← Chapters

ဆယ့်တစ်ခုမြောက် ကောင်းကင်လက်နက်

Vol. 90 Ch. 1167

ဆယ့်တစ်ခုမြောက် ကောင်းကင်လက်နက်

Vol. 90 Ch. 1167

ချင်မူ ဤမြင်ကွင်းကို ကြည့်ရင်း ‌ယဇ်ပလ္လင်ပေါ်တွင် ဖြစ်ပျက်နေသည့် အရာအားလုံးမှာ ရယ်ချင်စဖွယ်ကောင်းလောက်အောင် အဓိပ္ပာယ်မရှိသည်ကို ခံစားနေရသည်။

ကောင်းကင်နတ်အရှင်တိုင်းသည် ဖြောင့်မတ်တည်ကြည်မှု၊ စေတနာ‌သဒ္ဒါတရားတို့ဖြင့် ပြည့်နှက်လျက် သာမန်လူများအတွက် တွေးပေးနေကြသယောင် ထင်ရ၏။ သို့သော် သူတို့ကာ ရှေးဟောင်းနတ်ဘုရားများထက်ပင် ကြီးမားနေသည့် ဒုက္ခအန္တရာယ်များ ဖြစ်ချေသည်။

နတ်အရှင်မချန်းကိုယ်တိုင်ကိုက အကျင့်သိက္ခာအောက်တန်းကျလှပါသည်ဟု သူမကိုယ်တိုင် အပြစ်တင်နေသော မဟာဧကရာဇ်ဖြစ်ချေသည်။ ကောင်းကင်နတ်အရှင်ရှောင်ကမူ ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ် ထိုက်ချူဖြစ်သည်။‌ ကောင်းကင်နတ်အရှင်ကုန်းမှာတော့ ရှေးဟောင်းနတ်ဘုရားများကို ကျွန်ပြုခဲ့သည့် မဟာနတ်ဘုရင်သုံးပါးထဲမှ တစ်ပါးဖြစ်ချေသည်။ နတ်အရှင်မယန်သည် ကောင်းကင်နတ်ဧကရီ ဖြစ်နိုင်ချေရှိပြီး ‌ကောင်းကင်နတ်အရှင်ဟုန်မှာတော့ သူတို့အားလုံး ဖြုတ်ချချင်နေသည့် ကောင်းကင်နယ်စားမင်းပင်။

ကောင်းကင်နတ်အရှင်ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့မှာတော့ အင်အားအကြီးမားဆုံး ရှေးဟောင်းနတ်ဘုရားတို့၏ ကလေးများဖြစ်ကြသည်။

ထိုသူတို့၏ စကားကြီးစကားကျယ်များကြောင့် သူ အော်ပင် ရယ်ချင်လာသည်။

“ပြောင်းပြန်တွေပါလား… စောက်ရမ်း ပြောင်းပြန်ဖြစ်နေတာပဲ”

ချင်မူမှာ သူတို့က တည်ကြည်နေကြသော မျက်နှာအမူအရာများကို ကြည့်၍ အော်မရယ်မိဘဲ မနေနိုင်တော့ချေ။

ကောင်းကင်နတ်အရှင်ရှစ်ပါးသည် သူ့ကို လှည့်ကြည့်၍ အေးစက်စက် နှာမှုတ်လိုက်ကြ၏။

“ကောင်းကင်နတ်အရှင်မူ၊ မင်းက ငါတို့အတွက် အသုံးမ၀င်တော့ဘူးနော်... ဘာလို့ ရယ်နိုင်နေသေးတာလဲ” ရှေးဟောင်းနတ်ဘုရားဘုရင်မှာ နားမလည်နိုင်ပေ။

“နတ်ဘုရားဘုရင် မှားနေပြီ…. တချို့တချို့လူတွေကလွဲလို့ ဒီနေရာက တာအိုမိတ်ဆွေတွေထဲက တစ်ယောက်မှ ကျွန်တော့်ကို သတ်ဖို့ကြိုးစားမှာ မဟုတ်ဘူး… ကျုပ် သိထားတဲ့ လျှို့ဝှက်ချက်တွေက အများကြီးလေ…. အဲ့ဒါတွေကို ထုတ်ဖော်လိုက်ရင် ဒီက လူတွေ အကုန် ပွဲသိမ်းပြီပဲ…” သူက စကားဆုံးသည်နှင့် တဟားဟား အော်ရယ်လိုက်သည်။

