ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်
Vol. 90 Ch. 1168
ချင်မူ၏ ယဇ်ပလ္လင်အပြင် ကောင်းကင်နတ်အရှင်နှစ်ပါး၏ ရထားလှည်းများနှင့် ကောင်းကင်နဂါးဆယ့်ရှစ်ကောင်ကို အစဖျောက်ပစ်ခဲ့သော လူသည် ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်သော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ဖြစ်နေ၏။
“ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအရေအတွက်က သိပ်မရှိဘူး.. ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ အသေးစားတွေ ဖန်တီးခဲ့ပေမယ့် ကောင်းကင်နဲ့ မြေကြီးကို ဖျက်စီးနိုင်တဲ့ စွမ်းအားရှိတာ ဆယ်ခုထဲပဲ”
နတ်ဧကရာဇ်လန်ရွှမ်၏ အမူအရာမှာ တုန်လှုပ်နေပြီး သူက အက်ကွဲနေသောအသံဖြင့် မေးသည်။ “အခု ဆယ့်တစ်ခုမြောက် ရှိလာပြီ... ဘယ်သူက ဆယ့်တစ်ခုမြောက် ဒီကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းခဲ့တာလဲ”
“အရှင်မယွမ်မုအပြင် ဘယ်သူရှိမလဲ”
ကောင်းကင်နတ်အရှင်ကုန်းသည် ပတ်ဝန်းကျင်သို့ ကြည့်ရင်း ပြော၏။ “ဒီမှာ သဲလွန်စတွေ ရှာမတွေ့ဘူး... ငါတို့ရတနာလှည်းနဲ့ ကောင်းကင်နတ်အရှင်မူရဲ့ ယဇ်ပလ္လင်က အစအနမကျန်အော်င် ဖျက်စီးခံခဲ့ရပြီနေမှာ... ကောင်းကင်နတ်ဧကရီနဲ့ သူ့ညီမပဲ အဲဒီလောက် အကျင့်ပုတ်တာလေ”
နတ်အရှင်မယန်နှင့် ချန်းက ခေါင်းညိတ်ကြသည်။ “ဟုတ်ပ ကောင်းကင်နတ်ဧကရီနဲ့ အရှင်မယွမ်မုရဲ့ အဆုံးသတ်မြို့ပျက် ကောင်းကင်နတ်သိုင်းပဲ ဘယ်အရာကိုမဆို အစအနမကျန်အောင် ဖျက်စီးပစ်နိုင်တာ”
ကောင်းကင်နတ်အရှင်ရှစ်ယောက်လုံးတွင် စိုးရိမ်နေသော အမူအရာများ ရှိကြ၏။
ရှေးဟောင်းနတ်ဘုရားဘုရင်က ခပ်တိုးတိုး ရေရွတ်နေသည်။ “ဒါပေမဲ့ အရှင်မယွမ်မုက ကောင်းကင်နတ်အရှင်လင် သတ်တာ ခံခဲ့ရတယ် မဟုတ်လား...”
အားလုံး တိတ်ဆိတ်သွားကြသည်။
ကောင်းကင်နတ်ဘုံတွင် ဆယ့်တစ်ယောက်မြောက် ကောင်းကင်နတ်အရှင်တစ်ယောက် အမှန်တကယ် ရှိနေချေပြီ။ ဤကောင်းကင်နတ်အရှင်က တာအိုမှ မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရား၊ ဖျက်စီးခြင်းစွမ်းအားကို ပိုင်ဆိုင်ထားသော အရှင်မယွမ်မု ဖြစ်နေလိမ့်မည်။
ချင်မူက ကောက်ကာငင်ကာ မေးလိုက်လေသည်။ “အရှင်မယွမ်မုက ကောင်းကင်နတ်အရှင်ဟွေ့ ဒါမှမဟုတ် ကောင်းကင်နတ်အရှင်ရှုများ ဖြစ်နေမလား”
