အခန်း (၁၄၂၃)
Vol. 102 Ch. 1423
ယခုအခြေအနေတွင် တိုက်ပွဲအတွင်းသို့ ဝင်မလာသောလူများက အရူးဖြစ်သည်။
မရေမတွက်နိုင်သော အလင်းစီးကြောင်းများ ပေါ်ထွက်လာသည်။
“ဝူထိုက်တာအိုနန်းတော်က လုမိသားစုကို အကူအညီပေးဖို့ ဆန္ဒရှိပါတယ်”
အော်ဟစ်သံနှင့်အတူ တာအိုဝတ်စုံကို ဝတ်ဆင်ထားသော သောင်းချီသည့် ကျင့်ကြံသူများက စွမ်းအင်အလင်းကို ထုတ်လွှတ်ပြီး လေဟာနယ်တွင် ပေါ်ထွက်လာကြသည်။
စကြဝဠာနယ်မြေ၏ အင်အားစုတစ်ခု ဖြစ်သည်။
“ခေါင်းဆောင်လု၊ ဟူမိသားစုရဲ့ ဟူကျန်းတောက်က တော်ဝင်ချပ်ဝတ်စစ်သည် သုံးသောင်းကို ဦးဆောင်ပြီး ကူညီပေးဖို့ ရောက်လာပါပြီ”
သံမဏိစစ်တပ်တစ်ခု ပေါ်ထွက်လာသည်။
သူတို့သည် စကြဝဠာနယ်မြေ၏ ခွန်အားကောင်းသော ဟူမိသားစု ဖြစ်သည်။
သူတို့က မိသားစုကြီးခုနစ်ခုနှင့် မယှဉ်နိုင်သော်လည်း ရှည်လျားသော သမိုင်းကြောင်းနှင့် အားကောင်းသော ကျွမ်းကျင်သူများကို ပိုင်ဆိုင်ထားသည်။
စကားသံများကို ဆက်တိုက် ကြားနေရသည်။ အလင်းတန်းများက ပတ်ဝန်းကျင်တွင် လှုပ်ရှားနေသည်။
ဟန်မူယဲ့က စစ်ပွဲသားရဲကို ထိန်းချုပ်ပြီး ကန်အန်းဘုရင်များနှင့် တိုက်ခိုက်နေသောအချိန်တွင် လူအများအပြား စောင့်ကြည့်နေကြောင်း မည်သူမှ သတိမထားမိခဲ့ကြပေ။
အကယ်၍ ဟန်မူယဲ့က စစ်ပွဲသားရဲကို ထိန်းချုပ်ပြီး ကန်အန်းဘုရင်များအား ပြတ်သားစွာ အနိုင်မယူခဲ့လျှင် ထိုလူများက ပေါ်ထွက်လာကြမည်မဟုတ်ပေ။
“လုမိသားစုက ကူညီပေးတဲ့လူတိုင်းကို ကျေးဇူးတင်ပါတယ်”
“ဒီနေ့စစ်ပွဲရဲ့ အကျိုးအမြတ်တွေကို ယူနိုင်ပါတယ်”
လုချန်းယွဲ့က ပြောသည်။
စစ်ပွဲ၏ အကျိုးအမြတ်များကို ယူနိုင်သည်။
ဟန်မူယဲ့က ချက်ချင်းဆိုသလိုပင် ထိုအကျိုးအမြတ်ကို မြင်လိုက်ရသည်။
ကန်အန်းမျိုးနွယ်ဝင်များကို ဖမ်းဆီးပြီး ချိပ်ပိတ်လိုက်ကြသည်။
သူတို့က အားမနည်းပေ။ စကြဝဠာနယ်မြေတွင် ပြန်ရောင်းလျှင် အကျိုးအမြတ်ရလိမ့်မည်။
မိုင်းတူးခြင်း၊ အစောင့်အကြပ်ပြုလုပ်ခြင်း စသည်တို့တွင် အသုံးပြုနိုင်သည်။
စကြဝဠာနယ်မြေက သူတို့ကို ပုန်မကန်အောင် သေချာ ထိန်းချုပ်ထားနိုင်သည်။
ဟန်မူယဲ့က ထိုမြင်ကွင်းကို ကြည့်လိုက်ပြီး အတွေးရသွားသည်။
