ရိုးသားကြိုးစား ဖိုးသခွား
Vol. 90 Ch. 1169
ရှစ်ချီလော်က ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်၏ နတ်ဘုရားများကို အမျိုးမျိုးသော နတ်လက်နက်များအား ရေတွက်ခိုင်းနေသည်။ သူ့အသံ အဝေးမှလာပြီး ကျယ်လောင်ကြည်လင်နေ၏။ “ဧကရာဇ်ယန်ရှို့၊ မင်းရဲ့ ဒီနတ်လက်နက်တွေက အရည်အသွေးမကောင်းဘူး…. ငါ ဒီပစ္စည်းတွေအတွက် လျှော့ဈေးလိုချင်တယ်…”
လင်ယွိရှို့၏အသံက ထွက်ပေါ်လာသည်။ “အို အရှင်နတ်မင်းရယ်, ကျွန်မတို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကုန်ပစ္စည်းတွေက ကောင်းကင်ဘုံတွေ အားလုံးထဲမှာ ဈေးအပေါဆုံးဖြစ်နေပြီးသားပါ…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကလွဲပြီး ဘယ်နေရာမှာမှ ဒီလိုလျှော့ဈေးမျိုးနဲ့ ရမှာမဟုတ်ပါဘူးနော်…. ရှင် ဈေးကို ထပ်လျှော့လိုက်မယ်ဆိုရင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက် အမြတ်မကျန်တော့ဘဲနဲ့ လုပ်အားခတွေတောင် ပေးဖို့ ခက်ပါလိမ့်မယ်… ဟင်.... နွားကျောင်းသား… ကောင်းကင်နတ်အရှင်မူ”
သူမ၏မျက်၀န်းများသည် ချင်မူ လျှောက်လာသည်ကို မြင်သောအခါ တောက်ပလင်းလက်သွား၏။ သူမမှာ “နွားကျောင်းသား” ဟူသော အမည်ကို အမှတ်တမဲ့ ခေါ်မိသွားပြီး သတိထားမိသည့်အခါ ချက်ချင်း ပြင်ဆင်လိုက်သည်။
ရှစ်ချီလော်က လျှောက်လာနေသော ချင်မူ့ဆီသို့ လှမ်းကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။ “နွားကျောင်းသား ကောင်းကင်နတ်အရှင်မူ လာလည်း အလုပ်ဖြစ်မှာမဟုတ်ဘူး…. ငါက ခေါင်းမာတယ်… ကောင်းကင်နတ်အရှင်ဆယ်ပါးလုံး ရောက်လာရင်တောင် စိတ်ယိုင်မှာ မဟုတ်ဘူး…”
ထိုသို့ ပြောပြီးသည်နှင့် သူ့မျက်နှာကြီးမှာ သိသိသာသာ ပျက်ယွင်းသွားတော့သည်။ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ထဲသို့ ၀င်ရောက်လာသော ကောင်းကင်နတ်အရှင်ဟောင်နှင့် နတ်ဧကရာဇ်လန်ရွှမ်တို့ကို သူ တွေ့လိုက်ရလေသည်။
ရှစ်ချီလော်၏ မျက်နှာပေါ်ရှိ အရေပြားနှင့် မုတ်ဆိတ်တို့မှာ တဆတ်ဆတ် တုန်လာပြီး ခြေထောက်များလည်း တုန်ရီလာသည်။ သူ့မှာ ဒူးထောက်လုဆဲဆဲ ဖြစ်နေ၏။
ကောင်းကင်နတ်အရှင်ဟောင်က စိတ်မဝင်စားစွာ ပြောသည်။ “မလိုဘူး…. တာအိုမိတ်ဆွေမူရဲ့ ခြေလှမ်းတွေက အတော်မြန်သားပဲ”
ချင်မူက တရိုတသေ တုံ့ပြန်လိုက်သည်။ “ရတနာတစ်ပါးရဲ့ စွမ်းအားကို ငှားယူလိုက်ရုံသက်သက်ပါပဲ…. ထူးထူးခြားခြား မဟုတ်ပါဘူး… တာအိုမိတ်ဆွေတို့မှာသာ အစစ်အမှန် အစွမ်းတွေ ပိုင်ဆိုင်ထားတာပါ’
