← Chapters

ကောင်းကင်နတ်မင်းတျန်းရှု၏ ခံစားချက်

Vol. 90 Ch. 1174

ကောင်းကင်နတ်မင်းတျန်းရှု၏ ခံစားချက်

Vol. 90 Ch. 1174

ဖုန်းတုမြို့၏ မီးခိုးရောင်မြူခိုးများက လေထဲတွင် ပြည့်နှက်သွားသည်။ သူ့အရှေ့တွင် မြူပင်လယ်တစ်စင်း နေရာယူထားပြီး အရိုးစုတောင်တန်းများက ဟိုတစ်လုံး၊ သည်တစ်လုံး ပြန့်ကျဲနေကြသည်။ အရိုးစုတောင်တန်းတို့သည် မြူပင်လယ်အတွင်း ရောနေကြပြီး အရိုးစုအချို့မှာ ဟိုဟိုသည်သည် တွားသွားနေကြသေးသည်။

ချင်မူက ဖုန်းတု ရွှေဒင်္ဂါးတစ်ပြား ထုတ်၍ မြူပင်လယ်မှ ဖြတ်သွားနိုင်အောင် တာအိုရသေ့ကြီးလင်းကျင့်ကို ခေါ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် ရုတ်တရက် သူ ကြောင်အသွားမိသည်။

တာအိုရသေ့ကြီးလင်းကျင့်၏ ဝိညာဉ်သည် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးတုန်းက လွင့်ပြယ်သွားပြီးခဲ့ချေပြီ။

တာအိုရသေ့ကြီးလင်းကျင့်က ရွာလူကြီး၏ခေတ်တွင် အင်အားကြီးမားသော သိုင်းပညာရှင်ဖြစ်ပြီး အင်မတန် ခေါင်းမာသူဆိုလည်း မမှားပေ။ သူသည် ဓားနတ်ဘုရားဂုဏ်ဘွဲ့ကို သိမ်းပိုက်ရန်အတွက် ရွာလူကြီးအား စိန်ခေါ်ခဲ့ဖူး၏။

နောက်ပိုင်းတွင် အထက်ကောင်းကင်ဘုံမှ ကျူးကျော်လာသည့်အခါ သူနှင့် လူငယ်ဂိုဏ်းချုပ် ဝမ်ယွမ်တို့သည် အထက်ကောင်းကင်ဘုံမှ နတ်ဘုရားများကို ကြားဖြတ်တိုက်ခိုက်ကာ ရွာလူကြီးနှင့် အခြားသူများအတွက် အချိန်ဆွဲပေးခဲ့လေသည်။ ရလဒ်အနေဖြင့် သူတို့ ခန္ဓာကိုယ်များနှင့် ဝိညာဉ်မှာ ပျောက်ကွယ်သွားပြီး ဖုန်းတုမြို့တွင် တစ္ဆေများ ဖြစ်လာခဲ့သည်။

ယမမင်းက ရသေ့ကြီးလင်းကျင့်အား ကူးတို့သမားအဖြစ် ကူးတို့လှေကို ထိန်းချုပ်စေရင်း တစ္ဆေများ သို့မဟုတ် ဖုန်းတုတွင် နေထိုင်နေသူများအား လမ်းပြခွင့်ပေးခဲ့သည်။

ထိုအချိန်တုန်းက သူ့မှာ ဖုန်းတုမြို့တွင် အိမ်တစ်လုံး မဝယ်နိုင်မှာ စိုးရိမ်နေခဲ့လေသည်။ နောက်ထပ် နှစ်တစ်ထောင်ခန့် အလုပ်လုပ်ပါက အိမ်တစ်လုံး ၀ယ်နိုင်လိမ့်မည်ဟု ခံစားရကြောင်း ပြောခဲ့ဖူးသည်။

ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေး ဖြစ်ပွားခဲ့သည့်အခါ တာအိုရသေ့ကြီးလင်းကျင့်သည် ကောင်းကင်တန်ခိုးရှင်ဂိုဏ်း၏ ဂိုဏ်းသခင်အဟောင်းများနှင့်အတူ ပြည်သူပြည်သားများကို ကယ်တင်ရန် ပထမဆုံး ရောက်ရှိလာခဲ့သူ ဖြစ်၏။ သို့သော် သူ့တွင် မူလဝိညာဉ်သာ ရှိခဲ့ရာ သူ့ဝိညာဉ်မှာ မဟာကပ်ဘေးထဲတွင် လွင့်ပြယ်သွားခဲ့ရသည်။