အကယ်၍ သူက မလှုပ်ရှားခဲ့လျှင်ပင် လုမိသားစုက ပြိုလဲသွားမည်မဟုတ်ပေ။
အလင်းတန်းကုန်းမြေသည် လုမိသားစု၏ မျိုးဆက်သစ်များအတွက် လေ့ကျင့်ရေးကွင်း ဖြစ်သည့်အပြင် ကန်အန်းမျိုးနွယ်များအတွက် အိမ်မွေးခြံလည်း ဖြစ်သည်။
သို့သော် ယနေ့တွင် ဟန်မူယဲ့က မလှုပ်ရှားခဲ့လျှင် လုမိသားစု၏ အကျိုးအမြတ်နှင့် ကုန်ကျစရိတ်က ကွဲပြားသွားလိမ့်မည်။
ကန်အန်းဘုရင်ငါးယောက်၊ တောင်ပံဆယ့်နှစ်ခု ကန်အန်းဆယ်ယောက်ကျော်နှင့် ငါးသန်းအင်အားရှိသော ကန်အန်းစစ်တပ်ကို ရင်ဆိုင်ရန်အတွက် တခြားလူများကို ကြိုးစားဆွဲဆောင်ရလိမ့်မည်။
ယခုအချိန်ကဲ့သို့ လူတိုင်းက လက်ဦးမှုရယူပြီး ကူညီပေးမည်မဟုတ်ပေ။
လုမိသားစုက အခြေအနေကို ထိန်းချုပ်ထားကြောင်း လူတိုင်းမြင်နိုင်သည်။ ယခုအချိန်တွင် ဝင်ပါလာခြင်းသည် အပေါ်ယံနှမ်းဖြူးခြင်းသာ ဖြစ်သည်။
သို့သော် ထိုလုပ်ရပ်သည် ကျင့်ကြံခြင်းလောကတွင် ပုံမှန်ဖြစ်သည်။ အမှန်တကယ်စတေးပြီး လိုအပ်နေသောအချိန်တွင် ကူညီပေးရန် ခက်ခဲသည်။
ဖရိုဖရဲဖြစ်နေသော တိုက်ပွဲကြားတွင် ဟန်မူယဲ့ထိန်းချုပ်ထားသော စစ်ပွဲသားရဲက ပျောက်ကွယ်သွားသည်။
လူအများက ထိုဖြစ်ရပ်ကို သတိထားမိသော်လည်း လျင်မြန်စွာ အာရုံပြောင်းလိုက်ကြသည်။
ထိုအရာသည် လုမိသားစု၏ လျှို့ဝှက်ချက် ဖြစ်သည်။ မစပ်စုသင့်ပေ။
အကယ်၍ လုမိသားစုက အရေးနိမ့်နေလျှင်တော့ သူတို့က စစ်ပွဲသားရဲကို ဖမ်းယူပြီး လေ့လာကြည့်လိမ့်မည်။
သို့သော် ယခုအချိန်တွင် လုမိသားစုက အောင်ပွဲရနေသည်။
အချိန်ခဏအကြာတွင် လေဟာနယ်က တုန်ခါသွားပြီး စစ်သည်တစ်သန်းကို ဦးဆောင်ထားသော လုမိသားစု၏ အကြီးအကဲများ ရောက်လာကြသည်။ သူတို့က ပြန့်ကျဲနေသော ကန်အန်းမျိုးနွယ်ဝင်များကို ရှင်းလင်းလိုက်ကြသည်။
ကန်အန်းမျိုးနွယ်ဝင် အများအပြားက အညံ့ခံခဲ့ကြသည်။
တောင်ပံဆယ့်နှစ်ခု ကန်အန်းများနှင့် ကျန်ရှိနေသော ကန်အန်းဘုရင် နှစ်ယောက်ကိုတော့ မည်သူမှ မတားနိုင်ကြပေ။
သူတို့နှင့် အသက်စွန့်၍ တိုက်ခိုက်ရန် ဆန္ဒမရှိကြပေ။
