အိပ်မက်နှစ်ခု ရစ်ဖွဲ့သွားခြင်း
Vol. 90 Ch. 1177
ချင်မူသည် ငရဲပင်လယ်ကို ဖြတ်ကာ ဖုန်းတု၏ ကိုးမြို့မြောက် နတ်ဘုရားမြို့အထဲ လမ်းလျှောက်ဝင်သွား၏။ သူက မင်တုကောင်းကင်မုခ်ဝ၏ အခြေသို့ ရောက်လာသည့်အခါ ထိုအရာဝတ္ထုကြီးအား မော့ကြည့်နေလေသည်။
ဤမင်တုကောင်းကင်မုခ်ဝသည် ကောင်းကင်ယင်သားတော်နှင့် တိရီယွဲ့ အတူတည်ဆောက်ထားသော အရာဖြစ်၏။ တိရီယွဲ့တွင် မည်သည့်ကျင့်စဉ်မဆို အလွယ်တကူ တတ်မြောက်နိုင်သည့် သုခခန္ဓာနှင့် ကောင်းကင်နယ်စားမင်း၏ သွေးလည်း ရှိသည်။ သူမသည် ဤကမ္ဘာပေါ်တွင် အသန်မာဆုံး ဝိညာဉ်ခန္ဓာများထဲမှ တစ်ခုဟု သတ်မှတ်နိုင်ပေသည်။
သုခခန္ဓာ၏ အားသာချက်က မည်သည့်ကျင့်စဉ်၊ လမ်းစဉ်၊ ကောင်းကင်နတ်သိုင်းမဆိုနှင့် ကိုက်ညီသောကြောင့် အခက်အခဲများစွာ မရှိဘဲ အလျင်အမြန် တတ်မြောက်ကျွမ်းကျင်နိုင်ခြင်းပင်။
ကောင်းကင်ယင်သားတော်၏ ဧကရာဇ်ပလ္လင်အဆင့် ရတနာက မင်တုကောင်းကင်မုခ်ဝ ဖြစ်သည်။ နဂါးခေတ်အလယ်ပိုင်းလောက်ကတည်းက မင်တုကောင်းကင်မုခ်ဝအား သူ တည်ဆောက်ချင်ခဲ့သော်လည်း အကြိမ်ပေါင်းများစွာ ကြေမွပျက်စီးသွားခဲ့သဖြင့် ပြည့်စုံအောင် မလုပ်နိုင်ခဲ့ပေ။
ခိုင်ဧကရာဇ်ခေတ်သို့ ရောက်လာသည့်အခါ ကောင်းကင်ယင်သားတော်က ဧကရာဇ်ပလ္လင်အဆင့်အား အပြည့်အဝ ရောက်ရှိသွားခဲ့သည်။ သူအနေဖြင့် အဆုံးစွန်အထိ ကျင့်ကြံအားထုတ်ပြီး၍ ဆက်လက်တိုးတက်နိုင်တော့မည် မဟုတ်မှန်း သိခဲ့သည့်အတွက် ကောင်းကင်နတ်ဘုံအဆင့်ကျင့်စဉ်တစ်ခု ရအောင် ကြိုးစားတော့သည်။
သို့သော် သူက ကောင်းကင်နတ်အရှင်ဆယ်ယောက်ထဲမှ တစ်ယောက် မဟုတ်ပေ။ သူ ကျင့်ကြံထားသော ယိုတုမဟာတာအိုကို အခြေခံပြီး အခြားစနစ်များမှ ကျင့်စဉ်များအား ကျင့်ကြံသည့်အခါ အခက်အခဲများစွာ ရင်ဆိုင်ရသည်။
သူသည် အခြားကျင့်စဉ်များကို သူ၏မူလကျင့်စဉ်အထဲ ပေါင်းထည့်ချင်သော်လည်း အကြိမ်တိုင်း မအောင်မြင်ခဲ့ပေ၊။
အခြားတစ်ဖက်တွင် မင်တုကောင်းကင်မုခ်ဝကို တည်ဆောက်၍ အခြားကျင့်စဉ်များနှင့် ပေါင်းစည်းကြည့်ရာတွင်လည်း မအောင်မြင်ပြန်ပေ။
ထိုအချိန်တုန်းက တိရီယွဲ့၏ ဂုဏ်သတင်းက အကျော်ဇော်ဆုံး ဖြစ်လာခဲ့ပြီး အနန္တကောင်းကင်ဘုံများတွင် တစတစ ထင်ပေါ်လာခဲ့သည်။
