အခန်း (၁၄၂၈)
Vol. 102 Ch. 1428
လုကျီရှုက စိတ်ရှုပ်ထွေးနေသည်။
‘လက်နက်က ပျက်စီးမနေရင် အစ်ကိုဟန်က စွမ်းအား ၈၀%ကို ထိန်းသိမ်းပေးနိုင်တာလား’
‘ဒါက ဖြစ်နိုင်ရဲ့လား’
‘ဘယ်လိုစွမ်းအားမျိုးက အချိန်ရဲ့တိုက်စားမှုကို ခုခံနိုင်မှာလဲ’
လီချန်းယွင်က ညင်သာစွာပြောလိုက်သည်။
“နှစ်ပေါင်းများစွာကြာနေပြီဆိုတော့ ရတနာက စွမ်းအားသိပ်မရှိတော့လောက်ဘူး”
အကယ်၍ စွမ်းအားအလွန်နည်းနေလျှင် ရလဒ်ကောင်းမည်မဟုတ်ပေ။
“ညီအစ်ကိုလု၊ ဒီတစ်ကြိမ်မှာ ငါမပါတော့ဘူး”
လုချန်းယွင်က ပြောလိုက်ပြီး ခေါင်းခါသည်။
ထိုအချိန်မှာ လုတုန်ကျူး၏အသံကို ကြားရသည်။
“အားလုံးပဲ ဈေးပေးကြအုံးမှာလား”
သူက လက်မြှောက်သည်။
“ကျွန်တော်က အဲဒီပစ္စည်းကို ယူလိုက်မယ်”
အခန်းထဲတွင်ရှိသော လုကျီရှုက အော်ပြောသည်။
သူ့အကြည့်က ပြတ်သားနေပြီး ပြောလိုက်သည်။
“အဆိုးဆုံးဖြစ်လာရင်လည်း ဝတ်စရာမရှိရုံပေါ့”
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ဈေးပေးသည်။
သူ၏ အော်သံကြောင့် တခြားလူများက အာရုံစိုက်လာကြသည်။
လုတုန်ကျူးက လက်ချလိုက်သည်။ အလင်းလွှာတွင် ဂဏန်းသုံးခုသာ ကျန်ရစ်ခဲ့သည်။
သန်းရှစ်ဆယ် ....
သန်းငါးရာ ....
သန်းရှစ်ထောင် ....
အလွန်ကွဲပြားနေသော ပမာဏကြောင့် လူတိုင်းက အံ့အားသင့်သွားကြသည်။
အနိမ့်ဆုံးဈေးနှင့် အမြင့်ဆုံးဈေးသည် အလွန်ကွာခြားနေသည်။
“လုကျီရှုက ရူးသွားပြီလား”
ရှန့်ကွမ်းမိသားစု၏ အခန်းတွင်ရှိသော ရှန့်ကွမ်းယုချင်က ရေရွတ်လိုက်သည်။
လုကျီရှု၏ ဈေးသည် သန်းရှစ်ထောင် ဖြစ်သည်။
မရေမတွက်နိုင်သော နတ်အာရုံများက ဟန်မူယဲ့တို့အခန်းဆီသို့ ရောက်လာကြသည်။
ဟန်မူယဲ့က လက်မြှောက်ပြီး နတ်အာရုံများကို တားဆီးလိုက်သည်။
ယခုအချိန်တွင် စူးစမ်းကြည့်ရန် ခွင့်ပြုမထားပေ။
လုတုန်ကျူးက ဈေးပေးထားသော ဂဏန်းများကို ကြည့်လိုက်ပြီး စင်မြင့်ပေါ်တွင်ရှိသော ပန်းပဲပညာရှင်များကို ကြည့်သည်။
သူတို့၏ မျက်နှာထားက ကွဲပြားနေကြသည်။
“လုမိသားစုရဲ့ သခင်လေးက ကြွယ်ဝမှုတွေအားလုံးနဲ့ လောင်းကြေးထပ်နေတာပဲ”
အကဲဖြတ်သူတစ်ယောက်က ပြုံးလိုက်ပြီး ညင်သာစွာပြောသည်။
