ထူးဆန်းသော သစ်နက်တောင်တန်း
Vol. 90 Ch. 1170
ထိုနေ့က နဂါးသွဲ့ရေကန်တွင် သူ့အသက်ကို ကယ်ခဲ့သော ကောင်းကင်နတ်အရှင်သုံးပါးအနက် အရှင်မယွမ်မု ပါခဲ့လိမ့်မည်ဟု ချင်မူ အမြဲ ယုံကြည်ခဲ့မိသည်။ သို့သော် အရှင်မယွမ်မုက ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သခင် ရှစ်ချီလော်အဖြစ် အသွင်ပြောင်းထားခဲ့လေရာ သူမ မဖြစ်နိုင်ခဲ့ချေ။
ကောင်းကင်နတ်ဘုံအတွင်း၌ ရှစ်ချီလော်၏ ရာထူးမှာ လုံလောက်အောင် မမြင့်မားချေ။ ထို့အပြင် သူသည် ချုံဧကရာဇ်ခေတ်မှသာ စတင်ခဲ့သောကြောင့် သူ၏ အခြေခံသိုင်းအဆင့်မှာ ကောင်းကင်နတ်အရှင်များနှင့် ယှဉ်နိုင်မည်မဟုတ်ချေ။
သူမအနေဖြင့် ထိုမျှ စွန့်စားလိမ့်မည်မဟုတ်။
ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို ထိန်းချုပ်ထားသည့်တိုင် သူမ၏ သရုပ်မှန် မပေါ်အောင် ပါးလွှားသော ရေခဲပြင်ထက်တွင် လျှောက်နေသည့်အလား သတိထားရပေမည်။
ထိုသို့မဟုတ်ဘဲ ကောင်းကင်နတ်အရှင် ၁၁ ပါးသာ နဂါးသွဲ့ရေကန်အထက်၌ ပေါ်လာပါက ကောင်းကင်နတ်အရှင်ဆယ်ပါးက သေချာပေါက် စုံစမ်းပေလိမ့်မည်။ ထို့ကြောင့် သူမအနေဖြင့် စောင့်ဆိုင်းရုံသာ တတ်နိုင်၏။ ထို့ကြောင့် ချင်မူ့ကို ကယ်သည့် ပထမဆုံးသူမှာ သူမ မဟုတ်နိုင်ချေ။
ကောင်းကင်နတ်အရှင်ဆယ်ပါး လှုပ်ရှားခဲ့သည့်အချိန်တွင် သူမ ဝင်ပါရန် ပို၍ပင် အကြောင်းပြချက် မရှိပေ။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်၌ ချင်မူ့ဘေးကင်းမှုကား အာမခံပြီးသားဖြစ်၍ပင်။
ထို့အပြင် ကောင်းကင်နတ်အရှင်ဆယ်ပါး၊ ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူတို့ တိုက်ခိုက်သည်ကို ကြည့်နိုင်သည်သာမက ချင်မူ သူမအပေါ် အကြွေးတင်လာအောင်ပင် လုပ်နိုင်ပေသည်။
‘ထင်ထားတဲ့တိုင်း နဂါးဟန်ခေတ်မှာ ရှင်ကျန်နိုင်ခဲ့တဲ့ လူအိုကြီးတွေထဲက တစ်ယောက်မှ ရိုးသားမနေဘူး’
ချင်မူအပြင်းအထန် ခေါင်းကိုက်လာတော့သည်။ ထိုမကောင်းဆိုးဝါးအိုကြီးများမှာ ရှင်းလင်းရန် မလွယ်ကူသည့်အပြင် သူ တစ်ချက်လေး နားနေလိုက်ပါက သူ့ကို ဝါးမြိုသွားကြလိမ့်မည်။
သူက ယွင်ချွီးရှို့ကို တွန်းဖယ်၍ လင်ယွိရှို့နှင့် ဘေးချင်းယှဉ်လျက် လျှောက်လာသည်။ ဘိုးဘေးနန်းတော်ရှိ သူ၏အတွေ့အကြုံများကို ပြောပြနေစဉ် လင်ယွိရှို့က တခဏတုံ့ဆိုင်းနေပြီးနောက် ပြော၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက အားနည်းလွန်းတယ်…. ဘိုးဘေးနန်းတော်မှာ ငါတို့အနေနဲ့ ခြေချုပ်ရထားဖို့က မဖြစ်နိုင်သလောက်ပဲ…. ငါတို့မှာ လူအင်အားမလောက်သလိုတောင် ခံစားနေရတာ… တကယ်လို့ ဘိုးဘေးနန်းတော်ဆီ လူစုတစ်ဖွဲ့ ပို့နိုင်ရင်တောင်…. ဘိုးဘေးနန်းတော်ထဲမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးနဲ့ ရင်ဆိုင်နိုင်ပါ့မလား..”