ထိုခေတ်အခါတုန်းက ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံသည် ရှေးဟောင်းနတ်ဘုရားများ၏ အထောက်အပံကို ရရှိနေဆဲ ဖြစ်၏။ ရှေးဟောင်းနတ်ဘုရားများက ခိုင်ဧကရာဇ်ခေတ်ကို တုနှိုင်းမဲ့ ပြိုင်ဘက်ကင်းအောင် အင်အားကြီးမားသော အခြေအနေသို့ တွန်းပို့ချင်ခဲ့ကြသည်။ ခိုင်ဧကရာဇ်အား မြေတောင်မြှောက်ပေးပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးနှင့် ရင်ဆိုင်စေလိုခဲ့သည်။
ထို့ကြောင့် ခိုင်ဧကရာဇ်ကောင်းကင်ဘုံကား ကောင်းကင်နယ်စားမင်း၊ မြေအောက်ဘုံအရှင်သခင်နှင့် ရှေးဟောင်းနတ်ဘုရားနတ်မင်းလေးပါးနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်ထားနိုင်ခဲ့သည်။
ခိုင်ဧကရာဇ်က တိရီယွဲ့ကို ရှေးဟောင်းနတ်မင်းလေးပါးနှင့်အတူ သွားရောက်ကျင့်ကြံစေကာ သူတို့အား ဆရာအဖြစ် တင်မြှောက်စေခဲ့သည်။ သူမသည် မဟာကောင်းကင်နန်းဆောင်လေးခုအား တစ်ခါတည်း ဖွဲ့တည်နိုင်ခဲ့သဖြင့် လောကတစ်ခွင်အား တဖိန့်ဖိန့် တုန်လှုပ်စေခဲ့၏။
ထိုမျှသာမက ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်လေးခုကိုလည်း ပေါင်းစည်းနိုင်ခဲ့သောကြောင့် ဧကရာဇ်မင်းနေရာအတွက် ခိုင်ဧကရာဇ်နှင့်ပင် ပြိုင်နိုင်ခဲ့သည်။ သူမ ရှုံးနိမ့်သွားခဲ့သော်လည်း ခိုင်ဧကရာဇ်က သူမကို ပို၍ပင် အလေးထားခဲ့သည်။ ယင်းက စိတ်နှလုံးလှုပ်ခတ်ဖွယ်ရာ ဇာတ်လမ်းတစ်ပုဒ်ပင် ဖြစ်လာခဲ့သေးသည်။
ထိုကာလအတွင်း ကောင်းကင်ယင်သားတော်က တိရီယွဲ့ထံ ချဉ်းကပ်ပြီး မင်တုကောင်းကင်မုခ်ဝကို ကူညီတည်ဆောက်ပေးရန် တောင်းဆိုခဲ့သည်။ ကောင်းကင်ယင်သားတော်၏ ချောမောသော ရုပ်သွင်၊ အပြောချိုသော စကားများကြောင့် နှစ်ယောက်သား အတိုင်အဖောက် ညီခဲ့၏။
တိရီယွဲ့သည် အလွန်အင်အားကြီးမားသော်လည်း သူမနှလုံးသားတစ်ခုလုံးအား ကောင်းကင်ယင်သားတော်ဆီ ပုံအပ်ပေးခဲ့မိ၏။ သူမက သူ၏ ဧကရာဇ်ပလ္လင်အဆင့်ကျင့်စဉ်များ ပေါင်းစည်းအောင် ကူညီခဲ့သည်သာမက ကောင်းကင်ယင်သားတော် မင်တုကောင်းကင်မုခ်ဝ တည်ဆောက်နိုင်အောင်လည်း ကူညီခဲ့သည်။ မည်သည်ကိုမျှ ထိမ်မချန်ထားခဲ့ဟုပင် ဆိုရပေမည်။
