အခန်း (၁၄၂၇)
Vol. 102 Ch. 1427
“ဘုန်း”
လုကျီရှုက လက်ဝါးဖြင့် ရိုက်ချသည်။ ကျောက်တုံးမှ ထွက်ပေါ်လာသော ရွှေအလင်းသည် လှိုင်းထသွားသည်။
မြေသားများသည် တစ်လွှာပြီးတစ်လွှာ ပြုတ်ကျသွားပြီး စိမ့်ထွက်နေသော ရွှေရောင်ပုံစံကွက်များကို မြင်နိုင်သည်။
“ရွှေပန်းပွင့်၊ ဒါ .... ဒါက ယုထန်ရွှေခြင်ဆီပဲ”
“ဒီလိုမျိုး ကြီးမားတဲ့ ယုထန်ရွှေခြင်ဆီက အများဆုံး မူလဒင်္ဂါးသန်းနှစ်ထောင် တန်ဖိုးရှိလိမ့်မယ်”
“တကယ့်ကို အောင်မြင်သွားတာပဲ”
အမျိုးမျိုးသော အသံများကို ကြားနိုင်သည်။ ထိုင်နေသော ရတနာအကဲဖြတ်ပွဲ၏ ပန်းပဲပညာရှင်များကလည်း ကောကျင်းထန်ကို လှည့်ကြည့်လိုက်သည်။
‘သူက တကယ်ကံကောင်းတာပဲ’
“တကယ်ကို ယုထန်ရွှေခြင်ဆီပဲ”
မီးပြင်းဖိုစင်မြင့်ခန်းဆောင်တွင် စွန်းမင်က လက်ဝါးရိုက်ချလိုက်ပြီး ခါးသီးစွာပြောသည်။
“ဒီလုကျီရှုက ခွေးချီးတက်နင်းမိလို့ ကံကောင်းနေတာလား”
“တကယ်လို့ ဈေးပေးထားတာကို မြှင့်လိုက်ရင် ....”
ဘေးတွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းအရွယ်လူ၏ မျက်နှာထားကလည်း မည်းမှောင်နေသည်။
သူက စွန်းမင်ကို ဈေးတိုးမပေးရန် တားဆီးခဲ့သည်။
“မဖြစ်နိုင်ဘူး။ တကယ်ပဲ ယုထန်ရွှေခြင်ဆီလား”
ရှန့်ကွမ်းမိသားစု၏ အခန်းထဲမှ ထိတ်လန့်နေသောအသံကို ကြားနိုင်သည်။
“သူက ထက်မြက်နေတာလား။ ဒါမှမဟုတ် ကံကောင်းနေတာလား”
ရှန့်ကွမ်းမိသားစု၏ လက်ရွေးစင်တစ်ယောက်က ပြောလိုက်သည်။
ယုထန်ရွှေခြင်ဆီသည် မူလဒင်္ဂါးသန်းနှစ်ထောင် ရနိုင်သည်။
ထိုပမာဏသည် အရေးမကြီးသော်လည်း လုကျီရှု၏ ဂုဏ်သတင်းကို မြှင့်တင်ပေးနိုင်သည်။
ကျင့်ကြံသူများအတွက် ဉာဏ်ရည်သည် ခွန်အားဖြစ်ပြီး ကံကောင်းခြင်းသည် ကြွယ်ဝမှု ဖြစ်သည်။ ခွန်အားနှင့် ကြွယ်ဝမှုသည် ကျင့်ကြံသူတစ်ယောက်၏ အခြေခံအုတ်မြစ် ဖြစ်သည်။
လောကတွင်ရှိသော အခွင့်အရေးများကို ကံတရား၏ မျက်နှာသာပေးခြင်း ခံရသောလူက ရရှိလိမ့်မည်။
“သခင်မလေးယုချင်၊ မင်းရှုံးသွားပြီ”
လုကျီရှုက ပြောလိုက်သည်။
မရေမတွက်နိုင်သော နတ်အာရုံများသည် ရှန့်ကွမ်းမိသားစု၏ အခန်းဆီသို့ ရောက်လာကြသည်။
ရှန့်ကွမ်းဟုန်က ခပ်ဟဟရယ်လိုက်ပြီး လက်ကို ဝှေ့ယမ်းသည်။
ရွှေအလင်းသည် စံအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
စစ်ဆေးရန်ရောက်လာသော နတ်အာရုံများအားလုံးသည် တားဆီးခံလိုက်ရသည်။
