← Chapters

အခန်း (၁၄၂၄)

Vol. 102 Ch. 1424

အခန်း (၁၄၂၄)

Vol. 102 Ch. 1424

ဟန်မူယဲ့က သိချင်နေသည်။

လုကျီရှုက အကူအညီမဲ့စွာ တီးတိုးပြောသည်။

“ထိပ်တန်းမိသားစုကြီးခုနစ်ခုက မျိုးဆက်သစ်တွေကို လက်ဆက်ပေးလေ့ရှိတယ်”

“ကျွန်တော်က ငယ်ရွယ်ပြီး မသိတတ်ခဲ့ဘူး။ နည်းနည်း မောက်မာပြီး အာရုံအစိုက်ခံရဖို့ ရူးသွပ်တာတွေ လုပ်ခဲ့တယ်”

သူက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး လက်နှစ်ဖက်ကို ဆုပ်ကိုင်၍ အမျိုးသမီးကို ပြောသည်။

“မိန်းကလေးရှန့်ကွမ်းယုချင်၊ ငါ လုကျီရှုက မသိနားမလည်ဘဲ မင်းရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တယ်။ ငါတောင်းပန်တာကို လက်ခံပေးပါ”

‘ဂုဏ်သိက္ခာကို ထိခိုက်စေတာလား’

ထိုစကားသည် အလွန်ရဲတင်းသည်။ လုကျီရှု၏ ပုံစံနှင့် ကိုက်ညီသည်။

ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော အကြည့်များက ပြောင်းလဲသွားသည်။

စပ်စုလိုခြင်း ....

အတင်းပြောလိုခြင်း ....

“လုကျီရှု၊ နင်စောင့်နေလိုက်။ ဒီနေ့ ယွင်ထန်းရတနာစံအိမ်ကနေ အောက်ခံနဲ့ ထွက်သွားရအောင် လုပ်ပစ်မယ်”

ရှန့်ကွမ်းယုချင်က တည်ငြိမ်မှုကို ထိန်းမထားနိုင်ဘဲ အေးစက်စွာ ပြောလိုက်ပြီး လှည့်ထွက်သွားသည်။

လုကျီရှုက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး ရယ်သည်။

“ဒါက ဘာများလဲ။ လူကြီးမင်းတို့ကရော အောက်ခံနဲ့ထွက်လာမယ့် ကျွန်တော့်ကို မြင်ချင်ကြလား”

လူအုပ်က ရယ်လိုက်ကြသည်။ လူတချို့က လုကျီရှု၏ ရဲတင်းမှုကို ကျိန်ဆဲနေသည်။

သူက လုမိသားစု၏ တိုက်ရိုက်မျိုးဆက် မဟုတ်သော်လည်း လက်ရွေးစင်တစ်ယောက် ဖြစ်သည်။ ထို့အပြင် မိသားစုခေါင်းဆောင်နှင့် အကြီးအကဲများက သူ့ကို မျက်နှာသာပေးနေပြီး နေသွန်းမြို့သို့ ဆင့်ခေါ်ထားသည်။

ထိုအမျိုးသမီးက လုကျီရှုကို စမ်းသပ်ကြည့်နေခြင်းသာ ဖြစ်သည်။

ထိုဖြစ်ရပ်ကြောင့် လုမိသားစုနှင့် တခြားအင်အားစုများ၏ လက်ရွေးစင်များက လုကျီရှုကို မတူညီစွာ ကြည့်လိုက်ကြသည်။

သို့သော် လုကျီရှုက တည်ငြိမ်နေပြီး ဟန်မူယဲ့နှင့် တခြားလူများကို ယွင်ထန်းရတနာစံအိမ်ထဲသို့ ခေါ်သွားသည်။