ကောင်းကင်နတ်အရှင်ဟောင်၏ အကြည့်က ယွင်ချွီးရှို့ထံ ရောက်သွားသည်။ သူက နှာခေါင်းရှုံ့၍ ခေါင်းငဲ့လိုက်သည်။ “ရှစ်ချီလော်၊ မင်းက ဖန်ဆင်းကောင်းကင်လက်နက်ကို တာ၀န်ယူထားတာဆိုတော့… မင်းကို ပေးပါရစေဦး.. ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ ဘယ်နှယောက်ကို ဖန်ဆင်းခဲ့ပြီးပြီလဲ”
ရှစ်ချီလော်က ဒုန်းခနဲ ဒူးထောက်ချလိုက်သည်။ သူက ကတုန်ကယင်ဖြင့် စာရင်းစာအုပ်အား လှန်လှောနေလေသည်။
ကောင်းကင်နတ်အရှင်ဟောင်က နှာမှုတ်လိုက်သည်။ “ငါ မင်းကို ဒူးမထောက်ခိုင်းပါဘူး…. ဘာလို့ ဒူးထောက်ရတာလဲ”
ရှစ်ချီလော်က ခေါင်းမော့၍ အားနာပါးနာ ပြုံးလိုက်၏။ “ကျွန်တော့် ခြေထောက်နှစ်ချောင်းက အမြဲ မနာခံတတ်လို့ပါ.. ကောင်းကင်နတ်အရှင်တစ်ပါးကို မြင်တာနဲ့ ဒူးထောက်ရတာ ပိုပြီး သက်တောင့်သက်တာ ရှိပါတယ်… ကောင်းကင်နတ်အရှင်၊ ခဏလေး စောင့်ပေးပါဦး…. ကျွန်တော် စာရင်းထဲမှာ ရှာကြည့်ပါဦးမယ်”
ဘေးရှိ နတ်ဧကရာဇ်လန်ရွှမ်က နွေးထွေးစွာ ပြုံးပြသည်။ “နန်းတော်သခင်ရှစ် ဒီလောက် စိတ်ပူနေစရာမလိုပါဘူး… ကောင်းကင်နတ်အရှင်ဟောင်က မင်းရဲ့ ရတနာတိုက်လေးကို လာစစ်ဆေးမှာမှ မဟုတ်တာ…. မင်း သတင်းပို့ထားတဲ့စျေးနှုန်းတွေက အမြတ်သိပ်မရဘူးလို့ လိမ်ထားသလိုပဲနော်”
ရှစ်ချီလော်၏ နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာပြီး သူ့မှာ ပို၍ပျာလာတော့သည်။ သူသည် အချိန်အတော်ကြာမှ ဖန်ဆင်းကောင်းကင်လက်နက်၏ စာရင်းမှတ်တမ်းကို ရှာတွေ့ခဲ့ပြီး ကောင်းကင်နတ်အရှင်ဟောင်အား အလောတကြီး လှမ်းပေးလိုက်၏။
ကောင်းကင်နတ်အရှင်ဟောင်က စာရင်းစာအုပ်ကို ဖွင့်ကာ အသေးစိတ် စစ်ဆေးလေသည်။ သူ၏မျက်နှာကြီးမှာ ပို၍ပင် မည်းမှောင်လာသည်။
သူ့မျက်နှာသည် ဖြူဆုတ်နေပြီး မအီမသာ ခံစားနေရသယောင် ရှိ၏။
ကောင်းကင်နတ်အရှင်ဟောင်က စာရင်းစာအုပ်အား ဘေးရှိ နတ်ဧကရာဇ်လန်ရွှမ်ဆီ ပေးလိုက်သည်။ နတ်ဧကရာဇ်လန်ရွှမ်က ၎င်းကို လှန်လျောကြည့်နေပြီး ချင်မူကလည်း ခိုးကြည့်လိုက်၏။ နတ်ဧကရာဇ်လန်ရွှမ်က စာအုပ်ကို အလျင်အမြန် ပိတ်ကာ မရေမရာ ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူကရော ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းချင်လို့လား… မင်း ဒီစာအုပ်ကို ကြည့်လို့မရဘူး”
“နှမြောစရာပဲဗျာ”