မည်သည့်အရာကိုမှ မချန်ထားခဲ့သောကြောင့် ချင်မူအနေဖြင့် သူ့ဝိညာဉ်ကို ဆင့်ခေါ်ကာ ပြန်လည်တည်ဆောက်ပေးချင်လျှင်တောင်မှ မလုပ်နိုင်ချေ။

ရှေ့ရှိ မြူခိုးထဲမှ လှေထိုးသမား ရောက်ရှိလာသည်။ လှေထိုးသမား၏ အ၀တ်များမှာ စုတ်ပြဲနေပြီး ငေးငယ်လှသော လှေလေးပေါ်တွင် ရပ်နေသဖြင့် အင်မတန် အရပ်မြင့်သယောင် ထင်ရသည်။ သူ၏ စုတ်ပြဲနေသော ၀တ်ရုံက မြူထဲတွင် တဖျတ်ဖျတ် လွင့်နေသည်။

လှေက ကူးတို့ဆိပ်တွင် ကပ်ပေးလိုက်သဖြင့် ချင်မူလည်း လှေကလေးအပေါ် တက်သည်။ လှေထိုးသမားသည် လှေကို လှော်၍ ဖုန်းတုမြို့ဆီ ဦးတည်သွား၏။

ချင်မူမှာ လှေပေါ်တွင် ရပ်ရင်း ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်‌‌ဘေးအတွင်း တာအိုရသေ့ကြီးလင်းကျင့်နှင့် စကားပြောခဲ့ဖူးသည်ကို ပြန်တွေးနေမိသည်။

ထိုစဉ်တုန်းက သူ ပြောခဲ့သည်။ “တာအိုရသေ့ကြီးလင်းကျင့်၊ ခင်ဗျားနဲ့ ဂိုဏ်းချုပ်က ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက် အသက်ကို အလဲအလှယ်လုပ်ပြီး အထက်ကောင်းကင်ဘုံကို ဟန့်တားပေးကြတော့မယ်…. ဒါပေမဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာသားတွေထဲက ဘယ်သူကမှ ခင်ဗျားတို့က သူတို့ကို စောင့်ရှောက်ပေးခဲ့တဲ့ သူရဲကောင်းတွေဆိုတာ သိကြမှာမဟုတ်ဘူး”

တာအိုရသေ့ကြီးလင်းကျင့်သည် လှေကို အရိုးစုတောင်တန်းများတစ်လျှောက် ဖြတ်သန်းလှော်ခတ်ရင်း ပြုံးကာ ပြန်ဖြေခဲ့၏။ “ဒါပေမဲ့ ငါ သိတယ်လေ… ငါက သူရဲကောင်းတစ်ယောက်ပဲ… ငါတော့ ငါနှလုံးသားအတိုင်းပဲ လိုက်လုပ်ချင်တယ်”

ချင်မူ နောက်တစ်ကြိမ် ပြန်လာလျှင် ကူးတို့လှေပေါ်ရှိ လူမှာ သူပင် ဖြစ်နိုင်တော့မည်မဟုတ်ဟု တာအိုရသေ့ကြီးလင်းကျင့်က ပြောခဲ့သေးသည်။

ချင်မူက လှေသမားကို ကြည့်လိုက်သည်။ သူက လင်းကျင့်မဟုတ်ဘဲ ဖုန်းတုမြို့၏ နတ်ဘုရားနောက်တစ်ပါး ဖြစ်ချေသည်။

လှေလေး ကမ်းကပ်သောအခါ ချင်မူလည်း ကူးတို့ခ ပေး၍ ကမ်းစပ်သို့ ခုန်တက်လိုက်သည်။ ထို့နောက် သေဆုံးသူတို့ ရှင်သန်ရာ နယ်နိမိတ်ကျောက်တုံးကို ဖြတ်လျှောက်ကာ တောင်ကြားကို ကျော်ဖြတ်၍ ဖုန်းတုမြို့ထံ လျှောက်သွားသည်။

