အသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်
Vol. 90 Ch. 1173
ကောင်းကင်ယင်နတ်ဘုရားမသည် ခန္ဓာကိုယ်ကို ချုံ့လိုက်သော်လည်း နောက်ဆုံးအရွယ်အစားဖြင့်ပင် ချင်မူ့ထက် များစွာ အရပ်မြင့်နေသေး၏။ သူမက ချင်မူအား သူမနန်းဆောင်အတွင်းသို့ ခေါ်သွားရင်း ပြုံးလျက် ပြောသည်။ “နင် ငါ့ဆီ လာမလည်တာဖြင့် ကြာပေါ့... အခုဆို ကောင်းကင်နတ်အရှင်တစ်ယောက်တောင် ဖြစ်နေပြီဆို.. နင့်အပေါင်းအသင်းတွေ နင့်အကြောင်း ပြောတာ ကြားဖူးတယ်... တကယ်ပါ မနာလိုလိုက်တာ”
ချင်မူက ပြောသည်။ “ပြောရရင် ဇာတ်လမ်းက အရှည်ကြီးဗျာ.. နတ်ဘုရားမက ဘာလို့ ဒီလောက် မြန်မြန်တိုးတက်လာတာလဲ... ဧကရာဇ်ပလ္လင်အဆင့်တောင် ရောက်နေပြီမလား”
ကောင်းကင်ယင်နတ်ဘုရားမမှာ အလွန်ပျော်ရွှင်နေသဖြင့် ဝမ်းမြောက်ဝမ်းသာ ပြောသည်။ “နင်လည်း မြင်ရတယ်လား... ငါ အသက်ပြန်ရှင်လာကတည်က ဘာကိုပဲ ကျင့်ကြံကျင့်ကြံ မြန်လာတာလေ... နှစ်အနည်းငယ်လေးအတွင်း ကောင်းကင်တံတားကို တည်ဆောက်နိုင်ခဲ့တယ်... ဒါပေမဲ့ ရှုရှန်းဟွာက ဒီရောက်လာပြီး ကောင်းကင်နတ်မြစ်ကောင်းကင်ရတနာ ဖွင့်နိုင်ခဲ့တဲ့အကြောင်း ပြောပြတယ်.. အဲဒါနဲ့ ငါလည်း ကောင်းကင်တံတား ကောင်းကင်ရတနာကို စွန့်ခဲ့တာ... သူက ကောင်းကင်နန်းဆောင်ဖွဲ့တည်နည်းလည်း သင်ပေးခဲ့တော့ ငါ့အတွက် ကျင့်ကြံရတာ သိပ်လွယ်ကူခဲ့တယ်”
ချင်မူ့မျက်နှာကြီး မည်းခြစ်သွားသည်။ အဘယ်သို့ပြု၍ သူ့အတွက် ကျင့်ကြံရ ခက်နေပါသနည်း။
ဧကရာဇ်ပလ္လင်အဆင့်သို့ ချောချောမွေ့မွေ့ ကျင့်ကြံနိုင်ခဲ့သော ကောင်းကင်ယင်နတ်ဘုရားမကိုပင် လိုက်မမီနိုင်တော့သည်လား။
ဤအချက်သည် ရှင်းပြရခက်၏။ ကောင်းကင်ယင်နတ်ဘုရားမသည် အသက်ပြန်ရှင်လာပြီးနောက် သိုင်းအဆင့် မရှိခဲ့သော်လည်း သူမ၏ ကျင့်စဉ်စွမ်းအင်နှင့် အစွမ်းအစများက ကောင်းကင်ယင်သားတော်နှင့် ယှဉ်နိုင်နေပြီဖြစ်သည်။
သူမအတွက် ဆယ်နှစ်၊ အနှစ်နှစ်ဆယ် မျှသော အချိန်တိုလေးအတွင်း ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံနိုင်ခဲ့သည်မှာ ကျိုးကြောင်းဆီလျော်ပေသည်။ ထိုသို့ လုပ်နိုင်ရန် လုံလောက်သော အစွမ်းများ သူမတွင် စုဝေးနေပြီးသာ မဟုတ်လော။