“ဟားဟား၊ အမှန်အတိုင်းပြောရရင် အထဲမှာရှိတဲ့ပစ္စည်းက ဈေးနှုန်းနဲ့ ထိုက်တန်လိမ့်မယ်။ ဒါပေမဲ့ အချိန်က အရာအားလုံးကို ပျက်စီးသွားစေနိုင်တယ်။ ဘယ်သူက ခုခံနိုင်လို့လဲ”
ကောကျင်းထန်က ခေါင်းခါလိုက်ပြီး သက်ပြင်းချသည်။
သူက ပန်းပဲပညာရှင်တစ်ယောက် ဖြစ်ပြီး ရှေးခေတ်၏ရတနာကို ကံကောင်းမှသာ မြင်နိုင်သည်။
သို့သော် ထိုပစ္စည်းသည် ဤနေရာသို့ ရောက်လာသောအခါတွင် တန်ဖိုးသိပ်မရှိတော့ပေ။
တခြားလူများက တိတ်ဆိတ်နေကြသည်။ တချို့က စကားပြောခဲ့သော်လည်း များသောအားဖြင့် လုကျီရှုက ဆုံးရှုံးလိမ့်မည်ဟု ထင်နေကြသည်။
အကောင်းမြင်သောလူ မရှိပေ။
“အဲဒီကောင်က ထပ်ပြီး ကံမကောင်းနိုင်ဘူးမဟုတ်လား”
စွန်းမင်က မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးပြောသည်။
“ဒီတစ်ကြိမ်က မတူဘူး။ သူ့မှာ မျှော်လင့်ချက်မရှိဘူး”
သူ့ရှေ့တွင်ရှိသော အနက်ရောင်ဝတ်စုံနှင့် လူကလည်း ခေါင်းခါလိုက်သည်။
တခြားအခန်းများကလည်း ဆွေးနွေးနေကြသည်။
သို့သော် သန်းရှစ်ထောင်ကိုကျော်၍ မည်သူမှ ဈေးမပေးကြပေ။
အရူးတစ်ယောက်ကသာ ထိုသို့ လောင်းကြေးထပ်လိမ့်မည်။
“အဲဒီလုကျီရှုက သင့်တော်တဲ့လူတစ်ယောက် မဟုတ်ဘူးထင်တယ်”
ရှန့်ကွမ်းမိသားစု၏ အခန်းထဲတွင် ဖြောင့်မတ်စွာထိုင်နေသော လူငယ်က ပြောလိုက်သည်။
ရှန့်ကွမ်းယုချင်က ခေါင်းလှည့်ကြည့်သည်။
ထိုအချိန်တွင် ဟန်မူယဲ့က လုကျီရှုကို စကားတချို့ ပြောလိုက်သည်။ ထို့နောက် လုကျီရှုက စိတ်လှုပ်ရှားစွာ ထွက်လာသည်။
သူက စင်မြင့်ပေါ်သို့ ရောက်လာပြီး ရတနာအကဲဖြတ်သူများကို ဦးညွတ်လိုက်သည်။ ထို့နောက် လုတုန်ကျူးကို ဦးညွတ်သည်။
သူက မူလဒင်္ဂါး သန်းရှစ်ထောင်ကို ထုတ်ပေးခဲ့သည်။
သူ၏ ကြွယ်ဝမှု အားလုံးနီးပါး ဖြစ်သည်။
ယခုအချိန်မှစ၍ တခြားရတနာများကို ဝယ်ယူချင်လျှင် ကိုယ်ပိုင်ရတနာဖြင့် လဲလှယ်ရလိမ့်မည်။
လုတုန်ကျူးက လုကျီရှုကို ပြုံးပြလိုက်ပြီး ရှေ့တက်၍ ရတနာကို အကဲဖြတ်ပေးရန် အချက်ပြသည်။
လုကျီရှက ရှေ့သို့ လျှောက်သွားလိုက်ပြီး ဓားမော့ပုံစံရှိသော ပစ္စည်းကို လှည့်ပတ်ကြည့်နေသည်။
“အဆုံးမဲ့ကောင်းကင်မီးတောက်နဲ့ လောင်ကျွမ်းခံရပြီး ဓားမော့ပုံစံ ရှိနေတယ်။ ဒီလိုပစ္စည်းမျိုးက ရှေးခေတ်မှာ သိပ်မရှိဘူး”