အကုန်လုံး တုန်လှုပ်သွားကြ၏။
ချင်မူသည် မျက်တောင်ပုတ်ခတ်လိုက်ရင်း ဆက်ပြောနေ၏။ “ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှာ သူတို့နှစ်ယောက်ပဲ ဒီမှာ မရှိတာဆိုတော့... သံသယဝင်စရာ တော်တော်ကောင်းတယ်”
ကောင်းကင်နတ်အရှင်ဟောင်က ချောင်းဟန့်လိုက်ရင်း မှင်သေသေ ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ ရှုပ်ပြီးသားကိစ္စကို ပိုရှုပ်အောင် မလုပ်ပါနဲ့... သူတို့က မဟာလေဟာနယ်ကို တိုက်ခိုက်ဖို့ ကောင်းကင်နတ်ဘုံရဲ့ စစ်တပ်ကို ဦးဆောင်သွားနေတာပါ... သူတို့နှစ်ယောက်က ဒီရောက်လာလို့မှ မဖြစ်တာ... သူတို့ မဖြစ်နိုင်ဘူး”
ချင်မူလည်း ပြုံးစစဖြင့် မည်သည်ကိုမျှ ဆက်မပြောတော့ပေ။
သူ၏ရည်ရွယ်ချက်က ရေပိုနောက်သွားအောင် လုပ်ရန်ပင်။ ကောင်းကင်နတ်အရှင်ဟောင်သည် ထိုသို့ပြောလိုက်သော်လည်း ကောင်းကင်နတ်အရှင်ဟွေ့နှင့် ကောင်းကင်နတ်အရှင်ရှုကို သံသယမဝင်မိရန်မှာ မလွယ်ကူပေ။ သူ သံသယဝင်သွားသရွေ့ ချင်မူ့စကားများ အလဟဿ ဖြစ်မည်မဟုတ်။
“ဒုက္ခတွေပါပဲ”
ကောင်းကင်နတ်အရှင်ဟုန်သည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ရင်း ဝမ်းနည်းကြေကွဲစွာ ပြော၏။ “ရှေးဟောင်းနတ်ဘုရားတွေက သေသွားပေမယ့် အမြစ်မပြတ်ကြသေးဘူး... ဘယ်တော့များမှ သူတို့ကို အမြစ်ဖြုတ်ပြီး လောကသားတွေအတွက် ငြိမ်းချမ်းမှုတွေ ပြန်လည်ဆောင်ကြည်းပေးနိုင်မှာလဲ... ဟူး... သွားကြစို့”
သူက အင်္ကျီလက်အိုးကြီးများ ခါလျက် အဝေးသို့ ထွက်သွားတော့သည်။
ကျန်ကောင်းကင်နတ်အရှင်များလည်း ချင်မူ့ကို ထားရစ်ခဲ့ရင်း ထွက်သွားကြသည်။
ချင်မူမှာ အီးမှန်ထားသော မျက်နှာကြီးဖြင့် အလျင်အမြန် လိုက်သွား၏။
ကြယ်တာရာကောင်းကင်မှာ ကျယ်လွန်းသည်။ သူ၏အမြန်နှုန်းသည် မနှေးသော်လည်း ကောင်းကင်နတ်အရှင်များနှင့် မယှဉ်နိုင်ပေ။ အလင်းတန်းအသွင်ဖြင့် လပေါင်းများစွာ ပြေးလာပြီးနောက်မှ ပထမဆုံးကြယ်ကို တွေ့ရသည်။
“ငါက ခြေလျင် ပြေးလို့ကတော့ ကောင်းကင်နတ်ဘုံဆီ ပြန်ရောက် ဆယ်နှစ်ကျော်လောက် ကြာလောက်တယ်”