တိရီယွဲ့ ကောင်းကင်ယင်သားတော်နှင့် လက်ထပ်ရန် ပြင်ခဲ့သော အချိန်မှာ ခိုင်ဧကရာဇ်ခေတ် အဆုံးသတ်တော့မည့် အချိန်လည်း ဖြစ်နေခဲ့၏။ အခြေအနေက အလွန်မာယာများခဲ့သောကြောင့် ခိုင်ဧကရာဇ်က ကောင်းကင်နတ်မင်း လီရုံလန်ကို တိတ်တဆိတ် အမိန့်ပေးကာ ရွှင်ပျော်ပျော်ကျေးရွာ တည်ဆောက်စေခဲ့သည်။
လီရုံလန်က ရွှင်ပျော်ပျော်ကျေးရွာကို တည်ဆောက်ပြီးစီးသည့်အခါ ပရမတ္တလှေကို စတင်ဆောက်လုပ်သည်။ ထိုအချိန်တွင် တိရီယွဲ့က လူများစွာ၏ စေတနာနှင့် အကြံဉာဏ်များကို ဆန့်ကျင့်ကာ ကောင်းကင်ယင်သားတော်နှင့် လက်ထပ်ရန် ဆုံးဖြတ်ချက်ချခဲ့၏။ သူမမှာ အချစ်ကြောင့် စုံလုံးကန်းနေသောကြောင့် အခြေအနေကို ရှင်းလင်းစွာ မမြင်နိုင်ခဲ့ရာ မင်္ဂလာဦးညမှာတင် အသတ်ခံခဲ့ရလေသည်။
ချင်မူ ဤကောင်းကင်မုခ်ဝကြီးအား မော့ကြည့်နေမိသည်။ ဤကောင်းကင်မုခ်ဝသည် ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းများနှင့် တိရီယွဲ့၏ နှလုံး၊ သွေးတို့အပေါ် အခြေခံ၏။ တိရီယွဲ့က ဤမုခ်ဝအား ကောင်းကင်ယင်သားတော်ဆီမှ ပြန်လုလာခဲ့ပြီး အချစ်ကြီးခဲ့သလို၊ အမုန်းလည်း ပြင်းထန်သွားခဲ့သည်။
သို့သော် ကောင်းကင်ယင်သားတော်၏ ပါရမီကို မလေးစားမိဘဲ ချင်မူ မနေပေ။ ဘဝပြန်ဝင်စားကောင်းကင်နတ်သိုင်းတွင် ယိုတုမဟာတာအို၌ မပါဝင်သော မင်တုကောင်းကင်မုခ်ဝ တည်ရှိ၏။
ကောင်းကင်ယင်သားတော်က ဘဝပြန်ဝင်စားကောင်းကင်နတ်သိုင်းဖြင့် တောင်နတ်မင်းကျူချွဲ၏ ဘဝသံသရာအပေါ် အန္တရာယ်ပြုခဲ့ဖူးသည်။ ယခုတွင် တောင်နတ်မင်းကျူချွဲကား ကောင်းကင်နတ်ဘုံ၏ တတိယကောင်းကင်ဆရာသခင် ပိုင်ယွီကျင့် ဖြစ်လာခဲ့ချေပြီ။ သို့သော် ကောင်းကင်ဆရာသခင် ပိုင်ယွီကျင့်မှာ ကောင်းကင်ယင်သားတော်၏ ဘဝပြန်ဝင်စားကောင်းကင်နတ်သိုင်းအား မချိုးဖျက်နိုင်သေးပေ။
ဘဝပြန်ဝင်စားခြင်းလမ်းစဉ်သည် ကောင်းကင်ယင်သားတော်၏ အကြီးမားဆုံး မှတ်တိုင်ပင် ဖြစ်၏။
ထိုနယ်ပယ်တွင် သူ့ထက် သာသူ မရှိပေ။