ဤကမ္ဘာထဲ၌ လူမျိုးစုံရှိပြီး ရှင်သန်ခြင်းနည်းလမ်းမျိုးစုံ၊ ဘ၀မျိုးစုံ ရှိကြသည်။ တချို့က ပျော်ရွှင်ကြသည်။ တချို့က ရိုးရှင်းပြီး တချို့မှာ ခက်ခဲကာ တချို့ကတော့ နာကျင်ကြရသည်။

သို့သော် ဘ၀က မည်မျှပင် ဆိုးရွားသည်ဖြစ်စေ၊ ကောင်းမွန်သည်‌ဖြစ်စေ၊ အလေးလံဆုံး ၀န်ထုပ်၀န်ပိုးကို သယ်ထမ်း၍ သူတို့အတွက် အသက်ကိုပင် စတေးပေးကြမည့် လူအချို့ကတော့ ရှိစမြဲပင်။

ထိုလူများအနေဖြင့် သူတို့၏ ရွေးချယ်မှုကို လှောင်ပြောင်မရယ်မောသင့်ဘဲ သူတို့နှင့် ထိုက်တန်သော လေးစားသမှုကို ပြသပေးရပေမည်။

ဖုန်းတုမြို့၏ မဟာတာအိုစည်းမျဉ်းများက ချင်မူ၏ ရုပ်ခန္ဓာကို အရိုးစုတစ်စုအဖြစ် ပြောင်းလဲရန် ကြိုးစားနေသည်။ သို့သော် ချင်မူ၏ ယိုတုမဟာတာအိုအပေါ် နားလည်မှုမှာ နက်ရှိုင်းပြီး ကျင့်စဉ်စွမ်းအင်ကလည်း အင်မတန် သိပ်သည်းလေသည်။ ဖုန်းတုမြို့၏ မဟာတာအိုစည်းမျဉ်းများက သူ့ကို လုံး၀မပြောင်းလဲနိုင်ချေ။

သူက ရှေ့ဆက်လျှောက်လာရင်း ပတ်၀န်းကျင်ကို လေ့လာအကဲခတ်နေသည်။ ဖုန်းတုမြို့သည် ယခုတွင် အင်မတန် ကျယ်ပြောလာသည့်အတွက် ကောင်းကင်ယင်သားတော်၏ မင်တုအောက် နိမ့်ကျမနေတော့ချေ။ အဆုံးမရှိသည့်အလားပင် ထင်ရ၏။ ခိုင်ဧကရာဇ်ခေတ်၏ ကောင်းကင်ဆရာသခင်များနှင့် ကောင်းကင်နတ်မင်းများ ဤနေရာတွင် စုဝေးနေသောကြောင့် ဖုန်းတုမြို့မှာ အတော်လေး ကောင်းမွန်စွာ တည်ဆောက်ခံခဲ့ရကြောင်း ထင်ရှားပေသည်။

ချင်မူသည် တောင်ကြားကို ဖြတ်လာပြီးနောက် သူ့အရှေ့တွင် ဖုန်းတု၏ နတ်ဘုရားမြို့များကို တွေ့လိုက်ရသည်။

ဤနေရာတွင် သူ၏အမှတ်တရများစွာ ရှိသော်လည်း နေရာအခင်းအကျင်းမှာ သိသိသာသာ ပြောင်းလဲသွားခဲ့ချေပြီ။ သူ့မှာ တိုင်းတပါးမြေသို့ ၀င်ရောက်လာသည့်အလား ခံစားနေရ၏။

သူ ဘုရင်ချင်မြို့ဆီ လျှောက်လာသည့်အခါ လမ်းပေါ်တွင် သွားလာနေကြသော နတ်ဘုရားမိစ္ဆာများအား တွေ့ရသည်။ သူ့ကို မြင်လျှင် သူတို့မှာ ကြောင်အကုန်ကြပြီး ငေးကြည့်နေကြတော့သည်။