သူမက ထိုအကြောင်းတွေးလျက် ဆက်ပြောသည်။ “ငါတို့ လုပ်တာ မှားသွားရင် ထိခိုက်သေဆုံးမှုတွေ အများကြီး ခံစားရလိမ့်မယ်.. မှန်ပြန်ရင်လည်း ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ ဖိနှိပ်တာ ခံစားရမယ့်အပြင် သူတို့ကို စိတ်ကျေနပ်စေဖို့ ခက်ခဲလိမ့်မယ်”
“ဘိုးဘေးနန်းတော်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ အနာဂတ်နဲ့ ပက်သက်နေတယ်… ငါတို့ တိုက်ခိုက်ရယူရမယ်”
ချင်မူက တည်ကြည်စွာ ပြောနေ၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ကောင်းကင်နတ်ဘုံလက်အောက်မှာပဲ တစ်သက်လုံး အလုပ်လုပ်နေလို့ မရဘူး… ကောင်းကင်နတ်ဘုံ ရှေးဟောင်းနတ်ဘုရားတွေနဲ့ မဟာလေဟာနယ်ကို ဖိနှိပ်ပြီးရင် နောက်တစ်လှည့်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ဖြစ်လာလိမ့်မယ်… ဘိုးဘေးနန်းတော်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တိုးတက်လာဖို့ သော့ချက် ဖြစ်နိုင်တယ်… ထာ၀ရငြိမ်းချမ်ရေးအင်ပါယာရဲ့ မျိုးဆက်သစ်တွေလည်း ဘိုးဘေးနန်းတော်မှာ သွားလေ့ကျင့်တာ ကောင်းတယ်…. မျိုးဆက်သစ်တွေအတွက် အခုအချိန်မှာ အခွင့်အလမ်းတွေ နည်းပါးကုန်ပြီမဟုတ်လား”
လင်ယွိရှို့က ပြုံးလျက် တုံ့ပြန်သည်။ “ဒါက နင့်သိုင်းအဆင့် မြင့်လာလို့လေ... နင်က အဆင့်အတန်းမြင့်လာပြီး အမြင်လည်း ကျယ်လာတယ်… သေမျိုးကိစ္စတွေအပေါ် အာရုံသိပ်မရှိတော့ဘူး… ထာ၀ရငြိမ်ချမ်းရေးအင်ပါယာရဲ့ လက်ရှိအခွင့်အလမ်းတွေက အတိတ်တုန်းက ငါတို့အတွက် မှန်းကြည့်လို့တောင် မရခဲ့တာတွေ ဖြစ်နေပြီဟဲ့… မျိုးဆက်သစ်တွေဆို ကမ္ဘာဦးဘုံကို သွားလည်ပတ်နိုင်တယ်… နတ်ဘုရားတစ်ပိုင်းတွေနဲ့ ယှဉ်ပြိုင်နိုင်ကြပြီးတော့ ကောင်းကင်ဘုံအမျိုးမျိုးက သက်တူရွယ်တူတွေနဲ့ မိတ်ဖွဲ့လို့ရတယ်… ကမ္ဘာဦးဘုံက အခုဆို အင်မတန် စည်ကားနေတာ… အတိတ်က ငါတို့အောက် မနိမ့်ကျတဲ့ အရည်အချင်းရှိတဲ့ လူငယ်တွေလည်း အတော်များများ ရှိကြပါသေးတယ်”
ချင်မူမှာ စိတ်တက်ကြွလာပြီး ပြုံးလိုက်မိသည်။ “ကောင်းတာပေါ့…. ဒါပေမဲ့ လောင်းရိပ်အောက်မှာ အမြဲစောင့်ရှောက်ခံရပြီး အခက်အခဲတွေ မကြုံဖူးမှာကို ငါ အမြဲ စိုးရိမ်နေတာ”