ကောင်းကင်နတ်အရှင်ရှောင်၊ ကောင်းကင်နတ်အရှင်ဟုန်၊ ကောင်းကင်နတ်အရှင်ကုန်း၊ နတ်အရှင်မယန်နှင့် နတ်အရှင်မချန်းတို့ကလည်း ရယ်လိုက်ကြသည်။ ကောင်းကင်နတ်အရှင်‌ဟောင်၊ နတ်ဧကရာဇ်လန်ရွှမ်နှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့သာ မရယ်မောကြချေ။

ကောင်းကင်နတ်အရှင်ဟောင်က စိတ်မ၀င်စားစွာ ပြောသည်။ “လျှို့ဝှက်ချက်တွေ အများကြီးသိတာက အသက်ကို ကယ်နိုင်ပေမယ့် သတိမမူမိလိုက်ဘဲ အလျင်အမြန်လည်း သေသွားစေနိုင်တယ်…. ဥပမာပေးရရင် မဟာနေဧကရာဇ်လိုပေါ့’

ချင်မူက ပြုံးသည်။ “တာအိုမိတ်ဆွေဟောင်ရဲ့ အကြံပေးမှုအတွက် ကျေးဇူးအများကြီးတင်ပါတယ်…. ပစ္စပ္ပုန်မှာ အသက်ရှင်နိုင်သရွေ့ ကျွန်တော်ကတော့ ကျေနပ်ပါတယ်”

ကောင်းကင်နတ်အရှင်ဟောင်သည် ချာခနဲ လှည့်ကာ ပြော၏။ “ကဲ ဒါဖြင့် ငါတို့ ဘိုးဘေးနန်းတော်ရဲ့ အက်ကွဲကြောင်းကို ဖောက်ထွက်ပြီးမှ ဒီနေရာကနေ အက်ကွဲကြောင်းကို ပြန်ချိပ်ပိတ်ကြတာပေါ့”

ကောင်းကင်နတ်အရှင်ရှစ်ပါးက ဘိုးဘေးနန်းတော်၏ ကောင်းကင်ထဲရှိ အက်ကွဲကြောင်းထံ ပျံသန်းသွားကြသောကြောင့် ချင်မူလည်း သူတို့အနောက်မှ လိုက်သွားသည်။ ထို‌ကောင်းကင်နတ်အရှင်ရှစ်ပါးတွင် အကြံကိုယ်စီ ရှိချေသည်။ သူတို့သည် ချင်မူ့ကို ချက်ချင်း သတ်ဖြတ်မည်မဟုတ်သော်လည်း ဘိုးဘေးနန်းတော်တွင် ပိတ်ထားခဲ့နိုင်ချေ ရှိသေး၏။ ထို့ကြောင့် ချင်မူအနေဖြင့် သူတို့နှင့်အတူ အလျင်အမြန် ထွက်သွားနိုင်မည့် အခွင့်အရေးကို အရယူရပေမည်။

ဘိုးဘေးနန်းတော်၏ အက်ကွဲကြောင်းထဲတွင် ကောင်းကင်နတ်အရှင်ရှစ်ပါးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ကောင်းကင်နတ်အရှင်ဟုန်က ပြုံး၍ ‌ပြောသည်။ “အားလုံးပဲ…. ကျုပ်တို့ ကိုယ့်နည်းလမ်းနဲ့ကိုယ် ဘိုးဘေးနန်းတော်ရဲ့ ချိပ်တံဆိပ်ကို ချိုးဖျက်ကြတာပေါ့”

