ့ကို ဖိတ်ခေါ်ဖို့အတွက် ဆယ်ဆပေးကြလိမ့်မယ်”
စကြဝဠာအဆင့် ပစ္စည်းများကို ပျိုးထောင်ရန်သာ ဖြစ်နိုင်သည်။ ပြုပြင်ရန် မဖြစ်နိုင်ပေ။ ထိုအရာသည် လောကစည်းမျဉ်း ဖြစ်သည်။
စကြဝဠာအဆင့် ရတနာကို ပြုပြင်နိုင်သော ပန်းပဲပညာရှင်သည် အလွန်တန်ဖိုးရှိသည်။
“ကောင်းပြီ။ ဆရာဟန်ကို လှုပ်ရှားခိုင်းလိုက်တာပေါ့”
လုချန်းယွဲ့က ရင်ပြင်ကို ကြည့်လိုက်ပြီး လေးနက်စွာပြောသည်။
“ငါတို့က နောက်ထပ်ဆယ်နှစ် တောင့်ခံထားမယ်”
“ဆယ်နှစ်အတွင်းမှာ သူက စကြဝဠာအဆင့်ရတနာတစ်ခုကို မပြုပြင်နိုင်ရင် အလင်းတန်းကုန်းမြေကို စွန့်လွှတ်မယ်”
ဆယ်နှစ် ....
စကြဝဠာအဆင့်လက်နက်ကို ပြုပြင်ရန်အတွက် ဆယ်နှစ် ....
တောက်လွင်က စကားပြောရန် ပြင်လိုက်သော်လည်း မပြောဖြစ်ခဲ့ပေ။
ထိုအရာသည် မဖြစ်နိုင်ပေ။
နေ့တစ်ဝက်အကြာတွင် ဟန်မူယဲ့က ရင်ပြင်သို့ ရောက်လာသည်။
လုချန်းယွဲ့နှင့် လုမိသားစု၏ အကြီးအကဲများက မရှိတော့ပေ။
“ဆရာဟန်၊ ဆယ်နှစ်အတွင်းမှာ စကြဝဠာအဆင့် ရုပ်သေးရုပ် ဒါမှမဟုတ် လက်နက်တစ်ခုကို ပြုပြင်ဖို့ ဘယ်လောက် ယုံကြည်ချက်ရှိလဲ”
လွင်တောက်က အလွန်ငယ်ရွယ်ပုံရသော နတ်ဘုရားအဆင့်ပန်းပဲပညာရှင်ကို ကြည့်လိုက်ပြီး ညင်သာစွာပြောသည်။
“ဆယ်နှစ်၊ တစ်ခုလား”
ဟန်မူယဲ့၏မျက်လုံးများက တောက်ပနေသည်။
“ယုံကြည်ချက်ဘယ်လောက်ရှိလဲလို့ မေးနေတာလား”
သူက ပြင်းထန်သော နတ်ဘုရားအလင်းကို ထုတ်လွှတ်နေသည်။
“ငါ ဟန်မူယဲ့ကို ဒီလောက်တောင် မယုံကြည်ကြဘူးလား”
ကျင့်ကြံခြင်းဖြစ်စေ၊ ပန်းပဲပညာရပ်ဖြစ်စေ ဟန်မူယဲ့က လောက၏ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်။
သူက ဓားကျင့်ကြံသူတစ်ယောက်အနေဖြင့် လောက၏ အထွတ်အထိပ်တွင် ရပ်တည်နေသည်။
သူက ပန်းပဲပညာရှင်တစ်ယောက်အနေဖြင့် သမိုင်းတစ်လျှောက်တွင် မရှိဖူးသော နတ်ဘုရားပန်းပဲပညာရှင်တစ်ယောက် ဖြစ်လာရန် ရည်ရွယ်ထားသည်။
စကြဝဠာအဆင့် ရုပ်သေးရုပ်နှင့် ချပ်ဝတ်များသည် တခြားလူများအတွက် ပြုပြင်ရန် ခက်ခဲသော်လည်း သူ့အတွက် မဟုတ်ပေ။
သူက စကြဝဠာအဆင့် ရတနာများကို ပြုပြင်ချင်သောကြောင့် လုမိသားစုသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ဟန်မူယဲ့က ပေသုံးဆယ်ကြီးမားသော စစ်ပွဲသားရဲရုပ်သေးကို ကြည့်လိုက်သည်။
သူက လှုပ်ရှားလိုက်ပြီး သားရဲရုပ်သေး၏ဘေးသို့ ရောက်လာသည်။
သူ၏လှုပ်ရှားမှုကြောင့် တောက်လွင်၏မျက်နှာထားက ပြောင်းလဲသွားသည်။ သူက လျင်မြန်စွာလိုက်လာပြီး တီးတိုးပြောသည်။
“ဆရာဟန်၊ တခြားတစ်ခုကို ရွေးလိုက်ပါ။ ဒါက .....”