“ဒီနေ့ခေတ် လူငယ်တွေက အရင်တုန်းက ငါတို့ထက် ပိုပြီး အလားအလာရှိပါတယ်… လောကကြီးကိုလည်း ပိုပြီး မြင်ခဲ့ဖူးကြပြီ”
လင်ယွိရှို့က ပြော၏။ “ကောင်းကင်နတ်အရှင်မူ နောက်တစ်ယောက်တော့ ရှိမလာနိုင်ပေမယ့် အနာဂတ်မှာ ဧကရာဇ်ပလ္လင်အဆင့် ပုဂ္ဂိုလ်တွေ ရှိလာလိမ့်မယ်”
ချင်မူ စိတ်သက်သာရာရသွားသည်။ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ တိုးတက်မှုကား အလွန်အမင်း အရေးကြီးချေသည်။ သွေးချွေးများ ပေးဆပ်၍ တိုက်ခိုက်ပြီးနောက် ဆက်ခံမည့်သူ တစ်ဦးတစ်ယောက်မှ မရှိလျှင် နှမြောစရာကောင်းလိမ့်မည် မဟုတ်ပါလော။
“ဒါပေမဲ့ ဘိုးဘေးနန်းတော်မှာ အခြေချကို ချရမယ်… ဒီတာ့ လူသားဧကရာဇ်ခန်းမက လူသားဧကရာဇ်ဟောင်းတွေကို လွှတ်လိုက်တာ ပိုကောင်းတယ်… ငါ့ပိုင်နက်အတွက် သိုင်းပညာရှင်အများကြီး လိုတယ်ဆိုတော့ ပထမဆုံး လူသားဧကရာဇ်ကို တာ၀န်ပေးလိုက်မယ်”
ချင်မူက စဉ်းစားလျက် ပြောသည်။ “ဘိုးဘိုးမျက်ကန်းနဲ့ ဘိုးဘိုးရွှေအလည်း သွားရလိမ့်မယ်… သူတို့က အဖိုးတန်ကျောက်မျက်တွေနဲ့ သတ္ထုတွေကို ခွဲခြားနိုင်တော့ ဖန်သားကောင်းကင်စေတီ ပြန်သွန်းလုပ်ဖို့ လိုအပ်တယ်… လက်ရှိ ဖန်သားကောင်းကင်စေတီက ရိုးရှင်းပြီး အရိုင်းဆန်လွန်းတယ်…. အထဲမှာ ရှေးဟောင်းနတ်ဘုရားဥလည်း ရှိနေသေးတယ်…. ငါ အဲ့ဒီ ရှေးဟောင်းနတ်ဘုရားဥကို ယုံကြည်လို့မရဘူး”
လင်ယွိရှို့က ပြုံးလျက် ဆိုသည်။ “နင်က ငါတို့ရဲ့ ဧကရာဇ်အတိုင်ပင်ခံပဲလေ…. တိုင်းရေးပြည်ရာတွေ ဆုံးဖြတ်ပိုင်ခွင့် ရှိတာပဲ… ငါ နင်ပြောတာ နားထောင်ရမှာပေါ့”
ချင်မူက တဟားဟား ရယ်လျက် သူမအား ဖုန်းတုမြို့၏ တည်နေရာကို သိရသည်လား မေးလိုက်သည်။ လင်ယွိရှို့က ခေါင်းရမ်းလျက် ဖြေ၏။ “ဖုန်းတုက ပျောက်နေတုန်းပဲ… ဒါပေမဲ့ တန်ခိုးရှင်သစ်ခုတ်သမားတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာ ပေါ်လာခဲ့သေးတယ်…. ငါကိုယ်တိုင်တော့ မတွေ့လိုက်ရဘူး…. ဒါပေမဲ့ သူက လူလွှတ်ပြီး စာပေးခိုင်းခဲ့တယ်”
လင်ယွိရှို့က စာတစ်ရွက်ကို ထုတ်ကာ ချင်မူ့ဆီ ပေးသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးအတွင်းမှာ ဘာလို့ ဖုန်းတု မလှုပ်ရှားခဲ့သလဲဆိုတာ တန်ခိုးရှင်သစ်ခုတ်သမား ရှင်းပြထားတယ်… သူက သူကိုယ့်သူ အပြစ်တင်နေတာ… နင် ကိုယ်တိုင်ဖတ်ကြည့်လိုက်”