စံအိမ်သည် အလွန်ကျယ်ဝန်းပြီး စတုရန်းအလွှာကိုးခုဖြင့် ဖွဲ့စည်းထားသည်။

အထဲတွင် ဈေးဆိုင်အများအပြားကို မြင်နေရသည်။ ဟန်မူယဲ့က ထိုဆိုင်များကို မကြားဖူးသော်လည်း ဆိုင်းဘုတ်တွင်ရှိသော သင်္ကေတသည် သူတို့၏ ဖုံးကွယ်ထားသော အထောက်အထားကို ဖော်ပြနေသည်။

သူတို့အားလုံးသည် စကြဝဠာအဆင့် ကျွမ်းကျင်သူကို ပိုင်ဆိုင်ထားသော အင်အားစုများ ဖြစ်ကြသည်။

ဤနေရာမျိုးတွင် ရတနာများ လစ်ဟင်းနေမည်မဟုတ်ပေ။

ကမ္ဘာဦးအဆင့် ဝိညာဉ်သတ္တုများ၊ အဖိုးတန်ဆေးလုံးနှင့် ဆေးပင်များ ....

အဆင့်ကိုးထက် မနိမ့်ကျသော ရုပ်သေးရုပ်များ၊ လက်နက်များ၊ ချပ်ဝတ်များ ....

ရောင်းချရန် ပြင်ထားသော ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်သန့်စင်ခြင်း နည်းစနစ်များကိုပင် ဟန်မူယဲ့က မြင်ခဲ့ရသည်။

သို့သော် ဤနေရာတွင်ရှိသော ဈေးဆိုင်များသည် မူလဒင်္ဂါးကို လက်မခံပေ။ ပစ္စည်းချင်းသာ လဲလှယ်နိုင်သည်။

ပစ္စည်းများက ဈေးချိုမည်မဟုတ်ပေ။

ယခုအချိန်တွင် ဟန်မူယဲ့က လုံလောက်သော ကုန်သွယ်ရေးလမ်းကြောင်းများကို ပိုင်ဆိုင်ထားသည်။

ထျန်ရှန်းမြို့ဖြစ်စေ၊ ရေခဲလမြို့၏ ကုန်သွယ်ရေးခန်းမဖြစ်စေ ကမ္ဘာဦးအဆင့် ရတနာများကို ရှာဖွေပေးနိုင်သည်။

သို့သော် ထိုရတနာများသည် ထိခိုက်ထားသည်။ ထို့အပြင် အာရုံစိုက်မှုကို ဖယ်ရှားရန်အတွက် အများအပြား မဝယ်နိုင်ပေ။

ဟန်မူယဲ့က ယွင်ထန်းရတနာစံအိမ်တွင် အာရုံစိုက်မိသော ရတနာများကို ဝယ်ယူခဲ့သည်။

သူ၏ ကြွယ်ဝမှုနှင့်ဆိုလျှင် ထိုပစ္စည်းများကို လွယ်ကူစွာ ဝယ်ယူနိုင်သည်။

သို့သော် ပတ်ဝန်းကျင်တွင်ရှိသော လူအများအပြားက သူ့ကို သတိထားမိသွားသည်။

“လုကျီရှု အဖော်ပြုပေးနေတဲ့ သူ‌ဌေးလေးက ဘယ်သူလဲ”

လူတစ်ယောက်က ကမ္ဘာဦးအဆင့် ဝိညာဉ်သတ္တုအား ကြည့်နေသော ဟန်မူယဲ့ကို မြင်လိုက်ရပြီး တီးတိုးမေးသည်။

ကမ္ဘာဦးအဆင့် ဝိညာဉ်သတ္တုသည် အလွန်တန်ဖိုးရှိသည်။

ပစ္စည်းချင်းလဲလှယ်သည်ဖြစ်စေ၊ ရောင်းဝယ်သည်ဖြစ်စေ မြင့်မားသော တန်ဖိုးတစ်ခုကို ပိုင်ဆိုင်ထားသည်။

ဒါဇင်ချီသော ကမ္ဘာဦးအဆင့် ပစ္စည်းများကို ဆက်တိုက် ဝယ်ယူနိုင်သည့်အတွက် သူ၏ ကြွယ်ဝမှုသည် သာမန်ထက် ပိုနေသည်။

