← Chapters

ကောင်းကင်နတ်အရှင်ရုံ၏ အဝါရောင်စာရွက်

Vol. 90 Ch. 1172

ကောင်းကင်နတ်အရှင်ရုံ၏ အဝါရောင်စာရွက်

Vol. 90 Ch. 1172

ချင်မူသည် ကျန်ရှိသူများနှင့်အတူ သင်္ဘောပေါ် တက်ကာ ထာဝရငြိမ်းချမ်းရေးအင်ပါယာသို့ ပြန်လိုက်လာခဲ့၏။ ပြန်ရောက်လျှင်ချင်း ရွှေအနှင့် မျက်ကန်းဆီ သွားတွေ့ကာ ဘိုးဘေးနန်းတော်အကြောင်း ပြောပြသည်။ သူတို့နှစ်ယောက်လုံး၏ မျက်လုံးများမှာ ရွှေရောင်တောက်သွားသလို လင်းလက်လာပြီး မျက်ကန်း၏ မျက်လုံးများဆိုလျှင် ရွှေရည်များ ဖိတ်ကျလာသည့်အလားပင် ထင်ရပေသည်။ နှစ်ယောက်သား ဘိုးဘေးနန်းတော် ယခုချက်ချင်းပင် ထသွားတော့မည် လုပ်နေကြ၏။

ချင်မူမှာ အဘိုးကြီးနှစ်ယောက်အား အလျင်အမြန် လှမ်းဆွဲလိုက်ရသည်။ “အဲဒီမှာ အဖိုးတန်ဆေးပင်တွေလည်း အများကြီးပဲ... ဘိုးဘိုးဆေးဆရာကိုလည်း ‌ခေါ်သွားမှဖြစ်တယ်... ဒါ့အပြင် အဲဒီရတနာမြေက ဘိုးဘေးနန်းတော်ရဲ့ နံပါတ်တစ် ရတနာမြေတဲ့... ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အဆင့်မြင့်သိုင်းပညာရှင်တွေ ဝင်မလုအောင် စောင့်ကြပ်ပေးဖို့ အဆင့်မြင့်သိုင်းပညာရှင်တွေလည်း လိုတယ်... ဒါကြောင့် လူသားဧကရာဇ်ခန်းမရဲ့ လူသားဧကရာဇ်ဟောင်းတွေကို ခေါ်မလို့ ကျွန်တော် ကြံထားတာ... ဘိုးဘေးနန်းတော်က ဝေးလည်း ဝေးသလို၊ အန္တရာယ်လည်း များတယ်... အချိန်ကျလာရင် ကျွန်တော်တို့အတူတူ သွားပြီး တစ်ယောက်နဲ့တစ်ယောက် စောင့်ရှောက်ပေးလို့ရတာပေါ့”

ထိုအခါမှ အဘိုးကြီးနှစ်ဦးမှာ မြိုသိပ်ထားလိုက်ကြသည်။

လင်ယွိရှို့သည် လူများစေလွှတ်ကာ ဆေးဆရာနှင့် ပထမလူသားဧကရာဇ်အား ဆက်သွယ်စေ၏။ “သူတို့ ဒီရောက်ဖို့ ရက်ပိုင်းလောက် ကြာလိမ့်မယ်.. ဒီတော့ ရက်ပိုင်းလောက် စောင့်ဦး”

ချင်မူက တန်ခိုးရှင်သစ်ခုတ်သမား၏ စာကို ထုတ်၍ ဝိညာဉ်လမ်းညွှန်အား တိတ်တဆိတ် ထုတ်လွှတ်လိုက်သည်။ တခဏကြာသော် စာကို ပြန်သွားလိုက်ရင်း ‌ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ်ကို ယူကာ ထွက်သွား၏။

တန်ခိုးရှင်သစ်ခုတ်သမား၏ တည်နေရာကို သူ သိရှိသွားပြီဖြစ်သည်။ ထိုနေရာအား ရှာနိုင်လျှင် ဖုန်းတုကိုလည်း ရှာနိုင်လိမ့်မည်။