အားလုံး သဘောတူကြသည်။

‌ကောင်းကင်နတ်အရှင်ရှစ်ပါးလုံး ကိုယ်ပိုင်သိုင်းကွက်များ ချက်ချင်း ထုတ်လွှတ်လိုက်ကြသည်။ ထိုသိုင်းကွက်များမှတဆင့် လူတိုင်း၏ သိုင်းအဆင့်ကို တွေ့မြင်နိုင်ပေသည်။

ကောင်းကင်နတ်အရှင်ဟောင်သည် အထူးချွန်ဆုံးဖြစ်သည်။ သူက သိုင်းကွက်တစ်ကွက်တည်းဖြင့် ကောင်းကင်နန်းဆောင် ၂၈ ဆောင်ကို ထုတ်ဖော်ခဲ့သည်။ ၎င်းကား ခမ်းနားတင့်တယ်၍ အံ့ဩငေးမောဖွယ် ကောင်းလှ၏။

သူ့နောက်တွင်တော့ ကောင်းကင်နန်းဆောင် ၂၆ ဆောင်ဖြင့် နတ်ဧကရာဇ်လန်ရွှမ်က နေရာယူထားသည်။ နန်းဆောင်များသည် တစ်ခုနှင့်တစ်ခု ဆက်သွယ်လျက် ကောင်းကင်နတ်ဘုံကို ဖွဲ့တည်ထားလေသည်။

ကောင်းကင်နတ်အရှင်ဟုန်၌ ကောင်းကင်နန်းဆောင် ၂၅ ဆောင် ရှိပြီး နတ်အရှင်မချန်းနှင့် နတ်အရှင်မယန်တို့က ၂၄ ဆောင်ဆီ ပြသထားသည်။ ကောင်းကင်နတ်အရှင်ရှောင်တွင် ကောင်းကင်နန်းဆောင် ၂၀ ဆောင် ရှိပြီး ရှေးဟောင်းနတ်ဘုရားဘုရင်နှင့် ကောင်းကင်နတ်အရှင်ကုန်းတို့တွင်တော့ ၁၈ ဆောင်စီ ရှိကြသည်။

ချင်မူက အားလုံးကို အသေအချာ ကြည့်နေသည်။ ကောင်းကင်နန်းဆောင်အရေအတွက်က လူတိုင်း၏ သိုင်းအဆင့်ကို ဖော်ပြသော်လည်း ကောင်းကင်နတ်အရှင်ရှစ်ပါးထဲမှ တစ်ယောက်ကိုမှ သူ မယုံပေ။

ကောင်းကင်နတ်အရှင်ဟောင်သည် သူ့တွင် ကောင်းကင်နတ်အရှင် ၂၈ ဆောင် ရှိကြောင်း တသမတ်တည်း ပြသ‌ခဲ့သော်လည်း ချင်မူ လုံးဝမယုံပေ။

ကောင်းကင်နတ်အရှင်‌ဟောင်သည် ကောင်းကင်နတ်အရှင်ရှစ်ပါးထဲတွင် ရိုးသားဖြောင့်မတ်သူဟု ဆိုနိုင်သော်လည်း ဤရိုးသားမှုမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့်သာ ဆိုင်သည်။ သူတို့ထဲမှ မည်သူက ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီး မဟုတ်ဘဲ ရှိသနည်း။

သူတို့ ထုတ်ဖော်ပြသနေသည့် ကောင်းကင်းနန်းဆောင်အရေအတွက်သည် ရန်သူကို ပြသလိုသော အရေအတွက်သာဖြစ်၏။ သူတို့ထဲမှ တစ်ယောက်သာ ‌ကောင်းကင်နန်းဆောင် ၃၅ ဆောင်ကို တစ်ပြိုင်နက် ပြသလိုက်ပါက ချင်မူ လုံး၀ အံ့အားသင့်မိမည်မဟုတ်ချေ။

