← Chapters

ဆရာတပည့်၏ တွေ့ဆုံမှု

Vol. 90 Ch. 1176

ဆရာတပည့်၏ တွေ့ဆုံမှု

Vol. 90 Ch. 1176

အမှန်တွင် ချင်မူသည် သိုင်းပညာ ကောင်းကင်ဆရာသခင်ဖြစ်စေ၊ ယမမင်းဖြစ်စေ မည်သူကိုမှ အပြစ်မတင်ခဲ့ချေ။

သူ့နှလုံးသားထဲရှိ အဖုအထစ်သည် ခိုင်ဧကရာဇ်၏ အမိန့်သာ ဖြစ်ခဲ့သည်။ သို့သော် ခိုင်ဧကရာဇ်နှင့် တွေ့ဆုံပြီး ရွှင်ပျော်ပျော်‌ကျေးရွာ၏ လက်ရှိအခြေအနေကို သိခဲ့ရပြီးနောက် ထိုအဖုအထစ်မှာ ပပျောက်သွားခဲ့သည်။

သို့သော် သူ့ရင်ထဲက အစိုင်အခဲများ ပျောက်ကွယ်သွားသော်လည်း ဖုန်းတုတွင် နေထိုင်နေသည့် ခိုင်ဧကရာဇ်လက်အောက်ငယ်သားများ၏ ရင်ထဲက အဖုအထစ်များမှာ မပျောက်ကွယ်သေးပေ။

သူတို့အားလုံးသည် သူရဲကောင်းများ ဖြစ်ကြသော်လည်း နှလုံးသားနောက်ကို လိုက်၍ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို ကယ်တင်ခွင့် မရှိခဲ့ချေ။ ကယ်တင်ကူညီပေးလိုစိတ်ကို မြိုသိပ်ထားရသည့်အခါ တာအိုနှလုံးသားများ ထိခိုက်လာခဲ့သည်။

ချင်မူ သူတို့ကို ဤတစ်ခေါက် လာတွေ့ရသည့် အကြောင်းအရင်းက သူ့ရင်ထဲရှိ အစိုင်အခဲများ၊ အဖုအထစ်များ ပပျောက်သွားစေရန်လည်း ပါသည်။

သူက သိုင်းပညာ ကောင်းကင်ဆရာသခင်ကို နှုတ်ဆက်၍ အဘိုးချင်းဟွမ်၏ နဂါးရွာသို့ ရောက်ရှိလာခဲ့သည်။ ချင်းရသည် သူ လာနေသည်ကို မြင်လျှင် အံ့ဩ ၀မ်းသာသွား၏။ သူမမှာ သူ့ကို အော်ခေါ်ကာ နှုတ်ဆက်ချင်သော်လည်း စိတ်ထိန်းလိုက်သည်။

ချင်မူက ပြုံး၍ ‌သူမနှင့် နဂါးရွာသားများအား ခေါင်းညိတ်ပြလိုက်သည်။

အဘိုးချင်းဟွမ်လည်း သူ ရောက်လာကြောင်း အာရုံခံမိသဖြင့် ရွာရှေ့ထွက်ကာ ကြိုဆိုနှုတ်ဆက်၏။ “ချင်သားတော်…”

ချင်မူလည်း သူ့ကို ပြန်လည်နှုတ်ဆက်သည်။ “မြစိမ်းဧကရာဇ်၊ ခိုင်ဧကရာဇ်မင်းဆက်ရဲ့ နဂါးသွေးကြော၊ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ နဂါးသွေးကြောရဲ့ ဖန်တီးသူ၊ ခင်ဗျားက ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ တည်ထောင်သူတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်… ရှေးဟောင်းနဂါးကျင့်စဉ်နဲ့ ဧကရာဇ်တံဆိပ်ပြားကို အနာဂတ် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာအတွက် လမ်းခင်းပေးခဲ့တဲ့ လင်မိသားစုရဲ့ ဘိုးဘေးဆီ လွှဲပြောင်းပေးခဲ့တာလည်း ခင်ဗျားပါပဲ… ဘာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်ရတာလဲ”

အဘိုးချင်းဟွမ်က ခေါင်းရမ်းသည်။ “ငါ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာကို မကာကွယ်ခဲ့ဘူး”