လုမိသားစု၏ အကြီးအကဲများနှင့် စစ်ပွဲသားရဲများက တစ်ပြိုင်နက် လှုပ်ရှားပြီး တောင်ပံဆယ်ခု ကန်အန်းများကို ဖမ်းဆီးလိုက်ကြသည်။ ထို့နောက် သူတို့ကို ဆွဲခေါ်သွားသည်။
သူတို့သည် အဖိုးတန်သော အရင်းအမြစ်များ ဖြစ်သည်။
လူအများအပြားသည် ထိုမြင်ကွင်းကို အားကျစွာ ကြည့်နေခဲ့သည်။
လေဟာနယ်တွင်ရှိသော တိုက်ပွဲသည် သုံးလခန့် ကြာမြင့်ခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ပြန့်ကျဲနေသော ကန်အန်းများကို အချိန်ယူ၍ လိုက်ဖမ်းနေသည့်အတွက် ဖြစ်သည်။
ထိုတိုက်ပွဲ၏ သူရဲကောင်းဖြစ်သော ပန်းပဲပညာရှင် ဆရာဟန်က တိတ်ဆိတ်စွာ ထွက်ခွာသွားခဲ့သည်။
လုမိသားစုက သူထွက်သွားရန်အတွက် တည်နေရာရွှေ့ပြောင်းခြင်းဝင်္ကပါကို သီးသန့် ဖွင့်ပေးခဲ့သည်။ ထို့နောက် ဆရာဟန် ကျင့်ကြံနိုင်ရန်အတွက် လုမိသားစုတွင် နေရာချပေးထားသည်။
ဆရာဟန်က တိုက်ပွဲတွင် အကျိုးဆောင်ပေးခဲ့သည်။
အရေးအကြီးဆုံးအရာသည် စစ်ပွဲသားရဲနှင့် သက်ဆိုင်သော နည်းလမ်းများ ဖြစ်သည်။ ထိုနည်းလမ်းများသည် လုမိသားစုအတွက် အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။
တိတ်ဆိတ်သော အခန်းထဲတွင် ဟန်မူယဲ့၏ သွေးနှင့်ချီက ပြင်းထန်စွာ လှုပ်ရှားနေသည်။
နဂါးမိကျောင်း၏ စွမ်းအားကို သန့်စင်နေသော အမြန်နှုန်းသည် အနည်းဆုံး အဆတစ်သောင်းခန့် ပိုမြန်လာသည်။
ဆက်တိုက် ခွန်အားတိုးလာသော ခံစားချက်မျိုးသည် အလွန်အံ့အားသင့်ဖွယ်ကောင်းသည်။
ခန္ဓာကိုယ်ထဲတွင် လှုပ်ရှားနေသော စွမ်းအားများသည် ဟန်မူယဲ့၏ ကျင့်ကြံဆင့်နှင့် ပေါင်းစပ်ပြီး စည်းမျဉ်းစွမ်းအားကို တိုးမြှင့်ပေးနေသည်။
ထိုအရာသည် ရှေးခေတ်မှ နဂါးမိကျောင်း၏စွမ်းအား ဖြစ်သည်။ နဂါးမိကျောင်း၏ သွေးနှင့်ချီသည် တခြားစည်းမျဉ်းများကို စိန်ခေါ်နိုင်သည်။
လောက၏ အသန့်စင်ဆုံးစွမ်းအား ဖြစ်သည်။
နဂါးမိကျောင်းကို သုံးပိုင်းခွဲပြီး ဖိနှိပ်ခဲ့ရသည့်အတွက် အံ့အားသင့်နေရန် မလိုတော့ပေ။
ထို့အပြင် ခွန်းဝူတွင်ရှိသော နဂါးမိကျောင်း၏ ဦးခေါင်းကို အားကောင်းသော လက်နက်တစ်ခုဖြင့် စောင့်ကြပ်ထားရသည်။
အကယ်၍ နဂါးမိကျောင်းကို သုံးပိုင်းမခွဲခဲ့လျှင် ချိပ်ပိတ်နိုင်မည်မဟုတ်ပေ။
“ဟမ်”