ချင်မူက ပြုံးလျက် ဖြေလိုက်သည်။ “ကျွန်တော် ကြည့်မရရင်လည်း နေပါစေတော့… ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ဖန်ဆင်းကောင်းကင်လက်နက်ကနေ သွန်းလုပ်ခဲ့တာမလား…. ကျွန်တော်လည်း တစ်ခု လိုချင်တယ်”
ကောင်းကင်နတ်အရှင်ဟောင်သည် နူးညံ့သိမ်မွေ့သော အမူအရာဖြင့် ပြန်ပြော၏။ “ငါက တာအိုမိတ်ဆွေကို မပေးချင်တာ မဟုတ်ပါဘူး… ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို သွန်းလုပ်ဖို့ လိုအပ်တဲ့ ကုန်ကြမ်းတွေက ထူးခြားပြောင်မြောက်လွန်းတယ်… ကောင်းကင်နတ်ဘုံမှာ ကုန်ကြမ်းများများစားစား မရှိဘူး…. နောက်တစ်ခု ဖန်တီးဖို့လဲ အရင်းအမြစ်တွေက ပိုလျှံနေတာမရှိဘူး”
ချင်မူက သူ အမှန်ပြောပြမည်မဟုတ်ကြောင်း သိနေသဖြင့် ပြုံးလိုက်သည်။
နတ်ဧကရာဇ်လန်ရွှမ်က မျက်ခုံးများပင့်ကာ ဆိုသည်။ “နန်းတော်သခင်ရှစ်၊ မင်း ဆယ့်တစ်ခုမြောက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းခဲ့တာပဲ”
ကောင်းကင်နတ်အရှင်ဟောင်သည် ရှစ်ချီလော်အား စိုက်ကြည့်၍ စိတ်မဝင်စားစွာ မေး၏။ “မင်းကို ဘယ်သူက ဆယ့်တစ်ခုမြောက် ကောင်းကင်လက်နက်ကို ဖန်ဆင်းခိုင်းခဲ့တာလဲ”
ရှစ်ချီလော်မှာ တခဏ တုံ့ဆိုင်းနေပြီးနောက် ဂရုတစိုက် ဖြေသည်။ “ကောင်းကင်နတ်အရှင်၊ အရှင်မင်းကြီးက ကျွန်တော့်ကို ခိုင်းခဲ့တာပါ…. ကျွန်တော့်မှာ အရှင်မင်းကြီးရဲ့ အမိန့်စာ ရှိပါတယ်”
သူက မြေကြီးပေါ်တွင် ထိုင်လျက် ဟိုဟိုသည်သည် နှိုက်ရင်း ရှာဖွေနေသည်။ အတန်ကြာ ရှာဖွေပြီးနောက်၌ ကောင်းကင်နတ်ဧကရာဇ်စာကို တွေ့ရှိသွားပြီး လှမ်းပေးလိုက်၏။
ကောင်းကင်နတ်အရှင်ဟောင်က စာကို ဖွင့်ဖတ်ကြည့်ပြီးနောက် မျက်နှာကြီး ပို၍ပင် မည်းမှောင်လာတော့သည်။ သူက မလှမ်းမကမ်းရှိ ယွင်ချွီးရှို့ဆီ လှမ်းကြည့်လိုက်သည်။
ယွင်ချွီးရှို့မှာ ပျော်ရွှင်စွာဖြင့် ပြေးလွှားရင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမိစ္ဆာများ နတ်လက်နက်တို့ သယ်ဆောင်နေကြသည်ကို ကူညီပေးနေပြီး သူ့အား အဖက်မလုပ်ပေ။
ကောင်းကင်နတ်အရှင်ဟောင်၏ မျက်လုံးထောင့်စွန်းများ တွန့်သွားသည်။ ထိုသို့ သွက်လက်၍ ချစ်စဖွယ်ကောင်းသော မိန်းကလေးက အမှန်တကယ် ဆွဲဆောင်မှုရှိသော်လည်း သူ့အတွက် သူမကို အမေဟု ခေါ်ရချေသည်။
နတ်ဧကရာဇ်လန်ရွှမ်က ကောင်းကင်နတ်အရှင်ဟောင်ကို အကဲခတ်နေပြီး မည်သည်ကို စဉ်းစားနေမှန်း သဘောပေါက်၏။
ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို အတူတကွ ထိန်းချုပ်ကြသည်မဟုတ်လော။ ၎င်းက ဘေးကင်းဟန်တူသော်လည်း လူတိုင်းကို အခွင့်အရေးရစေသည်။
အရှင်မယွမ်မုသည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် မဟုတ်ချေ။ သို့သော် သူမကား ဤအခွင့်အရေးကို အသုံးချ၍ ကောင်းကင်နတ်အရှင်ဆယ်ပါး ပြင်ဆင်မထားသည့်အချိန်၌ ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို ထိန်းချုပ်ခဲ့သည်။ သူမသည် ထိုရုပ်ခန္ဓာဖြင့် ဧကရာဇ်အမိန့်တော်တစ်ခု ဖန်တီးကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းခဲ့လိမ့်မည်။
'ကောင်းကင်နတ်အရှင်မူသာ ဒီအခွင့်အရေးကို အရယူခဲ့ရင် ဟီးဟီး… ဒီလူလည်း သူ့အတွက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးလောက်တယ်”
နတ်ဧကရာဇ်လန်ရွှမ်မှာ ချင်မူ့ဆီ ကြည့်လိုက်သည့်အခါ ရင်တုန်သွားလေသည်။ အမှန်တကယ်ပင် ချင်မူ့မျက်လုံးများ လင်းလက်တောက်ပနေသည်ကို တွေ့လိုက်ရ၏။ ချင်မူကား ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာကို သုံးပြီး သူ့အတွက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအား ဖန်တီးချင်နေသည်မှာ သိသာလှသည်။
သူက ချောင်းဟန့်လိုက်ရင်း ကောင်းကင်နတ်အရှင်ဟောင်အား သတိပေးလိုက်သည်။ ကောင်းကင်နတ်အရှင်ဟောင်က ချက်ချင်း နားလည်သွားပြီး ခပ်ပြတ်ပြတ် ပြောလေသည်။ “ရှစ်ချီလော်၊ မင်းရဲ့ခွေးခေါင်းက အသုံးဝင်သေးတာမလို့ ဒီကိစ္စကို အရေးမယူတော့ဘူး…. ဒီနေ့ကစပြီး ကောင်းကင်နတ်အရှင်အားလုံးရဲ့ အမိန့်မပါရင် ကောင်းကင်နတ်ဧကရာဇ်ကိုယ်တိုင် ရောက်လာရင်တောင်မှ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်ဆင်းခွင့်မရှိတော့ဘူး”
ရှစ်ချီလော် သစ္စာရှိကြောင်း ပြသသည်။ “အမိန့်အတိုင်း လိုက်နာပါ့မယ်”
ကောင်းကင်နတ်အရှင်ဟောင်က အဝေးသို့ လျှောက်သွားပြီး နတ်ဧကရာဇ်လန်ရွှမ်လည်း နောက်မှ လိုက်ပါသွားသည်။ သူက ပြုံး၍ ပြောလေသည်။ “တာအိုမိတ်ဆွေက တကယ် ပါးနပ်တာပဲ…. ဒီတစ်ကြိမ်တော့ ကောင်းကင်နတ်အရှင်မူ ဘာပြဿနာမှ ရှာနိုင်မှာ မဟုတ်ဘူး”
ရှစ်ချီလော်က သူတို့ အဝေးသို့ ရောက်သွားသည်အထိ စောင့်ပြီး သူ့ဒူးမှ ဖုန်များကို ခါလိုက်သည်။
