ကျုပ်နဲ့ တိုက်ခိုက်ဖို့ ဘယ်သူ ထိုက်တန်သလဲ
Vol. 011 Ch. 1040
ရှားရှင်းယွန်၏ စကားကိုကြားလျှင် လူအများအပြားက အတွေးနက် သွားကြသည်။
ရှားရှင်းယွန်က ဘာကို ဆိုလိုသနည်း။
သူမက ရီဖူရှင်းအား ကြိမ်းမောင်းနေဟန် ရသော်လည်း တစ်ဖက်တွင် ရီဖူရှင်းအား လီဟန်ဓား နန်းတော်မှ လူများနှင့် တိုက်ခိုက်ရန် အခွင့်ပေး နေသည်နှင့် တူ၏။ ယနေ့ ဝမ်ချွန်း မရှိရာ လီဟန်ဓား နန်းတော်မှ မည်သူကမှ ရီဖူရှင်းအား အနိုင်ရရန် မရှိပေ။
ထိုကိစ္စက လူအများအပြားအား သဘောကျစေသည်။ အင်ပါယာရှားက ရီဖူရှင်းအား မင်းသမီး၏ ကိုယ်ရံတော် အဖြစ် ခန့်အပ်ခဲ့ရာ ဆိုလိုသည်က ရီဖူရှင်းသည် မင်းသမီးအား ခစား၏။ သူမ၏စကားက ရီဖူရှင်းကို ရည်ရွယ်သော်လည်း အမှန်တကယ်အားဖြင့် လီဟန်ဓား နန်းတော်မှ လူများအား သဘောမကျမှုကို ဖော်ပြသည်နှင့်လည်း တူ၏။
ဖန်းရှောင်သည် ပထမဦးဆုံး ဤကိစ္စကို အစပျိုးခဲ့သူဖြစ်ရာ မင်းသမီး၏ ရည်ရွယ်ချက်က ထင်ရှား နေပေသည်။ လီဟန်ဓား နန်းတော်အနေဖြင့် ထိုသို့ စီစဉ်မှုအား ငြင်းပယ်ရန် အကြောင်းပြချက် မရှိပေ။
ရှောင်ချိန်ဟေးက မင်းသမီးအား ကြည့်သည်။ ကြည့်ရသည်မှာ မင်းသမီးက ဆုံးဖြတ်ချက် ချလိုက်ဟန်ရသည်။ ဤသို့ဆိုလျှင် ရီဖူရှင်းက မည်သို့သောသူ ဖြစ်သည်ကို ကြည့်ရပေမည်။
အကယ်၍ ရီဖူရှင်းသည် သာမန် ကြွားလုံးထုတ်သူ တစ်ဦးသာ ဆိုပါက သူ့အနေဖြင့် စိုးရိမ်ပူပန်နေစရာ အကြောင်း မရှိတော့ပေ။ ဤသို့ဆိုလျှင် ရီဖူရှင်း အနေဖြင့် မင်းသမီး၏ ဘေး၌လည်း ဆက်နေရန် အကြောင်း မရှိတော့ပေ။
ယောင်းချီက ဘေးမှရီဖူရှင်းအား ကြည့်သည်။ ရီဖူရှင်း မည်မျှစွမ်းသည်ကို သူမသည်လည်း မသိပေ။သို့သော်လည်း ရှားရှင်းယွန်က ရီဖူရှင်းအပေါ် မည်သို့ သဘောထားသည်ကို ခန့်မှန်း၍ ရသည်။
ရီဖူရှင်းက ရှားရှင်းယွန်အား အံ့အားသင့်စွာ ကြည့်သည်။ မိမိ၏ တိုက်ရည်ခိုက်ရည်ကို တခြားလူများ မသိသော်လည်း သူမ ကောင်းကောင်း သိပေသည်။ မိမိနှင့် ရှားရှင်းယွန်တို့သည် ရှေးနန်းတော်ရာ၌ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြ၏။
ထိုအခိုက်တွင် ရီဖူရှင်း၏ ခေါင်းထဲမှ မီးခိုးမှိုင်းများမှာ ချက်ချင်း ပျက်ပြယ် သွားရသည်။ ရှားရှင်းယွန်သာ သူ့ဘက်တွင် ရှိသည်ဆိုပါက သူ့အနေဖြင့် ရှောင်မိသားစုကို ဖြစ်စေ တခြား အင်အားစုများကို ဖြစ်စေ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခြင်း မဟုတ်ပါက သိပ်ပြဿနာ မရှိနိုင်ပေ။