“ထာဝရစစ်ပွဲသားရဲ”
ဟန်မူယဲ့က ပြောလိုက်သောကြောင့် တောက်လွင်က အံ့အားသင့်သွားသည်။
ဟန်မူယဲ့က စကြဝဠာနယ်မြေ၏ အပြင်ဘက်မှ ရောက်လာသော ပန်းပဲပညာရှင်တစ်ယောက် ဖြစ်သည်။ သို့သော် သူက သားရဲရုပ်သေးကို သိနေသည်။
“ဆရာဟန်ရဲ့ ပန်းပဲပညာအမွေအနှစ်က ဘယ်ကနေ ဆင်းသက်လာတာ ....”
တောက်လွင်က စကားအဆုံးအထိ မပြောခဲ့ပေ။
တခြားလူတစ်ယောက်၏ အမွေအနှစ်အကြောင်းကို မေးမြန်းခြင်းသည် ရိုင်းစိုင်းသည်။
ဟန်မူယဲ့ကလည်း စကားမပြောခဲ့ပေ။ သူက လက်မြှောက်ပြီး ဘေးတွင်ရှိသော သားရဲရုပ်သေးပေါ်တွင် လက်တင်လိုက်သည်။
“ဟမ်”
သူက စိတ်ထဲတွင် တုန်ခါသံကို ကြားလိုက်ရသည်။
မြင်ကွင်းအမျိုးမျိုး ပေါ်ထွက်လာသည်။
စစ်ပွဲသားရဲကို သန့်စင်ခဲ့သော ဖြစ်စဉ်၊ တိုက်ပွဲမြင်ကွင်းများ၊ မရေမတွက်နိုင်သော သွယ်ယှက်နေသည့် အလင်းစီးကြောင်းများ ....
ရှေးခေတ်အမွေအနှစ်အရ အဆင့်မြင့်ဝိညာဉ်သတ္တုများကို အသုံးပြုပြီး စစ်ပွဲသားရဲ၏ ခန္ဓာကိုယ်ကို သန့်စင်ခဲ့သည်။
ထိုစစ်ပွဲသားရဲမျိုးသည် နတ်ဘုရားသားရဲ၏ အစစ်အမှန်ခွန်အားကို ပိုင်ဆိုင်ရုံသာမက ကြံ့ခိုင်သော ခန္ဓာကိုယ်ကြောင့် ကြောက်ရွံ့စိတ်ကင်းမဲ့သော ဝိညာဉ်စွမ်းအားနှင့် ထိန်းချုပ်နိုင်သည့် စစ်ပွဲရုပ်သေးများ ဖြစ်လာခဲ့သည်။
ထိုသားရဲရုပ်သေးများကြောင့် ရှေးခေတ်၏ သားရဲတစ်သောင်းဂိတ်သည် ပြိုင်ဘက်ကင်းခဲ့သည်။
ထိုခေတ်တွင် သားရဲတစ်သောင်းဂိတ်က နယ်မြေတစ်ခုကို လွှမ်းမိုးထားခဲ့သည်။ နောက်ပိုင်းတွင် မရေမတွက်နိုင်သော ပြင်ပဘုံ၏ရန်သူများ ချိုးဖောက်ဝင်ရောက်လာခဲ့သည်။
သားရဲရုပ်သေးများသည် သန်မာသော်လည်း အရေအတွက်နည်းပါးသည်။
ပန်းပဲပညာဂိုဏ်းကြီးသုံးဂိုဏ်းက ထောက်ပံ့ပေးခဲ့သော်လည်း သားရဲတစ်သောင်းဂိတ်က ကြာရှည်မခုခံနိုင်ဘဲ ပြင်ပဘုံရန်သူများ၏ လက်ထဲသို့ ကျရောက်သွားခဲ့သည်။
သားရဲတစ်သောင်းဂိတ်သည် အလုံစုံပျက်စီးသွားခဲ့သည်။
သူတို့၏ အမွေအနှစ်ဖြစ်သော သားရဲရုပ်သေးများကို အင်အားစုအများအပြားက ထိန်းချုပ်ထားခဲ့သည်။
နောက်ပိုင်းတွင် ကြယ်စင်စုစကြဝဠာ၏ ပန်းပဲပညာလမ်းစဉ်ကို သားရဲရုပ်သေးများကလည်း လွှမ်းမိုးခဲ့သည်။