ချင်မူ စာကို ဖွင့်လိုက်သည့်အခါ တန်ခိုးရှင်သစ်ခုတ်သမား၏ လက်ရေးအား မြင်လိုက်ရသည်။
စာအရ ခိုင်ဧကရာဇ်က အမိန့်ထုတ်ပြန်ခဲ့သောကြောင့် လက်အောက်ငယ်သားဖြစ်သည့် သူ့အနေဖြင့် နာခံရန်မှတစ်ပါး ရွေးချယ်စရာမရှိခဲ့ချေ။ ဖုန်းတုသည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး၌ များစွာဝင်မကူညီခဲ့သောကြောင့် သူ့မှာ အပြစ်ရှိသလို ခံစားနေရသည်။ ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့တို့ မဟာလေနယ်နယ်သို့ သွားရောက်၍ ရွှင်ပျော်ပျော်ကျေးရွာ ကောင်းကင်နတ်ဘုံအား တိုက်ခိုက်နိုင်အောင် ကူညီပေးနေသည်ကို ကြားရသည့်အခါ ပို၍ပင် အပြစ်ရှိသလို ခံစားရမိသည်ဟု ဆိုထား၏။
စာထဲတွင် တန်ခိုးရှင်သစ်ခုတ်သမားသည် ခိုင်ဧကရာဇ်ဘက်မှ နေ၍ ခိုင်ဧကရာဇ်၏ အခက်အခဲများကို ရှင်းပြကာ ဧကရာဇ်ယန်ရှို့အား နားလည်ပေးရန် တောင်းဆိုထားသည်။
ချင်မူက စာကို ခေါက်သိမ်း၍ ပွစိပွစိ ရေရွတ်နေပြီးနောက် ပြော၏။ “ငါ သူနဲ့ တွေ့မယ်”
လင်ယွိရှို့က တအံ့တဩ မေးလေသည်။ “သူ့ကို ဘယ်လိုသွားတွေ့မှာလဲ”
“ဒီစာနဲ့… ဒါကို ငါ့ရဲ့ ဝိညာဉ်ဆင့်ခေါ်ကောင်းကင်နတ်သိုင်းရဲ့ ကြားခံနယ်အဖြစ် သုံးပြီး ဖုန်းတုရဲ့ တည်နေရာကို အာရုံခံလို့ရတယ်… အဲ့ကျရင် ငါ ဖုန်းတုကို ရှာလို့ရပြီ”
ချင်မူက ပြုံး၍ ပြော၏။ “ဖုန်းတု ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို မကူညီနိုင်ခဲ့တဲ့ အကြောင်းအရင်းက ငါ့နှလုံးသားကို လေးလံမနေစေတော့ဘူးဆိုတော့ နင်လည်း စိတ်ထဲထည့်ထားစရာ မလိုတော့ပါဘူး… သူပြောတဲ့အတိုင်း ခိုင်ဧကရာဇ်မှာလည်း အခက်အခဲတွေ ရှိနေတာပဲလေ”
လင်ယွိရှို့မှာ လက်ကို မြှောက်ကာ သူမ၏ လှပပျော့ပြောင်းသော ဆံနွယ်များကို သပ်လိုက်ချင်သော်လည်း သူမအဆင့်အတန်းကို သတိရသွားသဖြင့် စိတ်ထိန်း၍ ပြောသည်။ “ငါ နားလည်ပါတယ်… နင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို မကြာမကြာ ပြန်လာနေတာပဲ.. ပြီးတော့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာက ရွှင်ပျော်ပျော်ကျေးရွာလို ဖြစ်သွားပြီး ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသားတွေ ပြုပြင်ပြောင်းလဲမှုကို မေ့ပျောက်သွားမှာကို နင် စိုးရိမ်နေတာ ငါ သိပါတယ်… ငါ အကုန်လုံး မြင်ခဲ့ပြီးပြီ”