ကမ္ဘာဦးဘုံမှာ အတိုင်းထက်အလွန် ကျယ်ပြောလှသော်လည်း ချင်မူက မီးအိမ်နှင့်အတူ လျှောက်ရင်း နေ့ဝက်ခန့်သာ ကြာသော် မာန်ဟုန်မြစ်အစပိုင်းသို့ ရောက်လာခဲ့သည်။

ဤနေရာတွင် မာန်ဟုန်မြစ်သည် မာန်ဟုန်မြစ် မဟုတ်တော့။ ကောင်းကင်နတ်မြစ် ဖြစ်နေချေပြီ။ ကောင်းကင်နတ်မြစ်က ကမ္ဘာဦးဘုံ၏ ကောင်းကင်ဘုံအမျိုးမျိုးမှ စီးကျလာပြီးနောက် ဤနေရာတွင် စုဝေးကာ အထက်သို့ ပျံတက်သွားသည်။ ထို့နောက် ကမ္ဘာဦးဘုံမှ ကောင်းကင်နတ်ဘုံအပြင်သို့ ရောက်ရှိကာ ဝင်ရိုးစွန်လေးစွန်းဆီ ခွဲဖြာသွား၏။

ချင်မူ မာန်ဟုန်မြစ်အစပိုင်းသို့ လျှောက်သွားကာ ပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်သည်။ တစ်ချိန်တုန်းက မဟာမြို့ပျက်၏ မြောက်မှ တောင်သို့ ဆန့်တန်းလျက် တည်ရှိနေသော ကျောက်ကမ်းပါးကြီးသည် ချိတ်ပိတ်ခံထားသည်မှ ပွင့်ထွက်လာခဲ့သော ကမ္ဘာဦးဘုံတစ်ဖြစ်လဲ ယွမ်တုကြောင့် အပိုင်းပိုင်းကွဲထွက်သွားခဲ့ကြောင်း တွေ့လိုက်၏။ ကွဲထွက်နေသော ကျောက်ကမ်းပါးစွန်းများက တောင်မှမြောက်သို့ သွယ်တန်းနေကြသည်။

ထိုအချိန်တွင်

ကမ္ဘာဦးသစ်ပင်ထက်ရှိ ကောင်းကင်နန်းဆောင်ထဲတွင် ကောင်းကင်နတ်အရှင်ရှောင်၏ ရွှံ့ရုပ်တုက ရုတ်တရက် လှုပ်လာသည်။ ကောင်းကင်နန်း‌ဆောင်၏ အပြင်ရှိ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက မျက်လုံးများ ဖွင့်လိုက်ပြီး ချင်မူ ပျောက်ကွယ်သွားခဲ့သော နေရာဆီသို့ လှမ်းကြည့်နေ၏။

သူ့အကြည့်က ဟင်းလင်းပြင်အလွှာအထပ်ထပ်ကို ထိုးဖောက်လျက် အသင်္ချေသော ကောင်းကင်ဘုံများအား ကြည့်ရှုနေသော်လည်း ချင်မူ့အရိပ်အယောင်တစ်စမှ မမြင်ရပေ။

“ဒီခွေးကောင်လေး ယိုတုကို ထွက်သွားတာများလား”

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ယိုတုသို့ လှမ်းကြည့်သည်။ ကောင်းကင်နန်းဆောင်အတွင်းရှိ ရွှံ့ရုပ်တုသည် အမှန်တကယ် အသက်ဝင်နေပြီး မျက်ခုံးများတွန့်ချိုးလျက် ပြောနေ၏။ “စစ်သည်တော်တွေ၊ မြင်းတွေ စုဆောင်းဖို့ ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ပြန်တာဆို ကိစ္စမရှိဘူး.. ဒါပေမဲ့ ဒီလို လျှောက်သွားနေပုံထောက်ရင် သူ့မှာ အကြံတစ်ခုခုတော့ ရှိလိမ့်မယ်... ကောင်းကင်နတ်အရှင်မူ၊ မင်း ဘာလို့ လိမ္မာတဲ့ နယ်ရုပ်လေးပဲ မဖြစ်ချင်ရတာလဲ”

ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ အကြည့်က ယိုတုတစ်လျှောက် မွှေနှောက်နေပြီး အလွန်တုတ်ခိုင်လှသော အလင်းတန်းကြီးနှစ်တန်းပမာ တောက်ပနေသည်။ ၎င်းသည် အမှောင်ထုထဲ ဖြန့်ကျက်ထားသော်လည်း ချင်မူ့ကို မမြင်သည့်အခါ ယိုတုထဲရှိ မြေအောက်ဘုံအရှင်သခင်၏ ရုပ်ခန္ဓာဆီ ရွေ့လျားသွားလေသည်။

ဤအခိုက်အတန့်တွင် စက္ကူလှေလေးတစ်စင်းက အေးအေးလူလူ မျောလွင့်လာသည်။ စက္ကူလှေအပေါ်တွင် အဘိုးအိုတစ်ယောက်သည် မီးအိမ်ကိုင်ထားပြီး ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ မျက်နှာထက်သို့ မီးရောင်ဖြာကျသွားစေ၏။ ရွှံ့ရုပ်တု၏ မျက်လုံးများ ရုတ်ခြည်း မည်းမှောင်သွားကာ မျက်စိကန်းသွားတော့သည်။

ထို့နောက် ထိုအဘိုးအိုက အဝါရောင်အဆောင်စက္ကူတစ်ရွက် ထုတ်ကာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအပေါ် ကပ်လိုက်သည်။

ရွှံ့ရုပ်တု၏ မျက်လုံးများ ပြန်ကောင်းမွန်လာ၍ မော့ကြည့်လိုက်သည့်အခါ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ မျက်ခုံးနှစ်ဖက်ကြား၌ အကပ်ခံထားရသော အဝါရောင်စာရွက်အား မြင်လိုက်ရသည်။ ၎င်းအပေါ်တွင် လက်ရေးစာများနှင့် တူသော ယိုတုဘာသာစကား ရှိနေ၏။

“ကောင်းကင်နတ်အရှင်ရုံ”

ရွှံ့ရုပ်တု အမျက်တချောင်းချောင်း ထွက်သွားသည်။ ကောင်းကင်နတ်အရှင်ရုံ၏ သိုင်းကွက်သည် အတိုင်းထက်အလွန် အစွမ်းထက်၏။ ဤစာရွက်လေးတစ်ရွက်က သူ၏ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီအား ချိတ်ပိတ်ခဲ့သည့်အတွက် သူ့မှာ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို မထိန်းချုပ်နိုင်တော့ပေ။

“ဒီအဆောင်ကို ဒီလောက် လွယ်လွယ် ဖယ်လို့ မရဘူး.. ငါ သတိထားရမယ်”

သူက ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ရုံ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ပျံတက်သွားကာ ရွှံ့ရုပ်တုအတွင်းရှိ စွမ်းအားကို လှုံ့ဆော်လျက် အ‌ဆောင်စက္ကူဆီ ဂရုတစိုက် လှမ်းလိုက်သည်။

ထိုအချိန်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ မျက်ခုံးနှစ်ဖက်ကြားရှိ အဝါရောင်စက္ကူဆီမှ နောက်တစ်ရွက် ပျံတက်လာသည်။ စာရွက်ကား နှစ်ရွက် ဖြစ်ချေသည်။ ကျန်တစ်ရွက်က ရွှံ့ရုပ်တု၏ မျက်ခုံးနှစ်ဖက်ကြားပေါ် ကပ်သွားလေ၏။

ရွှံ့ရုပ်တုမှာ ခန္ဓာကိုယ်အစိတ်အပိုင်းအားလုံး ချိတ်ပိတ်ခံလိုက်ရကြောင်း တမုဟုတ်ချင်း ခံစားလိုက်ရသည်။ ချီစွမ်းအင်ဖြစ်စေ၊ အသိစိတ်အလျဉ်ဖြစ်စေ၊ ၎င်းတို့မှာ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်၍ ကောင်းကင်နတ်သိုင်းအသွင် မပြောင်းနိုင်တော့ချေ။