ချင်မူ စိတ်အားတင်းလိုက်ပြီး ထိုစဉ်မှာပဲ ကောင်းကင်နတ်အရှင်ယွဲ့ ပေးထားသော မီးအိမ် ရှိနေသေးကြောင်း သတိရလိုက်သည်။ သူ့ရင်ထဲတွင် လှုပ်ခတ်သွား၏။ ‘ကောင်းကင်နတ်အရှင်ယွဲ့က နေရာဟင်းလင်းပြင်သိုင်းနဲ့ လမ်းစဉ်ကို ဝင်ရောက်ခဲ့ပြီး ပထမမျိုးဆက် ကောင်းကင်နတ်အရှင်တစ်ဦး ဖြစ်လာခဲ့တယ်... သူ့မီးအိမ်မှာ လျှို့ဝှက်ချက်တွေများ ရှိနေလောက်သလား”
သူက မီးအိမ် ထုတ်ကြည့်သည်။ သူ၏ သိပ်သည်းလှသော ချီစွမ်းအင်က မီးအိမ်ကို လှုံ့ဆော်လိုက်၏။ မီးအိမ်၏ အလင်းရောင် တောက်ပသွားတိုင်း သူ့ခြေထောက်အောက်ရှိ ကြယ်တာရာကောင်းကင်ကား ကျုံ့သွားတတ်သည်။
မီးအိမ်၏ အလင်းရောင်အောက်တွင် အဝေးရှိ နေမှာလည်း အတိုင်းထက်အလွန် သေးငယ်လာသည်။ ခြေတစ်လှမ်းတည်းဖြင့် ဖြတ်သွားနိုင်သည့်အလား ထင်ရ၏။
ချင်မူ မှင်သက်သွားမိသည်။ ခြေတစ်လှမ်း လှမ်းကြည့်လိုက်သည့်အခါ ခြေတစ်လှမ်းတည်းဖြင့် စကြဝဠာနေအဖွဲ့အစည်း တစ်ခုလုံးအား ဖြတ်ကျော်သွားခဲ့ကြောင်း တွေ့လိုက်ရသည်။ ခြေဆယ်လှမ်းကျော် လှမ်းပြီးနောက်တွင်မူ ကြယ်အစုအဝေးကြီးတစ်စုအား ကျော်ပြီးသွားသည်။
“ဒီကောင်းကင်နတ်သိုင်းက... တကယ်ပဲ ကောင်းကင်နတ်အရှင်ဘွဲ့နဲ့ ထိုက်တန်ပါပေတယ်”
သူက မီးအိမ်ကို သယ်လျက် ရှေ့ဆက်လျှောက်သွားသည်။ အဆုံးမဲ့သော စကြဝဠာအား ဖြတ်လျှောက်နေရင်း သူ့မှာ တလေးတစား မစုပ်သပ်မိဘဲ မနေပေ။
ကောင်းကင်နတ်အရှင်ယွဲ့ သူ့ကို ပေးထားသော မီးအိမ်သည် အမှန်တကယ်ပင် ကောင်းကင်နတ်အရှင်တစ်ပါး၏ ရတနာ ဖြစ်ထိုက်၏။ အလွန်လေးစားစရာ ကောင်းလှသည်။
“ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ နေရာဟင်းလင်းပြင် ကောင်းကင်နတ်သိုင်းတွေက ဒီလောက် ခမ်းနားကြီးကျယ်နေတာတောင် သူ့ခြေထောက်တွေက ဘာလို့ ဒုက္ခိတဖြစ်သွားတာလဲ.... ဘာလို့ ကုမရတာလဲ”
ချင်မူ စိတ်ရှုပ်ထွေးနေမိသည်။ ထို့နောက် ကောင်းကင်နတ်အရှင်ယွဲ့ သူ့ဆီ ပေးထားသော ပန်းချီကို သတိရသွား၏။ ထိုပန်းချီသည် ချင်မူကိုယ်တိုင် ဆွဲ၍ ကောင်းကင်နတ်အရှင်ယွဲ့ဆီ ပေးခဲ့သော ပန်းချီပင်။ မက်မွန်တောအုပ်ထဲတွင် ကောင်းကင်နတ်အရှင်ယွဲ့က ချင်မူ့ဆီ ပေးခဲ့သည်။
“အတိတ်ကို ပြန်သွားနိုင်တဲ့ အခွင့်အရေးနှစ်ကြိမ် ရှိသေးတယ်.. တစ်ကြိမ်ကို ကောင်းကင်နတ်အရှင်လင်ကို ကယ်ဖို့ သုံးရမယ်.... နောက်တစ်ကြိမ်ကတော့ ကောင်းကင်နတ်အရှင်ယွဲ့နဲ့ တွေ့နိုင်မလား မသိဘူး...”