ကောင်းကင်နတ်အရှင်ရှစ်ပါးက ကိုယ်ပိုင် ကောင်းကင်နတ်သိုင်းများကို အသက်သွင်းလိုက်ကြသည်။ သူတို့ အသုံးပြုနေသည့် ကောင်းကင်နတ်သိုင်းများမှာ အမှန်တကယ်တွင် ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းကင်နတ်သိုင်းစနစ်များ ဖြစ်ကြ၏။ အသုံးပြုနေသည့် ကောင်းကင်နတ်သိုင်းအားလုံးသည် တာအိုဘိုးဘေးကြီး၏ သင်္ချာလမ်းစဉ်ကို သုံး၍ ရှေးဟောင်းနတ်ဘုရားတစ်ပါးစီတိုင်း၏ မဟာတာအိုကို ဖော်‌‌ဆောင်ထားခြင်း ဖြစ်၏။

ချင်မူမှာ ၎င်းတို့အားလုံးကို လုံး၀ မယုံကြည်ချေ။

ကောင်းကင်နတ်အရှင်ရှစ်ပါးမှာ ဉာဏ်နီဉာဏ်နက်များသည့်အလျောက် ဟိုးအရင်အချိန်များတည်းက လမ်းစဉ်များသို့ ၀င်ရောက်ခဲ့ပြီးချေပြီ။ သူတို့၏ ကောင်းကင်နတ်သိုင်းများမှာ သင်္ချာလမ်းစဉ်၏ အခြေခံအုတ်မြစ်ပေါ်တွင် တည်ဆောက်ထားသော ရှေးဟောင်းနတ်ဘုရားတို့၏ ကောင်းကင်နတ်သိုင်းများ မဟုတ်ကြချေ။ ထိုအစား လမ်းစဉ်သို့ ၀င်ရောက်ပြီးနောက် နားလည်သဘောပေါက်ထားကြသော မဟာကောင်းကင်နတ်သိုင်းများ ဖြစ်ကြသည်။

သူတို့ ပြသနေသည့် ကောင်းကင်နတ်သိုင်းများမှာ အခြားသူများ တွေဝေသွားစေရန်သာ ဖြစ်ကြသည်။

ကောင်းကင်နတ်ဘုံ၏ ကောင်းကင်နတ်အရှင်ဆယ်ပါးအကြားရှိ ‌အကောက်ကြံမှုများမှာ သပွတ်အူလို ရှုပ်ထွေးလှသည်။

ကောင်းကင်နတ်အရှင်ရှစ်ပါးသည် အစွမ်းအစအစစ်များကို မပြသကြသော်လည်း ကောင်းကင်နတ်အရှင်များ ဖြစ်နေသေးသည် မဟုတ်လော။ သူတို့ကောင်းကင်နတ်သိုင်းများ၏ စွမ်းအားတို့မှာ အားကောင်းပြင်းထန်လှသောကြောင့် လောကကို ဖျက်ဆီးနိုင်သည့် အင်အားလှိုင်းများက ဘိုးဘေးနန်းတော်၏ အက်ကွဲကြောင်းထံသို့ ရိုက်ခတ်သွားကြတော့သည်။

ထိုကောင်းကင်နတ်သိုင်းများ အက်ကွဲကြောင်းထဲ ၀င်ရောက်သွားသည့်အခါ ကောင်းကင်နတ်ဘုံ၏ ကျောဘက်၊ ကမ္ဘာဦးဘုံ၊ ရွှမ်တု၊ ယိုတုနှင့် ၀င်ရိုးစွန်းလေးခုက သူတို့၏ ကောင်းကင်နတ်သိုင်းများကို ရင်ဆိုင်ခုခံရန် အက်ကွဲကြောင်းအတွင်း၌ ဖွဲ့တည်ပေါ်လွင်လာကြသည်။

ရှေးဟောင်း‌ကမ္ဘာဦးခေတ်၏ အဆုံးတွင် ရှေးဟောင်းကောင်းကင်နတ်ဧကရာဇ်ထိုက်ချူသည် သူ၏ ဂုဏ်သိက္ခာမဲ့သော သမိုင်းကြောင်းအား မြုပ်နှံလိုသော ရည်ရွယ်ချက်ဖြင့် လောကရှိ နတ်ဘုရားအားလုံးကို ဦးဆောင်၍ ဘိုးဘေးနန်းတော်အား ချိပ်ပိတ်ခဲ့သည်။ သူက ရှေးဟောင်းနတ်ဘုရားများ၏ သွေးနှင့် မဟာတာအိုကို အသုံးပြုခဲ့သည်။