ချင်မူက ပြုံးလျက် ပြော၏။ “ဘယ်သူကမှ ခင်ဗျားကို အပြစ်မတင်ခဲ့ပါဘူး… ခင်ဗျားပဲ စိတ်မပြတ်နိုင်သေးတာပါ… ခင်ဗျားနဲ့ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဆက်ဆံရေးက ဘယ်သူမဆိုထက် နက်ရှိုင်းပြီးသားပါ… ခင်ဗျားကိုယ်ခင်ဗျား အပြစ်တင်စရာမလိုပါဘူး”

အဘိုးချင်းဟွမ်သည် ဦးညွှတ်အရိုအသေပေး၍ တုံ့ပြန်၏။ “ကောင်းကင်နတ်အရှင်ရဲ့ သင်ပြမှုတွေကို မသွေဖယ်ရဲပါဘူး”

ချင်မူက ထွက်ခွာ၍ ဖုန်းတု၏ အတွင်းထဲသို့ နတ်ဘုရားချိရှို့နောက်မှ လိုက်သွားသည်။ အထဲလျှောက်လာခဲ့ရင်း ကျယ်လောင်အသံတစ်သံနှင့် ဗုဒ္ဓကျမ်းဂန်ရွတ်ဖတ်သံများ ကြားလိုက်ရသည်။ အသံလာရာသို့ လျှောက်သွားသည့်အခါ သိကြားလီရုံလန်သည် ဖုန်းတု၏ မိစ္ဆာဝိညာဉ်များအလယ်တွင် ခြေဗလာဖြင့် ရပ်နေ‌ကြောင်းတွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်တွင် သံကြိုးများက ရစ်ပတ်နေပြီး သူ့မျက်လုံးများမှာ တင်းတင်းကြပ်ကြပ် ပိတ်ထားသည်။

သူသည် အနန္တကပ်လေးသုတ္တန်ကို ရှုမှတ်လျက် အိပ်မက်များထဲသို့ မကြာမကြာ ၀င်ရောက်နေသည်။ သူ့အိပ်မက်များသည် ဗုဒ္ဓတိုင်းပြည်တစ်ပြည်နှင့် စင်ကြယ်သော သုခဘုံအဖြစ် အသွင်ပြောင်သွား၏။ သို့သော် ဗုဒ္ဓတိုင်းပြည်၏ သုခဘုံမှာ မိစ္ဆာဝိညာဉ်များ၏ နှောင့်ယှက်ခြင်း ခံနေရပြီး သူ့အိပ်မက်များထဲသို့ ထိုးဖောက်ဝင်ရောက်နေသည်။ သူ့အိပ်မက်များထဲတွင် လီရုံလန်မှာ မိစ္ဆာဝိညာဉ်များ၏ သတ်ဖြတ်ခြင်း ခံရပြီး သုခံဘုံမှာ ပျက်စီးယိုယွင်းကာ အိပ်မက်ဆိုးများ အဆက်မပြတ် ဖြစ်ပွားနေစေသည်။

သိကြားဗုဒ္ဓက အော်ဟစ်လိုက်၏။ “ငရဲက ဗလာဖြစ်မနေရင် ငါ့ထိုးထွင်းသိမြင်ဉာဏ်ဟာ မှားယွင်းနေတာပဲ”

ချင်မူက နတ်ဘုရားချိရှို့ကို ရပ်ရန် အချက်ပြလိုက်ပြီး သိကြားဗုဒ္ဓအရှေ့တွင် ရပ်လိုက်သည်။ သူလည်း တင်ပျဉ်ခွေထိုင်လျက် မျက်လုံးများ မှိတ်ကာ အိပ်မက်ကမ္ဘာထဲ ၀င်ရောက်သွားသည်။

အိပ်မက်များသည် ပေါင်းစည်းသွားပြီး သိကြားဗုဒ္ဓမှာ ဗုဒ္ဓတိုင်းပြည်၏ ဖြူစင်သော သုခဘုံနယ်မြေတွင် မရှိတော့ချေ။ ထိုအစား လူတိုင်း အလုပ်ကြိုးစား၍ ရဲရဲရင့်ရင့် တိုက်ခိုက်ကြသော ကမ္ဘာတစ်ခုတွင် ဖြစ်သည်။ မိစ္ဆာဝိညာဉ်များ ရှိနေဆဲဖြစ်သော်လည်း မကျူးကျော်ရဲတော့ချေ။