ဟန်မူယဲ့က လက်သီးဆုပ်လိုက်သည်။ သွေးနီရောင် နဂါးကြေးခွံများသည် သူ့ကို လွှမ်းခြုံထားသည်။
ထိုကြေးခွံတစ်ခုချင်းစီသည် ကမ္ဘာလောကတစ်ခုကို ဖျက်ဆီးနိုင်သည်။
သူက တစ်နှစ်ကျော်ကြာအောင် ကျင့်ကြံခဲ့သည်။
အပြင်ဘက်သို့ ပြန်ထွက်လာသောအခါ တံခါးဝတွင် စောင့်နေသော လုကျီရှုကို မြင်ရသည်။
“အစ်ကိုဟန်၊ ဆရာဟန်၊ ဟားဟား။ ကျွန်တော့်ကို လော့ယန်မြို့ကနေ ဆင့်ခေါ်ပြီး ဒီနေရာကို စောင့်ကြပ်ဖို့ တာဝန်ပေးခဲ့ကြတယ်”
“ခင်ဗျားက လုမိသားစုအတွက် အကျိုးဆောင်ပေးခဲ့တယ်လို့ ပြောနေကြတယ်။ အဲဒါက ဘာလဲ”
လုကျီရှုက စပ်စုချင်သော မျက်နှာထားဖြင့် မေးလိုက်သည်။
အလင်းတန်းကုန်းမြေ၏ ကိစ္စရပ်များကို ဖုံးကွယ်ထားရန် မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများက အမိန့်ထုတ်ခဲ့သည်။
ဟန်မူယဲ့၏အကြောင်းကို တခြားလူများ နောက်ကျမှ သိသွားလျှင် လုမိသားစု တိုးတက်ရန်အတွက် အချိန်ပိုရလိမ့်မည်။
လုမိသားစုက ထိုအချိန်ကို အခွင့်ကောင်းယူပြီး ဟန်မူယဲ့ယူဆောင်လာသော အကျိုးအမြတ်များကို ဝါးမြိုနိုင်သည်။
ဟန်မူယဲ့က လုမိသားစု၏ ရည်ရွယ်ချက်ကို နားလည်ထားပြီး ယခုအချိန်တွင် နှိမ့်ချစွာ နေချင်သည်။
တံခါးဝတွင် အလင်းတန်းနှစ်ခု ရောက်လာသည်။ သခင်မမူယွဲ့နှင့် နတ်ဘုရားသတ်ဖြတ်ခြင်းရုပ်သေးရုပ် ဖြစ်သည်။
“ကျစ် ကျစ်၊ ဒီတစ်ကြိမ်မှာ နင်က အတော်လေး အကျိုးရှိခဲ့တာပဲ ဖြစ်ရမယ်။ နင့်ရဲ့ သွေးနဲ့ချီက အရမ်းအားကောင်းလာတယ်”
သခင်မမူယွဲ့က တောက်ပနေသော မျက်လုံးများဖြင့် ဟန်မူယဲ့ကို ကြည့်လိုက်သည်။
ခေါင်းဆောင်လုနှင့် တခြားအကြီးအကဲများ ရောက်လာသောအခါ ဟန်မူယဲ့တို့က ထွက်သွားခဲ့သည်။
လုကျီရှုက ဟန်မူယဲ့တို့ကိုခေါ်ပြီး နေသွန်းမြို့ထဲတွင် လျှောက်သွားနေသည်ဟု အစောင့်များက သတင်းပို့ခဲ့သည်။
“အဲဒါလည်း ကောင်းပါတယ်။ လုကျီရှုက ဆရာဟန်နဲ့ ရင်းနှီးတယ်။ ဒါကို သေချာထိန်းသိမ်းထားရမယ်”
လုချန်းယွဲ့က အပြုံးတစ်ခုနှင့်အတူ ပြောလိုက်ပြီး ခေါင်းညိတ်သည်။
“ခေါင်းဆောင်၊ အခုတစ်လော နေသွန်းမြို့မှာ တခြားအင်အားစုတွေ ခြေရှုပ်နေကြတယ်။ ဆရာဟန်တို့နဲ့ ပတ်သတ်ပြီး ....”