“သူက လုမိသားစုဝင်တစ်ယောက် မဟုတ်ဘူး။ သူ့ရင်ဘတ်မှာ တံဆိပ်ပြားမရှိဘူး”

“လုကျီရှုရဲ့ပုံစံကို ကြည့်ရတာ အဲဒီလူက နောက်ခံကောင်းတဲ့ လူတစ်ယောက် ဖြစ်လိမ့်မယ်။ မိသားစုကြီး ခုနစ်ခုထဲကပဲလား”

အမျိုးမျိုးသော စကားသံများကို ကြားရသည်။

သို့သော် မည်သူမှ သေချာမပြောနိုင်ကြပေ။

ဟန်မူယဲ့က စကြဝဠာနယ်မြေတွင် အချိန်ကြာမြင့်စွာ မနေရသေးပေ။ တခြားလူများက သူ့ကို မည်သို့ မှတ်မိမည်နည်း။

“ဆရာ၊ ဆရာဟန်”

သို့သော် တစ်ယောက်ယောက်က သူ့ကို သေချာမှတ်မိနေသည်။

ဟန်မူယဲ့နှင့် လုကျီရှုက နောက်လှည့်ကြည့်ပြီး အပြုံးနှင့်အတူ ခေါင်းညိတ်ပြသည်။

မိသားစုကြီးခုနစ်ခုမှ လီမိသားစု၏ လီချန်းယွင် ဖြစ်သည်။

သူက တောရိုင်းမြေတွင် ပိတ်မိနေပြီး အနန္တလောကယဇ်ပလ္လင်ကို အသက်သွင်းရန်အတွက် စတေးခံရလုနီးပါး ဖြစ်ခဲ့သည်။

ဟန်မူယဲ့က တောရိုင်းမြေ၏ အုပ်ချုပ်သူအဆင့် သားရဲနှစ်ကောင်ကို တိုက်ခိုက်ခဲ့သည်။ ထို့ကြောင့် သခင်မမူယွဲ့က အတားအဆီးကို ချိုးဖောက်ပြီး တခြားလူများကို ကယ်တင်နိုင်ခဲ့သည်။

“တကယ်ကို ဆရာဟန်ပဲ”

လီချန်းယွင်က ပျော်ရွှင်နေပြီး ဦးညွတ်လိုက်သည်။

“ဆရာဟန်၊ အကြီးအကဲမူယွဲ့နဲ့ အစ်ကိုလုကို နှုတ်ဆက်ပါတယ်”

ဟန်မူယဲ့နှင့် သခင်မမူယွဲ့သည် လီချန်းယွင်နှင့် တခြားလူများကို ကယ်တင်ပေးခဲ့သည်။ ထို့ကြောင့် သူက လေးစားနေသည်။

လီချန်းယွင်၏စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများက သိချင်လာသည်။

သူက ဟန်မူယဲ့ကို အလွန်လေးစားနေသည်။ ထို့အပြင် သခင်မတစ်ယောက်လည်း ရှိနေသည်။

လီမိသားစု၏ တိုက်ရိုက်မျိုးဆက်တစ်ယောက်ကို ထိုသို့ ပြုမူအောင် လုပ်ဆောင်နိုင်သောလူသည် ထိပ်တန်းမိသားစုသုံးခုနှင့် ပတ်သတ်နိုင်သည်။

ဟန်မူယဲ့က အာရုံစိုက်မခံချင်ပေ။ ထို့အပြင် လုမိသားစုကလည်း ဟန်မူယဲ့၏အရေးကိစ္စကို ဖုံးကွယ်ထားချင်သောကြောင့် လုကျီရှုက သူတို့ကို ဆိုင်တစ်ဆိုင်ဆီသို့ ခေါ်သွားခဲ့သည်။

ရတနာအကဲဖြတ်ပွဲကလည်း စတင်တော့မည်ဖြစ်သည်။

“ဟမ့်၊ သူ့ကို အကူအညီပေးမယ့် အမည်မသိ ကျွမ်းကျင်သူတစ်ယောက် ရှိနေသေးတာပဲ”