အချိန်အတော်ကြာပြီးနောက် သိကြားဗုဒ္ဓမှာ နိုးထလာပြီး ရုတ်တရက် သဘောပေါက်နားလည်သွားသည်။ သူက ချင်မူ့ကို ဦးညွှတ်အရိုအသေပေးလိုက်၏။

သိကြားဗုဒ္ဓက သူ့ကို လိုက်ပို့နှုတ်ဆက်၍ တစ်ယောက်တည်း တခဏကြာ ရေရွတ်နေပြီးနောက် မိစ္ဆာဝိညာဉ်များ လှည့်ပတ်သွားလာနေသည့် ဤနေရာမှ ထွက်ခွာသွားသည်။ သူက အသံကို နှိမ့်၍ ရေရွတ်နေသည်။ “မိစ္ဆာဝိညာဉ်တွေက လူသားလောကကနေ ထွက်ပေါ်လာကြတာပဲ… လောကမှာ မကောင်းတဲ့လူတွေ ရှိနေသရွေ့ ငရဲဟာ ဘယ်တော့မှ ဗလာကျင်းနေမှာမဟုတ်ဘူး”

“ကောင်းကင်နတ်အရှင်မူနဲ့ သိကြားဗုဒ္ဓက အခု စကားတစ်ခွန်းမှ မပြောခဲ့ဘူး… သိကြားဗုဒ္ဓက ဘယ်လိုလုပ် ဉာဏ်အလင်းပွင့်သွားခဲ့ရတာလဲ” နတ်ဘုရားချိရှို့က ဇဝေဇဝါဖြင့် မေးသည်။

ချင်မူက ပြုံးလျက် ပြောသည်။ “ကျွန်တော် သူ့ကို အိမ်မက်လောကထဲမှာ ပြောပြီးသွားတာက ပိုပြီးသင့်တော်တယ်ဆိုတော့ ဘာလို့ စကားပြောနေရဦးမှာလဲ”

နတ်ဘုရားချိရှို့မှာ ‌ဇဝေဇဝါဖြစ်နေသည်။

ရုတ်တရက် ချင်မူက ရပ်လိုက်သည်။ အရှေ့တွင် ကျားနက်နတ်မင်း ရှိနေချေသည်။

ဧရာမ ကျားနက်ကြီးမှာ မြေပြင်ပေါ်တွင် လှဲနေပြီး သူ့ဘေးတွင် တဲအိမ်နှစ်အိမ် ရှိနေ၏။ သစ်ခုတ်သမားက သစ်ခုတ်သမားအ၀တ်အစားများကို ၀တ်၍ သစ်ပင်အိုကြီးတစ်ပင်ကို ခုတ်နေသည်။

သူ ပုဆိန်တစ်ချက် လွှဲလိုက်တိုင်း သစ်ပင်အိုကြီး၏ တစ်စိတ်တစ်ပိုင်းမှာ ခုတ်ထစ်ခံလိုက်ရသည်။ သို့သော် နောက်ထပ် အစိတ်အပိုင်းတစ်ခုက ထိုနေရာတွင် အစားထိုး၀င်ရောက်လျက် သံသရာလည်နေတော့သည်။

ချင်မူက ရှေ့သို့လျှောက်သွား၍ ထိုအရာကို တခဏ ကြည့်နေသည်။ ရုတ်တရက် သူက ဓားကို ထုတ်ကာ သစ်ပင်အိုကြီးအား ပိုင်းချလိုက်လေသည်။

ချင်မူသည် ဓားကို ဓားအိမ်အတွင်း ပြန်ထည့်၍ ထွက်ခွာရန် ပြင်လိုက်၏။

“မင်းအစ်ကိုကြီးက ငါ သစ်ခုတ်တာကို နှစ်ပေါင်းများစွာ ထိုင်ကြည့်ခဲ့ရတာ”

သူ့အနောက်မှ တန်ခိုးရှင်သစ်ခုတ်သမား၏ အသံ ထွက်ပေါ်လာသည်။ “မင်းကတော့ ‌အမွှေးတိုင်တစ်တိုင်ထွန်းစာတောင် မကြည့်နိုင်ဘဲ ငါ့သစ်ပင်ကို ခုတ်ပိုင်းခဲ့တယ်”