ကောင်းကင်နတ်ဘုံ၏ ကျောဘက်၊ ‌ကမ္ဘာဦးဘုံ၊ ရွှမ်တု၊ ယိုတုနှင့် အခြားကမ္ဘာများကိုပါ ပေါင်းထည့်လိုက်ပါက ချိပ်တံဆိပ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းလှမည်နည်း။

သို့သော် ယခုတွင် ကောင်းကင်နတ်အရှင်ရှစ်ပါး ပူးပေါင်းထားလေရာ သူတို့၏စွမ်းဆောင်ရည်များက အတိတ်တုန်းက နတ်ဘုရားများနှင့် အပြည့်အ၀ ယှဉ်ပြိုင်နိုင်ချေသည်။

ထပ်လောင်းအနေဖြင့် သူတို့သည် ဘိုးဘေးနန်းတော်၏ ချိပ်တံဆိပ်ကို အပြည့်အ၀ ချိုးဖျက်လိုခြင်းမဟုတ်ဘဲ ထွက်‌ပေါက်လမ်းကြောင်းတစ်ခုသာ ဖန်တီးလိုသောကြောင့် ပို၍ လွယ်ကူချေသည်။

ကောင်းကင်နတ်အရှင်ရှစ်ပါး၏ ခန္ဓာကိုယ်များမှာ ခမ်းနားတင့်တယ်နေပြီး ကြီးထွားလာကြ၏။ သူတို့နောက်တွင် လွင့်မြောနေကြသည့် ကောင်းကင်ဘုံ ၂၀ ဘုံနီးပါးပင်လျှင် ထိုမျှ အံ့ဩမှင်သက်ဖွယ်မကောင်းချေ။

သူတို့ဦးခေါင်းနောက်ရှိ ရောင်ခြည်တော်စက်ဝန်းများက ဖြည်းဖြည်းချင်း လှည့်ပတ်နေသည့် ဘီးတစ်ဘီးအဖြစ်သို့ ဖွဲ့တည်သွားကြသည်။ ကောင်းကင်နတ်သိုင်းမျိုးစုံက အလင်းဘီးထံမှ ထွက်ပေါ်လာကြပြီး အက်ကွဲကြောင်းအား ဖွင့်ဟလိုက်၏။

သူတို့က ရှေ့သို့ ပျံသန်း၍ ချိပ်တံဆိပ်၏ အတွင်းထဲသို့ ၀င်ရောက်နေရင်း ဘိုးဘေးနန်းတော်ထဲမှ ဖောက်ထွက်နိုင်ရန် ပိုမိုနီးကပ်လာချေပြီ။

ချင်မူလည်း သူတို့နောက်မှ လိုက်ပါလာရင်း ‌အနောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ‌ဘိုးဘေးနန်းတော်၏ မြေပြင်‌နှင့် ‌ကောင်းကင်တွင် ဧရာမမျက်လုံးကြီးများ ပေါ်လာပြီး သူတို့ကို လောဘတကြီး စိုက်ကြည့်နေသည်အား တွေ့လိုက်ရသည်။

၎င်းက ဟင်းလင်းပြင်သားရဲတစ်ကောင် ဖြစ်‌ချေသည်။

ဟင်းလင်းပြင်သားရဲမိခင်သည် ‌ဖန်သားကောင်းကင်စေတီထဲတွင် ချင်မူ၏ သတ်ဖြတ်ခြင်းခံခဲ့ရ၏။ နောက်ထပ် အသစ်တစ်ကောင် ဖြစ်တည်မလာမချင်း ဟင်းလင်းပြင်သားရဲများတွင် ခေါင်းဆောင် မရှိချေ။ ဟင်းလင်းပြင်သားရဲမိခင်မရှိလျှင် နတ်အရှင်မချန်းအနေဖြင့် ဟင်းလင်းပြင်သားရဲများကို တစ်ပြိုင်နက်တည်း မထိန်းချုပ်နိုင်ပေ။