ရှေးခေတ်တွင် လူအများအပြားစုပေါင်း၍ ချပ်ဝတ်ကို ထိန်းချုပ်ရန် မလုပ်ခဲ့ကြပေ။
သားရဲရုပ်သေးများ၏ ပန်းပဲနည်းစနစ်သည် မျိုးဆက်သစ်များအပေါ်တွင် နက်ရှိုင်းစွာ သက်ရောက်မှုရှိသည်ဟု ပြောနိုင်သည်။
ဟန်မူယဲ့၏စိတ်ထဲတွင် ပြင်ပဘုံရန်သူများနှင့် တိုက်ခိုက်နေသော စစ်ပွဲသားရဲများကို မြင်ရသည်။
ထို့အပြင် လိုအပ်လာလျှင် ထုတ်သုံးရန် လျှို့ဝှက်စွာ သိမ်းဆည်းထားသော သားရဲရုပ်သေးများ၏ မြင်ကွင်းကိုလည်း မြင်ခဲ့ရသည်။
အစပိုင်းတွင် လူတစ်ယောက်က သားရဲရုပ်သေးအများအပြားကို ထိန်းချုပ်ထားသော်လည်း နောက်ပိုင်းတွင် လူတစ်ယောက်က သားရဲရုပ်သေးတစ်ခုကို ထိန်းချုပ်သည်အထိ ဖြစ်လာခဲ့သည်။
သားရဲရုပ်သေးအများစုကို ထိန်းချုပ်ရန်အတွက် ကမ္ဘာဦးအဆင့် ကျွမ်းကျင်သူများက ပူးပေါင်းရသည်။
ကမ္ဘာဦးအဆင့်နှင့် စကြဝဠာအဆင့် ရုပ်သေးရုပ်၊ ချပ်ဝတ်များကဲ့သို့ ထိုနည်းလမ်း၏ အားနည်းချက်သည် ခွန်အားကို အပြည့်အဝ ထုတ်မသုံးနိုင်ခြင်း ဖြစ်သည်။
သူ့ရှေ့တွင်ရှိသော ရှေးခေတ် သားရဲတစ်သောင်းဂိတ်၏ သားရဲရုပ်သေးသည်လည်း ထိုသို့ပင် ဖြစ်သည်။ အစစ်အမှန်ခွန်အားကို ဘယ်တော့မှ ထုတ်မပြနိုင်တော့ပေ။
လုမိသားစုက ထိုသားရဲရုပ်သေး၏ ခွန်အား ၃၀%ကိုပင် အသုံးမပြုနိုင်ပေ။
လုမိသားစုခေါင်းဆောင် လုချန်းယွဲ့ ထိန်းချုပ်ထားသော စစ်ပွဲသားရဲသည် ခွန်အား၏ ၂၀%ခန့်ကိုသာ ထုတ်သုံးနိုင်သည်။
သို့သော် ထိုစွမ်းအားသည် ကန်အန်းမျိုးနွယ်၏ တောင်ပံဆယ့်နှစ်ခုကျွမ်းကျင်သူများနှင့် ယှဉ်နိုင်သည်။
အမှန်အတိုင်းပြောရလျှင် ကြယ်စင်စုစကြဝဠာ တစ်ခုတည်းကသာ နိမ့်ကျသွားခြင်း မဟုတ်ပေ။
ကန်အန်းမျိုးနွယ်စုကလည်း ယခင်ကဲ့သို့ စကြဝဠာများကို မဖျက်ဆီးနိုင်တော့ဘဲ ထင်မှတ်မထားလောက်အောင် အားနည်းလာသည်။
ရွှေအလင်းသည် ဟန်မူယဲ့၏ ပတ်ဝန်းကျင်တွင် ပေါ်လာခဲ့သည်။
သူက ဖြည်းဖြည်းချင်း လက်ရုတ်လိုက်သည်။ သူ့မျက်လုံးများက နက်ရှိုင်းစွာ တောက်ပနေသည်။
သူက စစ်ပွဲသားရဲ၏ရှေ့တွင် ဖြည်းဖြည်းချင်း ထိုင်ချလိုက်ပြီး ပတ်ဝန်းကျင်တွင် မီးတောက်များကို ထုတ်လွှတ်သည်။
‘ဒါက ....’
