← Chapters

မိတ်ဆွေဟောင်းများနှင့်‌ တွေ့ဆုံခြင်း

Vol. 90 Ch. 1175

မိတ်ဆွေဟောင်းများနှင့်‌ တွေ့ဆုံခြင်း

Vol. 90 Ch. 1175

“သူလည်း ဒဏ်ရာရထားတယ်... ဒါပေမဲ့ ကောင်းကင်နတ်အရှင်လေးယောက်တောင် သူ့ကို အမှီမလိုက်နိုင်ခဲ့ဘူး”

ချင်မူက ပြောသည်။ “သူက ကောင်းကင်နတ်အရှင်ဟွေ့နဲ့ ကောင်းကင်နတ်အရှင်ရှုကို တိုက်ခိုက်ဖို့ သေချာပေါက် မဟာ‌လေဟာနယ်ဆီ ပြန်သွားလိမ့်မယ်... ကောင်းကင်နတ်ဘုံတော့ ပိုးစိုးပက်စက် ဆော်ပလော်တီးခံရမှာ သေချာနေပြီ”

ကောင်းကင်နတ်မင်းတျန်းရှုမှာ မျက်ရည်များဖြင့် ပြုံးနေချေသည်။ “သူက အဲဒီလိုလူကွ... ကောင်းကင်နတ်အရှင်လေးယောက် မပြောနဲ့... ကောင်းကင်နတ်အရှင်ဆယ်ယောက်တောင် သူ့ကို မချုပ်ထားနိုင်ဘူး... ဘယ်သူမှ သူ့ကို မချုပ်ထားနိုင်တာကွာ”

ချင်မူလည်း ထရပ်၍ သူ့ပခုံးကို ပုတ်ကာ ပြုံးလိုက်၏။ “ဒါပေမဲ့ သူ ခင်ဗျားကို လိုအပ်နေတယ်... သူက တစ်ချိန်တုန်းက စစ်တလင်းတစ်ခုတည်းမှာ ရင်ဘောင်တန်း တိုက်ပွဲဝင်ပေးခဲ့တဲ့ သူ့ရဲ့ စစ်သည်တော်ဟောင်းတွေ.. သူ့ရဲ့ အပေါင်းအဖော်တွေကို စောင့်နေတယ်”

ကောင်းကင်နတ်မင်းတျန်းရှုသည် စားပွဲပေါ်သို့ မှောက်ချလိုက်ရင်း ငိုတော့၏။ “ငါက သရဲဘောကြောင်တဲ့ ငကြောက်ကြီးလေကွာ.... သတ္တိရှိလာအောင် အရက်သောက်ရတဲ့ကောင်လေ... အရက်သောက်တိုင်းလည်း ပြဿနာတစ်ခုခု တက်တယ်... ရွှင်ပျော်ပျော်ကျေးရွာမှာပဲ ပုန်းနေရဲတဲ့ ငကြောက်ကြီးလို့တောင် ငါ သူ့ကို ဆဲခဲ့သေးတယ်... တကယ်တော့ ငါကမှ ငကြောက်ကြီးကွ”

ချင်မူက အရက်ဆိုင်အပြင်သို့ ထွက်သွားပြီး နတ်ဘုရားချိရှို့ကို ပြောလိုက်သည်။ “သွားကြစို့”

နတ်ဘုရားချိရှို့သည် သူ့ကို ကြည့်ပြီးနောက် ရှေ့ဆက်လျှောက်သွား၏။

နှစ်ယောက်သား ဘုရင်ချင်ခန်းမသို့ ရောက်လာသော်လည်း ဘုရင်ချင်ခန်းမတံခါးများမှာ စေ့နေအောင် ပိတ်ထားလေသည်။ အစိမ်းရောင်မျက်နှာနှင့် အရုပ်ဆိုးဆိုး သရဲဘုရင်နှစ်ပါးက အပြင်၌ ‌စောင့်ကြပ်နေကြသည်။