ထို့အပြင် သူမစိတ်သည် စင်ကြယ်၏။ မည်သည့်အကြံအစည်၊ အနှောင့်အယှက်မျှ ကိန်းဝပ်မနေပေ။ ရှုရှန်းဟွာ၊ သစ်ခုတ်သမားနှင့် ကျန်ရှိသူများ ကောင်းကင်ယင်ကမ္ဘာထဲရှိ မဟာတာအို၏ အခြေခံသင်္ကေတအမှတ်အသားများကို တည်ဆောက်စီစဉ်ပေးခဲ့သည့်အခါ သူမအနေဖြင့် ကောင်းကင်ယင်တာအိုကို နားလည်နိုင်ခဲ့သည်။ ကောင်းကင်နတ်သိုင်းများဖြစ်စေ၊ သိုင်းအဆင့်များဖြစ်စေ မည်သည့်အရာကိုမဆို နားလည်သဘောပေါက်ရန် လွယ်ကူသွားသည်။
ထိုမျှသာမက ရှေးဟောင်းနတ်ဘုရားတစ်ပါးအဖြစ် မွေးဖွားလာခဲ့ဖူးသော ဓာတ်ခံလည်း ရှိချေရာ ကောင်းကင်ယင်တာအိုနှင့် ပတ်သက်၍ သူမ၏အောင်မြင်မှုအား ပြိုင်ဘက်ကင်းစေသည်။
“နတ်ဘုရားမက အဆိုးထဲက အမြတ်ထွက်သွားတာပဲ”
ချင်မူ ပြုံးလိုက်မိသည်။ “ကျွန်တော် မျက်နှာပြောင်ပြောင်နဲ့ပဲ တောင်းဆိုချင်ပါတယ်... နတ်ဘုရားမရဲ့ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်ကို ကျွန်တော့်ဆီ လက်လွှဲပေးလို့ ရမလား”
ကောင်းကင်ယင်နတ်ဘုရားမသည် ပွင့်ပွင့်လင်းလင်းသမား ဖြစ်သည့်အလျောက် အပြုံးတစ်ခုဖြင့် ပြော၏။ “ဒါများ စကားလုပ်ပြီး ပြောနေရသေးတယ်... နင်က ငါ့ရဲ့ အသက်သခင်ကျေးဇူးရှင်ပဲဟာ.. ကျင့်စဉ်လေးတစ်ခုနဲ့ပဲ ဘယ်တန်ပါ့မလဲ”
ချင်မူက တည်ကြည်လေးနက်စွာ ပြောလိုက်၏။ “နတ်ဘုရားမ၊ သူများတွေအပေါ် ဒီလောက် ရက်ရောလို့ မရဘူးနော်... တခြားသူတွေ နတ်ဘုရားမရဲ့ ကျင့်စဉ်ထဲက ဆန်းကြယ်နက်နဲတဲ့ သဘောတရားတွေကို သိသွားရင် နတ်ဘုရားမကို ပစ်မှတ်ထားနိုင်မယ့် ကျင့်စဉ်တစ်ခု ဖန်တီးနိုင်သွားလိမ့်မယ်... ဒါဆို နတ်ဘုရားမ သေရနိုင်ခြေများသွားပြီ”
ကောင်းကင်ယင်နတ်ဘုရားမမှာ အထိတ်တလန့် ထခုန်လေသည်။ “ဒါဆို နင်က ငါ့ကို ချုပ်ကိုင်ဖို့ ငါ့ကျင့်စဉ်ကို သင်ချင်တာလား”
သူမက ခေါင်းကလေးငဲ့စောင်းကာ တွေးနေပြီးနောက် ပြုံးလိုက်သည်။ “နင်က အဲဒီလိုလူမျိုး မဟုတ်ပါဘူး”
သူမသည် သဘောကျစွာ ရယ်ပြီးနောက် ဆက်ပြော၏။ “ငါ ကောင်းကင်ယင်သားတော် လှည့်စားတာ တစ်ခါ ခံရပြီးပြီ... စိတ်မပူနဲ့... ဒုတိယအကြိမ် အလှည့်စား မခံစေရဘူး... ငါ့ကျင့်စဉ်ကို အသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်လို့ ခေါ်တယ်... သိပ်ကို ခမ်းနားဆန်းကြယ်တဲ့ကျင့်စဉ်ပေါ့... အဲဒါက ဝိညာဉ်တစ်ခုကု ဝိညာဉ်မဲ့ သတ္တဝါအဖြစ် ပြောင်းလဲပေးနိုင်တယ်”