သူမ၏ သဘောထားကြောင့် ရီဖူရှင်းမှာလည်း ကျေးဇူးတင် ရပေသည်။ ရှားရှင်းယွန်၏ စိတ်နေ သဘောထားမှာ ဆက်ဆံရ ခက်ခဲသော်လည်း ဤသို့သော အချိန်အခါများ၌ သူမ၏ ရပ်တည်ချက်မှာ မိမိအပေါ်တွင် ကြီးမားစွာ အထောက်အကူ ဖြစ်စေပေသည်။
“ဟုတ်ကဲ့ပါ မင်းသမီး” ရီဖူရှင်းက ဦးညွှတ်ကာ ထရပ်သည်။
မွေးနေ့ပွဲ အလယ်တွင် နေရာလွတ် တစ်ခုရှိသည်။ ထိုနေရာသည် သေးငယ်ခြင်း မရှိသော်လည်း ရှီအဆင့် အမြင့်ဆုံးတို့ တိုက်ခိုက်ရန် အတွက်တော့ အဆင်ပြေပေ၏။
ရီဖူရှင်းက ကွက်လပ် အလယ်သို့ လျှောက်သွားကာ ရှောင်အဘိုးအိုနှင့် ဧကရီရှောင်တို့အား ပြောသည်… “ဒီနေ့က စီနီယာရဲ့ မွေးနေ့ပွဲပါ။ ဒါကြောင့် မွေးနေ့ပွဲမှာ တိုက်ခိုက်တာက သိပ်တော့ မသင့်တော် လှပါဘူး။ ဒါကြောင့် ကျွန်တော်က ဒီမှာ သံစဉ်တစ်ပုဒ် တီးခတ် ချင်ပါတယ်။ လီဟန်ဓား နန်းတော်က လူတွေရဲ့ ဓားအသိတွေကို ကျုပ်က သံစဉ် သီးသန့်နဲ့ ပယ်ဖျက်ပါ့မယ်”
ရီဖူရှင်းက ထိုသို့ ပြောပြီးသည်နှင့် လီဟန်ဓား နန်းတော်ဘက်မှ လူများအား လှည့်ကြည့်ကာ ပြောသည်… “ခင်ဗျားတို့ လီဟန်ဓား နန်းတော်က လူတွေက ကျုပ်ဟာ ကြွားဝါ နေတယ်လို့ ပြောမှတော့ အခု ခင်ဗျားတို့ နန်းတော်က ရှန့်ထိုအဆင့် အောက်က လူတွေ ကြိုက်သလို ကျုပ်ဆီကို တစ်ပြိုင်တည်း တက်လာ နိုင်တယ်”
ထို့နောက်တွင် သူက တင်ပျဉ်ခွေ ထိုင်လိုက်၏။ သူ့ရှေ့၌ ကု့ချင်းဝိညာဉ် ပေါ်လာသည်။
တစ်ဖက်လူများ လှုပ်ရှားရန်ကိုပင် မစောင့်တော့ဘဲ ရီဖူရှင်းက ကြိုးတစ်ချောင်းအား ထိခတ်လိုက်၏။ ထိုအခိုက်တွင် တီးလုံးတစ်ခု လေထဲ ပျံ့လွင့်သွားသည်။
ထို့နောက်တွင် မွေးနေ့ပွဲသည် အလွန်အမင်း တိတ်ဆိတ် သွားခဲ့၏။ အားလုံး၏ မျက်လုံးများသည် ကု့ချင်း တီးခတ်နေသော လူငယ်ထံသို့ ရောက်လာခဲ့သည်။
“တိုက်ကြ …” လီဟန်ဓား နန်းတော်မှ ခေါင်းဆောင်ရှန့်ထို ဓားသမားက ပြောသည်။ ဤတွင် ဓားသမား အများအပြားက ရီဖူရှင်းအား အလယ်မှ ဝန်းရံကြ၏။
လီဟန်ဓား နန်းတော်ကလည်း ရီဖူရှင်းအား ကြည့်ကာ သူ၏ကု့ချင်းအား ထုတ်ယူလိုက်သည်။