ချင်မူက ပြုံးပြနေပြီး ခိုင်ဧကရာဇ်၏ နတ်ဘုရားများကို ခေါင်းညိတ်ပြနေသည်။။

အားလုံးက ပြန်ပြုံးပြကြ၏။

မကြာမီ ချင်မူ ဖုန်းတုသို့ ရောက်လာသည့် သတင်းသည် ပျံ့နှံ့သွားပြီး ငှက်ခေါင်းဖြင့် နတ်ဘုရားချိရှို့က ဦးဆုံး ‌ရောက်လာသည်။ သူက ‌ချင်မူ့ရှေ့သို့ ဆင်းသက်ကာ နှုတ်ဆက်လေသည်။ “မင်းကို လူသားဧကရာဇ်ချင်လို့ ‌ခေါ်ရမှာလား… ကောင်းကင်နတ်အရှင်မူလို့ ခေါ်ရမှာလား”

ချင်မူက ပြုံးသည်။ “ကောင်းကင်နတ်အရှင်မူလို့ပဲ ခေါ်ပါဗျာ”

နတ်ဘုရားချိရှို့က ဦးညွှတ်၍ လမ်းပြသည်။ “ကျေးဇူးပြုပြီး ကြွပါ ကောင်းကင်နတ်အရှင်မူ… ကောင်းကင်နတ်အရှင်တစ်ပါးကိုယ်တိုင် လာတာဆိုတော့ မိတ်‌ဆွေဟောင်းကိုများ လာတွေ့တာလား”

“ချိရှို့၊ ခင်ဗျားကလည်း ကျုပ်ရဲ့ မိတ်ဆွေဟောင်းပဲလေ…. “

ချင်မူက ပြုံးလျက် တုံ့ပြန်လိုက်၏။ “‌ကျွန်တော် အားလုံးဆီ လာလည်တာပါ”

နတ်ဘုရားချိရှို့က ခေါင်းငဲ့ကာ ပြောသည်။ “ဒါပေမဲ့ မင်းရဲ့ မိတ်ဆွေဟောင်းတွေကတော့ မင်းကို မတွေ့ချင်ကြဘူး… မင်တုကောင်းကင်နတ်မင်းတျန်းရှုဆို မင်း ရောက်လာတဲ့ သတင်းကြားတုန်းက သူ့အရက်ရောင်းတဲ့ ဆိုင်မှာ ပုန်းနေပြီး ထွက်မလာရဲတော့ဘူး… ကောင်းကင်နတ်မင်းတိရီယွဲ့လည်း မျက်နှာ ဖြူဆုတ်သွားပြီး ‌ဖုန်းတုရဲ့ အောက်ဆုံးအထပ်မှာ သွားပုန်းနေတယ်… သိကြားဗုဒ္ဓကတော့ အနန္တကပ်ဘေးသုတ္တန်ကို နားလည်ဖို့ တံခါးပိတ် သိုင်းကျင့်တော့မယ်တဲ့… သိုင်းပညာ ကောင်းကင်ဆရာသခင်ကတော့ အိမ်တံခါး ပိတ်ထားတယ်”

သူက ချင်မူ့ကို ကြည့်ကာ ပြောသည်။ “ယမမင်းတောင် ဘုရင်ချင်ခန်းမထဲ မရှိဘူး… သူလည်း ဖုန်းတုရဲ့ အောက်ဆုံးအထပ်ဆီ ဆင်းသွားတယ်…. အကြောင်းပြချက်ကို ကောင်းကင်နတ်အရှင် သိလား”

ချင်မူက ပြန်မဖြေချေ။

နတ်ဘုရားချိရှို့သည် ဆက်ပြော၏၊ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးမှာ မကူညီနိုင်ခဲ့တဲ့အတွက် ငါတို့ မင်းအပေါ် အပြစ်ရှိသလို ခံစားရတယ်…. လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်မူ၊ မင်းက ကောင်းကင်နတ်ဘုရင်တျန်းရှုကို ကယ်ခဲ့အတွက် သူ မင်းအပေါ် အကြွေးတင်နေတယ်….. လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်မူ၊ မင်းက ကောင်းကင်နတ်ဘုရင်တိရီယွဲ့ကို ပြန် အသက်သွင်းပေးခဲ့တဲ့အတွက် သူ မင်းအပေါ် အကြွေးတင်နေတယ်”