တောက်လွင်က မျက်လုံးပြူးသွားသည်။
ပတ်ဝန်းကျင်တွင် ပြန့်ကျဲနေသော ပန်းပဲပညာရှင်များကလည်း ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
‘ဒီစစ်ပွဲသားရဲကို ပြုပြင်နိုင်တဲ့လူ လောကမှာ ရှိနေသေးတာလား’
‘ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ’
ပုံရိပ်တစ်ခုသည် ဟန်မူယဲ့၏ဘေးသို့ တိတ်ဆိတ်စွာ ဆင်းသက်လာသည်။ ဓားကိုင်ထားသော နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ်က ပတ်ဝန်းကျင်ကို သတိထားပြီး စောင့်ကြပ်နေသည်။
“သူ၊ သူက ထာဝရစစ်ပွဲသားရဲကို ပြုပြင်တော့မှာလား”
သိပ်မဝေးသောနေရာတွင် ပုံရိပ်အများအပြား ပေါ်ထွက်လာသည်။
လုမိသားစုခေါင်းဆောင် လုချန်းယွဲ့နှင့် ထိပ်တန်းအဆင့် ကျွမ်းကျင်သူဖြစ်သော လုကျူလင်း၏ မျက်နှာထားက လေးနက်နေသည်။
“မဖြစ်နိုင်ဘူး။ သားရဲတစ်သောင်းဂိတ် ပျက်စီးသွားတဲ့အချိန်မှာ ထာဝရစစ်ပွဲသားရဲတွေကို ပြုပြင်နိုင်မယ့်နည်းလမ်း မရှိတော့ဘူး။ ရှေးခေတ်ရဲ့ ကျွမ်းကျင်သူတွေကတောင် မလုပ်နိုင်ဘူး”
လုကျူလင်း၏ မျက်လုံးများက တောက်ပနေသည်။
“ဒီဆရာဟန်က စစ်ပွဲသားရဲကို လေ့လာကြည့်ပြီး ငါတို့ လုမိသားစုရဲ့ ပန်းပဲပညာအမွေအနှစ်ကို စမ်းသပ်ကြည့်ချင်တာလား”
သူက ပြုပြင်ရန် ဟန်ဆောင်ပြီး ရှေးခေတ်၏ ပန်းပဲနည်းစနစ်များကို သုံးသပ်နေခြင်း ဖြစ်နိုင်သည်။
ထိုစစ်ပွဲသားရဲသည် စကြဝဠာအဆင့်၏ အသန်မာဆုံးစွမ်းအားကို ထုတ်လွှတ်နိုင်သည်။
သားရဲကို ထိန်းချုပ်ရန် လွယ်ကူလျှင် စစ်ပွဲသားရဲတစ်ကောင်ဖြင့် စကြဝဠာနယ်မြေ၏ တစ်စိတ်တစ်ပိုင်းကို လွှမ်းမိုးနိုင်လိမ့်မည်။
လုမိသားစုသည် သားရဲတစ်ကောင်းဂိတ်၏ အမွေအနှစ်အများအပြားကို ဆက်ခံထားသော်လည်း စစ်ပွဲသားရဲများ သိပ်မရှိပေ။
ယနေ့တွင် လုမိသားစုက စစ်ပွဲသားရဲ ဆယ်ကောင်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်သည်။
“သူလိုအပ်တဲ့ ဝိညာဉ်သတ္တုကို ပေးလိုက်ပါ”
လုချန်းယွဲ့က မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူက ဟန်မူယဲ့ကို သေချာကြည့်နေသည်။