ထိုမျှသာမက သူ့ခန္ဓာကိုယ် အင်မတန် ‌လေးလံလာသည်ကိုလည်း ခံစားရသည်။ သူကား ကောင်းကင်ထက်မှ ပြုတ်ကျနေချေပြီ။

အတန်ကြာသော် လေးလံသော အရာဝတ္ထုတစ်ခု မြေကြီးပေါ် ခပ်ပြင်းပြင်း ရိုက်ချသွားသော အသံတစ်သံ ထွက်လာသည်။ ရွှံ့ရုပ်တုမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသောကြောင့် ပြန်ဆက်မရတော့ပေ။

ဤအချိန်တွင် ရွှံ့ရုပ်တုထဲရှိ အသိစိတ်အလျဉ်နှင့် ချီစွမ်းအင်မှာ ပြန်လည်လှုပ်ရှားနိုင်လာကြောင်း ခံစားလိုက်ရသည်။ အဝါရောင်စက္ကူက မြောက်တက်သွားပြီး ကောင်းကင်နတ်အရှင်ရုံ၏ အေးစက်စက်အသံသည် အတွင်းထဲမှ ထွက်လာ၏။ “ယိုတုကို ရန်မစနဲ့...”

ဝှစ်

အဝါရောင်အဆောင်စက္ကူ ပျောက်သွားသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီ၏ နဖူးပေါ်ရှိ အဝါရောင်စက္ကူလည်း ပြုတ်ကျလာကာ ပျောက်ကွယ်သွားသည်။

“ကောင်းကင်နတ်အရှင်ရုံ” ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက လက်သီးတင်းတင်းဆုပ်ကာ ကြိမ်းဝါးလိုက်သော်လည်း ယိုတုထဲ အတင်းမဝင်နိုင်ချေ။

ဤအချိန်တွင်

ချင်မူ ကောင်းကင်ယင်ကမ္ဘာသို့ ရောက်လာသည်။

ကမ္ဘာဦးဘုံ ချိတ်ပိတ်သွားကတည်းက ကောင်းကင်ယင်ကမ္ဘာသည် အပြင်လောကနှင့် အဆက်အသွယ် ပြတ်သွားပြီး မဟာမြို့ပျက်နှင့် ဆက်နေသော အက်ကွဲကြောင်းလည်း ပျောက်ကွယ်သွားခဲ့၏။

ချင်မူက ကောင်းကင်ယင်ကမ္ဘာထဲသို့ ဝင်သွားရင်း အဝေးမှ ကြည့်နေသည်။ ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများသည် ဤနေရာတွင် နတ်ဘုရားမြို့များ တည်ဆောက်နေကြပြီး အလွန်စည်ကားတိုးတက်နေကြောင်း တွေ့လိုက်ရ၏။

ချင်မူ ကောင်းကင်ယင်ကမ္ဘာကို ရှာတွေခဲ့ကတည်းက ဧကရာဇ်ယန်ဖုန်းနှင့် ဧကရာဇ်အတိုင်ပင်ခံဟောင်း ကျန်းပိုင်ကွေ့တို့သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ သာမန်လူများနှင့် သိုင်းပညာရှင်အချို့ကို ဤနေရာတွင် နေထိုင်ရန် စေလွှတ်ခဲ့၏။ သူတို့သည် ကောင်းကင်ကင်ကမ္ဘာ တည်ဆောက်ရန် ကောင်းကင်နတ်ဘုရားမကိုလည်း ကူညီပေးနေကြသည်။

ပြောရလျှင် ဤနေရာတွင် ကောင်းကင်ယင်နတ်ဘုရားမမှလွဲ၍ အခြားမည်သူမှ မရှိသည် မဟုတ်ပါလော။

သူမသည်‌ ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်တော့သော်လည်း ရှေးဟောင်းနတ်ဘုရားနှင့် ညီမျှသော စွမ်းအားရှိ၏။ အရေးကြီးဆုံးက သူမမဟာတာအို၏ အချုပ်အနှောင်များမှ ကင်းလွတ်သွားသောကြောင့် အခြားမဟာာအိုများ ကျင့်ကြံနိုင်သည့်အချက်ပင်။