သူက မီးအိမ်ကို ကိုင်ရင်း ကြယ်တာရာကောင်းကင်တစ်လျှောက် ဖြတ်သွားနေစဉ် ထိုက်ရှီဥကို ထုတ်၍ ၎င်းဆီမှ ထွက်လာနေသော တာအိုအသံကို သေသေချာချာ လေ့လာနေ၏။
မသိလိုက်မသိဖာသာဖြင့် သူ့စိတ်မှာ ဆန်းကြယ်သော အခြေအနေထဲ ဝင်ရောက်သွားပြီး သူ့ခြေလှမ်းများက ဖြေးဖြေးမှန်မှန် ဆက်လျှောက်နေသည်။
ထို့နောက် ချင်မူ၏ အိမ်မက်ကမ္ဘာ ဖွဲ့တည်လာပြီး မရေမတွက်နိုင်သော အိပ်မက်များထဲမှ ချင်မူသေးသေးလေးများ ထွက်လာကြသည်။ သူတို့က ထိုက်ရှီ၏ တာအိုအသံကို နားထောင်ရင်း ဝီရိယရှိရှိ ရေးမှတ်နေကြသည်။
ဆယ်ရက်ကျော်ကြာသော် ချင်မူ ကောင်းကင်နတ်အရှင်ကုန်းအား လိုက်မီသွားသည်။ ကောင်းကင်နတ်အရှင်ကုန်း၏ မှင်သက်နေသော အကြည့်အောက်တွင် ချင်မူကား မီးအိမ်ကို ကိုင်လျက် ဆက်လျှောက်သွားလေ၏။
နေ့ဝက်ကြာသည့်အခါ ကောင်းကင်နတ်အရှင်ချန်းနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်ကို လိုက်မီသွားသည်။ ကောင်းကင်နတ်အရှင်နှစ်ယောက်မှာ မျက်လုံးအပြူးသားဖြင့် သူ့ကို ကြည့်နေကြသော်လည်း ချင်မူကမူ မည်သူမျှမရှိသည့်အလား မီးအိမ်ကို ကိုင်ရင်း ဆက်သွားနေသည်။
“ဒီကောင်စုတ်လေးရဲ့ ခေါင်းပေါ်မှာ ဘယ်က ဥ ရောက်နေတာတုန်း... သူ့မျက်လုံးတွေက ရှေ့တည့်တည့်ကိုတောင် ကြည့်မနေဘူး”
ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ဒေါသထွက်သွားပြီး အသည်းအသန် အမီလိုက်သည်။ သို့သော် ချင်မူ့ကို လိုက်မမီဘဲ နောက်၌သာ ကျန်ရစ်ခဲ့လေသည်။ သူ့မှာ ဒေါသအမျက်တချောင်းချောင်း ထွက်လျက် ဆဲဆိုနေတော့သည်။
ချင်မူက ကောင်းကင်နတ်အရှင်ရှောင်နှင့် ကောင်းကင်နတ်အရှင်ချန်းကို လိုက်မီသွားချေပြီ။ သူတို့နှစ်ယောက်သည် ငယ်ပေါင်းကြီးဖော်များပမာ ဟီးဟီးဟားဟား စကားပြောနေကြ၏။ သူတို့က ချင်မူ သူတို့ဘေးမှ ဖြတ်သွားသည်ကို ကြည့်နေကြသည်။
နှစ်ယောက်သား အကဲခတ်လိုက်သည့်အခါ ချင်မူမှာ အိပ်ပျော်နေသည့်အလား ငေးကြောင်နေကြောင်း တွေ့လိုက်ရသည်။ ကောင်းကင်နတ်အရှင်ချန်းက ပြုံးလျက် ပြောသည်။ “အစ်ကိုတော်၊ အဲဒီဥကို ကြည့်ကြည့်ပါဘူး... ကျောက်ယန်ခန်းမမှာ ပျောက်သွားတဲ့ ရတနာနဲ့ မတူဘူးလားနော်”
“အော် ခက်ပြီ မိဖုရားရယ်... ကျုပ်က တော်ဝင်မိသားစုကမှ မဟုတ်တာ... ကျောက်ယန်ခန်းမထဲ ဘယ်ရတနာတွေ ရှိနေလဲ ဘယ်လို သိမတုံး”
ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်ဧကရာဇ်လန်ရွှမ်က အရှေ့နားတွင် လျှောက်နေကြသည်။ ရုတ်တရက် တစ်စုံတစ်ခုကို ခံစားလိုက်ရ၍ နှစ်ယောက်သား လှည့်ကြည့်လိုက်ကြ၏။ ချင်မူ လျှောက်လာနေသည်ကို မြင်လျှင် ပြိုင်တူ နှာခေါင်းရှုံ့လိုက်ကြသည်။ သူက သူတို့ကို ကျော်တက်သွားချေသည်။