ချင်မူလည်း ပြုံးလျက် လှမ်းပြောလိုက်သည်။ “ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ မြင့်မြတ်လှတဲ့ မဟာဆရာသခင်ကြီး၊ ကောင်းကင်နတ်ဘုံမှာ နံပါတ်တစ် ပန်းပဲပညာရှင်က အခြားသူတွေကို ဒူးထောက်အရိုအသေပေးဖို့ အတော် စိတ်အားထက်သန်တာပဲနော်… နန်းတော်သခင်ရှစ်၊ ခင်ဗျားရဲ့ ဧကရာဇ်လ္လင်အဆင့် ပေါ့သေးသေးမဟုတ်ဘူးမလား”
ရှစ်ချီလော်က မောက်မာခက်ထန်သော မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်၏။ “ကောင်းကင်နတ်အရှင်မူ၊ မင်းကလည်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပဲလား… ငါ မင်းကို အမှတ်တစ်မှတ်မှ မပေးချင်ပေမယ့် ကောင်းကင်နတ်အရှင်တစ်ပါး ဖြစ်နေတဲ့အတွက် အမှတ်တစ်၀က်တော့ ပေးလိုက်မယ်”
ချင်မူမှာ ထပ်ပြောချင်သော်လည်း လင်ယွိရှို့က သူ့အင်္ကျီလက်စကို ဆွဲလိုက်သဖြင့် နှုတ်ဆိတ်နေလိုက်သည်။
လင်ယွိရှို့က လက်ဝှေ့ရမ်းကာ ပြောလိုက်၏။ “ပစ္စည်းချကြ”
သင်္ဘောပေါ်ရှိ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ နတ်ဘုရားမိစ္ဆာများက ချက်ချင်း အလုပ်စလုပ်ကြသည်။ လင်ယွိရှို့က ချင်မူ့အား ပြောလေသည်။ “အမှတ်တစ်၀က်က လုံလောက်ပါပြီ… တကယ်တော့ ငါတို့ နောက်ထပ်နည်းနည်း ရနိုင်သေးတယ်…. ကောင်းကင်နတ်ဘုံက ပြီးခဲ့တဲ့နှစ်တွေအတွင်း မဟာလေဟာနယ်ကို တိုက်ခိုက်နေရတဲ့အတွက် ကောင်းကင်ဒင်္ဂါးအတော် ကုန်နေပြီ…. ကောင်းကင်ဘုံအတော်အများများကလည်း ဈေးတွေ တဟုန်ထိုး တက်နေတာ…. နင် ဘယ်ကနေ ရောက်လာတာလဲ”
ချင်မူက အပြေးအလွှား လာနေသော ယွင်ချွီးရှို့ဆီ ကြည့်လိုက်သည်။ ယွင်ချွီးရှို့၏ စည်းနှောင်ထားသော ဆံပင်လေးနှစ်ဖက်က ကျောပြင်ထက်မှ ဘေးသို့ ယိမ်းခါလျက်ရှိ၏။ ချင်မူလည်း ပြုံးလျက် ပြောလိုက်သည်။ “ငါ ကောင်းကင်နတ်အရှင်ရှစ်ပါးနဲ့အတူ ဘိုးဘေးနန်းတော်ကနေ ပြန်လာတာ…. နင့်ရဲ့ ဟောဒီအစ်မကြောင့် သတ်ခံရတော့မလို့..”
ယွင်ချွီးရှို့က သူတို့ရှေ့သို့ သွက်လက်ဖြတ်လတ်စွာဖြင့် အပြေးကလေး ရောက်လာသည်။ သူမက အပြုံးလေးဖြင့် မေးလေသည်။ “မတ်လေးလည်း ရောက်နေတာလား… ငါလေ မတ်လေးကို မြူဆွယ်ရတာ အကြိုက်ဆုံးပဲ” ထိုသို့ ပြောပြီးနောက် သူမက ချင်မူ့လက်မောင်းကို ဆွဲကာ ဘေး၌ ကပ်နေတော့သည်။
သူမသည် လင်ယွိရှို့၊ ကုန်းစွန်းယန်၊ နတ်ဘုရင်လန်ဝူနှင့် လျန်းဟွာဟွန်တို့ဖြင့် သွေးသောက်ညီအစ်မများ ဖြစ်လာခဲ့၏။ အသက်အရွယ်အရဆိုလျှင် လင်ယွိရှို့မှာ အငယ်ဆုံးဖြစ်သောကြောင့် သူမကို အစ်မတော်ဟု ခေါ်ရလေသည်။