ချင်မူက ရယ်လျက် ပြောလိုက်သည်။ “သူတို့ ကုန်ပစ္စည်းတွေ ချပြီးသွားရင် ငါ နင့်ကို ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဆီ ပြန်လိုက်ပို့မယ်”
လင်ယွိရှို့က အသာအယာ ခေါင်းညိတ်လိုက်၏။
ဘိုးဘေးနန်းတော်၊ ထောင်ချီသော အနက်ရောင်တောင်တန်းများတွင်…
နန်းတော်ခန်းမအတွင်း၌ နဂါးချီလင်မှာ တဆတ်ဆတ် တုန်နေပြီး ယန်အာမှာလည်း အလားတူပင်။ အလယ်တွင် မြေအောက်ဘုံအရှင်သခင်ပိစိလေးသည် ကြက်သီးမွေးညင်းများ ထနေပြီး အကုန်လုံး အပြင်သို့ ကြောက်လန့်တကြား ကြည့်နေကြ၏။
“အရုဏ်တက်တော့မှာပါ… မကြောက်ကြနဲ့”
နဂါးချီလင်က သတ္တိမွေး၍ အပြင်သို့ လျှောက်သွားကာ ပြောသည်။ “ဖန်သားကောင်းကင်စေတီ ရှိနေတာပဲဟာ… ဒီရတနာက ဘယ်တောင်းဆိုမှုမဆို လိုက်လျောပေးလိမ့်မယ်”
သူက ခန်းမအပြင်သို့ လျှောက်ထွက်လာပြီး ကောင်းကင်မှာ မည်းမှောင်နေသည်ကို တွေ့လိုက်ရ၏။ အမှောင်ထုထဲတွင် ချင်မူ သတ်ဖြတ်ခဲ့သည့် ဟင်းလင်းပြင်သားရဲတို့၏ အလောင်းများက တစ္ဆေအလင်းရောင် ခပ်ဖျော့ဖျော့တို့ဖြင့် တောက်ပလျက် မြောလွင့်နေကြသည်။
ဤသည်ကား မထူးဆန်းချေ။ ထူးဆန်းသည်က ချင်မူ ထွက်ခွာသွားပြီးနောက် ထိုဟင်းလင်းပြင်သားရဲအလောင်းများမှာ သာမန်မျက်စိဖြင့် မြင်ရနိုင်သော အမြန်နှုန်းဖြင့် ရှုံ့တွလာခြင်းပင်။
သုံးဆယ့်ငါးရက်အတွင်း ဟင်းလင်းသားရဲများကား အသွေးအသားမရှိတော့ဘဲ အရိုးစုများ ဖြစ်သွားကြချေပြီ။
နဂါးချီလင်၊ ယန်အာနှင့် မြေအောက်ဘုံအရှင်သခင်ပိစိလေးတို့မှာ ဤနေရာ၏ ထူးဆန်းမှုများကို မြင်တွေ့ဖူးခဲ့ကြသည်။ သုံးယောက်သား သတ္တိမွေး၍ ဟင်းလင်ပြင်းရဲများ၏ အလောင်းတို့ထံ သွားကာ မည်သည်က ထိုဧရာမသားရဲကြီးများ၏ အသွေးအသားကို စုပ်ယူခဲ့သည်လဲ စစ်ဆေးကြည့်ခဲ့ကြ၏။ သို့သော် မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ချေ။
ထိုသို့ မသိရခြင်းကား ကြောက်စရာ အကောင်းဆုံးဖြစ်ပေသည်။