နတ်ဘုရားချိရှို့က တံခါးခေါက်ကာ လျှောက်တင်လိုက်သည်။ “အရှင်မင်းကြီး ယမမင်း၊ ကောင်းကင်နတ်အရှင်မူက တွေ့ဖို့ ကြွလာပါတယ်”

ခန်းမထဲမှ တစ်စုံတစ်ခု ခလုတ်တိုက်သွားသံ ထွက်လာကာ ယမမင်း၏အသံလည်း လိုက်ပါလာသည်။ “ငါ မရှိဘူးဟေ့... အာ... ထားလိုက်တော့... သူ့ကို ဝင်ခိုင်းလိုက်... မဟုတ်သေးဘူး... ငါကိုယ်တိုင် ဆင်းလာကြိုမယ်”

ခန်းမတံခါး ပွင့်လာပြီး ယမမင်းသည် အမှောင်ခြုံထည်အောက်တွင် ရှိနေ၏။ သူ့မျက်နှာအား မမြင်ရပေ။

“ကောင်းကင်နတ်အရှင်မူ...” သူ့မျက်နှာအား မမြင်ရသော်လည်း သူ့အသံထဲရှိ ခံစားချက်များမှာ အင်မတန် ရှုပ်ထွေးနေသယောင်ပင်။

ချင်မူက ဘုရင်ချင်ခန်းမထဲသို့ ဝင်သွားပြီး ပတ်ဝန်းကျင်ကို ကြည့်ရှုသည်။ ထို့နောက် အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ “ယမမင်းက အရင်အတိုင်းပဲ မွဲနေတုန်းပါလား... စိတ်ဝင်စားတဲ့ ရတနာတွေ မရှိဘူး ထင်ပါရဲ့”

ယမမင်းသည် အတန်ကြာ တိတ်ဆိတ်နေပြီးနောက်၌ အသံထွက်လာ၏။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးတုန်းက...”

ချင်မူက ကြားဖြတ်ပြောလိုက်သည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးက ပြီးသွားပြီ... ကျွန်တော်က အတိတ်မှာပဲ နေတဲ့ကောင် မဟုတ်ဘူး... ထာဝရငြိမ်းချမ်းရေးအင်ပါယာသားတွေ ကပ်ဘေးကနေ အသက်ရှင်ကျန်ခဲ့ပြီး အခုဆို ကောင်းကောင်းမွန်မွန် နေထိုင်နေကြပြီ”

ယမမင်းမှာ ခါးသက်နေသောအသံဖြင့် တုံ့ပြန်လေသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ကာကွယ်ဖို့ မင်းအများကြီး ပေးဆပ်ခဲ့ရတယ်”

ချင်မူသည် သူ့ဘက်သို့ လှည့်လိုက်ရင်း ပြုံးလိုက်၏။ “ကျွန်တော်လည်း အခု ကောင်းကောင်းမွန်မွန် နေ,နေပြီလေ... ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးမတိုင်ခင်က ကျွန်တော်ထက်တောင် ပိုပြီး တိုးတက်လာခဲ့ပြီ... ကပ်ဘေးကနေ အမြတ်ထွက်သွားတယ် ဆိုရမှာပေါ့”

“မင်း ဆင်းရဲဒုက္ခတွေကို ခါးဆီးခံခဲ့ရတယ်”

“ကျွန်တော်က အရင်ထက် အများကြီး သန်မာနေပြီ... ကျွန်တော့်တာအိုနှလုံးသားဆို ပိုလို့တောင် မာကြောနေသေးတယ်”

ယမမင်းက ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကံကြမ္မာကို မင်းတစ်ယောက်တည်း ထမ်း...”