ချင်မူက လှည့်၍ ပြုံးပြလိုက်သည်။ “ဆရာ၊ ကျွန်တော် ဆရာ့ဆီက သင်ယူနေတာ ဆရာ့ရဲ့ အကျင့်စရိုက်ပါ…. ကောင်းကင်နတ်သိုင်းတွေမဟုတ်ဘူး… ကျွန်တော် ပိုကောင်းတဲ့အရာတွေကို နားလည်ပြီးခဲ့တဲ့အတွက် ဆရာ့ဟာတွေကို စိတ်မဝင်စားတော့ဘူး”

“အဲ့ဒီမှာ ရပ်လိုက်စမ်း”

တန်ခိုးရှင်သစ်ခုတ်သမားသည် ဒေါသအမျက်တချောင်းချောင်း ဆူပူ၏။ “ငါ သင်ပေးခဲ့တာတွေကို အထင်သေးတာပေါ့လေ… ငါ မင်းကို မသင်ခဲ့ပေးခဲ့တဲ့ အကြောင်းအရင်းက မင်းက စိတ်အပြောင်းအလဲမြန်လွန်းလို့ပဲကွ… ငါ ဘာကိုသင်ပေးရမလဲတောင် မသိခဲ့ဘူး… ငါ မင်းရဲ့အစ်ကိုကြီးကိုပဲ အချိန်အကြာဆုံး သင်ပေးခဲ့တာ… သူ့ကို ခိုင်ဧကရာဇ်ခေတ်က အောင်မြင်မှုတွေအားလုံး သင်ပေးဖို့ ကြိုးစားခဲ့ပေမယ့် သူက အဲ့လောက် ထူးချွန်ပြောင်မြောက်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး… သိပ်မထူးချွန်တဲ့သူကတော့ မင်းရဲ့ တတိယညီပဲ …. ငါ သူ့ကို အကောင်းဆုံး ကြိုးစားပြီး သင်ပေးခဲ့တယ်... ငါ သူ့ကို သင်ပေးခဲ့တာတွေက ‌ကမ္ဘာခေတ်နှောင်းလမ်းစဉ် ၃၆ ခုကို အသုံးပြုပြီး တာအိုနဲ့ ကောင်းကင်တာအို ၇၂ ခုကို ရရှိပြီးတော့ တန်ခိုးရှင်တစ်ဦး ဖြစ်လာဖို့ပဲ”

ချင်မူက မျက်တောင်ပုတ်ခတ်လိုက်သည်။ “သူက ကျွန်တော်နဲ့ ယှဉ်လို့မှ မရတာ”

တန်ခိုးရှင်သစ်ခုတ်သမားမှာ ချင်မူ့အား ပုဆိန်ဖြင့် အပိုင်းပိုင်း ခုတ်ထစ်ပစ်လိုက်ချင်စိတ်ကို ထိန်းချုပ်ထားရ၏။ သူက အေးစက်စွာ နှာမှုတ်လိုက်ရင်း ပြောသည်။ “‌ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်နတ်ဘုံကို ကျင့်ကြံဖို့ ကောင်းကင်နန်းဆောင် ၃၆ ဆောင် တည်‌ဆောက်တဲ့လမ်းကို လျှောက်လှမ်းခဲ့ကြတာ… ဒါပေမဲ့ သူတို့မှာ ကောင်းကင်နန်းဆောင် ၃၆ ဆောင်ပဲ ရှိပြီး ပလ္လင်ခန်းမ ၇၂ ခု မရှိဘူး… ကောင်းကင်နတ်ဘုံအဆင့်ကိုအပေါ် သူတို့ရဲ့ နားလည်မှုက ငါ့လောက် နက်နဲမှာမဟုတ်ဘူး… ခိုင်ဧကရာဇ်ရဲ့ နံပါတ်တစ် ကောင်းကင်ဆရာသခင်အနေနဲ့ ငါ့ရဲ့ ပင်ကိုစွမ်းရည်က မရင့်သန်ပေမယ့် ကောင်းကင်နတ်ဘုံအဆင့်နဲ့ ပက်သက်ပြီး အတွေးတချို့တော့ ရှိသေးတယ်”