ရှန့်ကွမ်းယုချင်က နှာမှုတ်လိုက်ပြီး ထွက်သွားသော လုကျီရှုတို့ကို ကြည့်နေသည်။

“တတိယဦးလေးကို သွားရှာလိုက်မယ်။ ဒီတစ်ကြိမ်မှာ ဦးလေးက ရှန့်ကွမ်းမိသားစုကို ကိုယ်စားပြုပြီး လုမိသားစုနဲ့ မဟာမိတ်ဖွဲ့ဖို့ ရောက်လာတယ်။ ငါတို့ မိသားစုရဲ့ လွန်းပျံယာဉ်နဲ့ဆိုရင် လုမိသားစုကို လက်ထပ်ပွဲအတွက် ဒူးထောက်နေစရာမလိုဘူးလို့ ပြောခဲ့တယ်။ ငါတို့က ရှန့်ကွမ်းမိသားစုကို အထင်သေးသွားအောင် လုပ်လို့မဖြစ်ဘူး”

ရှန့်ကွမ်းယုချင်က အံကြိတ်ထားပြီး တီးတိုးပြောသည်။

“သခင်မလေးဆယ့်ရှစ်၊ သခင်မလေးအတွက် စီစဉ်ပေးထားတဲ့လူက အဲဒီ လုကျီရှုမဟုတ်လား”

သူမ၏နောက်တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် အဘွားအိုက ညင်သာစွာပြောသည်။

သူမ၏စကားကြောင့် ရှန့်ကွမ်းယုချင်က အံကြိတ်လိုက်သည်။

“အဲဒီကောင်က ကျောက်စိမ်းစင်မြင့်ခန်းဆောင်ရဲ့ သူတော်စင်မနဲ့ တစ်ခုခုဖြစ်ခဲ့တယ်။ ကျွန်မက သူနဲ့လက်ထပ်ဖို့ ရည်ရွယ်ချက်မရှိဘူး”

သူမက ထိုသို့ပြောလိုက်ပြီး ရတနာအကဲဖြတ်ပွဲသို့ လျင်မြန်စွာ ဦးတည်ခဲ့သည်။

ရှန့်ကွမ်းမိသားစု၏ မျိုးဆက်သစ်အများစုသည် ထိုနေရာတွင် စုစည်းနေကြသည်။

ရှန့်ကွမ်းမိသားစု၏ ခေါင်းဆောင်က ဤတစ်ကြိမ်တွင် မျိုးဆက်သစ်၏ ထိပ်တန်းအဆင့် လက်ရွေးစင်ဖြစ်သော ရှန့်ကွမ်းဟုန်ကို စေလွှတ်ခဲ့သည်။

သူ့ကို မိသားစု၏ မဟာအကြီးအကဲက နောက်ဆုံးတပည့်အဖြစ် လက်ခံခဲ့ပြီး မိသားစုခေါင်းဆောင်အတွက် တတိယနေရာတွင် လျာထားခံရသည်။

ထိုအဆင့်အတန်းသည် စကြဝဠာနယ်မြေတွင် အလွန်လွှမ်းမိုးနိုင်သည်။

လူအများစုသည် သူနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။

“အဲဒီကောင်ကို အပြစ်ပေးဖို့ တတိယဦးလေးကို အကူအညီတောင်းရမယ်”

ရှန့်ကွမ်းယုချင်က ပြောလိုက်သည်။ သူမ၏နောက်တွင် လိုက်လာသော လူနှစ်ယောက်က ခေါင်းခါလိုက်ကြသည်။

တချို့ကိစ္စများသည် မရိုးရှင်းပေ။

လုမိသားစုက အလင်းတန်းကုန်းမြေ၏ အောင်ပွဲဖြင့် စကြဝဠာနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။

ယခုအချိန်တွင် လုမိသားစုက အောက်ပိုင်းအဆင့် မိသားစုလေးခု၏ ဒုတိယနေရာတွင်ရှိသော ရွှင်မိသားစုကို တိတ်ဆိတ်စွာ ကျော်ဖြတ်သွားသည်ဟု ပြောနိုင်သည်။