လုကျီရှုက တီးတိုးပြောလိုက်ပြီး ပစ္စည်းပေါ်တွင် လက်တင်သည်။
သူ့စကားကြောင့် ပတ်ဝန်းကျင်တွင်ရှိသော လူများ၏ မျက်လုံးက တောက်ပလာသည်။
‘ဒီလုကျီရှုက ရူးသွပ်နေတဲ့ လောင်းကစားသမား မဟုတ်ဘူးထင်တယ်’
‘အနည်းဆုံးတော့ သူက ရှေးခေတ်တိုက်ပွဲတွေရဲ့ အဆုံးမဲ့ကောင်းကင်မီးတောက်ကို သိသေးတယ်’
“အဆုံးမဲ့စကြဝဠာရဲ့ အဆုံးမဲ့ကောင်းကင်မီးတောက်။ ရှေးခေတ်မှာ ပျောက်ဆုံးသွားခဲ့တာ နှမြောစရာပဲ။ မဟုတ်ရင် အခုအချိန်အထိ တောက်ပနေလိမ့်မယ်”
ပန်းပဲပညာရှင်အစည်းအရုံး၏ ပင်မအကြီးအကဲဖြစ်သော ဖုန်းချန်က နောက်တများနှင့်အတူ ပြောသည်။
ထိုနတ်ဘုရားမီးတောက်မျိုးသည် ပန်းပဲပညာရှင်များအတွက် အလွန်အသုံးဝင်သည်။
“အဲဒီတိုက်ပွဲမှာ ကျွမ်းကျင်သူတွေ အများကြီး ကျဆုံးခဲ့တယ်။ ကျွန်တော်တို့ ကြယ်စင်စုစကြဝဠာရဲ့ ဓားမော့ကိုင်တဲ့ ကျွမ်းကျင်သူတစ်ယောက်လည်း ကျဆုံးသွားတယ်”
လုကျီရှုက ညင်သာစွာပြောသည်။
“စကြဝဠာအဆင့်လက်နက်၊ ကျားဖြူဓားမော့ပဲ”
စကြဝဠာအဆင့်လက်နက် ....
သန်းသိန်းချီ၍ တန်ဖိုးရှိသည်။
သို့သော် ထိုရတနာမျိုးကို မူလဒင်္ဂါးဖြင့် အရောင်းအဝယ်မလုပ်နိုင်ပေ။
စကြဝဠာအဆင့် လက်နက်များသည် လုကျီရှုဈေးပေးထားသော ပမာဏထက် အဆပေါင်းများစွာ ပိုသည်။
“အဲဒီပစ္စည်းက ကျားဖြူဓားမော့ဖြစ်မယ်လို့ သူက လောင်းကြေးထပ်နေတာပဲ”
“ရူးလိုက်တာ။ သူက ဈေးနှိမ့်ပေးရင်လည်း ဘယ်သူမှ သူနဲ့ယှဉ်မှာမဟုတ်ဘူး”
“တကယ်လို့ ရတနာအစစ်ဖြစ်နေရင် ဈေးနှုန်းနဲ့ မထိုက်တန်ဘူး”
စကားသံအမျိုးမျိုးကို ကြားရသည်။ လုကျီရှုက ဓားရိုးကို ကိုင်ထားပြီး ရတနာကို ချက်ချင်းမဖွင့်ခဲ့ပေ။ သူက ရှန့်ကွမ်းမိသားစု၏ အခန်းဆီသို့ ကြည့်လိုက်ပြီး ပြောသည်။
“သခင်မလေးယုချီ၊ ဝိညာဉ်သတ္တုတချို့ ချေးပေးမလား။ ဒီရတနာကို ဖွင့်ပြီးရင် နှစ်ဆပြန်ပေးမယ်”
‘ဝိညာဉ်သတ္တုတွေ ချေးနေတာလား’
‘နှစ်ဆပြန်ပေးမှာလား’
‘သူက ဘာလုပ်ချင်တာလဲ’
ရှန့်ကွမ်းယုချင်၏ မျက်နှာထားက အေးစက်နေပြီး ပြောလိုက်သည်။
“နင်က ဘယ်လောက်လိုချင်တာလဲ”
လုကျီရှုက ပေါ့ပါးစွာရယ်သည်။
“သန်းသုံးသောင်းလောက် တန်ဖိုးရှိတဲ့ ဝိညာဉ်သတ္တုတွေကို လိုအပ်တယ်။ အဆင့်မြင့်လေ ကောင်းလေပဲ”
သန်းသုံးသောင်း ....