“ဗုဒ္ဓကောင်းကင်ဘုံမှာ ကောင်းကင်နတ်ဘုံရဲ့ အာဏာကို အမြစ်ဖြတ်ရှင်းလင်းပေးခဲ့တဲ့အတွက် သိကြားဗုဒ္ဓလည်း ကောင်းကင်နတ်အရှင်မူအပေါ် အကြွေးတင်နေတယ်… လူသားမျိုးနွယ်ရဲ့ ကောင်းကင်နတ်အရှင်မူ၊ မင်းက ကောင်းကင်နတ်မြစ် ကောင်းကင်ရတနာကို ဖန်တီးပြီးတော့ သို့နျိုနန်းဆောင်က သိုင်းပညာရှင်တွေ နတ်ဘုရားဖြစ်လာအောင် လုပ်ပေးခဲ့တယ်… အဲ့ဒါနဲ့ မင်းက သိုင်းပညာ ကောင်းကင်ဆရာသခင်ကို ကူညီခဲ့တာပဲ…. ကောင်းကင်နတ်အရှင်မူက ထိုက်ဧကရာဇ်ကောင်းကင်ဘုံသားတွေကိုလည်း ကယ်ခဲ့သေးတယ်…. တန်ခိုးရှင်သစ်ခုတ်သမားကလည်း မင်း သူ့ကို ကူညီပေးခဲ့တာကို ခံစားခဲ့ရတယ်”

“ယမမင်းတောင် ဖုန်းတုမြို့ကို မင်းကျေးဇူးနဲ့ တည်ငြိမ်အောင် လုပ်နိုင်ခဲ့တာ…. မင်းကြောင့် ကောင်းကင်နတ်အရှင်ရုံနဲ့ မြေအောက်ဘုံအရှင်သခင်က ဖုန်းတုကို မဖျက်ဆီးခဲ့တာပဲ… သူတို့ မင်းနဲ့ တွေ့ဖို့ အရှက်ရနေကြတာ”

နတ်ဘုရားချိရှို့က ပြောသည်။ “မင်းက သူတို့ကို ကူညီထားခဲ့တာမလို့ သူတို့ မင်းကို လာမတွေ့ရဲကြဘူး”

ချင်မူက ပြုံး၍ ပြော၏။ “တံငါသည်ဆရာသခင်နဲ့ အဘိုးချင်းဟွမ်ရော…. ကောင်းကင်ဆရာသခင် တံငါသည်နဲ့ ကောင်းကင်နတ်မင်း ချင်းဟွမ်က ကျွန်တော့်ရဲ့ ကျေးဇူးရှင်တွေလေ… ကျွန်တော့်ကို လာတွေ့ဖို့ အရှက်ရမနေလောက်ပါဘူး”

နတ်ဘုရားချိရှို့က ရှေ့သို့တက်လာကာ ပြောသည်။ “ချင်းဟွမ်က နဂါးရွာရဲ့ ကောင်းကင်နဂါးတွေကို မင်းကို ကူညီဖို့ လွှတ်ခဲ့ပေမယ့် တကယ်တော့ အဲ့ဒါက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကူညီဖို့ပဲ… ထိုက်ဧကရာဇ်ကောင်းကင်ဘုံက ခိုင်ဧကရာဇ်တုန်းက ကျန်ခဲ့တဲ့သူတွေဆိုတော့ မင်းကို ကူညီပေးတာလို့ သတ်မှတ်လို့မရဘူး…. ဒါပေမဲ့ မင်းက ထိုက်ဧကရာဇ်ကောင်းကင်ဘုံကို ကူညီပေးခဲ့တာဆိုတော့ သူ မင်းအပေါ် အကြွေးတင်နေတယ်.. ကောင်းကင်ဆရာသခင် တံငါသည်လည်း တူတူပဲ… နေရေတွင်းနဲ့ လရေတွင်းကနေ နေနဲ့လကို မျှားယူဖို့ ကူညီပေးခဲ့ပေမယ့် အဲဒါက ခိုင်ဧကရာဇ်ခေတ်တုန်းက နေထိန်းသူနဲ့ လထိန်းသူတွေကို ကူညီပေးနေခဲ့တာ… သူက မင်းကို ကူညီတာမဟုတ်ဘဲ ‌ခိုင်ဧကရာဇ်ကို ကူညီခဲ့တာပဲ…. သူတို့အားလုံး မင်းအပေါ် အပြစ်ရှိသလို ခံစားကြရတဲ့အတွက် မင်းကို မတွေ့ရဲကြဘူး”