“တကယ်လို့ သူက ထာဝရစစ်ပွဲသားရဲကို ပြုပြင်နိုင်ရင် အလင်းတန်းကုန်းမြေမှာ နောက်ထပ် ဆယ်နှစ်၊ အနှစ်နှစ်ဆယ်လောက် တောင့်ခံထားဖို့ လွယ်ကူသွားလိမ့်မယ်”
လုချန်းယွဲ့က တွေးကြည့်လိုက်ပြီး ဘေးတွင်ရှိသော လုကျူလင်းနှင့် တခြားအကြီးအကဲနှစ်ယောက်ကို ကြည့်သည်။
“ဘိုးဘေးကျူလင်း၊ အကြီးအကဲကန်းထိုက်နဲ့ ကန်းချီ။ အခုအချိန်ကစပြီး ဒီနေရာကို စောင့်ကြပ်ရမယ်”
“ဆရာဟန်ကို ဘယ်သူမှ မနှောင့်ယှက်စေနဲ့”
“ငါက ထာဝရစစ်ပွဲသားရဲကို ပြုပြင်ဖို့ လိုအပ်တဲ့ဝိညာဉ်သတ္တုတွေကို စုဆောင်းထားလိုက်မယ်”
သူက ထိုသို့ပြောလိုက်ပြီး ပျောက်ကွယ်သွားသည်။
လုကျူလင်းနှင့် အကြီးအကဲနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ပြီး ခေါင်းညိတ်ကြသည်။
အကယ်၍ ဟန်မူယဲ့က စစ်ပွဲသားရဲကို အမှန်တကယ် ပြုပြင်နိုင်လျှင် သေချာအာရုံစိုက်ထားရမည်။
သိပ်မကြာခင်မှာပင် ဟန်မူယဲ့နှင့် ပေသုံးရာပတ်ဝန်းကျင်သည် ရှင်းလင်းသွားခဲ့သည်။
လုမိသားစု၏ ကျန်းယွဲ့အစောင့်တပ်ဖွဲ့ တစ်ခုသည် ဟန်မူယဲ့ကို စောင့်ရှောက်ရန်အတွက် အနီးအနားတွင် တပ်စွဲထားသည်။ လုမိသားစု၏ ဘိုးဘေးတစ်ယောက်နှင့် အကြီးအကဲနှစ်ယောက်ကလည်း အခြေအနေကို ကြီးကြပ်ပေးနေသည်။
ရင်ပြင်ကျယ်တွင် တခြားပန်းပဲပညာရှင်များက ထိခိုက်ထားသော ပစ္စည်းများကို ပြုပြင်နေသော်လည်း ဟန်မူယဲ့ကို တွေးမိနေကြသည်။
‘ထာဝရစစ်ပွဲသားရဲကို ပြုပြင်မှာလား။ အဲဒါက ဖြစ်နိုင်လို့လား’
‘လောကမှာ အဲဒီလိုလူမျိုး မရှိနိုင်ဘူး’
‘သားရဲတစ်သောင်းဂိတ်ရဲ့ ခေါင်းဆောင်က ပြန်ပြီး မွေးဖွားလာရင်တော့ ဖြစ်နိုင်လိမ့်မယ်’
ဟန်မူယဲ့က ဆယ်ရက်ကြာအောင် ငြိမ်သက်စွာထိုင်နေပြီး မတ်တပ်ရပ်၍ ရှေ့တွင်ရှိသော သားရဲရုပ်သေးဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။
သူ၏ ခန္ဓာကိုယ်သည် သားရဲရုပ်သေး၏ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်နှင့် ဆင်တူသည်။
သို့သော် သူက သားရဲရုပ်သေးနှင့် ယှဉ်နိုင်သော အရှိန်အဝါကို ပိုင်ဆိုင်သည်ဟု ခံစားရသည်။
“ဝီ”
ဟန်မူယဲ့က သားရဲရုပ်သေးကို ရိုက်ချလိုက်သည်။
သားရဲရုပ်သေး၏ ပျက်စီးနေသော အစိတ်အပိုင်းတစ်ခု ပြုတ်ကျလာသည်။