အကြီးအကဲတစ်ယောက်က တီးတိုးပြောသည်။
ထိုစကားကြောင့် တခြားလူများက သတိဝင်သွားကြသည်။
အလင်းတန်းကုန်းမြေ၏ အောင်ပွဲကြောင့် တခြားအင်အားစုများက လုမိသားစုကို အရိုအသေပေးရန် ရောက်လာကြသည်။
လုမိသားစု၏ မျိုးဆက်သစ်များသည်လည်း လေ့ကျင့်ရေးနယ်မြေများမှ ပြန်ရောက်လာကြသည်။
“ငါက သူတို့ကို သွားကြည့်လိုက်မယ်။ ငါက ဆရာဟန်နဲ့ နည်းနည်း ရင်းနှီးတယ်”
လုကန်းဟုန်က ရှေ့တက်လာပြီး ပြောလိုက်သည်။
သူက အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း အာရုံစိုက်မခံရပေ။ အဆင့်အတန်းလည်း သိပ်မမြင့်ပေ။ ထို့ကြောင့် ဆရာဟန်ကို သွားရှာရန် သင့်တော်သည်။
“ကောင်းတယ်။ ဆရာဟန်ကို စိတ်ပျက်မသွားစေနဲ့”
လုချန်းယွဲ့က လေးနက်စွာ ညွှန်ကြားလိုက်သည်။
လုကန်းဟုန်က ခေါင်းညိတ်လိုက်ပြီး တစ်ချက်လှုပ်ရှား၍ ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် လုကျီရှုက ဟန်မူယဲ့တို့ကို နေသွန်းမြို့၏ လူအရှုပ်ဆုံး ယွင်ထန်းလမ်းသို့ ခေါ်လာသည်။
“ဒီလမ်းက မိုင်သုံးဆယ်ရှည်လျားတယ်။ စကြဝဠာနယ်မြေရဲ့ ပစ္စည်းအမျိုးမျိုးကို မြင်နိုင်တယ်”
လုကျီရှုက ဂုဏ်ယူစွာ ပြောလိုက်ပြီး ရှေ့သို့ ညွှန်ပြသည်။
“အစ်ကိုဟန်၊ ဒီနေရာက တိုးတက်တယ်လို့ ထင်လား”
ဟန်မူယဲ့က သက်ဝင်လှုပ်ရှားနေသော ယွင်ထန်းလမ်းကို ကြည့်လိုက်ပြီး ခေါင်းညိတ်သည်။
စကြဝဠာနယ်မြေ၏ မြို့ကြီးများသည် တခြားမြို့ကြီးများထက် သာလွန်သည်။
ကူးသန်းရောင်းဝယ်ရေးမြို့ဖြစ်သော ထျန်ရှန်းမြို့က ဤနေရာထက် ကုန်စည်လဲလှယ်မှု မြင့်မားသော်လည်း အရည်အသွေးပိုင်းတွင် မယှဉ်နိုင်ပေ။
“မျှော်စင်ကိုးထပ်မှာ လောကတစ်သောင်းရဲ့ရတနာတွေကို စုစည်းထားတယ်။ အစ်ကိုဟန်ရဲ့ ကြွယ်ဝမှုနဲ့ဆိုရင် နေကြတ်မြို့ကို လာတဲ့အခါမှာ ယွင်ထန်းရတနာစံအိမ်ကို သေချာပေါက် အလည်သွားသင့်တယ်”
လုကျီရှုက လက်ဆန့်ထုတ်ပြီး အဝေးတစ်နေရာတွင်ရှိသော ဧရာမစံအိမ်တစ်ခုကို ညွှန်ပြသည်။
ထိုစံအိမ်သည် ကိုးထပ်သာရှိသော်လည်း အလွန်ကြီးမားပြီး ရတနာအလင်းကို ထုတ်လွှတ်နေသည်ဟု ထင်ရသည်။
ဟန်မူယဲ့က ပြုံးလိုက်သည်။
လုကျီရှုက သူ့ကို ကောင်းမွန်စွာ နားလည်သည်။
သူ၏ အလေ့အကျင့်ကို သိသည်။
“သွားကြရအောင်။ ဒီနေ့ ယွင်ထန်းရတနာစံအိမ်မှာ ရတနာအကဲဖြတ်ပွဲ ရှိတယ်”
လုကျီရှုက လက်နှစ်ဖက်ကို ပွတ်သပ်လိုက်ပြီး စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် လျင်မြန်စွာ ရှေ့ဆက်သွားသည်။