သူက ဆက်ပြောသည်။ “ခိုင်ဧကရာဇ်ရဲ့ လက်အောက်ငယ်သားတွေထဲမှာ ပထမလူသားဧကရာဇ် မင်းသားချင်ဝူပဲ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးမှာ မင်းကို ကူညီရဲခဲ့တာ… ဒါပေမဲ့ သူက သူ့ကိုယ်သူ ခိုင်ဧကရာဇ်ခေတ်ရဲ့ မင်းသားတစ်ပါးအနေနဲ့ရော မြေးတစ်ယောက်အနေနဲ့ရော မသတ်မှတ်ထားဘူး”

ချင်မူလည်း ပြောလိုက်မိသည်။ “သူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ လူသားဧကရာဇ်၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာခေတ်ရဲ့ တည်ထောင်သူပါ… လက်ရှိ လူသားဧကရာဇ်ခန်းမက တိုးတက်ဖွံ့ဖြိုးနေတယ်... သူက လူသားဧကရာဇ်ဟောင်းတွေနဲ့ တပည့်တွေကို သင်ကြားပေးဖို့ ခန်းမတစ်ခု ဖွင့်ခဲ့တယ်… သူ့ရဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအပေါ် ပံ့ပိုးမှုတွေက ကြီးမားလှပါတယ်”

နတ်ဘုရားချိရှို့က ခေါင်းညိတ်၏။ “ဒါကြောင့် သူက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ စံပြ ဖြစ်နေတာပဲ… ဒါပေမဲ့ ဖုန်းတုက အဲ့ဒီလူတွေကတော့ မဟုတ်ဘူး”

ချင်မူ တခဏကြာ တိတ်ဆိတ်သွားမိသည်။

နတ်ဘုရားချိရှို့က သူ့ကို အရက်ဆိုင်တစ်ဆိုင်သို့ ‌ခေါ်လာကာ ပြောသည်။ “မင်တုကောင်းကင်နတ်မင်းတျန်းရှုက အထဲမှာ”

ချင်မူ အထဲ၀င်လိုက်သည့်အခါ တျန်းရှူသည် သူ့ကို မြင်သည်နှင့် စားပွဲအောက် ၀င်ပုန်းကာ ခေါင်းထွက်မလာရဲချေ။

ချင်မူက စားပွဲဘေးတွင် ထိုင်၍ အရက်တစ်ခွက် လောင်းထည့်လိုက်သည်။ ထို့နောက် ခွက်ကို မြှောက်၍ ပြောလိုက်၏။ “မင်တုကောင်းကင်နတ်မင်း၊ ကျွန်တော် တစ်ခွက်လောက် ဂုဏ်ပြုချင်ပါတယ်”

တျန်းရှူမှာ ကူကယ်ရာမဲ့စွာဖြင့် စားပွဲအောက်မှ တွားသွားထွက်လာရုံသာ တတ်နိုင်တော့သည်။ သူသည် ဝိုင်ခွက်ကို မြှောက်လိုက်ပြီး နှစ်ယောက်လုံး ထိုင်လျက် တစ်ကျိုက်တည်း သောက်လိုက်ကြ၏။

ချင်မူက ပြုံးသည်။ “ကျွန်တော် ရွှင်ပျော်ပျော်ကျေးရွာဆီ ရောက်ခဲ့ပြီးပြီ…. ခိုင်ဧကရာဇ်နဲ့ တွေ့ခဲ့တယ်”

တျန်းရှူမှာ တခဏ တိတ်ဆိတ်နေပြီးနောက် ဩရှရှအသံဖြင့် မေး၏။ “သူ ဘယ်လိုနေလဲ”