“ကောင်းကင်နတ်အရှင်ယွဲ့ရဲ့ ကောင်းကင်နတ်သိုင်းက အဆန်းတကြယ်ဆုံး ကောင်းကင်နတ်သိုင်းတွေထဲက တစ်ခု ပီသပါပေတယ်” နတ်ဧကရာဇ်လန်ရွှမ်သည် ချီးကျူးလိုက်၏။
ကောင်းကင်နတ်အရှင်ဟောင်က အနိမ့်အမြင့်မရှိသော အသံဖြင့် ပြောသည်။ “ဘယ်လောက် ခမ်းနားကြီးကျယ်ပါစေ၊ သူက ဒုက္ခိတထက် မပိုဘူး... သူ အခု လှုပ်နိုင်တဲ့အပိုင်းဆိုလို သူ့ခေါင်းနဲ့ လက်နှစ်ဖက်ပဲ ရှိတယ်... မလိမ္မာရင် ခေါင်းတောင် လှုပ်နိုင်မှာ မဟုတ်ဘူး”
နတ်ဧကရာဇ်လန်ရွှမ်သည် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “အဲဒီတုန်းက ငါတို့တွေ သူ့ကို ဒုက္ခိတဖြစ်အောင် လုပ်ဖို့ အတော်လေး အကောက်ကြံခဲ့ရတယ်... ငါတို့နည်းလမ်းတွေက သိပ်တော့ အထင်ကြီးစရာမကောင်းလှဘူး”
“နိုင်တဲ့သူက အကုန်ယူမှာပဲ... ရှုံးတဲ့သူက အရှုံးသမားပဲ”
ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်သည် လေးနက်လာ၏။ “ကောင်းကင်နတ်အရှင်ယွင် သေသွားတဲ့နောက်ပိုင်း ကောင်းကင်နတ်အရှင်ယွဲ့က တစ်ယောက်တည်း သီးသန့်နေပြီး အပြင်မထွက်တော့ဘူးလို့ ကြေညာခဲ့တယ်,.. ဒါပေမဲ့ ကောင်းကင်နတ်အရှင်လင် သူ့ကို ထွက်လာဖို့ တောင်းဆိုတဲ့အချိန်မှာ သူ့ကတိကို ချိုးဖျက်ပြီး အပြင်ထွက်လာခဲ့တယ်လေ... ဒီမိန်းမနှစ်ယောက်က ကောင်းကင်ဘုံကို တကယ် ပြောင်းပြန်လှန်ချင်ခဲ့ကြတာ”
နတ်ဧကရာဇ်လန်ရွှမ်က ပြောသည်။ “ကောင်းကင်နတ်အရှင်ရှောင်ရဲ့ အမြော်အမြင်ကြီးမားမှုကြောင့် တော်ပါသေးတယ်”
ကောင်းကင်နတ်အရှင်ဟောင်လည်း အဟာအယာ ခေါင်းညိတ်လိုက်ပြီး သူ့မျက်ဝန်းများမှာ ထူးဆန်းနေ၏။ “ရှောင်ဝေ့စု၊ အဲဒီလူကတော့ အဟက်... သိပ်စိတ်ဝင်စားစရာ ကောင်းတယ်... သူက ငါ့ကို အရင်က တစ်ခါမှ မတိုက်ခိုက်ခဲ့သလို၊ နောင်ကျလည်း တိုက်ခိုက်မှာ မဟုတ်ဘူး”
နတ်ဧကရာဇ်လန်ရွှမ်မှာ သူဆိုလိုသည်ကို နားမလည်သော်လည်း မမေးလိုက်ပေ။
သူ ယခုထက်ထိ အသက်ရှင်နေသေးသည့် အကြောင်းရင်းမှာ မသိကျေးကျွံနေချင်ယောင် ဆောင်ထားခဲ့၍ပင်။
သူ့အစွမ်းအစများသည် ကောင်းကင်နတ်အရှင်ဟောင်၏ အစွမ်းအစများအောက် မနိမ့်ကျသော်လည်း ဘယ်သောအခါမှ လူထင်ပေါ်အောင် မလုပ်ခဲ့ဘဲ ကောင်းကင်နတ်အရှင်ဟောင်ကိုသာ ကျော်ကြားစေခဲ့၏။
ချင်မူ့ခြေလှမ်းက မြန်ပုံမရသော်လည်း အတိုင်းထက်အလွန် မြန်သည်။ သူ့ခေါင်းထက်ရှိ အိပ်မက်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော ချင်မူလေးများက ဥကို ဝိုင်း၍ လေ့လာကာ မဟာတာအိုသင်္ကေတမျိုးစုံ နေရာချနေကြသည်။
ရုတ်တရက် ချင်မူအသေးလေးတစ်ယောက်က လေးနက်တည်ကြည်သော အမူအရာဖြင့် ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။ “မာ ဟာ....”