မှန်ပါသည်။ ထိုအချိန်တုန်းက တန်ခိုးရှင်သစ်ခုတ်သမား၊ ယမမင်း၊ ရှုရှန်းဟွာနှင့် အခြားသူတို့သည် ကောင်းကင်ယင်ကမ္ဘာ၏ မဟာတာအိုသင်္ကေတများကို ဖြေရှင်းရန် ချင်မူ၏ ဖိတ်ခေါ်ခြင်း ခံခဲ့ရသည်။ ဤသည်ကလည်း ကောင်းကင်ယင်နတ်ဘုရားမအား သူမကိုယ်ပိုင် မဟာတာအိုနတ်သိုင်းကို နားလည်စေရန် ကူညီပေးခဲ့ပြီး ကောင်းကင်ယင်ကမ္ဘာရှိ အနက်ရောင် ဝိညာဉ်သဲမှုန်နှင့် ဆာလောင်နေသော အလောင်းများ၏ ပြဿနာကို ဖြေရှင်းနိုင်ခဲ့သည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှ ဧကရာဇ်ယန်ဖုန်း စေလွှတ်ခဲ့သည့် ကောင်းကင်နတ်သိုင်းပညာရှင်များနှင့် သာမန်လူများသည် ကောင်းကင်ယင်‌ကမ္ဘာ၏ နတ်သိုင်းများ တိုးတက်သွားအောင် ဖန်တီးကျင့်ကြံကြရန် ရောက်ရှိနေကြခြင်းလည်း ဖြစ်သည်။ ထိုသို့ဖြစ်လာလျှင် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာဖြစ်စေ၊ ကောင်းကင်ယင်နတ်ဘုရားမဖြစ်စေ အကျိုးအမြတ်များစွာ ရပေလိမ့်မည်။

သို့သော် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ကျရောက်ချိန်၌ ‌ဤနေရာသည် သက်ရောက်မှု မရှိခဲ့သဖြင့် ကောင်းချီးတစ်ခု ဖြစ်‌ခဲ့၏။

“အရင်က ငါ ကောင်းကင်ယင်နတ်ဘုရားမကို ပြန်အသက်သွင်းပေးပြီး ကောင်းကင်ယင်ကမ္ဘာရဲ့ ဖရိုဖရဲသဘာဝတွေကို နှိမ်နင်းခဲ့တဲ့အပြင် ကောင်းကင်ယင်မဟာတာအိုရဲ့ သင်္ကေတတွေလည်း ဖြေရှင်းပေးခဲ့တဲ့အတွက် ကောင်းကင်ယင်နတ်ဘုရားမက ငါတို့ကို ပုလဲတစ်လုံးစီ ပေးခဲ့တယ်”

ချင်မူ အဝေးမှ လှမ်းကြည့်လိုက်သည့်အခါ ကောင်းကင်ယင်နတ်ဘုရားမသည် ကောင်းကင်ယင်ပင်လယ်၏ အထက်ကောင်းကင်၌ ထိုင်ကာ ကျင့်ကြံနေကြောင်း တွေ့လိုက်ရ၏။ ကမ္ဘာလောကထဲရှိ တစ်ပိုင်းတစ်စ ဝိညာဉ်အားလုံး ကောင်းကင်ယင်ကမ္ဘာသို့ ပြန်ရောက်လာကြကာ ကောင်းကင်ယင်နတ်ဘုရားမ၏ ကောင်းကင်နတ်သိုင်းအောက်သို့ သက်ဆင်းကြရသည်။

ဤအချိန်တွင် ကောင်းကင်ယင်နတ်ဘုရားမ၏ သိုင်းအဆင့်က သိသိသာသာ အကြီးအကျယ် တိုးတက်သွားခဲ့ချေပြီ။ သူမ၏အစွမ်းအစများလည်း အားကောင်းလာသည်။ သူမအနောက်၌ အနက်ရောင်သဲမှုန်များသဖွယ် ဖွဲ့တည်နေသော ကောင်းကင်နန်းဆောင်တစ်ဆောင်အား မြင်ရသည်။ ၎င်းကာ အတိုင်းထက်အလွန် ခမ်းနားထည်ဝါနေ၏။