တိရီယွဲ့က တံခါးအနောက်မှ ထွက်လာပြီး အနည်းငယ် ရှက်ရွံ့အားနာနေပုံပေါက်သည်။ သူမသည် အပြုံးလေးဖြင့် ရှင်းပြ၏။ “မောင်လေး၊ ထာဝရငြိမ်းချမ်းရေးအင်ပါယာ ကပ်ဘေးတုန်းက ငါ နင့်ကို မကယ်ခဲ့တာက မကယ်ချင်လို့ မဟုတ်ပါဘူး... ခိုင်ဧကရာဇ်ရဲ့ အမိန့်တော်ကို မလွန်ဆန်ဝံ့တာမလို့ပါ... ခိုင်ဧကရာဇ်ကောင်းကင်နတ်ဘုံ မြန်မြန်ဆန်ဆန် အရှုံးပေးခဲ့ရအောင် လုပ်ခဲ့မိတဲ့ အမှားကြောင့် ငါ အခု ငါ့ဘာသာငါ ဆုံးဖြတ်ချက်မချရဲဘူး... အမှားထပ်လုပ်မိမှာ စိုးရိမ်မိတယ်”
ချင်မူက အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ “ဒီကိစ္စက ပြီးနေပါပြီဗျာ... ကျွန်တော်အခြေအနေကရော အရင်ကထက် ပိုကောင်းလာတယ်မဟုတ်လား... ကျွန်တော်က ကောင်းကင်ယင်သားတော်ရဲ့ ဘဝပြန်တင်စားကောင်းကင်နတ်သိုင်းကို ချိုးဖျက်မလို့ ဒီရောက်လာတာပါ... မမကြီးရဲ့ အကူအညီကိုလည်း လိုတယ်”
တိရီယွဲ့သည် ဝမ်းပန်းတသာ ဆို၏။ “ငါလည်း သူ့ကောင်းကင်နတ်သိုင်းကို ဖြေရှင်းမလို့ ကြံနေတာ... ကောင်းကင်ယင်သားတော်ရဲ့ အကျင့်စရိုက်က အောက်တန်းကျပေမယ့် ဘဝပြန်ဝင်စားခြင်းလမ်းစဉ်မှာ သူ့အောင်မြင်မှုတွေကတော့ ပြိုင်ဘက်ကင်းတယ်... ဒီနှစ်အတွင်း ငါ မတိုးတက်လာခဲ့ဘူး.. နင့်အကူအညီနဲ့ဆို သေချာပေါက် မြန်မှာပဲ”
သူမက မင်တုကောင်းကင်မုခ်ဝအား ညင်သာစွာ ပွတ်သပ်လိုက်ပြီး သူမလက်ချောင်းများက မုခ်ဝအပေါ်ရှိ သင်္ကေတအမှတ်အသားများတစ်လျှောက် အသာအယာ တို့ထိသွားသည်။ “ကောင်းကင်ယင်သားတော်က ကောင်းကင်နန်းဆောင်လေးဆောင်ပဲ ဖွဲ့တည်ထားပေမယ့် မင်တုကောင်းကင်မုခ်ဝက သူနောက်တစ်ယောက်နဲ့ ညီမျှတယ်... သူအ့စွမ်းအစတွေက ကောင်းကင်နတ်ဘုံမှာ အပြောင်မြောက်ဆုံးလို့ သတ်မှတ်မရဘူး... တာအိုဘိုးဘေးကြီးနဲ့ ဗြဟ္မဗုဒ္ဓက သူ့ထက်အများကြီး အစွမ်းထက်တယ်... ဒါပေမဲ့ မင်တုကောင်းကင်မုခ်ဝနဲ့ဆို သူ့အစွမ်းအစတွေက တာအိုဘိုးဘေးကြီးနဲ့ ဗြဟ္မဗုဒ္ဓအောက် မနိမ့်ကျတော့ဘူး”
ချင်မူ့ရင်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားမိသည်။ သူက မင်တုကောင်းကင်မုခ်ဝကို ဂရုတစိုက် ကြည့်နေရင်း အလေးအနက် မေးလေသည်။ “မမကြီး၊ မမကြီး သူ့ကို ကူတည်ဆောက်ပေးခဲ့တဲ့ ဒီကောင်းကင်မုခ်ဝရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်က ဘာများလဲ”