ရတနာနှင့် ပတ်သတ်၍ အာရုံခံကြည့်ခြင်းသည် အရေးမကြီးပေ။
သို့သော် ယခုအချိန်တွင် လက်ထပ်ပွဲမှတစ်ဆင့် လောင်းကြေးထပ်ခြင်း ဖြစ်သည်။ ထို့ကြောင့် ရှန့်ကွမ်းဟုန်က သူတို့ကို တားဆီးခဲ့သည်။
တားဆီးခံလိုက်ရသော လူများကလည်း ဒေါသမထွက်ပေ။
ပြဿနာကြီးတစ်ခု မဟုတ်ခဲ့ပေ။
ရှန့်ကွမ်းယုချင်က အံကြိတ်ထားပြီး ခေါင်းပေါ်တွင်ရှိသော ဆံထိုးကို ဆွဲဖြုတ်၍ ပစ်ပေးလိုက်သည်။
လုကျီရှုက ရယ်လိုက်ပြီး ဆံထိုးကို ဖမ်းယူသည်။
“ညီအစ်ကိုလီ၊ ငါက သခင်မလေးယုချင်ရဲ့ စေ့စပ်လက်ဆောင်ကို ရသွားပြီ။ ယုထန်ရွှေခြင်ဆီကို မင်းပဲယူလိုက်ပါ။ ပြီးရင် မူလဒင်္ဂါးတွေ လွှဲပေးလိုက်ပါ”
ထိုစကားကြောင့် ပတ်ဝန်းကျင်တွင်ရှိနေသော လူများက သူ့ကို ကြည့်လိုက်ကြသည်။
ယုထန်ရွှေခြင်ဆီက တန်ဖိုးရှိပြီး ကမ္ဘာဦးအဆင့် ချပ်ဝတ်များကို ဖန်တီးရာတွင် အသုံးပြုနိုင်သည်။ အင်အားစုကြီးများက လိုချင်ကြသည်။
ထိုပစ္စည်း၏ တန်ဖိုးကို မူလဒင်္ဂါးသက်သက်ဖြင့် မဆုံးဖြတ်နိုင်ပေ။
လုကျီရှုက ယုထန်ရွှေခြင်ဆီကို လီချန်းယွင်ဆီသို့ ပေးလိုက်ပြီး ကြွယ်ဝမှုကို ဂရုမစိုက်ကြောင်း ဖော်ပြနေသည်။
ထိုရက်ရောမှုမျိုးသည် လူအများ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်ခဲ့သည်။
“ရှန့်ကွမ်းမိသားစုက အဲဒီကလေးကို နှစ်သက်နေတာ မထူးဆန်းတော့ပါဘူး”
“ကျစ်ကျစ်၊ အလှလေးတစ်ယောက်ရဲ့ စေ့စပ်လက်ဆောင်ကို ရခဲ့တယ်။ သူက ကံကောင်းတာပဲ”
လုတုန်ကျူး၏အကြည့်ကပင် အနည်းငယ် ပြောင်းလဲသွားသည်။
လီချန်းယွင်က ပြုံးလိုက်ပြီး ယုထန်ရွှေခြင်ဆီကို သိမ်းဆည်းသည်။ ထို့နောက် လုကျီရှုနှင့်အတူ အခန်းဆီသို့ ပြန်လာသည်။
ထိုအချိန်တွင် အကဲဖြတ်မည့် ဒုတိယပစ္စည်းကို စင်မြင့်ပေါ်တွင် ပြသထားသည်။
ထိုပစ္စည်းသည် အနက်ရောင်သန်းနေသော ဓားမော့တစ်လက် ဖြစ်သည်။
ထိုပစ္စည်းသည် ရှေးခေတ်စစ်မြေပြင်မှ ရရှိလာသော ပစ္စည်းဖြစ်ပြီး ထူးဆန်းသောစွမ်းအားများဖြင့် ဝိုင်းရံနေသောကြောင့် အထဲတွင်ရှိသော ရတနာကို မခန့်မှန်းနိုင်ပေ။
အလင်းလွှာသည် ပစ္စည်း၏ပုံစံကို ပြဿလိုက်သည်။
“အဲဒါက ရွှေမီးတောက်ကြောင့် ဖြစ်ပေါ်လာတဲ့ ဝိညာဉ်သင်္ကေတတွေလား”
လုကျီရှုက မျက်ခုံးပင့်လိုက်ပြီး ပြောသည်။
“တကယ်လို့ ရွှေမီးတောက်ဓားမော့ဆိုရင် အနည်းဆုံး မူလဒင်္ဂါးသန်းရာချီပြီး တန်ဖိုးရှိတယ်”