“ရှေးခေတ်ရတနာတွေက အချိန်ကြာမြင့်လာတဲ့အခါမှာ ပုံပျက်သွားပြီး ချပ်ပိတ်ခံထားရတယ်”
“ရတနာအကဲဖြတ်ပွဲမှာ အစစ်အမှန်ရတနာကို ရှာတွေ့နိုင်တယ်”
‘ရှေးခေတ်ရတနာလား’
ဟန်မူယဲ့က စိတ်ဝင်စားလာသည်။
သူတို့က ခပ်သွက်သွက်သွားလိုက်ပြီး ခဏအကြာတွင် ယွင်ထန်းရတနာစံအိမ်၏ရှေ့သို့ ရောက်လာသည်။
အနီးကပ်မြင်ရသောအခါ စံအိမ်၏ ခမ်းနားသော လက်မှုပညာရပ်ကို ပိုမိုခံစားကြည့်နိုင်သည်။
ပေတစ်ရာကြီးမားသော ဂိတ်တံခါးတွင် အမျိုးမျိုးသော ဝိညာဉ်အင်းကွက်များကို ထွင်းထုထားသည်။
ထိုဂိတ်တံခါးသည် ကမ္ဘာဦးအဆင့် ရတနာတစ်ပါး ဖြစ်သည်။
“လုကျီရှုလား”
“အရင်တစ်ခေါက် ရတနာအကဲဖြတ်ပွဲမှာ မင်းက ဘောင်းဘီကိုတောင် ဆုံးရှုံးခဲ့တာမဟုတ်လား”
“အခု အတွင်းခံရှုံးသွားအောင်လုပ်ဖို့ ရောက်လာတာလား”
သိပ်မဝေးသောနေရာတွင် အမျိုးသမီးတစ်ယောက်၏အသံကို ကြားရသည်။
ဟန်မူယဲ့က လုကျီရှု၏ အတွင်းခံအား ဆွဲချွတ်ချင်နေပုံရသော အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။
သူမက အတော်လေး ဆွဲဆောင်မှုရှိသည်။
သူမက သူတော်စင်အဆင့်တွင် ရှိနေသည်။ သို့သော် နတ်ဘုရားအဆင့် ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။
သူမ၏နောက်တွင်ရှိသော အစောင့်နှစ်ယောက်တွင် တစ်ယောက်က နတ်ဘုရားအဆင့် ဖြစ်ပြီး နောက်တစ်ယောက်က ကမ္ဘာဦးတစ်ဝက်အဆင့် ဖြစ်သည်။
သူမ၏ အဆင့်အတန်းကို လွယ်ကူစွာ မြင်နိုင်သည်။
“ရှန့်ကွမ်းမိသားစုရဲ့ ကြွယ်ဝတဲ့ တိုက်ရိုက်မျိုးဆက်တစ်ယောက်ပဲ”
လုကျီရှုက ခေါင်းခါလိုက်ပြီး ရှေ့ဆက်သွားသည်။
ထိပ်တန်းအဆင့် မိသားစုကြီးသုံးခု၏ မျိုးဆက်တစ်ယောက် ဖြစ်သောကြောင့် မောက်မာနေသည့်အတွက် အံ့အားသင့်နေရန် မလိုပေ။ လုကျီရှုကလည်း ယနေ့တွင် တစ်ဖက်လူနှင့် ရန်မဖြစ်ချင်ပေ။
“အာ၊ လုကျီရှု၊ နင်က ဒီလိုမျိုး မဟုတ်ပါဘူး”
အမျိုးသမီးက စနောက်လိုသောလေသံဖြင့် ဆက်ပြောသည်။
“အခု နင်တို့ လုမိသားစုက တိုးတက်လာတယ်။ ငါတို့ ရှန့်ကွမ်းမိသားစုရဲ့ မျိုးဆက်သစ်တွေက စေ့စပ်ပွဲလုပ်ဖို့ ရည်ရွယ်ချက်နဲ့ ရောက်လာကြတယ်”
“အဲဒါကြောင့် နင်က သင့်တော်တဲ့လူကို မပြရင် ငါ့ညီအစ်မတွေက တခြားတစ်ယောက်ကို သွားရှာကြလိမ့်မယ်”
သူမ၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက ရယ်လိုက်ကြသည်။