“ကောင်းကင်ယင်နတ်ဘုရားမက သူ့ရဲ့ မဟာတာအိုနတ်အလင်းကို သုံးပြီး အဖိုးတန်ပုလဲခုနစ်လုံး ဖန်ဆင်းခဲ့တယ်.... အဲဒီခုနစ်လုံးကို ဧကရာဇ်အတိုင်ပင်ခံ၊ ပထမလူသားဧကရာဇ်၊ ယမမင်း၊ ရှုရှန်းဟွာ၊ ငါ၊ ယန်ကျင့်ကျင့်နဲ့ ဆရာသစ်ခုတ်သမားတို့ဆီ ပေးခဲ့တယ်.. ဘယ်သူဖြစ်ပါစေ၊ အဲဒီပုလဲနဲ့ ပြန်ရောက်လာရင် အတတ်နိုင်ဆုံး ကူညီပေးမယ်လို့ ကတိပေးခဲ့တယ်”

ချင်မူ ပြုံးလိုက်ပြီး ကောင်းကင်ယင်ပင်လယ်ဆီ လျှောက်သွားသည်။ သူတစ်ယောက်တည်း တွေးနေမိ၏။ ‘ကောင်းကင်နတ်ဘုံရဲ့ နတ်မင်းလေးပါး လိုက်မလာနိုင်အောင် ဖုန်းတု ရှောင်တိမ်းနိုင်ခဲ့တာက သစ်ခုတ်သမား ဒါမှမဟုတ် ယမမင်း တစ်ယောက်ယောက် အဖိုးတန်ပုလဲတစ်လုံး သုံးပြီး ဖုန်းတုကို ဖွက်ပေးဖို့ ကောင်းကင်ယင်နတ်ဘုရားမဆီ တောင်းဆိုခဲ့လို့ ဆိုတာ ငါ တွေးခဲ့မိသင့်တယ်... ဒါပေမဲ့ အရင်က ဒီအဖိုးတန်ပုတီးစေ့ကို တစ်ခါမှ မသုံးခဲ့ဖူးတော့ မတွေးခဲ့မိတာပဲ’

ကောင်းကင်ယင်နတ်ဘုရားမက သူ ရောက်လာသည်ကို အာရုံရလိုက်၍ တရားထိုင်နေရာမှ နိုးလာသည်။ သူမက ချင်မူ့ဘက်သို လှည့်ကြည့်၏။

ထို့နောက် ထရပ်လိုက်သည့်အခါ နတ်အရောင်အဝါတို့က သူမကို လှည့်ပတ်ရစ်သိုင်းနေသည်။ အလင်းရောင်တို့သည် တစ်ချက်တစ်ချက် ခြုံထည်ပမာ ဖွဲ့တည်သွားတတ်သလို၊ တစ်ချက်တစ်ချက်တွင် သူမဦးခေါင်းနောက်၌ စက်ကွင်းတစ်ကွင်းအသွင် ပြောင်းသွားတတ်၏။ သူမ၏ ဆံထုံးများက အလွန်လှပသော်လည်း ကျက်သရေရှိ တင့်တယ်နေသော သူမ၏အရှိန်အဝါသည် သူမအား ရစ်သိုင်းနေသော အနက်ရောင်ဝိညာဉ်သဲမှုန်များနှင့် ရောယှက်နေချေသည်။

‘ငါ့ရဲ့ ဆယ့်ခြောက်ခုမြောက် ကောင်းကင်နန်းဆောင်က ကောင်းကင်ယင် ကောင်းကင်နန်းဆောင်.. မျှော်လင့်ချက်တော့ ရှိလာပြီ’

ချင်မူသည် ကျယ်လောင်စွာ ရယ်လိုက်ရင်း ရှေ့လျှောက်သွား၏။ သူက ဦးညွှတ်အရိုအသေပေးကာ နှုတ်ဆက်လိုက်သည်။ “တာအိုမိတ်ဆွေ၊ ကျန်းခန့်သာ၍ မာပါစ”

All Chapters