ယခုတွင် ဟင်းလင်းပြင်သားရဲများမှာ ပိုင်ရှင်မဲ့နေသောကြောင့် အပြင်လောကအပေါ် လောဘစိတ်တို့ဖြင့် ကြီးစိုးနေ၏။ ချင်မူနှင့် ကောင်းကင်နတ်အရှင်ရှစ်ပါးကို ကြောက်ရွံ့၍သာ ရှေ့မတိုးရဲကြချေ။

ချင်မူနှင့်‌ ကောင်းကင်နတ်အရှင်ရှစ်ပါး ဘိုးဘေးနန်းတော်မှ ထွက်ခါလုဆဲဆဲတွင် ဟင်းလင်းပြင်သားရဲများက ဟင်းလင်းပြင်ထဲမှ ထွက်လာကာ အက်ကွဲကြောင်းထံ ပျံသန်းလာကြသည်။

နောက်ဆုံးတွင် ကောင်းကင်နတ်အရှင်ရှစ်ပါး ချိပ်တံဆိပ်မှ ဖောက်ထွက်နိုင်သွားသည့်အချိန် ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်ဝန်းများ ဖျတ်ခနဲ လင်းလက်သွား၏။ သူ ချင်မူ့ကို ဘိုးဘေးနန်းတော်ထဲ ပြန်တွန်းထုတ်တော့မည့်အချိန်တွင် အလင်းရောင်တစ်ချက် ဖျတ်ခနဲ တောက်ပသွားသည်။ ချင်မူက သူ၏ နေရာရွှေ့ပြောင်းကောင်းကင်နတ်သိုင်းကို သုံး၍ ဘိုးဘေးနန်းတော်အပြင်သို့ နေရာရွှေ့ပြောင်းခဲ့ချေပြီ။

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ထိုအကြံကို ချက်ချင်း လက်လျှော့ရင်း စိတ်ထဲမှ ချီးကျူးလိုက်သည်။ “ဒီကောင်စုတ်လေးက ရသမျှ အခွင့်အရေးတိုင်းကို အသုံးချနိုင်တယ်… သူသာ အရင်က ငါတို့နဲ့အတူ အရွယ်ရောက်လာခဲ့ရင် ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ခေါင်းဆောင် ဖြစ်ချင်မှ ဖြစ်လာခဲ့မှာ”

သူသည် ဒေါသကြီးပုံပေါ်သော်လည်း အမှန်တွင် ဂရုစိုက်တတ်ပြီး ချင်မူအား ချီးမွမ်းမဆုံးပေ။

အားလုံး ဘိုးဘေးနန်းတော်ထဲမှ ထွက်လာကြပြီးနောက် ကောင်းကင်နတ်အရှင်ရှစ်ပါးသည် ကိုယ်ပိုင်ချိပ်တံဆိပ်များကို အသီးသီး အသက်သွင်း၍ ဘိုးဘေးနန်းတော်၏ အက်ကွဲကြောင်းများကို ချိပ်ပိတ်လိုက်ကြသည်။

နတ်အရှင်မယန်က ပြုံးသည်။ “တာအို‌မောင်တော်မူ၊ နင်က ကောင်းကင်မဟာမိတ်အဖွဲ့မှာ ဝါအရင့်ဆုံးဆိုတော့ နင်လည်း ချိပ်တံဆိပ်တစ်ခု ထည့်သင့်တယ်”

“နတ်အရှင်မက အမိန့်ပေးမှတော့ ကျွန်တော် ဘယ်လို ငြင်းဆန်နိုင်မလဲဗျာ”

ချင်မူက ရှေ့သို့ ခြေတစ်လှမ်းတက်ကာ တည်ကြည်စွာ ပြောလိုက်သည်။ “လောကသားတွေ ကောင်းကျိုးအတွက် ဘိုးဘေးနန်းတော်ထဲက မိစ္ဆာနတ်ဆိုးတွေ ထွက်မလာနိုင်အောင် ကျွန်တော် အတတ်နိုင်ဆုံး ကြိုးစားပြီး တားဆီးပါ့မယ်”