ချင်မူမှာ မှင်သက်သွားကာ နှိမ့်နှိမ့်ချချ မေးမြန်းလိုက်သည်။ “ဒီအသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်မှာ ဘယ်လိုအစွမ်းတွေများ ရှိပါသလဲခင်ဗျာ”
ကောင်းကင်ယင်နတ်ဘုရားမ ကြောင်သွား၏။ တခဏကြာသော် သူမက စိတ်ရှုပ်သွားဟန်ဖြင့် ဖြေသည်။ “ငါလည်း မတွေးရသေးဘူးဟ ချီးပဲ”
သူမက သူမကိုယ်သူမ အံ့ဩနေသည်။ “ငါ ဒီကျင့်စဉ်ကို တည်ထောင်တုန်းက သူများတွေကို သတ်ဖို့ ကောင်းကင်နတ်သိုင်းတွေ သုံးမယ့်အတွေး မပေါ်လာခဲ့ဘူး”
ချင်မူမှာ အကြာကြီး ဆွံ့အနေတော့သည်။ အတန်ကြာသော် သူက ဦးညွှတ်အရိုအသေပေးကာ ချီးကျူးလိုက်သည်။ “လမ်းပြပေးလို့ ကျေးဇူးတင်ပါတယ် ... ဒီအသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ် တည်ရှိလာတာကလည်း နတ်ဘုရားမက အသက်ကို ဖျက်စီးနိုင်တဲ့ ကောင်းကင်နတ်သိုင်း မဖန်တီးခဲ့လို့ပါပဲ... အဲဒါကြောင့်ပဲ နတ်ဘုရားမဟာ ဘာကြောင့် တာအိုကို သဘောပေါက်နားလည်ပြီး ကျန်တဲ့သူတွေ အိပ်မက်မက်နေရတဲ့ ဧကရာဇ်ပလ္လင်အဆင့်အထိ ရောက်ရှိလာခဲ့တာပါ”
ကောင်းကင်ယင်နတ်ဘုရားမသည် မည်သို့လုပ်၍ မည်သို့ကိုင်ရမည်မှန်းမသိ ဖြစ်နေ၏။ သူမက သူ့အား ကပျာကယာ ဆွဲထူပေးသည်။ “ဒီကျင့်စဉ်က နင့်အတွက် အသုံးဝင်ပါ့မလား ငါလည်း မသိဘူး.. အဲဒီတုန်းက သိုင်းကျင့်ဖို့နဲ့ ကောင်းကင်ယင်ကမ္ဘာရဲ့ မဟာတာအိုကို ဆက်လေ့လာဖို့ပဲ ငါအတွေးရှိခဲ့တာ... အဲဒီလိုနဲ့ မသိလိုက်ဘဲ ဧကရာဇ်ပလ္လင်အဆင့်အထိ ရောက်လာပြီး အစွမ်းထက် ကောင်းကင်နတ်သိုင်းတွေ ဖန်တီးဖို့ မေ့သွားတယ်... အခု နင်က ဒီလို ပြောတော့ ငါဖြင့် မနေတတ်တော့ဘူး”
ချင်မူက ကျောပြန်ဆန့်၍ အပြုံးတစ်ခုဖြင့် ပြောသည်။ “နတ်ဘုရားမ၊ မပူပါနဲ့ ... ဒီကျင့်စဉ်က ကျွန်တော့်အတွက် အင်မတန် အသုံးဝင်တယ်... နတ်ဘုရားမက သတ်ဖြတ်နိုင်တဲ့ ကောင်းကင်နတ်သိုင်းကို မဖန်တီးခဲ့တာကြောင့်ပဲ ကောင်းကင်ယင်နတ်ဘုရားမအစစ်အမှန် ဖြစ်လာနိုင်တာပါ... ကျွန်တော် နတ်ဘုရားမရဲ့ ကျင့်စဉ်ကို လေ့လာပြီးရင်တော့ ပါဏာတိပါတကံကို မရှောင်လွှဲနိုင်ဘူး... ဒါကြေင့် ကျွန်တော်နဲ့ ကိုက်ညီမယ့် ကျင့်စဉ်အဖြစ် ပြောင်းရလိမ့်မယ်”