လင်ယွိရှို့ သူ့ဘေးတွင် ရှိနေသည့်အတွက် ချင်မူမှာ လက်ကို ပြန်ဆွဲရန် ကြိုးစားသော်လည်း မလုပ်နိုင်ချေ။ သူ့မှာ ဤသို့ပြောရုံသာ တတ်နိုင်၏။ “ငါ အရေးကြီးကိစ္စတွေ လုပ်စရာရှိသေးတယ်.. ဆိုတော့ လျှောက်ပြောင်မနေနဲ့တော့… အရှင်မယွမ်မုက ငါ့ကို ချောက်တွန်းပြီး ဘိုးဘေးနန်းတော်ထဲမှာ ပိတ်ထားခဲ့တော့မလို့… ဒီတစ်ကြိမ်တော့ သခင်မယွမ်မုရဲ့ ရုပ်ခန္ဓာကို ထုတ်ပြီး သူ ဘယ်မှာ ပုန်းနေလဲ သိရအောင် သူ့ဝိညာဉ်ကို ဆင့်ခေါ်ရမယ်”
ယွင်ချွီးရှို့မှာ တုန်ရီသွားပြီး သူ့လက်မောင်းကို ဖက်ကာ ဘယ်ညာလွှဲရမ်းနေချေသည်။ သူမက တခစ်ခစ် ရယ်လျက် ပြော၏။ “မတ်လေး၊ ငါက နောက်နေတာပါဟာ… ဒေါသမထွက်ပါနဲ့… ညီမလေး… နင့်လူကို မြန်မြန် ထိန်းလိုက်ပါဦး”
လင်ယွိရှို့က ပြုံးလျက် မည်သည်မှ မပြောချေ။
ချင်မူက နှာခေါင်းရှုံ့လျက် ပြောသည်။ “ငါ အရှင်မယွမ်မုကို စိတ်ရင်းနဲ့ ဆက်ဆံခဲ့ပေမယ့် သူက ငါ့ကို ခဏခဏ အန္တရာယ်ပေးတယ်.. ဒီတစ်ကြိမ်လည်း အန္တရာယ်ဖြစ်စေခဲ့ပြန်ပြီ…. ငါ သူ့သရုပ်မှန်ကို ဖော်ထုတ်ရမယ်”
ယွင်ချွီးရှို့မှာ သနားကမား မျက်နှာလေးဖြင့် မော့ကြည့်သည်။ “မတ်လေး…”
“ပါးစပ်ပိတ်ထား..”
ချင်မူမှာ ဒေါသူပုန်ထနေ၏။ “ကျွန်တော်တို့က မဟာမိတ်တွေဖြစ်တာတောင်မှ ခင်ဗျား ကျွန်တော့်ကို အကြိမ်ကြိမ် လှည့်ဖြားခဲ့တယ်… ခင်ဗျားရဲ့ သရုပ်မှန်ကို မသိဘူးများ ထင်နေသလား… ခင်ဗျားက တကယ် ဘယ်သူလဲဆိုတာ သိရဖို့ ကျွန်တော့်မှာ နည်းလမ်းတွေ အများကြီးရှိတယ်…. ယွဲ့ထင်းကဲကို မဟာလေဟာနယ်ဆီ လွှတ်ပြီး ရွှင်ပျော်ပျော်ကျေးရွာကို ရှာခိုင်းမယ်လို့ ခင်ဗျား ပြောခဲ့တယ်… ဒါပေမဲ့ ယွဲ့ထင်းကဲက သူ့ကို စစ်တပ်တစ်တပ်ကို မဟာလေဟာနယ်ဆီ ဦးဆောင်သွားဖို့ ကောင်းကင်နတ်အရှင်ဆယ်ပါး အမိန့်ပေးခဲ့တယ်လို့ပဲ ပြောခဲ့တာ.. သူနဲ့အတူ လိုက်လာတဲ့ ကောင်းကင်နတ်အရှင်တစ်ပါးအကြောင်း မပြောခဲ့ဘူး”
သူသည် ဒေါသထွက်လွန်းသဖြင့် တဟက်ဟက် ရယ်နေ၏။ “ခင်ဗျားက တကယ်တော့ ယွဲ့ထင်းကဲနဲ့အတူ မဟာလေဟာနယ်ထဲ ၀င်ရောက်ခဲ့တာပဲ…. ဒါပေမဲ့ သူ မသေသေးဘဲ မဟာလေဟာနယ်ထဲမှာ ပုန်းနေလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး…. သူ့ကို ရှာတွေ့သရွေ့ ခင်ဗျားရဲ့ သရုပ်မှန်ကို ထုတ်ဖော်ရတာ လွယ်ကူမယ်မလား…. ဒါ့အပြင် ကျွန်တော့်မှာ အရှင်မယွမ်မုရဲ့ ရုပ်ခန္ဓာ ရှိသေးတယ်…. ခင်ဗျားရဲ့ သရုပ်မှန်ကို ရှာတွေ့ဖို့ အလွယ်လေးပဲ”