သူက တည်ငြိမ်နေသော ဟန်မူယဲ့ကို လှည့်ကြည့်သည်။
“အစ်ကိုဟန်၊ အဲဒါက ရွှေမီးတောက်လို့ မထင်ဘူးလား”
သူတို့က လုတုန်ကျူး၏အသံကို ကြားလိုက်ရသည်။
“အရင်တစ်ပွဲရဲ့ အကဲဖြတ်မှုအရ ပညာရှင်တွေရဲ့ ဆွေးနွေးခကို သတ်မှတ်လိုက်ပါတယ်။ လူတိုင်းက လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်ပါတယ်”
သူ့စကားအဆုံးတွင် အလင်းလွှာ၌ စာလုံးများပေါ်လာသည်။
ဈေးအကြီးဆုံးက အကြံဉာဏ်တစ်ခုအတွက် မူလဒင်္ဂါးသန်းသုံးသိန်း တောင်းခံထားသော ကောကျင်းထန် ဖြစ်သည်။
အနိမ့်ဆုံးကတော့ မူလဒင်္ဂါးငါးသောင်းသာ ပေးရသော တခြားပန်းပဲပညာရှင်များ ဖြစ်ကြသည်။
သို့သော် ထိုဈေးနှုန်းသည် တသမတ်တည်းမဟုတ်ပေ။ ဤတစ်ကြိမ်လုပ်ဆောင်ချက်အပေါ် မူတည်၍ နောက်တစ်ကြိမ်တွင် ပြောင်းလဲသွားလိမ့်မည်။
ချက်ချင်းဆိုသလိုပင် ရွှေအလင်းများသည် စင်မြင့်တွင်ထိုင်နေသော ပန်းပဲပညာရှင်များဆီသို့ ရောက်လာသည်။
ကောကျင်းထန်သည် အလင်းတန်းသုံးရာကို လက်ခံထားသည်။
မူလဒင်္ဂါး ဆယ်သန်းခန့် ဖြစ်သည်။
အလွန်ပင် အကျိုးအမြတ်များသည်။
ကျန်ရှိနေသော ပညာရှင်များထံတွင်လည်း ရွှေအလင်းတန်းများ ရှိနေကြသည်။
“ဆရာကောရဲ့ ဆွေးနွေးခက မူလဒင်္ဂါး သုံးသိန်းပဲ။ ဆရာဟန်ရဲ့ ဈေးနှုန်းက အဲဒီထက် နည်းလို့မဖြစ်ဘူး”
လုကျီရှုက ပျော်ရွှင်စွာ ပြောလိုက်ပြီး ကျောက်စိမ်းပြားတစ်ခုကို ဟန်မူယဲ့၏ရှေ့တွင် ချပေးသည်။
“ဒါက ယွင်ထန်းရတနာစံအိမ်ရဲ့ မူလဒင်္ဂါးငါးသိန်း ကတ်ပြားပါ”
“အကြံပေးပါအုံးဆရာဟန်”
အမှန်အတိုင်းပြောရလျှင် လုကျီရှုနှင့် ဟန်မူယဲ့အတွက် မူလဒင်္ဂါး ငါးသိန်းသည် အရေးမပါပေ။
သို့သော် ဟန်မူယဲ့ကို တစ်ခါတည်း အကြံပေးခိုင်းလျှင် အဆင်မပြေပေ။
သူတို့က ဆက်ဆံရေးကောင်းသော်လည်း စီးပွားရေးသည် စီးပွားရေးပင် ဖြစ်သည်။
ဟန်မူယဲ့က မူလဒင်္ဂါးငါးသိန်းကို ဂရုမစိုက်သော်လည်း လုကျီရှုက ပေးချေရမည်။
အကယ်၍ အစစ်အမှန်ရတနာတချို့ဆိုလျှင် လုကျီရှုက ဟန်မူယဲ့နှင့် ယှဉ်ပြိုင်နေမည်မဟုတ်ပေ။
ယှဉ်ပြိုင်ရန်လည်း စွမ်းအားမရှိပေ။
တခြားလူများက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
တခြားအခန်းများက ဈေးပေးနေကြသည်။
သို့သော် ယခုအချိန်တွင် မဖော်ပြသေးသောကြောင့် မည်သူမှ မသိနိုင်ပေ။