ကောင်းကင်ယင်နတ်ဘုရားမသည် အသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်ကို သူ့ဆီ လွှဲပြောင်းပေးပြီး ကျင့်စဉ်၏ အဆင့်တစ်ဆင့်တိုင်းအား အသေးစိတ် ရှင်းပြ၏။ မည်သည့်အရာကိုမှ မထိမ်ချန်ထားပေ။
ချင်မူမှာ သူမ ရှင်းပြနေသည်ကို နားထောင်ရင်း နစ်မျောသွားတော့သည်။
အမှန်တွင် ကောင်ကင်ယင်နတ်ဘုရားမ ကောင်းကင်ယင်တာအို၏ အဆင့်အမျိုးမျိုးအကြောင်း ရှင်းပြနေစဉ် ချင်မူသည် အသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်၏ ရက်စက်ကြမ်းကြုတ်ပြီး ကြောက်စရာကောင်းသော အချက်များနှင့် နှိုင်းမယှဉ်နိုင်အောင် ပြင်းထန်လှသော ကောင်းကင်နတ်သိုင်းများ ဖန်တီးနိုင်မည့် အခွင့်အရေးတို့အား မြင်နေရ၏။
သို့သော် ကောင်းကင်ယင်နတ်ဘုရားမှာ သူမ၏ကျင့်စဉ် မည်မျှကြောက်စရာကောင်းမှန်း သတိထားမိဟန် မတူပေ။ သူမက ဝိညာဉ်များကို ဝိညာဉ်မဲ့ သတ္တဝါဘဝ ပေးအပ်ရန်သာ အာရုံအပြည့်အဝ စိုက်ထားသည်။
သူ့အနေဖြင့် ကောင်းကင်ယင်နတ်ဘုရားမ၏ ဖြူစင်ရိုးသားသော အတွေးများကို မလေးစားမိဘဲ မနေပေ။ သို့ရာတွင် ကောင်းကင်ယင်နတ်ဘုရားမသည် လူသတ်ရန် မတွေးသော်လည်း သူ့လမ်းကတော့ တိုက်ခိုက်သတ်ဖြတ်မှုများ ပြည့်နေသည်မဟုတ်လော။ သူ့စိတ်ထဲတွင် တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းလောက်အောင် အင်အားကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော ကောင်းကင်နတ်သိုင်းများ ပေါ်လာနေချေပြီ။
ရက်အနည်းငယ်ကြာသော် အသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်အား ချင်မူ အပြည့်အဝ နားလည်သွားသည်။ ကောင်းကင်ယင်နတ်ဘုရားမက သူ့ကို အကဲစမ်းရန် မေးခွန်းများမေး၏။
ချင်မူက တစ်ခုပြီးတစ်ခု ပြန်ဖြေသော်လည်း အဖြေများမှာ ကောင်းကင်ယင်နတ်ဘုရားမ တွေးထားသည်နှင့် လားလားမှ မအပ်စပ်ပေ။ ဆန့်ကျင်ဘက်ဖြစ်နေသည်ဟုပင် ဆိုရမည်။
ကောင်းကင်ယင်နတ်ဘုရားမမှာ စိတ်ဆိုးမာန်ဆိုး ပြောမိတော့သည်။ “နင်က ဉာဏ်ကောင်းတဲ့ပုံ ပေါ်ပေမယ့် တကယ်တော့ သိပ်တုံးတာပဲ... နင် ပြောသမျှ အားလုံး မှားနေတယ်.. ဒါပေမဲ့ ယုတ္တိလည်း ကျနေသလိုပဲ .. ထူးဆန်းလိုက်တာ...”