သူက သက်ပြင်းချ၍ စိတ်ရင်းဖြင့် ပြောသည်။ “ကျွန်တော်တို့က မဟာမိတ်ဆွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် ရိုးသားသင့်တယ်… ခင်ဗျား ကျွန်တော့်ပေါ် ဒီလို ဆက်ဆံတာ သိပ်၀မ်းနည်းမိတယ်”
ယွင်ချွီးရှို့က သက်ပြင်းချ၍ ညည်းတွားလိုက်သည်။ “ငါ့သရုပ်မှန်ကို ဟိုးအရင်တည်းက ပြောခဲ့သားပဲ… နင်မှ နားမလည်ခဲ့တာ”
ချင်မူ ပြောရန် ပါးစပ်ဟလိုက်စဉ် ယွင်ချွီးရှို့က ခပ်ဟဟ ရယ်သည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝိညာဉ်အကူးအပြောင်းတံတားက ငါ့နန်းတော်နဲ့ ဆက်နေတယ်လို့ ပြောခဲ့တယ်လေ… ငါ့သရုပ်မှန်ကို မသိဘူးလား”
ချင်မူမှာ ကြောင်အသွားပြီး ထစ်အစွာ ရေရွတ်လိုက်သည်။ “ဝိ… ဝိညာဉ်အကူးအပြောင်းတံတား…”
ယွင်ချွီးရှို့က သက်ပြင်းတစ်ချက် ငြင်သာစွာ ချ၍ ပြောသည်။ “အဲ့ဒီ ဝိညာဉ်အကူးအပြောင်းတံတားကို ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က ဖန်ဆင်းခဲ့တာ….. ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က ငါ့ကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာထက် အဆတစ်ရာ ပိုတောင်းခဲ့တယ်… ပြီးတော့ ဝိညာဉ်တံတားတည်ဆောက်ဖို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ပြန်ငှားပြီး ကွာဟငွေကို အိတ်ထဲ ထည့်ခဲ့တယ်လေ… မတ်လေး၊ သဘောမပေါက်သေးဘူးလား”
ထိုအခိုက်အတန့်တွင် ဘေးမှ ခပ်ကြမ်းကြမ်း အသံကြီးတစ်သံက ထွက်ပေါ်လာသည်။ “ထပ်ပြီး သတိရအောင် လုပ်ပေးမယ်…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝိညာဉ်အကူးအပြောင်းတံတားက ဘယ်ကို ဦးတည်နေတာလဲ”
ချင်မူမှာ ဖန်တင်းဂိုဏ်းချုပ်နန်းတော်၏ အရှင်သခင် ရှစ်ချီလော်ဘက်သို့ ခက်ခက်ခဲခဲဖြင့် လှည့်၍ ငေးကြောင်စွာ ကြည့်နေမိသည်။ သူသည် မုတ်ဆိတ်ထူထူကို ပိုင်ဆိုင်ထားပြီး နှိုင်းယှဉ်မရလောက်အောင် ဗလကောင်း၏။ ချင်မူမှာ ကြောင်အနေချေသည်။ “ခင်ဗျား…. ခင်ဗျား…”
ရှစ်ချီလော်က သူ့ကို သနားစဖွယ် ကြည့်၍ ဩရှရှ ပြောသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဝိညာဉ်အကူးအပြောင်းတံတားက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်နဲ့ ဆက်နေတယ်…. ဒါ့အပြင် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်က ငွေကို လောဘတက်ပြီး ဝိညာဉ်အကူးအပြောင်းတံတားဆောက်ဖို့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို လွှဲပြောင်းခဲ့လိုက်ရင်း ကောင်းကင်နတ်အရှင်တွေကိုတော့ အဆတစ်ရာတိုးပြီး တောင်းခဲ့တယ်”