ရှန့်ကွမ်းမိသားစုကပင် တတိယဦးလေးကို ခေါင်းဆောင်အဖြစ်စေလွှတ်ခဲ့သည်။ လုမိသားစု၏ လက်ရှိအခြေအနေကို တွေးကြည့်နိုင်သည်။

ရတနာအကဲဖြတ်ပွဲသည် ယွင်ထန်းရတနာစံအိမ်၏ ငါးထပ်မြောက်တွင် ဖြစ်သည်။

စက်ဝိုင်းပုံရင်ပြင်ကို အလင်းလွှာများဖြင့် ဝိုင်းရံထားသည်။

ဤနေရာတွင် တည်နေရာစွမ်းအားဖြင့် တည်ဆောက်ထားသော ကိုးထောင်၊ ကိုးရာ၊ ကိုးဆယ့်ကိုး စံအိမ်များ ရှိသည်။

ဥပမာအနေဖြင့် ယခုအချိန်တွင် ဟန်မူယဲ့တို့ ရှိနေသော စံအိမ်အခန်းသည် ပေသုံးဆယ်ကျော် ကျယ်ဝန်းသည်။ သူတို့က အပြင်ဘက်တွင်ရှိသော ပုံရိပ်များကို အလင်းလွှာမှတစ်ဆင့် မြင်နိုင်သည်။

အခန်းထဲတွင် ထိုင်ခုံ၊ စားပွဲ၊ ဝိညာဉ်သစ်သီးနှင့် သေရည်များကို တည်ခင်းထားသည်။ ထို့အပြင် အစေခံများနှင့် အရောင်းအဝယ် ပြုလုပ်ပေးမည့် စာရင်းကိုင်လည်း ရှိနေသည်။

ဤတစ်ခုတည်းသာ မဟုတ်ပေ။ စံအိမ်အခန်းများအားလုံးကို ပုံစံတူ စီစဉ်ထားသည်။

“ရတနာအကဲဖြတ်ပွဲအတွက် ဝင်ကြေးက မူလဒင်္ဂါး ဆယ်သန်းပဲ”

လုကျီရှုက ခေါင်းခါလိုက်ပြီး ပြောသည်။

“ဒါက နေ့ခင်းပိုင်းမှာ ဓားပြတိုက်နေသလိုပဲ”

ထိုစကားကြောင့် ဝိညာဉ်သစ်သီးနှင့် သေရည်ကို ပြင်ဆင်နေသော လှပသည့် အစေခံအမျိုးသမီးများက တခစ်ခစ် ရယ်လိုက်ကြသည်။

‘ကိုယ်ပိုင်မိသားစုက ဓားပြတိုက်နေတယ်လို့ ဘယ်သူက ပြောမှာလဲ’

လီချန်းယွင်က သူ့ကို ကြည့်လိုက်သည်။

“လုမိသားစုမျိုးဆက်တွေက ရတနာအကဲဖြတ်ပွဲကို တက်ရောက်မယ်ဆိုရင် ဝင်ကြေးပေးရသေးတာလား”

“ဝင်ကြေးပေးရတာပေါ့။ မဟုတ်ရင် ငါက ညည်းနေမှာမဟုတ်ဘူး”

လုကျီရှုက အနီးအနားတွင်ရှိသော ပန်းကန်ထဲမှ ဝိညာဉ်သစ်သီးတစ်လုံးကို ဆွဲယူပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။

“ရှက်မနေဘဲ အဝစားပါ။ တကယ်လို့ သူတို့ကို မျက်စိကျနေရင်လည်း ခေါ်သွားလို့ရတယ်”

သူက ပေါ့ပါးစွာ ပြောသည်။

“ငါက အကုန်ပေးပြီးပြီ”

အခန်းထဲတွင်ရှိသော အစေခံများက ရယ်လိုက်ကြသည်။ သူတို့က ရှက်နေပြီး လီချန်းယွင်နှင့် တခြားလူများကို ကြည့်လိုက်သည်။