ရှန့်ကွမ်းယုချင်က အတော်လေး မကျေမနပ်ဖြစ်သွားသည်။
“သူ့ကိုပေးလိုက်ပါ”
ထိုအချိန်တွင် တိတ်ဆိတ်နေသော ရှန့်ကွမ်းဟုန်က ပြောသည်။
အခန်းထဲတွင်ရှိသော ရှန့်ကွမ်းမိသားစုဝင်တိုင်းက ကြောင်အသွားကြသည်။
ရှန့်ကွမ်းယုချင်က တုံ့ဆိုင်းနေပြီး ကျောက်စိမ်းသေတ္တာတစ်ခုကို ထုတ်ပေးသည်။
လုကျီရှုက သေတ္တာကို ဖမ်းယူလိုက်ပြီး ကျေနပ်စွာရယ်သည်။
“မိန်းကလေးယုချင်၊ စိတ်ချပါ။ ငါရှုံးသွားရင် အောက်ခံချွတ်ပြီး မင်းကိုပေးလိုက်မယ်”
သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပုံရိပ်ယောင်နေရာတစ်ခုတွင် သန်းငါသောင်းခန့် တန်ဖိုးရှိသော ဝိညာဉ်သတ္တုများကို နေရာချသည်။
ထို့အပြင် ရှန့်ကွမ်းယုချင်ဆီမှ ရလာသော ဝိညာဉ်သတ္တုများကိုလည်း ထုတ်သုံးလိုက်သည်။
ထို့နောက် လုကျီရှုက လက်မြှောက်ပြီး ဓားမော့ပုံစံပစ္စည်းကို ဝိညာဉ်သတ္တုများနှင့် ရောနှောသည်။
မူလဒင်္ဂါး သန်းတစ်သိန်းခန့်ရှိသော လုပ်ရပ် ဖြစ်သည်။
အကယ်၍ ဆုံးရှုံးသွားလျှင် လုကျီရှုက ဝတ်စရာကျန်မည်မဟုတ်ပေ။
“ဘုန်း”
ဓားမော့က ပုံရိပ်ယောင်နယ်မြေထဲသို့ ရောက်သွားသောအခါ ကျယ်လောင်သောအသံကို ကြားရသည်။ ထို့နောက် မရေမတွက်နိုင်သော ဝိညာဉ်သတ္တုများက ကွဲကြေပြီး စွမ်းအားကို ထုတ်လွှတ်၍ ဓားမော့ပုံစံပစ္စည်းကို လွှမ်းခြုံသည်။
စင်မြင့်တွင်ရှိနေသော ရတနာအကဲဖြတ်သူအဖြစ် လုပ်ဆောင်နေသည့် ပန်းပဲပညာရှင်များက မတ်တပ်ရပ်လိုက်ကြသည်။
အခန်းထဲတွင်ရှိနေသော လူတိုင်းက ပုံရိပ်ယောင်နယ်မြေကို စိုက်ကြည့်နေသည်။
ထိုနေရာတွင် ကျားဖြူပုံရိပ်သည် ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။
သန်းတစ်သိန်းတန်ဖိုးရှိသော ဝိညာဉ်သတ္တုများသည် ပေါက်ကွဲသွားသည်။ သူတို့၏စွမ်းအားသည် ဓားမော့ထဲသို့ စီးဝင်လာသည်။
“ကျားဖြူဝိညာဉ်”
“ရှေးခေတ်ရဲ့ ထိပ်တန်းအဆင့် ပန်းပဲနည်းစနစ်”
မရေမတွက်နိုင်သော ထိတ်လန့်နေသည့် စကားသံများကို ကြားနိုင်သည်။ လူတိုင်းက ပုံရိပ်ယောင်နယ်မြေတွင်ရှိသော ကျားဖြူပုံရိပ်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေကြသည်။
ရှေးခေတ်အချိန်၏ ပန်းပဲနည်းစနစ်ကို အသက်တစ်ခါရှူကြိမ် မြင်ရလျှင်ပင် ကံကောင်းမှုကြီးတစ်ခု ဖြစ်သည်။
ယခင်က ရတနာအကဲဖြတ်ပွဲများတွင် ထိုမြင်ကွင်းမျိုး ပေါ်လာလေ့ရှိသည်။
သို့သော် ရှေးခေတ်၏ရတနာများသည် အလွန်အိုဟောင်းနေပြီး အချိန်၏ တိုက်စားမှုကြောင့် များသောအားဖြင့် အသက်ရှူကြိမ်ဆယ်ခါခန့်သာ စွမ်းအားကို ဖော်ပြနိုင်သည်။
အသက်ရှူကြိမ်ဆယ်ခါသည် ရှေးခေတ်၏ အလွန်အားကောင်းသောရတနာ ဖြစ်သည်။
စင်မြင့်တွင်ရှိသော ပညာရှင်များက တောက်ပနေသော မျက်လုံးများဖြင့် ကျားဖြူပုံရိပ်ကို စိုက်ကြည့်ပြီး ဗဟိုချက်စွမ်းအားကို မြင်နိုင်ရန် ကြိုးစားနေကြသည်။
သူတို့က တီးတိုးရေရွတ်ပြီး ကျားဖြူပုံရိပ် တောင့်ခံနိုင်မည့်အချိန်ကို တွက်ချက်နေသည်။
အသက်ရှူကြိမ်တစ်ခါအကြာတွင် ကျားဖြူက ဟိန်းဟောက်လိုက်ပြီး ခုန်ပေါက်သည်။
အသက်ရှူကြိမ် နှစ်ခါအကြာတွင် ကျားဖြူက ပတ်ဝန်းကျင်တွင်ရှိနေသော ဝိညာဉ်သတ္တုများ၏စွမ်းအားကို ဝါးမြိုသည်။
အသက်ရှူကြိမ်သုံးခါအကြာတွင် ကျားဖြူ၏ခန္ဓာကိုယ်က တောက်ပလာပြီး ပေါက်ကွဲတော့မည်ဟု ထင်ရသည်။
အသက်ရှူကြိမ်ဆယ်ခါ ....