“သူက ရွှင်ပျော်ပျော်ကျေးရွာကနေ ထွက်လာပြီးတော့ ခင်ဗျားကို ရှာဖို့ကြိုးစားခဲ့ပေမယ့် မရှာနိုင်ခဲ့ဘူး… နောက်တော့ ကောင်းကင်နတ်ဘုံဆီ သွားပြီး ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်‌ရှောင်၊ နတ်အရှင်မချန်းနဲ့ နတ်အရှင်မယန်တို့ကို တိုက်ခိုက်ခဲ့တယ်… သူက ဓားတစ်ချက်တည်းနဲ့ ကောင်းကင်နတ်ဘုံကို နှစ်ခြမ်းခွဲခဲ့တော့မလို့ပဲ”

ကောင်းကင်နတ်ဘုရင်တျန်းရှု ၎င်းကို ကြားသည့်အခါ သူ့နှလုံးသားထဲရှိ သွေးတို့မှာ ဆူပွက်လာပြီး အရက်က သူ့ဦး‌နှောက်ထဲ ရောက်သွားပုံပင်။ သူက အရက်ခရားအား အဖုံးဖွင့်၍ သောက်ချလိုက်သည်။ ထို့နောက် တောက်ပစွာ ပြုံးလျက် မေး၏။ “သူ ကောင်းကင်နတ်ဘုံဆီ သတ်ဖြတ်ပြီး ၀င်ရောက်ခဲ့တာလား”

ချင်မူက အသာအယာ ခေါင်းညိတ်လိုက်ရင်း တစ္ဆေအဖျော်ဆရာအား အရက်ခရားတချို့ စားပွဲပေါ် လာချပေးရန် အချက်ပြလိုက်သည်။ “သူက ကောင်းကင်နတ်ဘုံဆီ သတ်ဖြတ်၀င်ရောက်ခဲ့တဲ့အပြင် ကောင်းကင်နတ်အရှင်ဟောင်ရဲ့ လက်ဝါးကို ဓားနဲ့ထိုးခဲ့တာ”

ကောင်းကင်နတ်ဘုရင်တျန်းရှုက အရက်ခရားအား ရိုက်ချ၍ တဟားဟား ရယ်လိုက်သည်။ “သူ အဲ့လိုလုပ်မယ်မှန်း ငါ ထင်သားပဲ… သူက အရက်သောက်ပြီးရင် သတိကြီးပေမယ့် မသောက်ထားရင်တော့ သိပ်သတ္တိကောင်းတာ…. အမြဲတမ်း ကောင်းကင်နတ်အရှင်ဟောင်ဆို သူ အထင်သေးနေကျ”

နှစ်ယောက်သား အရက်ခွက်ချင်း တိုက်ရင်း ခေါင်းမော့ကာ သောက်လိုက်ကြသည်။

ကောင်းကင်နတ်ဘုရင်တျန်းရှူမှာ မျက်ရည်များ စီးကျလာပြီး ရှိုက်လျက် ပြော၏။ “အမြဲ တည်ငြိမ်နေတာပဲလား… သူက စိုးရိမ်နေတာမျိုး မင်း မြင်ခဲ့ရလား”

ချင်မူက အရက်ခွက်ကို ချကာ ဖြေသည်။ “သူ့မှာ အစီအစဉ် အမြဲရှိခဲ့တယ်.. အစီအစဉ်ရှိပြီးသားပေမယ့် ခံစားချက်တွေကတော့ မပြောင်းလဲခဲ့ဘူး… ဒါပေမဲ့ သူနဲ့ စကားပြောတဲ့အခါကျ သူ့ရင်ထဲမှာ အရိုင်းဆန်တဲ့ မီးတောက်မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်ကျွမ်းနေတာ ခံစားခဲ့ရတယ်”

ကောင်းကင်နတ်ဘုရင်တျန်းရှူမှာ မ‌နေနိုင်တော့ဘဲ အရက်ခရားကို ထပ်မြှောက်ကာ ဂလုဂလု သောက်ချလိုက်တော့သည်။ သူက တဟားဟား ရယ်လျက် ပြောသည်။ “သူက တကယ့်လူကွာ … အဲဒီလူမျိုး တခြားသူတွေအပေါ် အလွယ်တကူ လွှမ်းမိုးပစ်နိုင်တယ်… အဲဒါကြောင့် သူ့နောက်က လိုက်ရင် ငါ စိတ်အေးလက်အေး ဖြစ်ရတယ်”

All Chapters