“သူ့ပါရမီက အကန့်အသတ် ရှိတယ်... ဒါကြောင့် သူက အတော်ဆုံးလူ မဖြစ်နိုင်ဘူး... ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်လေးခုကို ပေါင်းစည်းတာက သူ တတ်နိုင်သမျှ အကုန်ပဲ”
တိရီယွဲ့က ပြောသည်။ “ဒါပေမဲ့ သူ့ ဘဝပြန်ဝင်စားလမ်းစဉ်ကို ဒီထက်ပို အဆင့်မြှင့်နိုင်သေးတာ ငါ သဘောပေါက်ခဲ့တယ်... ဒါက မင်တုကောင်းကင်မုခ်ဝရဲ့ သက်ရောက်မှုပဲ... ဒီမင်တုကောင်းကင်မုခ်ဝမှာ ဧကရာဇ်ပလ္လင်အဆင့် လေးခု ရှိတယ်... သူ့စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်လိုက်ရင် ကောင်းကင်နန်းဆောင် ရှစ်ဆောင်နဲ့ ညီမျှသွားပြီး တာအိုဘိုးဘေးကြီး၊ ဗြဟ္မဗုဒ္ဓတို့နဲ့ သိပ်ကွာတော့မှာ မဟုတ်ဘူး”
ချင်မူမှာ လေးစားနေမိသည်။
တိရီယွဲ့သည် ဆက်ပြော၏။ “ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့ နှစ်နှစ်သောင်းတုန်းက... အဲဒီတုန်းက သူက မင်တုကောင်းကင်မုခ်ဝကို အားကိုးရင်း ကောင်းကင်နန်းဆောင်ရှစ်ဆောင် ရှိတဲ့ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်တစ်ယောက်နဲ့ ညီမျှခဲ့တယ်... အခုတော့ ငါ မသိတော့ဘူး”
သူမက လှစ်ခနဲ ပြုံးလိုက်သည်။ “ဒီမင်တုကောင်းကင်မုခ်ဝက သူ ဖန်တီးထားတာ ဟုတ်သလို၊ ငါ ဖန်တီးထားတာလည်း ပါတယ်လေ... ဒါကြောင့်ပဲ သူ မင်တုကောင်းကင်မုခ်ဝရဲ့ စွမ်းအား မထုတ်နိုင်အောင် ငါ တားနိုင်ခဲ့ပြီး ရတနာကို သူ့ဆီက ပြန်ယူနိုင်ခဲ့တာ... အခုရက်ပိုင်း ငါ ဘဝပြန်ဝင်စားလမ်းစဉ်နဲ့ ပတ်သက်ပြီး လေ့လာနေတယ်... သူ့ဆီကလည်း ကျင့်စဉ်တချို့ ရထားခဲ့ဖူးတယ်.. တစ်ချက်ကြည့်လိုက်”
တိရီယွဲ့သည် သူမ သုတေသန လုပ်ထားသော အချက်အလက်များ ထုတ်ပေး၏။ စာရွက်များ အပုံလိုက်ရှိနေချေရာ ကောင်းကင်ယင်သားတော်ကို သူမမည်မျှ ကလဲ့စားချေလိုကြောင်း ထင်ရှားပေသည်။
ချင်မူလည်း အသေးစိတ် လှန်ဖတ်ကြည့်ပြီး မင်တုကောင်းကင်မုခ်ဝအပေါ်ရှိ သင်္ကေတအမှတ်အသားများနှင့် ယှဉ်ကြည့်သည်။
ထို့နောက် အိပ်မက်ကမ္ဘာထဲ ဝင်ရောက်ကာ တိရီယွဲ့ နှစ်နှင့်ချီ ပြုစုထားသော အချက်အလက်အားလုံးကို လျင်မြန်စွာ လေ့လာပြီးစီးသွား၏။ သူက အကုန်လုံး အတည်ပြုပြီးနောက် အိပ်မက်မှ နိုးလာသည်။