ယွင်ချွီးရှို့က ချိုသာစွာ ပြုံးနေ၏။ “ဒါ့အပြင် သူက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကို ထိန်းချုပ်တာဆိုတော့ သူကိုယ်တိုင်အတွက် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ဖန်တီးဖို့ မခက်ခဲဘူး”
ရှစ်ချီလော်၏ ကြမ်းတမ်းခက်ထန်သော မျက်နှာကြီးက မဆိုစလောက် ဆွဲဆောင်လာပြီး ချင်မူ့ကို မျက်တောင်ပုတ်ခတ်ပြကာ ကြည့်နေသည်။ သူက ရယ်နေလေသည်။ “ကောင်းကင်နတ်အရှင်လင်က ငါ့ကို ချုံဧကရာဇ်ခေတ်မှာ လုပ်ကြံသတ်ဖြတ်ခဲ့တယ်… ဒါပေမဲ့ ငါ့မှာ ကျောက်တုံးတစ်တုံး ရှိနေပြီး လွတ်မြောက်သွားလိမ့်မယ်လို့ သူ ထင်မထားခဲ့ဘူး”
ယွင်ချွီးရှို့က ချင်မူ့ပခုံးကို ကနွဲ့ကလျ မှီရင်း ငြင်သာစွာ ပြောသည်။ “ငါ ကောင်းကင်နတ်အရှင်လင်ရဲ့ အစွမ်းအစကို သိပ်အားကျတဲ့အတွက် သူ့ရဲ့ ဖန်ဆင်းခြင်းသိုင်းကို သင်ယူပြီး မျိုးဆက်တစ်ဆက်ရဲ့ ဆရာသခင်ဖြစ်လာခဲ့ပြီးတော့ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကို ပိုင်ဆိုင်ခဲ့တယ်… ကောင်းကင်နတ်အရှင်ဆယ်ပါး ထူးထူးဆန်းဆန်းလက်နက်တွေ လုပ်ချင်ရင် ငါ့ကနေ တဆင့်လုပ်ရတယ်.. အဲ့ဒါတွေကို ပြင်ဆင်ဖို့ ငါ့အတွက်လည်း အဆင်ပြေတာပေါ့”
ရှစ်ချီလော်ကလည်း လျှောက်လာ၍ ရယ်လိုက်သည်။ “ခိုင်ဧကရာဇ်ခေတ် ကုန်သွားတော့ ငါ့ကို မဟာကောင်းကင်ဆရာသခင်နှစ်ဦးက အမှုထမ်းဖို့ ဆင့်ခေါ်ခဲ့တယ်… သူတို့က ငါ့ကို အသုံးချပြီး ရွှင်ပျော်ပျော်ကို ရှာဖို့ မဟာလေဟာနယ်ကနေ ဖြတ်သွားနိုင်အောင် ပရမတ္တလှေ အတု ဖန်ဆင်းစေခဲ့တယ်... နောက်ဆုံးမှာတော့ အဲဒီမဟာဆရာသခင်နှစ်ဦး သေဆုံးသွားပြီး ငါတစ်ယောက်တည်း အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်”
ရှစ်ချီလော်သည် ချင်မူ့ပခုံးပေါ် ခေါင်းအပ်၍ သူ့ရင်ဘတ်ပေါ်တွင် လက်ညှိုးဖြင့် စက်ဝိုင်းပုံတစ်ခု ရေးဆွဲနေ၏။ ယွင်ချွီးရှို့ကလည်း သူ့ညာရင်အုံပေါ်၌ စက်ဝိုင်းတစ်ခု ရေးဆွဲနေချေသည်။
ချင်မူမှာ ခေါင်းရမ်း၍ အံကြိတ်လိုက်သည်။ “ဒါဆို ကျုပ်ကို နဂါးသွဲ့ရေကန်မှာ ကယ်ခဲ့တဲ့ ကောင်းကင်နတ်အရှင်သုံးပါးထဲမှာ ခင်ဗျား မပါဘူးပေါ့”
“အချစ်လေးမူ…”
ယွင်ချွီးရှို့နှင့် ရှစ်ချီလော်က သူ့ညာလက်နှင့် ဘယ်လက်ကို တစ်ပြိုင်နက် လွှဲရမ်းလိုက်ကြသည်။ “စိတ်မဆိုးပါနဲ့နော်”
ချင်မူမှာ ခပ်တောင့်တောင့်ကြီး ပြုံးလိုက်မိလေသည်။ “ရွာလူကြီးက ငါ့ကို တုံးအတယ်လို့ ပြောတာ အံ့ဩစရာမရှိဘူးပဲ…”