“ရွှေမီးတောက်က ရတနာကနေ အလင်းထွက်လာနိုင်ပေမဲ့ အဲဒီလိုမျိုးတော့ မဟုတ်ဘူး။ ဒါက အဆုံးမဲ့ကောင်းကင်မီးတောက်ပဲ”
ဟန်မူယဲ့က တည်ငြိမ်စွာပြောသည်။
“အဆုံးမဲ့ကောင်းကင်မီးတောက်လား”
လီချန်းယွင်က နားမလည်နိုင်သောမျက်နှာထားဖြင့် တီးတိုးပြောသည်။
“ရှေးခေတ်ရဲ့ စကြဝဠာတစ်ခုက မီးတောက်တစ်မျိုးမဟုတ်လား။ ရွှေကျီးကန်းမီးတောက်နဲ့ ယှဉ်နိုင်တယ်လို့ ပြောကြတယ်”
သို့သော် လုကျီရှုဖြစ်စေ၊ လီချန်းယွင်ဖြစ်စေ ထိုမီးတောက်အကြောင်းကို သေချာမသိကြပေ။
“အဆုံးမဲ့စကြဝဠာရဲ့ အဆုံးမဲ့ကောင်းကင်မီးတောက်က လောကတစ်ခုလုံးကို လောင်ကျွမ်းနိုင်တဲ့ ထိပ်တန်းအဆင့် မီးတောက်တစ်ခုပဲ။ အဲဒီမီးတောက်က ကြမ်းတမ်းပေမဲ့ ဝိညာဉ်ပစ္စည်းတွေကို စုစည်းနိုင်တယ်”
ဟန်မူယဲ့က ဓားမော့ပုံစံပစ္စည်းကို ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်း ဆက်ပြောသည်။
“ရှေးခေတ်မှာ အဆုံးမဲ့စကြဝဠာရဲ့ တာအိုအုပ်စိုးသူ ဆယ့်သုံးယောက်က ကြယ်စင်စုစကြဝဠာရဲ့ ကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်ခဲ့တယ်။ အဆုံးမဲ့ကောင်းကင်မီးတောက်က စကြဝဠာ ၂၈ခုကို လောင်ကျွမ်းစေခဲ့တယ်”
ဟန်မူယဲ့က လက်ဖျောက်တီးလိုက်ပြီး ပုံရိပ်များကို ဖော်ပြသည်။
ထိုပုံရိပ်ထဲတွင် မီးတောက်များ ဆင်းသက်လာပြီး လောကကို လောင်ကျွမ်းသွားစေသည်။ ကျွမ်းကျင်သူများက တိုက်ခိုက်နေကြသည်။
“အဆုံးမဲ့ကောင်းကင်မီးတောက်ကြောင့် ပျက်စီးမသွားဘဲ ဓားမော့ပုံစံမျိုး ရှိနေတယ်ဆိုရင် အဲဒါက တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရှေးခေတ်ကျွမ်းကျင်သူ ဝူပိုင်ဟူရဲ့ ကျားဖြူဓားမော့ပဲ ဖြစ်လိမ့်မယ်”
ဟန်မူယဲ့၏ရှေ့တွင်ရှိသော ပုံရိပ်သည် ဖြည်းဖြည်းချင်း စုစည်းလာပြီး စင်မြင့်တွင် ပြသထားသော ပစ္စည်းနှင့်တူသည့် ဓားမော့တစ်လက်အဖြစ် ပြောင်းလဲသွားသည်။
လုကျီရှုနှင့် လီချန်းယွင်တို့၏ ပေါ့ပါးနေသော မျက်နှာထားက လေးနက်နေသည်။
အခန်းထဲတွင်ရှိသော အစေခံများက ခေါင်းငုံ့ထားပြီး နောက်ဆုတ်သွားကြသည်။
သူတို့က နားမထောင်သင့်သောအရာကို နားလည်သည်။
“ဒါက ရှေးခေတ်ရဲ့ ရတနာတစ်ပါးဆိုတော့ အစ်ကိုဟန်က စိတ်ဝင်စားလား”
လုကျီရှုက ဟန်မူယဲ့ကို ကြည့်လိုက်ပြီး မေးသည်။
ထိုပစ္စည်းသည် သန်းနှစ်ထောင်တန်ဖိုးရှိသော ယုထန်ရွှေခြင်ဆီနှင့် မတူပေ။
ရှေးခေတ်ကျွမ်းကျင်သူ၏ ဓားမော့သည် တန်ဖိုးမဖြတ်နိုင်သော ရတနာတစ်မျိုး ဖြစ်သည်။