ကျားဖြူ၏ ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း စုစည်းသွားသည်။ ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ လက်ဝါးအရွယ်အစားရှိသော ချစ်စရာကောင်းသည့် ကျားဖြူလေးအဖြစ် ပြောင်းလဲသွားခဲ့သည်။
“ဂါး ....”
ကျားဖြူလေးက ခပ်အုပ်အုပ်အသံပြုပြီး ပုံရိပ်ယောင်နယ်မြေကို ကျော်ဖြတ်၍ လုကျီရှုဆီသို့ ရောက်လာသည်။
ထိုအချိန်တွင် စင်မြင့်နှင့် အခန်းများတွင်ရှိသော လူတိုင်းက အံ့အားသင့်သွားကြသည်။
“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ”
စင်မြင့်ပေါ်တွင်ရှိသော မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က မယုံကြည်နိုင်စွာ ပြောသည်။
“ရှေးခေတ်ရဲ့ လက်နက်ဝိညာဉ်က အချိန်ရဲ့တိုက်စားမှုကို ဘယ်လိုလုပ်ပြီး ကျော်ဖြတ်နိုင်မှာလဲ”
“ဒါက ရှေးခေတ်ရဲ့ ထိပ်တန်းအဆင့် လက်နက်ဝိညာဉ်ပဲ။ သူ့ရဲ့တန်ဖိုးက ....”
အခန်းတစ်ခန်းတွင် သက်လတ်ပိုင်းအရွယ်လူက တုန်ရီစွာ ပြောလိုက်သည်။
ထိုပစ္စည်း၏တန်ဖိုးကို မည်သို့ တွက်ချက်နိုင်မည်နည်း။
အကယ်၍ အစစ်အမှန် စကြဝဠာအဆင့် လက်နက်နှင့် လဲလှယ်လိုက်လျှင်ပင် မထိုက်တန်ပေ။
ထိုလက်နက်ဝိညာဉ်တွင်ရှိသော လျှို့ဝှက်ချက်များကို အင်အားစုကြီးတစ်ခုက နှစ်သိန်းချီ၍ လေ့လာနိုင်သည်။
ယုထန်ရွှေခြင်ဆီအတွက် လုကျီရှုနှင့် ယှဉ်ပြိုင်ခဲ့သော စွန်းမင်က နားမလည်နိုင်ဖြစ်နေသည်။
‘ဘာဖြစ်နေတာလဲ’
လုတုန်ကျူးက ရှေ့တွင်ရှိသော လုကျီရှုကို ကြည့်လိုက်ပြီး ပါးစပ်အဟောင်းသားဖြစ်နေသည်။
‘ဒါက ကံကောင်းတာလား။ ဒါမှမဟုတ် တကယ်ပဲ စွမ်းရည်ရှိတာလား’
ရှန့်ကွမ်းမိသားစု၏ အခန်းတွင် လူတိုင်းက တိတ်ဆိတ်နေကြသည်။
တချို့က ရှန့်ကွမ်းယုချင်ကို ခိုးကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ရှန့်ကွမ်းယုချင်၏ မျက်နှာထားက ရှုပ်ထွေးနေသည်။
သူမက လုကျီရှုကို နားမလည်နိုင်တော့ဟု ခံစားရသည်။
လုကျီရှုက ကျားဖြူလေးကို ကောက်ယူပြီး တစ်ချက်လှုပ်ရှား၍ အခန်းထဲသို့ ပြန်လာသည်။ ထို့နောက် ကျားဖြူလေးကို ဟန်မူယဲ့ဆီသို့ ပေးလိုက်သည်။
ထိုကျားဖြူလေးသည် သန်းတစ်သိန်းခန့် တန်ဖိုးရှိသော ရတနာတစ်ပါး ဖြစ်သည်။