“မဟုတ်ဘူး”

ချင်မူက ပြုံးလျက် ပြန်ပြောသည်။ “ထာဝရငြိမ်းချမ်း‌ရေးအင်ပါယာသားတွေက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ကံကြမ္မာကို ထမ်းထားကြတယ်... ကျွန်တော်တစ်ယောက်တည်း မထမ်းနိုင်တဲ့အတွက် အားလုံးအတူတူ ထမ်းရင်း ကပ်ဘေးကို ကျော်ဖြတ်ခဲ့ကြတာပါ... ခိုင်ဧကရာဇ်ခေတ်အတွက်လည်း အလားတူပဲ... ခိုင်ဧကရာဇ်ခေတ်ရဲ့ လက်ကျန်ပြည်သူတွေအနေနဲ့ ဟိုတစ်စုသည်တစ်စု ကွဲမနေသင့်တော့ဘူး”

ယမမင်း တိတ်ဆိတ်သွားသည်။

ချင်မူက ဘုရင်ချင်ခန်းမထဲတွင် လျှောက်ကြည့်နေရင်း ပြုံးလျက် ပြောနေ၏။ “ဒီနေရာက သိပ်တည်ငြိမ်ပြီး အုံ့ဆိုင်းနေတယ်... ခင်ဗျားက ရေခဲနန်းတော်ကို နှင်ဒဏ်ပေးခံလိုက်လို့ နာကြည်းနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ တူနေတယ်... ခင်ဗျားလိုလူတောင် အခုလိုစိတ်ဓာတ်ကျနေရင် ကျွန်တော်နဲ့ အတူ အလုပ်လုပ်ဖို့ ခင်ဗျားက မသင့်တော့ဘူး... တခြားလူတွေကိုပဲ သွားတွေ့လိုက်ပါတော့မယ်”

သူသည် အပြင်သို့ ထွက်သွားပြီး အေးအေးလူလူ ရေရွတ်နေ၏။ “ခေါင်းမှာ ဆံပင်ဖြူပေါက်လာတဲ့ လူငယ်တစ်ယောက်....စိတ်ခွန်အားတွေ ပြည့်နှက်နေတဲ့ နှလုံးသားနဲ့။... မိုင်တစ်ထောင် ဒုန်းစိုင်းပြေးမယ် စိတ်ကူးထားတဲ့ သိုးအိုကြီးဟာ... ဝမ်းနည်းစိတ်ပျက်စွာ အော်ဟစ်နေသတဲ့လား”

ယမမင်းသည် ချင်မူ ဘုရင်ချင်ခန်းမထဲမှ ထွက်သွားသည်ကို ကြည့်နေ၏။ သူက ခေါင်းငုံ၍ ခြုံထည်ကို ချွတ်လိုက်ရာ ငွေရောင်ဆံပင်များ ပေါ်လာသည်။ သို့သော် သူ့မျက်နှာမှာမူ လူငယ်မျက်နှာသာ ရှိသေးသည်။

သူ့မျက်ဝန်းများက အေးစက်နေ‌သော်လည်း သူ၏သူငယ်အိမ်အတွင်း၌ မီးတောက်မီးလျှံများ ကခုန်နေချေသည်။

“ကောင်းကင်ဆရာသခင် တံငါသည်ကတော့ မေ့လျှော့ခြင်းမြစ်မှာ ငါးမျှားနေလောက်တယ်”

နတ်ဘုရားချိရှို့က ချင်မူ့ကို ရှေ့သို့ ဆက်ခေါ်လာရင်း ပြောသည်။ “အဲ့ဒီက တောင်ကျချောင်းက နက်တယ်… ဒါပေမဲ့ ငါးတွေမရှိတာတော့ နှမြောစရာပဲ… မေ့လျှော့မြစ်အောက်မှာ ဟိုဟိုသည်သည် လျှောက်သွားနေကြတဲ့ အထီးကျန်ဝိညာဉ် တစ္ဆေရိုင်းတွေပဲ ရှိတယ်လေ”

မကြာမီ ချင်မူသည် ကောင်းကင်ဆရာသခင် တံငါသည်အား တွေ့လိုက်ရ၏။ ဤအဘိုးအိုကား ဘေးတွင် ငါးခြင်းတောင်းတစ်ခြင်း ချ၍ ခုံပုလေးတစ်ခုံပေါ်တွင် ထိုင်နေချေသည်။ သူ၏ ငါးနီလေးနှစ်ကောင်က ခြင်းတောင်းထဲမှ ခေါင်းပြူကြည့်နေကြသည်။