ဖန်းရှောင်က သူ့ဘေးတွင် ထိုင်ကာ တခြား လူများမူကား ရီဖူရှင်းအား ဝန်းရံလျက် ပြင်းထန်သော ဓားအသိများ ထုတ်လွှတ်ကြ၏။
“မင်းတို့ တိုက်ခိုက်နိုင်ပြီ…” ရီဖူရှင်းက ပြောသည်။ သူက ထိုသို့ ပြောသည်နှင့် သူ့နောက်မှ တစ်ယောက်က မြန်ဆန်စွာပင် တိုက်ခိုက်လိုက်သည်။
နှစ်ဦးနှစ်ဖက်မှာ အလွန်နီးကပ်ရာ သူတို့ တိုက်ခိုက်လိုက်သော ဓားအသိများမှာလည်း ရီဖူရှင်းအတွက် အလွန် အန္တရာယ်များ ပေသည်။
ဓားအသိသည် မြင့်မားသော လေခွင်းသံကိုပေးလျက် ရီဖူရှင်းထံသို့ မြန်ဆန်စွာ ရောက်လာသည်။
ရီဖူရှင်းက ကြိုးများကို တီးခတ်လိုက်လျှင် သံစဉ်သည် လေထုကို တုန်ခါသွားစေပြီး ပြင်းထန်သော လောကဓာတ်များအား ဖြစ်ပေါ်စေလျက် ဓားအသိများအား ဖြိုဖျက်သည်။
ဝှီး…
ကြောက်မက်ဖွယ် ကောင်းသော ဓားမုန်တိုင်းတစ်ခု မြန်ဆန်စွာ ဖြစ်ပေါ်လာခဲ့၏။ လီဟန်ဓား နန်းတော်မှ လူတိုင်း၏ ဓားအသိများမှာ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့သည်။ မွေးနေ့ပွဲနေရာ တစ်ခုလုံးအား ကြီးမားသော ဖိအားတစ်ခု ချက်ချင်း ဖြစ်တည်လာခဲ့၏။ ရှန့်ထိုများက အလင်း အရံအတားများကို ဖန်တီးကာ အပျက်အစီး စွမ်းအားလှိုင်းများမှ ကာကွယ်ပေးသည်။ ကြောက်မက်ဖွယ် ဓားအသိများသည် လေထုကို ခွင်းကာ ရီဖူရှင်းအား ဖြတ်တောက်ရန် အလို့ငှာ တိုးဝင် လာနေကြ၏။
ရီဖူရှင်းက မလှုပ်ရှားသလို လီဟန်ဓားနန်းတော်မှ လူများသည်လည်း မလှုပ်ရှားပေ။ တကယ်တမ်းတွင် သံစဉ်နှင့် ဓားအသိတို့ ရင်ဆိုင် တိုက်ခိုက်နေကြခြင်း ဖြစ်သည်။
ထိုသေးငယ်သော နေရာလေးသည် စက္ကန့်ပိုင်းအတွင်း ကမ္ဘာပျက်သည့်အလား ထင်မှတ် လာရသည်။
ရီဖူရှင်းကား ထိုနေရာများ အားလုံး၏ အလယ်တွင် ဖြစ်သည်။
သို့သော်လည်း သူက ထိုအရာများ အားလုံးကို မသိသည့်အလား တိတ်ဆိတ်စွာ တီးခတ်နေဆဲ ဖြစ်သည်။ သူ့သံစဉ်သည် ဓားအရောင်အဝါများအား ကျော်ဖြတ်ကာ အပြင်မှ လူများကိုပင် ကြားစေသည်။ ထိုအထီးကျန်ဆန်သော လူငယ်အား ဗဟိုထားကာ ကြောက်မက်ဖွယ် ကောင်းသော မုန်တိုင်းများ ဖြစ်ပေါ်နေ၏။ သံစဉ်အား ဆက်လက်၍ တီးခတ်လျှင် သံစဉ်လှိုင်း တစ်ခု ရိုက်ခတ်လာပြီး လေထုမှာ ဖြတ်တောက် သွားဟန်ရ၏။ ထိုအရာက ဓားမုန်တိုင်းများအား ဖြတ်သန်းသွားပြီး မြင်ကွင်းမှာ ကြောက်မက်ဖွယ် ကောင်းနေခဲ့သည်။