ချင်မူက နားထောင်နေ၏။

တန်ခိုးရှင်သစ်ခုတ်သမားက ပြောသည်။ ‌”ကောင်းကင်နတ်အရှင်ဆယ်ပါးက ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကို ကျင့်ကြံရင်တောင်မှ အစစ်အမှန် ကောင်းကင်နတ်ဘုံအဆင့် ရောက်မှာမဟုတ်ဘူး… သူတို့မှာ ပလ္လင်ခန်းမ ၇၂ ခု မရှိတဲ့အတွက် အခြေခံက တည်မြဲလိမ့်မှာ မဟုတ်ဘူး… ‌ကောင်းကင်နန်းဆောင်အမျိုးမျိုးက တစ်ခုနဲ့တစ်ခု ကန့်သတ်ပြီး သူ့တို့ရဲ့ စွမ်းရည်တွေကို ချုပ်ချယ်လိမ့်မယ်… သူတို့က လမ်းမှားကို လျှောက်ခဲ့ကြတာပဲ… သူတို့ ကောင်းကင်နတ်ဘုံအဆင့်ဆီ မြန်မြန်ကျင့်ကြံချင်ရင် ကမ္ဘာခေတ်နှောင်း လမ်းစဉ် ၃၆ လမ်းကို ကောင်းကင်နန်းဆောင် ၃၆ ခုအဖြစ် သုံးပြီး ကမ္ဘာခေတ်ဦးတာအို ၇၂ ခုနဲ့ အားဖြည့်ရလိမ့်မယ်… ဒီနည်းနဲ့ ကောင်းကင်နတ်ဘုံအဆင့်ဆီ မြန်မြန်ကျင့်ကြံပြီး အခြေခံ တည်မြဲနိုင်လိမ့်မယ်… ငါ ဒါကို မင်းရဲ့ တတိယအစ်ကိုကို လွှဲပြောင်းပေးခဲ့ပြီးပြီ”

ချင်မူက စဉ်းစားပြီးနောက် တုံ့ပြန်သည်။“ဆရာက ဘက်လိုက်တာပဲ”

တန်ခိုးရှင်သစ်ခုတ်သမားမှာ ဆွေ့ဆွေ့ခုန်သွားကာ ဒေါသကို ချုပ်တည်းထားရ၏။ “မင်းရဲ့ လက်ရှိစွမ်းဆောင်ရည်တွေက ငါ့ထက် သာပေမယ့် ငါ့အတွေ့အကြုံတွေက မင်းထက် သာနေသေးတယ်… မင်း ကောင်းကင်နတ်ဘုံလမ်းစဉ်ကို လျှောက်လှမ်းချင်ရင် ငါ မင်းရဲ့သိုင်းကွက်တွေကို ပြန်နေရာချပြီးတော့ ကောင်းကင်နန်းဆောင်နဲ့ ပလ္လင်ခန်းမတွေ ဒွန်တွဲနေတဲ့ လမ်းစဉ်ကို လျှောက်လှမ်းခွင့်ပေးနိုင်တယ်”

ချင်မူက ထပ်မံ စဉ်းစားပြီးနောက် ခေါင်းရမ်းကာ ထွက်ခွာသွားသည်။ “မလိုပါဘူး.. ကျွန်တော် ပိုကောင်းတာကို နားလည်ပြီးနေပြီ…. ကျွန်တော့်မှာ ဝိညာဉ်သန္ဓေသားအဆင့်လို့ခေါ်တဲ့ အဆင့်တစ်ဆင့်ပဲ ရှိတယ်… ကောင်းကင်နန်းဆောင်ဖြစ်ဖြစ် ကောင်းကင်နတ်ဘုံအဆင့်ဖြစ်ဖြစ် အရေးမပါဘူး.. ဒီအတိုင်း အပေါ်ယံတွေချည်းပဲ”

တန်ခိုးရှင်သစ်ခုတ်သမားမှာ စိတ်မချုပ်တည်းနိုင်တော့ဘဲ ပုဆိန်ကို မြှောက်၍ သူ့နောက်မှ ပြေးလိုက်လာ၏။

ချင်မူက အင်္ကျီလက်စကို ခါလိုက်ရာ လေတစ်ဝှေ့က တန်ခိုးရှင်သစ်ခုတ်သမားကို သယ်ဆောင်၍ အဝေးတစ်နေရာသို့ လွှင့်ပစ်လိုက်သည်။