ချင်မူ လာသည်ကို မြင်သောအခါ အနီ‌ရောင်ငါးလေးနှစ်ကောင်သည် ခြင်းတောင်းထဲ ချက်ချင်း ပြန်၀င်သွားကြ၏။ ငါးထီး‌ကလေးက ချင်မူ သတိမထားမိစေရန် ခြင်းတောင်းအဖုံးကိုပင် ဆွဲယူပိတ်လိုက်သည်။ သူက ခပ်တိုးတိုး ပြော၏။ “ဆရာကြီးတော့ မသေရုံတမယ် အရိုက်ခံရတော့မယ်”

“မဖြစ်နိုင်တာ… သူ တကယ်သေလိမ့်မယ်လို့ ငါ ထင်တယ်... ပိုးစိုးပက်စက် သေသွားတာမျိုးလေ”

“ရှူး တိုးတိုးနေ”

ချင်မူက ကောင်းကင်ဆရာသခင် တံငါသည်နောက်သို့ ရောက်လာသည်။ ကောင်းကင်ဆရာသခင် တံငါသည်၏ ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး သူ့ငါးမျှားတံမှာ တည်ငြိမ်မနေချေ။

ချင်မူက ပြုံးလျက် ပြော၏။ “ကောင်းကင်ဆရာသခင်ရဲ့ တာအိုနှလုံးသားက မတည်ငြိမ်ဘူး….သတိထား…. ငါး လွတ်သွားဦးမယ်”

ကောင်းကင်ဆရာသခင် တံငါသည်က နှာ‌မှုတ်၍ ထရပ်ကာ ငါးမျှားတံကို သိမ်းလိုက်သည်။ သူက ဝါးခမောက်ကို ချွတ်ကာ လှည့်ကြည့်လာ၏။ “ငါ ရှေ့တိုးတိုး၊ နောက်ဆုတ်ဆုတ် ပိုင်းဖြတ်ခံရမှာပဲလေ.. မင်း ငါ့ကို ရိုက်ဖို့ရောက်လာတာလား… ဆူဖို့ ရောက်လာတာလား”

ချင်မူမှာ အံ့ဩမှင်သက်သွားမိသည်။ “ဘာလို အဲ့ဒီလို ပြောရတာလဲ‌ဗျ”

‌ကောင်းကင်ဆရာသခင်တံငါသည်က သက်ပြင်းချ၍ ဖြေ၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးတုန်းက မင်း ငါတို့ကို အလိုအပ်ဆုံးအချိန်မှာ ငါတို့ ထွက်ပြေးခဲ့တယ်လေ… မင်း ငါ့ကို ဆူဆူ၊ရိုက်ရိုက် ငါ မတိုက်ခိုက်သလို ပြန်လည်း မပြောပါဘူး”

ငါးခြင်းတောင်းထဲမှ အနီရောင်ငါးလေးနှစ်ကောင်က ခြင်း၏ အပေါက်များထဲမှ ချောင်းကြည့်နေကြသည်။ ငါးမလေးက ‌ခပ်တိုးတိုး ပြောသည်။ “သူတို့ တော်ကြာတိုက်ခိုက်ရင် ငါတို့ ဖျောင်းဖြသင့်လား”

“ဟင့်အင်း”

“ငါတို့ ငါးဟင်းဖြစ်သွားတော့မှာလား”

…..