ချင်မူက နိုးလာသည်နှင့် တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ရင်း အကျိုးအမြတ်များအား စဉ်းစားနေ၏။ တခဏကြာသော် သူက ခေါင်းမော့ကာ ပြုံးလိုက်သည်။ “မမကြီး အိပ်မက်ထဲ အတူဝင်ပြီး လမ်းလေးဘာလေး လျှောက်ကြည့်ကြတာပေါ့”
“အိပ်မက်ထဲ လမ်းလျှောက်မယ် ဟုတ်လား”
တိရီယွဲ့သည် တအံ့တဩ ပြုံးနေ၏။ “နင့်အိပ်မက်က နင့်အိပ်မက်၊ ငါ့အိပ်မက်က ငါ့အိပ်မက်လေ... ဘယ်လိုထဲ အိပ်မက်ထဲ ဝင်လာလို့ရမှာလဲ... ဘယ်လိုမျိုး အတူလမ်းလျှောက်မှာလဲ”
ချင်မူ၏အကြည့်သည် အတိုင်းထက်အလွန် ထူးဆန်းလာရာ တိရီယွဲ့ သူ့မျက်ဝန်းများကို ကြည့်လိုက်သည့်အခါ စက်ဝန်းများက သူမကို လှည့်ပတ်ရင်း ကြီးကြီးလာသလို ခံစားလိုက်ရသည်။
သို့သော် တခဏကြာသည့်တိုင် သူမမှာ အိပ်ချင်စိတ်မဖြစ်လာသေးပေ။ သူမက ပြုံးလျက် ပြောလိုက်သည်။ “မောင်လေး၊ နင့်ကောင်းကင်နတ်သိုင်းက အဲဒီလောက်လည်း မဟုတ်.... အမ်”
သူမ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည့်အခါ ကောင်းကင်နှင့် မြေကြီးသည် ပြောင်းလဲသွားခဲ့ကြောင်း မြင်လိုက်ရ၏။ ဖုန်းတုမဟုတ်တော့ဘဲ မင်တု ဖြစ်နေချေပြီ။
ငုံ့ကြည်လိုက်ရာတွင် အမှောင်ပင်လယ်ကို မြင်လိုက်ရသည်။ တစ်ချိန်တည်းမှာပင် မင်တုကောင်းကင်မုခ်ဝသည် ပင်လယ်ပြင်ထက်၌ မားမားမတ်မတ် ရပ်တ်လျက် ရှိ၏။
ထိုမျှသာမက သူမကိုယ်သူမကိုလည်း မြင်လိုက်ရသည်။ သူမသည် နီရဲနေသော သတို့သမီးဂါဝန်ကို ဝတ်ထား၏။ ကောင်းကင်ယင်နတ်ဘုရားမ၊ ကောင်းကင်ဆရာသခင် တံငါသည်ဟန်ထန်း၊ မင်တုကောင်းကင်နတ်မင်း တျန်းရှုနှင့် ကျန်ရှိသူများက ကောင်းကင်မုခ်ဝအား တိုက်ခိုက်နေကြသည်။ မုခ်ဝအတွင်းတွင် ကောင်းကင်ယင်သားတော်က အားလုံး၏ တိုက်ကွက်များကို ခုခံရင်း ရပ်နေ၏။
တိရီယွဲ့ မှင်သက်သွားမိသည်။ အိပ်မက်ထဲသို့ မည်သည့်အချိန်က ရောက်လာခဲ့မှန်း မသိလိုက်သလို၊ ဤမြင်ကွင်း မည်သည့်အချိန်က ဖွဲ့တည်လာခဲ့မှန်းလည်း မသိလိုက်ရချေ။
“မမကြီး၊ ဟိုကို ကြည့်လိုက်” ချင်မူက ရုတ်တရက် သူမဘေးတွင် ပေါ်လာကာ အဝေးသို့ လက်ညှိုးထိုးပြသည်။
တိရီယွဲ့လည်း သူညွှန်ပြနေသော ဘက်သို့ ကြည့်လိုက်ပြီး ခန္ဓာကိုယ်လေး သိမ့်ခနဲ တုန်သွားလေ၏။ သူမနှုတ်ဖျားမှ ခပ်ဖွဖွ ရေရွတ်သံ ထွက်လာသည်။ “မိုက်လိုက်တာ”