မိုလီတီးခတ်နေသော သံစဉ်သည်လည်း အလွန်ထက်ရှသော ဓားအသိများသို့ ပြောင်းလဲသွားပြီး ထောင်ပေါင်း များစွာသော ဓားအသိများသည် ရီဖူရှင်း၏ စိတ်နယ်ပယ်ထံသို့ တိုးဝင်လာကြ၏။
ပိုဆိုးသည်ကား ဓားမုန်တိုင်းများထံမှ မရေမတွက်နိုင်သော ဓားအသိများသည် ရီဖူရှင်းထံသို့ လာရောက် တိုက်ခိုက်နေကြ၏။ သို့သော်လည်း ရီဖူရှင်းကား ထိုအလယ်တွင်ပင် တည်ငြိမ်စွာ ထိုင်နေဆဲဖြစ်သည်။ သူ၏သံစဉ်သည် တည်ငြိမ်စွာ ကြီးမားသော မာနတရားကို ဖော်ကျူးပြီး ရန်သူများအား ကြေညာသည်မှာ တစ်လောကလုံးမှ လူများက သူ့အား ဝေဖန်သည့်တိုင် သူ့စိတ်မှာ တုန်ခါခြင်းမရှိ၊ လှုပ်ခတ်ခြင်းမရှိဟူ၍ ဖြစ်သည်။
ရီဖူရှင်း၏ ဆံပင်များသည် ဓားမုန်တိုင်းထဲတွင် လူးလွင့်နေကြပြီး သူ့အဝတ်အစားများမှာ လှုပ်ခတ် နေကြသည်။ သူ့ထံမှ ထွက်ပေါ်လာသော ကိုယ်ရောင် ကိုယ်ဝါများအား မည်သည့် ဓားအသိကမှ ဖြတ်တောက်နိုင်ခြင်း မရှိပေ။
“ကြယ်တာရာ လောကဓာတ်နဲ့ အာကာသ လောကဓာတ်တို့ ဖွဲ့စည်းမှု” ရှန့်ထိုများက ရီဖူရှင်းထံမှ ထွက်ပေါ်နေသော စွမ်းအားများကို ခံစားမိကြဟန် တူသည်။ သူကား ခန္ဓာကိုယ်အား အလုံးစုံသော ခံစစ်အရံအတားများ စီမံထားကာ သူ့သံစဉ်များအား ဆက်လက် တီးခတ်နေခြင်း ဖြစ်သည်။
လီဟန်ဓား နန်းတော်မှ စွမ်းအားများ တန်ခိုးရှင်များသည် မျက်မှောင်ကြုတ် လိုက်ကြပြီး ပိုမို အားကောင်းသော ဓားအသိများအား ထုတ်လွှတ်ကြ၏။ အချို့က သူတို့၏ သက်စောင့် ဝိညာဉ်များကိုပင် ထုတ်လွှတ်ကြ၏။ မိုလီက ကြိုးများအား ပြင်းထန်စွာ တီးခတ်ကာ တစ်ဖက်လူ၏ စိတ်နယ်ပယ်အား လှုပ်ခတ်အောင် ကြိုးစားသည်။ သို့သော်လည်း မကြာခင် သူသိလာရသည်ကား ရီဖူရှင်းက သူ့ဂီတသံကို ကြားပင် မကြားပေ။
ရီဖူရှင်း၏ သံစဉ်ကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းမှာ တဖြည်းဖြည်း သိပ်သည်း ကြီးမားလာ၏။ ပြင်းထန်သော အာကာသဆုတ်ဖြဲခြင်း လောကဓာတ်သည် လေထဲတွင် ပြည့်နှက်နေခဲ့ကာ တစ်ဖက်လူများ အားလုံးကို ခြိမ်းခြောက် လာခဲ့သည်။
နောက်ဆုံးတွင် ဓားသမား တစ်ယောက်က လှုပ်ရှားလိုက်သည်။ သူ့ခန္ဓာကိုယ်သည် ဓားတစ်လက် အသွင်ဖြင့် ရီဖူရှင်းထံသို့ တိုးဝင်သွားခဲ့၏။ ဓားတစ်ချက်က လေဟာနယ်ကို ခွင်းကာ အသက်ကို နုတ်ယူနိုင်စွမ်း ရှိသည်။