ချင်မူက လက်သီးမြှောက်၍ ကောင်းကင်ဆရာသခင် တံငါသည်၏ ရင်ဘတ်ကို ထိုးလိုက်သည်။ “ဒီကိစ္စကို ထားလိုက်ပါတော့…. ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးက ကျွန်တော့်တာအိုနှလုံးသားရဲ့ အမာရွတ်တစ်ခုပါ…. အခု ဖုန်းတုကို ရောက်လာတော့ အားလုံးကို ဒီအနာဟောင်းကို ပြန်ဆွနေကြတယ်… ကျွန်တော့်နှလုံးသားကလည်း အသွေးအသားနဲ့ ဖွဲ့တည်နေတာမလို့ အင်မတန် နာကျင်ရပါတယ်.. ထပ် မပြောပါနဲ့တော့”

ကောင်းကင်ဆရာသခင် တံငါသည်က သူ့ကို ငေးကြောင်လျက် ကြည့်နေသည်။ “မင်း… ကောင်းပြီလေ… မပြောဘဲ နေကြတာပေါ့”

ချင်မူက ပြုံး၍ ပြော၏။ “ပထမဆုံးအကြောင်းပြချက်က ကျွန်တော် ခင်ဗျားတို့ကို တွေ့ဖို့လာတာ… ဒုတိယအကြောင်းပြချက်က ကောင်းကင်နတ်မင်းတိရီယွဲ့နဲ့ တွေ့ပြီး ကောင်းကင်ယင်သားတော်ရဲ့ ကောင်းကင်နတ်သိုင်းကို ဖျက်ဆီးဖို့ သူ့ရဲ့ မင်တု ကောင်းကင်မုခ်၀ကို လာငှားတာပါ… သူ ဘယ်မှာလဲ ကောင်းကင်ဆရာသခင် သိလား”

ကောင်းကင်ဆရာသခင် တံငါသည်က စပ်စုသည်။ “မင်း တခြားသူတွေကို မတွေ့တော့ဘူးလား… ဥပမာ အဘိုးကြီးချင်းဟွမ်၊ သိကြားဗုဒ္ဓနဲ့ သစ်ခုတ်သမားပေါ့”

ချင်မူက တခဏ တုံ့ဆိုင်းနေပြီးနောက် ခေါင်းညိတ်သည်။ “ကျွန်တော် သူတို့ကို သွားတွေ့မှာပါ”

ချင်မူသည် ထွက်ခွာလာခဲ့ပြီး နတ်ဘုရားချိရှို့က သိုင်းပညာ ကောင်းကင်ဆရာသခင် နေသည့် ရွာသို့ ခေါ်သွားပေးသည်။ သူ့ဘေးတွင် သို့နျိုကမ္ဘာ ရှိနေပြီး သိုင်းပညာ ကောင်းကင်ဆရာသခင်သည် စပါးခင်းများနှင့် ဧရာမမိုးမခပင်ကြီးများကိုပင် ဖုန်းတုဆီသို့ ရွှေ့ထားခဲ့၏။

မိုးမခပင်အောက်တွင် နျိုစန်းသွောက ဆေးတံကြီးကို ဖွာနေသည်။ သူသည် ချင်မူ့ကို မြင်သောအခါ ငေါက်ခနဲ ထရပ်၍ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်နေ၏။

ချင်မူက ရှေ့သို့လျှောက်သွားကာ ပြုံးလိုက်သည်။ “အစ်ကိုကြီးစန်းသွော … နေကောင်းရဲ့လား’

“ကောင်းပါတယ်… ကောင်းပါတယ်ကွာ”

နျိုစန်းသွောက အလောတကြီး ပြောသည်။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးတုန်းက…”

ချင်မူက လက်ကာ၍ ပြောသည်။ “ထပ်ပြောစရာ မလိုတော့ပါဘူး”

နျိုစန်းသွောမှာ စကားလုံးများကို မြိုချလိုက်သည်။ “သခင်ကြီးက မင်းလာတာကို မသိသေးဘူး…. သူသာ သိရင် ပုန်းစရာနေရာ မရှိလို့ အရှက်ရနေမှာ ကျိန်းသေတယ်”