သူမသည် ခေါင်းကလေး ငဲ့စောင်းလျက် တွေးနေသော်လည်း နားမလည်ပေ။
ချင်မူ တဟားဟား ရယ်လိုက်မိသည်။ “နတ်ဘုရားမ၊ အသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်က နတ်ဘုရားမ တွေးခေါ်ဖန်တီးထားတဲ့အရာပါ... နတ်ဘုရားမမှာလည်း ကိုယ့်နားလည်မှုနဲ့ ကိုယ် ရှိတယ်... ကျွန်တော့်ဆီ လွှဲပြောင်းပေးလိုက်တဲ့အချိန်မှာတော့ ကျွန်တော် သဘောပေါက်သွားတဲ့ အသက်ဖြစ်တည်လျှို့ဝှက်ကျင့်စဉ်က နတ်ဘုရားမရဲ့ ကျင့်စဉ် မဟုတ်တော့ပါဘူး... နတ်ဘုရားမ အခုလိုပဲ အမြဲတမ်း စိတ်ထားကောင်းပြီး ဖြူစင်နေပါစေလို့ ဆုတောင်းလိုက်ပါတယ်.... ကျွန်တော့်လို လမ်းကိုလည်း ဘယ်တော့မှ မလျှောက်မိစေနဲ့... ဒါပေမဲ့ အနာဂတ်မှာ နတ်ဘုရားမလည်း အဲဒီလိုလမ်းကို လျှောက်ဖို့ ဖိအားပေးခံရလောက်တယ်”
သူက ထရပ်လိုက်ပြီး ပြော၏။ “နတ်ဘုရားမ၊ ကျွန်တော် ဒီကို ရောက်လာတဲ့ ရည်ရွယ်ချက်က ဖုန်းတုဆီ သွားဖို့ပဲ... ကျွန်တော့်ဆန္ဒကို ဖြည့်ဆည်းပေးပါ”
ကောင်းကင်ယင်နတ်ဘုရားမမှာ သူ့စကားများကို နားလည်အောင် ကြိုးစားနေရာမှ စိတ်ပျက်လက်ပျက်ဖြင့် ပြောသည်။ “ငါ့ကို တွေ့ဖို့ လာတယ် ထင်နေတာ”
ချင်မူလည်း ကပျာကယာ ပြောလိုက်သည်။ “နတ်ဘုရားမကို တွေ့ချင်လို့လည်း လာတာပေါ့ဗျာ.... ဒါပေမဲ့ ဒီရောက်နေပြီဆိုတော့ မိတ်ဆွေဟောင်းတစ်ယောက်နဲ့ တွေ့ဖို့ ဖုန်းတုဆီ သွားချင်လာလို့ပါ”
ကောင်းကင်ယင်နတ်ဘုရားမမှာ ပျော်သွားပြန်ပြီး အပြုံးတစ်ခုဖြင့် ပြောသည်။ “နင် ဖုန်းတုကနေ ထွက်လာရင် ကြည့်ရအောင် ကောင်းကင်နတ်သိုင်းတချို့ ဖန်တီးထားမယ် ... နင် သေချာပေါက် ပျော်သွားမှာပါ”
ချင်မူ ခေါင်းညိတ်လိုက်၏။
ကောင်းကင်ယင်နတ်ဘုရားမက ရှေ့မှ ဦးဆောင်သွားရင်း ပြောနေ၏။ “ယမမင်းက ကောင်းကင်ယင်ပုလဲလုံးနဲ့အတူ ရောက်လာပြီး သူ့ကို ကာကွယ်ပေးဖို့ ငါ့ဆီ တောင်းဆိုခဲ့တယ်... သူက ငါ့အပေါ် ကျေးဇူးတစ်ခု ရှိဖူးတော့ ငါလည်း ဖုန်းတုကို ဖွက်ပေးထားခဲ့တာ... ကောင်းကင်နတ်ဘုံရဲ့ နတ်ဘုရားမိစ္ဆာစစ်တပ်က နေရာတိုင်း လိုက်ရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ နင်ဖြစ်သွားတဲ့ ကိစ္စကိုလည်း သစ်ခုတ်သမား ဝမ်ထျန်းကဲဆီကနေ ကြားတယ်... သူက သက်ပြင်းတွေ ချရင်း နင်တော့ သူ့ကို စိတ်ပျက်နေလောက်ပြီလို့ တဖွဖွ ပြောနေခဲ့တာ”
ချင်မူလည်း သူမအနောက်မှ လိုက်သွားပြီး မထူးဆန်းဟန်ဖြင့် ပြုံးလိုက်သည်။ “ခိုင်ဧကရာဇ်နဲ့ ဖုန်းတုရဲ့ ရွေးချယ်မှုကို နားလည်ပေးနိုင်သလို၊ ကိုယ်ချင်းလည်း စာပါတယ်... ကျွန်တော် သူတို့ကို အပြစ်မတင်တော့ပါဘူး”
“တကယ်တော့ ဝမ်ထျန်းကဲက နင့်အကြောင်း စုံစမ်း အပြင်ခဏခဏ ထွက်လာတတ်တယ်... သူက နင့်ကို အတော်လေး စိတ်ပူနေရှာတာ”
နတ်ဘုရားကောင်းကင်ယင်နတ်ဘုရားမက သူ့ကို တစ်ချက်ကြည့်ကာ နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ “နင် နင့်ဝိညာဉ်နင် ထုတ်ပြီး မျက်လုံးကိုလည်း ကလော်ထုတ်ခဲ့တာ သူ ကြားတယ်... ငါ့ကိုတောင် နင့်ဝိညာဉ် ပြန်တည်ဆောက်ပေးလို့ရမလားလို့ မေးခဲ့သေးတယ်... ဒါပေမဲ့ ဝိညာဉ်တည်ဆောက်ပြီးရင်တောင် နင်က နင် ဖြစ်နေသေးပါ့မလား ငါ မသိဘူး.. ဒါကြောင့် ငါ ငြင်းခဲ့တာ... ငါ့နေရာက သေးတဲ့အပြင် လူလည်း သိပ်ရှိတာ မဟုတ်ဘူးလေ... ယောက်ျားတွေ ငိုတာ မြင်ဖူးပေမယ့် ဝမ်ထျန်းကဲလို လူမျိုး ငိုတာတော့ တစ်ခါမှ မမြင်ခဲ့ဖူးဘူး”
ချင်မူ မှင်သက်သွား၏။ “နားလည်ပါပြီ”
ကောင်းကင်ယင်နတ်ဘုရားမက သူ့ကို နန်းဆောင်၏ အနောက်ဘက်သို့ ခေါ်သွားပြီး လက်ဝါးကို ဆန့်ထုတ်ကာ နံရံအပေါ်သို့ ခပ်သာသာ ဖိလိုက်သည်။ အဖြူရောင်တံခါးတစ်ချပ်သည် ရှင်းလင်းဖြူဖွေးနေသော နံရံအထက်၌ ပေါ်လာပြီး အသေအချာသာ ကြည့်လျှင် တံခါးတစ်ချပ် ရှိနေကြောင်း မြင်ရမည်မဟုတ်ပေ။
ကောင်းကင်ယင်နတ်ဘုရားမ တံခါးဖွင့်လိုက်သည့်အခါ အထဲတွင် မီးခိုးမြူများ မြင်လိုက်ရသည်။ “အထဲဝင်လိုက်... ဖုန်းတုက အထဲမှာ”
ချင်မူသည် စိတ်အားတင်းကာ တံခါးထဲ ဝင်လိုက်၏။