ရီဖူရှင်းကား ထိုနေရာတွင်ပင် ထိုင်နေကာ ခေါင်းငုံ့ လိုက်စိတ်ပင် ရှိဟန်မတူ။ ထိုအခိုက်တွင် ဓားသမားသည် သူ့စိတ်ထဲ၌ လျှပ်စီးတစ်ချက် လက်သွားသည်ကို ခံစားလိုက်ရပြီး ဝိညာဉ်ကပါ တုန်ခါ၏။ တစ်ချိန်တည်းတွင် သူ့ခန္ဓာကိုယ်သည် လေထဲတွင် ရပ်တန့်သွားပြီး သူ့အား ပြင်းထန်သော မုန်တိုင်းများ ရစ်ပတ် လာသောအခါ သူသည် ကြီးစွာ ကြောက်ရွံ့ရ၏။
လောကဓာတ်နှင့် စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက အဘယ်ကြောင့် သည်မျှ ပြင်းထန် နေရသနည်း။
သူကား ခုခံနိုင်စွမ်း ကင်းမဲ့ရသည်။
“လူတွေက ကျုပ်ဟာ စည်းလွတ်ဝါးလွတ် ပြုမူပြီး မောက်မာတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ လူတွေကို ကျုပ်က ဘာလို့ သက်သေပြရမှာလဲ” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။ သူက စကားမဆုံးမီတွင် နောက်ထပ် ကြိုးကို တီးခတ် လိုက်သည်။ ထိုဓားသမားသည် ညည်းသံ တစ်ချက်ပေးကာ ပါးစပ်မှ သွေးများ စီးကျလာခဲ့ပြီး မြေပြင်ပေါ်သို့ ကျသည်။
သူ တစ်ယောက်တည်း မဟုတ်ပေ။ လီဟန်ဓား နန်းတော်က ဓားသမားတိုင်းတို့သည် သံစဉ်၏ တိုက်ခိုက်ခြင်းကို တစ်ပြိုင်နက်တည်း ခံကြရသည်။ ထိုအခိုက်တွင် သူ့သံစဉ်က စိတ်ဝိညာဉ် တိုက်ခိုက်မှုအဖြစ် ပြောင်းလဲသွားပြီး သူတို့၏ စိတ်နယ်များသို့ ထွင်းဖောက် သွား၏။ သူတို့အားလုံးမှာ ထင်ယောင်ထင်မှား ပုံရိပ်များဖြင့် ရင်ဆိုင်ရပြီး ကမ္ဘာပျက်သည့်အလား ခံစားချက်များကို ရကြသည်။
ထိုမျှမက သူတို့၏ ခန္ဓာကိုယ်များမှာလည်း တောင့်တင်း သွားကြကာ လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
“ကျုပ်က ကျုပ်ပဲ … လီဟန်ဓား နန်းတော်က ရှန့်ထိုအဆင့် အောက်မှ ဘယ်သူက ကျုပ်နဲ့တိုက်ခိုက်ဖို့ အရည်အချင်း ရှိသလဲ” သူ့စကားဆုံးသည်နှင့် လက်က လှုပ်ရှား သွားသည်။ သံစဉ် ထွက်ပေါ်လာလျှင် ထိုလူများ အားလုံးမှာ ညည်းသံပေးပြီး ပါးစပ်မှ သွေးများ စီးကျ လာခဲ့ကြ၏။ မိုလီ၏ ကု့ချင်းကြိုးများ မှာလည်း ပြတ်တောက် သွားခဲ့ကာ သူ့မျက်နှာက ပြာနှမ်း သွားခဲ့သည်။ ထိုအခိုက်တွင် ပတ်ဝန်းကျင် တစ်ခုလုံး ရီဖူရှင်း၏ သံစဉ်များသာ ပျံ့လွင့် နေခဲ့၏။
အရာအားလုံးမှာ ရီဖူရှင်း၏ ထိန်းချုပ်မှု အောက်သို့ ရောက်သွားသည့်ပုံပါပေ။