လုကျီရှုက ညာပြောနေခြင်းမဟုတ်ပေ။

အစေခံများကို အမှန်တကယ်ပင် အိမ်ခေါ်သွားနိုင်သည်။

ဟန်မူယဲ့က တစ်ချက်ကြည့်လိုက်သည်။ အစေခံများဖြစ်စေ၊ ပေါများသော ဝိညာဉ်သစ်သီးနှင့် သေရည်များဖြစ်စေ မူလဒင်္ဂါးဆယ်သန်း တန်ဖိုးမရှိပေ။

မူလဒင်္ဂါးတစ်သန်းပင် ကုန်ကျမည်မဟုတ်ပေ။

ထိုစီးပွားရေးမျိုးသည် အမှန်တကယ်ပင် အကျိုးအမြတ်များသည်။

ထျန်ရှန်းမြို့ကဲ့သို့ ထူးခြားသော စီးပွားရေးတစ်ခု ဖြစ်သည်။

“ဆရာဟန်၊ တောရိုင်းမြေရဲ့ အနန္တလောကယဇ်ပလ္လင်က မကြာခင် အသက်ဝင်လာလိမ့်မယ်။ အချိန်ကျလာရင် ကျွန်တော်တို့ကို စောင့်ရှောက်ပေးပါအုံး”

လီချန်းယွင်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး ပြောသည်။

အနန္တလောကယဇ်ပလ္လင် ....

သူတို့ တောရိုင်းမြေမှ ထွက်လာပြီး လျင်မြန်စွာ အချိန်ကုန်သွားသည်။

တောရိုင်းမြေ၏ သားရဲများက အနန္တလောကယဇ်ပလ္လင်ကို အသက်သွင်းခဲ့သောအချိန်တွင် ဝင်ခွင့်အင်းကွက်များသည် နေရာအနှံ့သို့ ပြန့်ကျဲသွားသည်။

ဝင်ခွင့်တစ်သန်းသည် စကြဝဠာနယ်မြေတွင် ပြန့်ကျဲတည်ရှိနေသည်။

ဝင်ခွင့်အင်းကွက်များကို ကိုယ်ပိုင် သို့မဟုတ် တခြားလူ၏ သွေးအဆီအနှစ်၊ ချီ၊ တခြားစွမ်းအားများဖြင့် ကျွေးမွေးနိုင်သည်။ စွမ်းအား လုံလောက်လျှင် အင်းကွက်များက အသက်ဝင်လာလိမ့်မည်။

အင်းကွက်များ၏ ၇၀%က အသက်ဝင်နေလျှင် ယဇ်ပလ္လင်က ပြန်ပွင့်လာမည်။

ယခုအချိန်တွင် ယဇ်ပလ္လင်ပွင့်ရန် နီးကပ်နေပြီဖြစ်သည်။

အနန္တလောကယဇ်ပလ္လင်သည် အခွင့်အရေးကြီးတစ်ခု ဖြစ်သည်။

“လောကတစ်သောင်းနယ်မြေမှာ ဆုံတွေ့ခဲ့ရင် မင်းကို အကောင်းဆုံး ဂရုစိုက်ပေးမှာပါ”

ဟန်မူယဲ့က မငြင်းဘဲ ခေါင်းညိတ်သည်။

သူ၏ ကျင့်ကြံခြင်းစွမ်းရည်ဖြင့် ထိုစကားမျိုးကို ပြောနိုင်သည်။

ထို့အပြင် သူ့အတွက် လက်ရွေးစင်များကို စုဆောင်းထားလျှင် ပိုကောင်းသည်။

အကယ်၍ အနန္တလောကယဇ်ပလ္လင် အသက်ဝင်လာပြီး လက်ရွေးစင်တစ်သန်းက မူလစကြဝဠာတွင် သောင်းကျန်းနေလျှင် ကပ်ဘေးတစ်ခု ဖြစ်သွားလိမ့်မည်။

All Chapters