ဆက်ရက်ကြာပြီးနောက် ဟင်းလင်းပြင်သားရဲအရိုးများ စတင်ပုပ်လာသည်ကို တွေ့ခဲ့ရသည်။ ၎င်းတို့သည် မရေမတွက်နိုင်သော နှစ်များ ဖြတ်သန်းခဲ့ရသကဲ့သို့ တစ္ဆေမီးတောက်များဖြင့် ပြည့်နှက်နေချေသည်။
ဆယ့်တစ်ရက်မြောက်နေ့တွင် နောက်ထပ် ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို တွေ့မြင်ခဲ့ရသည်။
ဧရာမမှိုကြီးများက ဟင်းလင်းပြင်သားရဲများ၏ အရိုးမှ ပေါက်လာကြသည်။ ဧရာမမှိုကြီးများသည် ဟင်းလင်းပြင်သားရဲများ၏ ပါးစပ်မှ ပေါက်လာကြပြီး အင်မတန် ကြီးမားလှ၏။ မှိုထဲတွင် လူမျက်နှာများ ရှိနေကာ ယင်းမျက်နှာများက ပုံပျက်ရှုံ့တွစွာဖြင့် ဟိန်းဟောက်နေကြသည်။
နဂါးချီလင်မှာ အရင်တည်းက သရဲကြောက်တတ်သူ ဖြစ်သည့်အလျောက် ဤအရာများကို အကြောက်ဆုံး ဖြစ်လေသည်။ သူ့ခမျာ လိပ်ပြာလွင့်မတတ် ကြောက်ရွံ့ခဲ့ရ၏။
ကံကောင်းစွာဖြင့် ထိုမှိုများသည် ညှိုးသွားခဲ့ပြီး နောက်တစ်နေ့ နေထွက်လာသည့်အခါ အနက်ရောင် အဖုအထစ်များအဖြစ် ပြောင်းလဲသွားခဲ့သည်။
ယခုတွင် အရိုးများ ပြိုကျနေသံကို မဟူရာတောင်တန်းများတခွင် ကြားနေရသည်။ အသံတို့ကား ဟင်းလင်းပြင်သားရဲအရိုးများမှ ပုပ်ပွ၍ ပြိုကျနေသံများ ဖြစ်လေသည်။
နဂါးချီလင်နှင့် ယန်အာမှာ ရက်အနည်းငယ် အနားယူနိုင်ပြီဟု ထင်မှတ်ခဲ့သော်လည်း ထူးဆန်းသော ဖြစ်ရပ်များက ထိုညတွင် ထပ်မံဖြစ်ပွားခဲ့သည်။
ဘိုးဘေးနန်းတော်တွင် ငလျင်တစ်ခု လျှပ်တပြက် လှုပ်ခဲ့၏။ ထိုငလျင်၏ ပြင်းအားက နဂါးချီလင်နှင့်ယန်အာ တစ်ကြိမ်တစ်ခါမှ မတွေ့ကြုံဖူးသော အရာမျိုး ဖြစ်သည်။ ငလျင်က မရေမတွက်နိုင်သော တောင်တန်းများကို အက်ကွဲသွားစေပြီး ဘိုးဘေးနန်းတော်ရှိ တောင်များအား ပြိုလဲသွားစေခဲ့သည်။ မြေပြင်သည် အက်ကွဲလာပြီး တောင်တန်းများက ချောက်များ ဖြစ်ကြလာ၏။ ခြောက်သွေ့သွားသော ပင်လယ်ကြောင့် ပင်လယ်ကြမ်းပြင်လည်း ပေါ်လာသည်။
မဟူရာသစ်ပင်ကြီးပတ်ပတ်လည်ရှိ ပတ်၀န်းကျင်မှာ မထင်မှတ်ဖွယ်ကောင်းစွာနှင့် တိတ်ဆိတ်နေရာ လေတိုးဝှေ့သံကိုသာ ကြားရသည်။ နန်းတော်ခန်းမအပြင်သို့ ထွက်လာသည့်အခါ မဟူရာသစ်ပင်ကြီးအပြင်တွင် မိုးကြိုးမုန်တိုင်းတစ်ခု ကျရောက်နေသည်ကို တွေ့မြင်လိုက်ရ၏။ ကြယ်တံခွန်များက တဟုန်ထိုး ကျဆင်းနေပြီး မြေပြင်အထက်ရှိ ကောင်းကင်မှာ တစစီဖြစ်နေသည်။ ကမ္ဘာကြီး၏ အဆုံးသတ်နေ့ရက်အလား ထင်ရပေသည်။