သိန်းသန်းချီ၍ တန်ဖိုးရှိနိုင်သည်။
“ငါက စိတ်မဝင်စားဘူး။ ဒါပေမဲ့ မင်းတို့ရလာရင် ငါကြည့်ပေးနိုင်တယ်”
ဟန်မူယဲ့က ပြောလိုက်ပြီး အပြုံးတစ်ခုနှင့်အတူ လုကျီရှု၊ လီချန်းယွင်တို့ကို ကြည့်သည်။
“တခြားလူတွေက အဲဒီလိုမျိုး ပြောနိုင်မယ်လို့ မင်းတို့ထင်လား”
ထိုစကားကြောင့် လုကျီရှုတို့နှစ်ယောက်က ရပ်တန့်သွားသည်။
လုမိသားစု၏ ရတနာအကဲဖြတ်သူက အဆုံးမဲ့ကောင်းကင်မီးတောက်အကြောင်းကို ပြောနိုင်လိမ့်မည်။ ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဤနေရာသို့ ရောက်လာသနည်း။
ယခင်ပစ္စည်းသည် အကဲဖြတ်မှုအပေါ်တွင် မူတည်နေသည်။
သို့သော် ဤပစ္စည်း၏တန်ဖိုးကို တခြားလူများကလည်း မြင်နိုင်လိမ့်မည်။
“ဒီလိုမျိုး မီးစွမ်းအားနဲ့ လွှမ်းခြုံနေတဲ့ ပစ္စည်းမျိုးက တန်ဖိုးကြီးတယ်။ ဒါပေမဲ့ မီးတောက်ရဲ့ လွှမ်းမိုးမှုအောက်မှာရှိနေတဲ့ သူတို့ရဲ့စွမ်းအင်ကို ဘယ်သူမှ သေချာမပြောနိုင်ဘူး”
ဟန်မူယဲ့က ရှင်းပြသည်။
ထိုအရာသည် ရတနာတစ်ခု ဖြစ်သော်လည်း တန်ဖိုးမည်မျှရှိကြောင်း မပြောနိုင်ပေ။
“ပြီးတော့ ရတနာကို ဖွင့်တဲ့အချိန်မှာ ဗဟိုချက်စွမ်းအားက တိုက်ရိုက် ပျက်စီးသွားနိုင်တယ်”
“ဗဟိုချက်ပျက်စီးသွားတဲ့ ရတနာက ဘယ်လောက်တန်ဖိုးရှိမှာလဲ”
နှစ်ပေါင်းများစွာ ကြာမြင့်နေသော ထိုရတနာမျိုးသည် တန်ဖိုးအကန့်အသတ် ရှိသည်။
ဟန်မူယဲ့၏စကားကြောင့် လူကျီရှုနှင့် လီချန်းယွင်တို့က ကြောင်အသွားသည်။
ဆက်ပြောနေရန် မလိုတော့ပေ။
ပတ်ဝန်းကျင်တွင်ရှိသော အစေခံများက သက်ပြင်းချလိုက်ကြသည်။
အကယ်၍ တန်ဖိုးရှိသောပစ္စည်း မဟုတ်လျှင် အသက်အန္တရာယ်ကို စိုးရိမ်နေရန် မလိုပေ။
“အဲဒါဆိုရင် ထားလိုက်ပါတော့။ ငါက ဈေးမပေးတော့ဘူး”
လီချန်းယွင်က ခေါင်းခါလိုက်သည်။
လုကျီရှု၏ မျက်နှာထားကလည်း ဆင်တူသည်။
“ဘာလို့ ဈေးမပေးမှာလဲ”
ဟန်မူယဲ့က အလင်းလွှာတွင်ရှိသော ပစ္စည်းကို ကြည့်လိုက်ပြီး ခပ်ဟဟရယ်သည်။
“ငါက ရတနာကို ဖွင့်တဲ့အချိန်မှာ စွမ်းအား ၈၀%ကို ထိန်းသိမ်းပေးနိုင်တယ်ဆိုရင်ရော”
“ဒါပေမဲ့ အဲဒီလိုလုပ်ဖို့ ရင်နာလောက်အောင် ကုန်ကျစရိတ်များတယ်”
ဟန်မူယဲ့က ခပ်ဟဟရယ်လိုက်ပြီး ရှေ့တွင်ရှိသော လူနှစ်ယောက်ကို ကြည့်သည်။
“ပြီးတော့ ရတနာက အစကတည်းက ပျက်စီးနေရင် ငါပြင်မပေးနိုင်ဘူး”