ချင်မူ ခပ်ဖွဖွ ပြုံးမိသည်။ “သိုင်းပညာ ကောင်းကင်ဆရာသခင်၊ သိုင်းပညာလမ်းစဉ်ကို သုံးပြီး နတ်ဘုရားဖြစ်လာတာ… သူ့ရဲ့စွမ်းဆောင်ရည်တွေက ဩချလောက်ပါတယ်… ကျွန်တော် ဖုန်းတုဆီ ရောက်လာတာကို သူ ဘာလို့ အာရုံမခံမိတာလဲ… သူ တခဏတော့ ပုန်းလို့ရပေမယ့် ပုန်းပြီးရင် ကျွန်တော့်ကို တွေ့ဖို့ ထွက်လာရမှာပဲ”

ထိုအခိုက်အတန့်တွင် သိုင်းပညာ ကောင်းကင်ဆရာသခင် ကွမ်းချာ၏ အသံက သူ့အနောက်မှ ထွက်လာသည်။ “မင်း ဒီကိုလာတဲ့ သတင်းကို ကြားပြီးတော့ ငါ တကယ် ပုန်းခဲ့တယ်… ဒါပေမဲ့ သေချာစဉ်းစားလိုက်တော့ ငါ မင်းကို ထွက်တွေ့ရဦးမှာပဲလေ… ငါ မင်းကို စိတ်ပျက်စေခဲ့မိတယ်.. ငါ ဆက်ပုန်းနေရင် ပိုပြီးတော့တောင် အဖြစ်မရှိဦးမယ်”

ချင်မူက လှည့်၍ ပြုံးလိုက်၏။ “ကောင်းကင်ဆရာသခင်….”

ရုတ်တရက် သိုင်းပညာ ကောင်းကင်ဆရာသခင်သည် ဒူးထောက်၍ သူ့အား အကြိမ်ကြိမ် ဂါ၀ရပြုလေသည်။ မြေကြီးပေါ်တွင် ချိုင့်ခွက်ပင် ပေါ်လာ၏။

“ငါ ဖြောင့်မတ်တဲ့ စိတ်နဲ့ ‌မတ်မတ် ရပ်ပြီး ကောင်းကင်နဲ့မြေကြီးကို မော့ကြည့်နိုင်မယ်ထင်ခဲ့တာ…. ဒါပေမဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးအကြောင်း မေ့မရခဲ့ဘူး”

ချင်မူမှာ သူ့ကို ထူရန် ပြင်လိုက်သော်လည်း သိုင်းပညာ ကောင်းကင်ဆရာသခင်က သူ၏ ပြင်းထန်လှသော သိုင်းအဆင့်ဖြင့် ချင်မူ့ကို ဖိနှိပ်ကာ သူ၏ ဂါ၀ရပြုမှုအား ခံယူစေသည်။ သူက တည်ကြည်စွာ ပြော၏။ “သို့နျိုကမ္ဘာသားတွေက ခိုင်ဧကရာဇ်ခေတ်မှာ သေဆုံးခဲ့တဲ့ စစ်သည်‌တော်တွေရဲ့ မျိုးဆက်တွေပဲ… သူတို့တွေဟာ ကောင်းကင်တံတားတွေ ဖျက်ဆီးခံခဲ့ရတဲ့အတွက် မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် သေခြင်းတရားကို ‌မရှောင်လွှဲနိုင်ခဲ့ဘူး… မင်း သူတို့ကို ကယ်ခဲ့တယ်… ဒါပေမဲ့ မင်း ဒုက္ခရောက်နေတဲ့အချိန်မှာ ငါ မင်းကို ပစ်ထားခဲ့တယ်… ဒါက လူကြီးလူကောင်းတစ်ယောက်ရဲ့ လုပ်ရပ်မဟုတ်ဘူး… သူယုတ်မာတစ်ယောက်ရဲ့ လုပ်ရပ်ပဲ”

ချင်မူမှာ သူ့ကို လွတ်ထားရုံသာ တတ်နိုင်တော့သည်။

သူ အမှားပြင်နေသည်ကို တားလိုက်ပါက သိုင်းပညာအပေါ် ထားရှိသည့် သူ၏နှလုံးသားကို ထိခိုက်စေလိမ့်မည်။

All Chapters