အရာအားလုံး တည်ငြိမ်သွားပြီး နောက်တစ်နေ့တွင် ဘိုးဘေးနန်းတော်ကား ဘိုးဘေးနန်းတော် ဖြစ်နေဆဲပင်။ မည်သည်မှ ပြောင်းလဲမသွားချေ။
သို့သော် ညရောက်လျှင် မြေပြင်က လှုပ်ခါ၍ တောင်တန်းများ တုန်ရီသွားတတ်သည်။ ထူးဆန်းသောအရာများ မကြာခဏ ဖြစ်ပွားပြီး ကောင်းကင်သည် နှစ်ခြမ်းကွဲ၍ မြေကြီးမှာ အက်ကွဲလာပြန်သည်။ တစ်လောကလုံး ထပ်မံ ဖျက်ဆီးခံရနေသည့်အလားပင်။
သို့သော် နေ့အချိန်တွင် ဘိုးဘေးနန်းတော်မှာ ပြောင်းလဲမှုမရှိချေ။
နဂါးချီလင်က ခန်းမအပြင်တွင် ရပ်၍ တစ်လောကလုံး အလင်းများ ထွန်းတောက်နေသည်ကို ကြည့်နေသည်။ ယမန်နေ့ည၏ ထူးဆန်းသော ဖြစ်ရပ်မှာ ထပ်မံပျောက်ကွယ်သွားလေပြီ။ ဟင်းလင်းပြင်သားရဲအရိုးစုများလည်း အလုံးစုံ ပျောက်သွား၏။
သူအဝေးသို့ လှမ်းမျှော်ကြည့်လိုက်ရာ ရုတ်တရက် ကြောင်အသွားမိသည်။ အနက်ရောင်တောင်တန်းများရှိ တောင်ထိပ်တစ်ခုမှာ ကွဲအက်နေချေသည်။
ယန်အာနှင့် မြေအောက်ဘုံအရှင်သခင်ပိစိလေးမှာလည်း သတ္တိမွေး၍ ထွက်လာကြသည်။ နဂါးချီလင်၏ ခြေဖဝါးအောက်တွင် တိမ်များ ဖွဲ့တည်လာပြီး သူက တောင်ထိပ်ထံ ပျံသန်းသွားသည်။ တောင်ထိပ်တွင် နက်ရှိုင်းသော အမှတ်အသား ငါးခု ရှိနေပြီး နှိုင်းယှဉ်မရလောက်အောင် ထူထဲကြီးမားသည့် လက်ဝါးကြီးတစ်ဖက်က တောင်အတွင်းမှ ထွက်လာ၍ မဟူရာတောင်ကို ဖမ်းဆုပ်လိုက်သကဲ့သို့ ထင်ရသည်။ သို့သော် တောင်အတွင်း ပြန်လည် ဆွဲချခံလိုက်ရသဖြင့် လက်သည်းခြစ်ရာငါးရာကို ချန်ထားခဲ့သယောင်ပင်။
ယန်အာက မြေအောက်ဘုံအရှင်သခင်ပိစိလေးကို ခေါ်ကာ သူ့နောက်မှ လိုက်လာသည်။ သူမမှာ ချောက်များဟုပင် သတ်မှတ်ရနိုင်သည့် ခြစ်ရာငါးခုကို ကြည့်ရင်း တုန်ရီသွားသည်။ “ဒါက ဘယ်လိုပေါ်လာတာလဲ’
နဂါးချီလင်က ခေါင်းရမ်းနေ၏။ “မသိဘူး… ဒါပေမဲ့ ဒီနေ့ည ဒီမှာနေပြီး စောင့်ကြည့်ရင် သိရလိမ့်မယ်”
ထိုအခိုက်အတန့်တွင် အသက်ကြီးကြီး အသံကြီးတစ်သံ ထွက်လာသည်။ “မင်းတို့ ဒီနေ့ညအထိ စောင့်ရင် မင်းတို့မိသားစုသုံးယောက်ကို ထွက်လာတဲ့ အရာက သတ်ပစ်လိမ့်မယ်”