ကျားနက်နတ်မင်းသည် နိုးလာပြီး အော်၏။ “စိတ်မပူနဲ့ ညီလေး… ငါ ရှိနေသရွေ့ အဘိုးကြီး မပျောက်စေရဘူး” ထိုသို့ပြောပြီးနောက် သူက တန်ခိုးရှင်သစ်ခုတ်သမားကို ရှာရန် ထွက်သွားသည်။

ချင်မူက တဟားဟား ရယ်လျက် နတ်ဘုရားချိရှို့နှင့်အတူ ထွက်ခွာသွား၏။

တန်ခိုးရှင်သစ်ခုတ်သမားမှာ လေပြေအဝှေ့ကြောင့် ငေးကြောင်နေခဲ့ပြီး အချိန်အတော်ကြာမှ မြေပေါ်သို့ ကျလာခဲ့လေသည်။ သူ့မှာ မအံ့ဩမိဘဲ မနေနိုင်ချေ။ “ဒီကောင်စုတ်လေးက တကယ်ပဲ သူ့လမ်းစဉ်သူ‌ လျှောက်ခဲ့တာများလား”

နတ်ဘုရားချိရှို့မှာ ဆွံ့အမှင်သက်နေ၏။ ချင်မူ့ ကောင်းကင်နတ်သိုင်းများမှာ အမှန်တကယ် စွမ်းအားကြီး၍ အံ့ဩမှင်သက်ဖွယ် ကောင်းချေသည်။

တန်ခိုးရှင်သစ်ခုတ်သမားသည် ဗဟုသုတအကြွယ်၀ဆုံး ဖြစ်ပြီး ကောင်းကင်နတ်သိုင်းများကို ဖြေရှင်းရာ၍ အတော်ဆုံးဖြစ်၏။ သူ၏သိုင်းအဆင့်က မမြင့်မားသော်လည်း လောကရှိ မည်သည့်ကောင်းကင်နတ်သိုင်းကိုမဆို ဖြေရှင်းနိုင်ချေသည်။

သို့ထိတိုင် ချင်မူ၏အင်္ကျီလက်စက သူ့အား လွင့်ထွက်သွားစေခဲ့၏။ တန်ခိုးရှင်သစ်ခုတ်သမားသည် ဤကောင်းကင်နတ်သိုင်းကို မချိုးဖျက်နိုင်ခဲ့ခြင်းက သူ မည်မျှ စွမ်းအားကြီးကြောင်း ဖော်ပြနေချေသည်။

“ဖုန်းတုရဲ့ အနက်ရှိုင်းဆုံးနေရာက ကောင်းကင်နတ်မင်း တိရီယွဲ့ နေတဲ့နေရာပဲ”

နတ်ဘုရားချိရှို့က ရှေ့သို့ ညွှန်ပြသဖြင့် ချင်မူ လှမ်းကြည့်လိုက်သည်။ မင်တုကောင်းကင်မုခ်ဝသည် ဖုန်းတု၏ န၀မနတ်ဘုရားမြို့တွင် တိတ်တဆိတ် တည်ရှိနေသည်ကို တွေ့လိုက်ရသည်။ မြို့အပြင်၌ ငရဲပင်လယ်တစ်စင်းလည်း ရှိ၏။ တိရီယွဲ့သည် မင်တု၏ ငရဲမြစ်ကို တုပ၍ ‌တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်သော်လည်း ကောင်းကင်ယင်သားတော်၏ ငရဲမြစ်နှင့် မတူပေ။

“မမကြီးတိရီယွဲ့၊ ချင်မူ လာလည်ပါတယ်ဗျ” ချင်မူက ကျယ်လောင်စွာ‌ ခေါ်လိုက်သည်။

တိရီယွဲ့အသံက အဝေးမှ ထွက်ပေါ်လာသည်။ “ငါ နင်နဲ့ မတွေ့လို့မရဘူးလား… ငါ နင့်ကို စိတ်ပျက်စေခဲ့တဲ့အတွက် နင့်ကို တွေ့ရမှာ အရှက်ရမိတယ်”

ချင်မူက ပြုံး၏။ “ကျွန်တော် ကောင်းကင်ယင်သားတော်ရဲ့ ကောင်းကင်နတ်သိုင်းကို ရှင်းမလို့ ရောက်လာတာပါ”

“စောစောက ပြောပါလား မောင်လေးရယ်”

တိရီယွဲ့က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။ “လာ…. မြန်မြန်၀င်ခဲ့”

All Chapters