ကျန်ချင်မူသေးသေးလေးများ မောကြည့်လိုက်သည့်အခါ သူတို့အရှေ့တွင် ကောင်းကင်နတ်ဘုံအား မြင်လိုက်ရသည်။ သူတို့က အလျင်အမြန် လက်ညှိုးထိုးကြလေသည်။ “မာ ဟာ မာ ဟာ”
“ကုကျိ ကုကျိ”
အိပ်မက်ကမ္ဘာ ပြိုကွဲသွားပြီး ချင်မူ နိုးလာသည်။ သူက ထိုက်ရှီကို ပြန်ယူပြီး မျက်ခုံးနှစ်ဖက်ကြားရှိ တတိယမျက်လုံးကို ဖွင့်ကာ အထဲထည့်လိုက်သည်။
အရှေ့တွင် ကောင်းကင်နတ်ဘုံ၏ အနောက်ကောင်းကင်မုခ်ဝ ရှိနေသည်။
သူက မီးအိမ်ကိုလည်း သိမ်းပြီး အနောက်ကောင်းကင်မုခ်ဝထဲ လမ်းလျှောက်ဝင်လိုက်၏။ မကြာမီ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သို့ ရောက်လာလေသည်။
ချင်မူသည် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကို ဖြတ်လျှောက်လာရင်း စွမ်းအင်အကူးအပြောင်းတံတားမှ ကုန်စည်အပြည့်ဖြင့် ထွက်လာနေသော သင်္ဘောများစွာ မြင်နေရ၏။ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ အရှင်သခင်က မုတ်ဆိတ်မွှေးများဖြင့် ထွားထွားကြိုင်းကြိုင်း ယောက်ျားကြီးတစ်ယောက် ဖြစ်သည်။ သူ့နာမည်က ရှစ်ချီလော် ဟု ခေါ်ပြီး စိတ်ဝိညာဉ်ကို နိုးပေးနိုင်သော နတ်ကျောက်တုံးတစ်တုံး ပိုင်ဆိုင်ထားကာ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံထားပြီးပြီဟု ဆိုကြသည်။
ဤပုဂ္ဂိုလ်ကား ပန်းပဲပညာတွင် ကျွမ်းကျင်သည့်အလျောက် ကောင်းကင်နတ်ဘုံတွင် နံပါတ်တစ် ပန်းပဲဆရာသခင် ဖြစ်လေ၏။
ဖန်ဆင်းကောင်းကင်လက်နက်အား သူ ထိန်းချုပ်ထားခြင်း ဖြစ်ပေသည်။
ချင်မူမှာ ရပ်၍ ဟိုဟိုသည်သည် စပ်စုကြည့်နေစဉ် ရှစ်ချီလော်ဆီသို့ အစီရင်ခံရန် ကုန်စည်များနှင့်အတူ ရောက်လာသော လင်ယွိရှို့အား မြင်လိုက်ရသည်။
ယွင်ချွီးရှို့လည်း သင်္ဘောပေါ်တွင် ဖြစ်ပြီး အလုပ်များနေသည်။ သူ့ကို မြင်လျှင် ထိုကဝေမလေးသည် စိတ်လှုပ်ရှားသွားသည့်အလား မျက်နှာလေး ရဲသွား၏။ သူမက သင်္ဘောဦးတွင် ရပ်လျက် ဖွင့်ထွားနေသော ရင်အစုံကို ရှေ့သို့ ပစ်ကာ သူ့အား လက်လှမ်းပြသည်။ ခေါင်းကလေး ငဲ့စောင်း၍ပင် လင်ယွိရှို့ဆီ တစ်ခုခု ပြောလိုက်သေးလေသည်။
ချင်မူ့မျက်နှာ မည်းမှောင်သွားကာ သူက အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ “ကဝေမလေး၊ ငါလိုကောင်က နင်မြူဆွယ်တာ ခံမယ့်သူမှတ်လို့”
ဤသို့ တွေးနေပါသော်လည်း သူ့ခြေလှမ်းများကမူ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ကုန်သင်္ဘောဆီသို့ ဦးတည်သွားချေပြီ။