သူသည် ချိပ်တံဆိပ်တစ်ခုကို အသက်သွင်း၍ ကောင်းကင်နတ်အရှင်ရှစ်ပါးနှင့်အတူ ဘိုးဘေးနန်းတော်ကို ချိပ်ပိတ်လိုက်၏။

နတ်ဧကရာဇ်လန်ရွှမ်က သူ၏ချိတ်တံဆိပ်ကို တမင် လမ်းကြောင်းသွေဖယ်စေလိုက်သဖြင့် ချင်မူ့ချိပ်တံဆိပ်၏ တစ်၀က်ကျော်အမှာ ပျက်စီးသွားလေသည်။ ကျန်ကောင်းကင်နတ်အရှင်များကလည်း ချင်မူ့ချိပ်တံဆိပ်အား အင်မတန် သေးမှုန်သော အပ်တစ်ချောင်း ဖြစ်သည့်တိုင်အောင် တိုက်စားပစ်လိုက်ကြသည်။

လူတိုင်း ပြိုင်တူ ရယ်မောလိုက်ကြသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ချိပ်တံဆိပ်က ငါတို့ ချိပ်တံဆိပ်တွေကြားမှာ ညပ်နေတဲ့ သံတစ်ချောင်းလိုပဲ…. ကောင်းကင်နတ်အရှင်မူက ကောင်းကင်နတ်ဘုံနဲ့ ကောင်းကင်မဟာမိတ်အဖွဲ့ကြားမှာ သံတစ်ချောင်းလို မြဲမြဲမြံမြံ ရိုက်သွင်းခံထားရသလိုပေါ့”

ချင်မူလည်း တဟားဟား ရယ်လိုက်ရာ အားလုံးကလည်း ၀မ်းပန်းတသာ ရယ်နေကြ၏။

အကုန်လုံး ရယ်၍ ၀သွားပြီးနောက် ဟိုဟိုသည်သည် ကြည့်လိုက်ကြသည့်အခါ ချင်မူ ဘိုးဘေးနန်းတော်အပြင်တွင် ထားရစ်ခဲ့သည့် ယဇ်ပလ္လင်မှာ အမှန်တကယ် မရှိတော့ကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်နှစ်ပါး၏ ရတနာရထားလှည်းနှစ်စင်းနှင့် ကောင်းကင်နဂါး ၁၈ ကောင်ပင်လျှင် အစအနမရှိဘဲ ပျောက်ကွယ်သွားခဲ့၏။ ကြယ်တာရာကောင်းကင်ထက်တွင် ကောင်းကင်နတ်သိုင်း၏ လက်ကျန်အရိပ်အယောင် ခပ်ဖျော့ဖျော့သာ ကျန်ရစ်ခဲ့ပြီး လူတိုင်းကို ကြောက်ရွံ့စေသည့် ခံစားချက်မျိုး ပေးစွမ်းနေသည်။

ကောင်းကင်နတ်အရှင်ဟောင်က ကောင်းကင်နတ်အရှင်ဟုန်ဆီ ကြည့်ကာ ပြောသည်။ “တာအိုနောင်တော်၊ ဘယ်သူလုပ်သွားတာလဲ လာကြည့်ပါဦး”

ကောင်းကင်နတ်အရှင်ဟုန်က ခေါင်းညိတ်လိုက်ပြီး မိစ္ဆာချီမျှင်တစ်မျှင် စိမ့်ထွက်လာသည်။ မိစ္ဆာချီသည် ကောင်းကင်နတ်သိုင်းအကြွင်းအကျန်နှင့် ပေါင်းစည်းကာ ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး လူရိပ်တစ်ခုကို ပေါ်လာစေ၏။

ကောင်းကင်နတ်အရှင်ရှစ်ပါးစလုံး မျက်နှာများ ပျက်ယွင်းသွားကြသည်။ ပေါ်လာသည့် လူရိပ်မှာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီမှလွဲ၍ တခြားသူမဟုတ်ပေ။

All Chapters