ရှန့်ထို အဆင့်အောက်မှ ဘယ်သူက ကျုပ်ကို တိုက်ခိုက်နိုင်သလဲ။
မည်သူမဆို အနည်းငယ်မျှ မလှုပ်ရှားရဲသလို လှုပ်ရှားနိုင်စွမ်းလည်း မရှိပေ။
ရီဖူရှင်းသည် ထူးမခြားနားစွာဖြင့် ကု့ချင်းကို တီးခတ်နေဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏သံစဉ်မှာ ပြီးဆုံးခါနီးသည့်အလား တဖြည်းဖြည်း တိုးညင်းလာ၏။ သူ၏သံစဉ် အဆုံးသတ် သွားသောအခါ သူသည်လည်း ထိုနေရာတွင် ဆက်လက်၍ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
သို့သော်လည်း ထိုနေရာမှ လူတိုင်းမှာ အံ့အားသင့် ကြရသည်။ သူက ဓားသမားများ၏ တိုက်ခိုက်မှုကို သူ၏ လောကဓာတ်များအား ထိန်းချုပ်နိုင်စွမ်းဖြင့် ရင်ဆိုင် ခုခံခဲ့သည်။ နောက်ဆုံး သူက ပြန်လည် တိုက်ခိုက်သောအခါ မည်သူမှ ခုခံနိုင်စွမ်း မရှိကြပေ။
ထိုသူများမှာ လီဟန်ဓား နန်းတော်မှ ဖြစ်သော်လည်း ရလဒ်မှာ ထူးခြားသွားခြင်း မရှိပေ။
လူတိုင်းက သူ့အား ကြည့်ကြသည်။ ထိုသံစဉ် တစ်ပုဒ်တည်းဖြင့် ပြည်နယ်ကိုးခုမှ လာသော ဆံပင်ဖြူ လူငယ်သည် မည်မျှ မာနကြီးသည်ကို သူတို့အားလုံး သိလိုက်ကြ၏။
ကြည့်ရသည်မှာ အင်ပါယာရှားက သူ့အား မင်းသမီး၏ ကိုယ်ရံတော် အဖြစ် ခန့်အပ်ခဲ့ခြင်းမှာ သူ့စွမ်းရည်များအား အမှန်တကယ် သိနားလည်၍ ဖြစ်မည်။ ရှားရှင်းယွန်က သူ့အား တိုက်ခိုက်ခွင့် ပေးခဲ့ခြင်းမှာလည်း သူ၏စွမ်းရည်ကို သိနားလည်၍ ဖြစ်သည်။ ရီဖူရှင်းက သူမနှင့် သက်ဆိုင်သည်ဟု လူအများအား သူမက ပြောပြသည့် ပုံစံ တစ်မျိုးပေလော။
ရှောင်ချိန်ဟေးက သူ့အား ကြည့်သည်။ ရီဖူရှင်းထံမှ ထွက်ပေါ် လာနေသော ထက်ရှသော ကိုယ်ရောင် ကိုယ်ဝါများအား သူခံစား၍ ရသည်။
ရီဖူရှင်းက သူ၏ ကု့ချင်းဝိညာဉ်အား သိမ်းဆည်းလိုက်ကာ အကြီးအကဲများအား ဦးညွှတ်လျက် ပြောသည် … “မွေးနေ့ပွဲရဲ့ အချိန်အခါကောင်းကို အနှောင့်အယှက် ဖြစ်စေတဲ့အတွက် ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ ကျုပ်ကို ပြန်ခွင့်ပေးပါဦး”
“ဒါဆိုလည်း ပြန်တော့ …” တခြားလူများက မှတ်ချက်မပြုမီ ရှားရှင်းယွန်က ပြောသည်။
ရီဖူရှင်းက တော်ဝင်ကျဲ နန်းတော်မှ လူများနှင့်အတူ ပြန်သွားခဲ့သည်။ ရှောင်ချိန်ဟေးက သူ့အား မျက်နှာသာ မပေးမှတော့ သူကလည်း သည်နေရာတွက် ဆက်လက်နေစရာ အကြောင်း မရှိတော့ပေ။
***