ဗြဟ္မ၏ အိပ်မက်
Vol. 90 Ch. 1178
တိရီယွဲ့မှာ အိပ်မက်ကမ္ဘာနောက်တစ်ကမ္ဘာကို မြင်နေရပြီး ထိုနေရာတွင် သူမ ရာပေါင်းများစွာနှင့် ချင်မူ ရာပေါင်းများစွာ ရှိလေသည်။ သူတို့သည် ကောင်းကင်ယင်သားတော်၏ ကောင်းကင်နတ်သိုင်းကို ကြည့်ရှုနေကြပြီး တစ်ခုပြီးတစ်ခု အတည်ပြုနေကြ၏။
အခြားနေရာများဆီ ကြည့်လိုက်သည့်အခါ အိပ်မက်ကမ္ဘာနောက်တစ်ခုကို ထပ်မြင်လိုက်ရသည်။ သူမသည် ကောင်းကင်ယင်သားတော်နှင့် ရယ်မောစကားပြောနေပြီး မင်တုကောင်းကင်မုခ်၀မှာ မည်မျှ ပြည့်စုံကြောင်း၊ ဧကရာဇ်ပလ္လင်အဆင့် ကျင့်စဉ်လေးခုကို ကောင်းကင်မုခ်၀နှင့် မည်သို့ ပေါင်းစပ်ရမည့်အကြောင်း၊ ဘဝပြန်ဝင်စားခြင်းတာအိုကို အသုံးပြု၍ ဧကရာဇ်ပလ္လင်ကျင့်စဉ်များအား မည်သို့ ပေါင်းစည်းနိုင်ကြောင်း ဆွေးနွေးနေကြသည်။
ဤသည်က သူမမှတ်ဉာဏ်ထဲရှိ မြင်ကွင်း ပေါ်လာခြင်း ဖြစ်သည်။
ထိုနေရာတွင် ချင်မူများနှင့် ‘သူမ’များသည် ဝိုင်းဖွဲ့ထိုင်နေပြီး ကောင်းကင်ယင်သားတော်နှင့် သူမ၏စကားများကို မှတ်သား၍ ပြောနေသည့် ကောင်းကင်နတ်သိုင်းများနှင့် သိုင်းကွက်များကို အဖြေထုတ်ကာ အသေးစိတ် ထုတ်နှုတ်နေကြသည်။
တိရီယွဲ့ကိုယ်တိုင် ထိုကိစ္စများကို ပြန်စဉ်းစားလျှင်တောင်မှ ရှင်းလင်းပြတ်သားလိမ့်မည်မဟုတ်ချေ။
တိရီယွဲ့က ခေါင်းလှည့်၍ အခြားဘက်သို့ကြည့်လိုက်ရာ အိပ်မက်အရွယ်အစားမျိုးစုံကို တွေ့လိုက်ရသည်။ ထိုအိပ်မက်များမှာ ကောင်းကင်ယင်သားတော်နှင့် သူမတွေ့ခဲ့သည့်အချိန်များကို တစ်ပိုင်းတစ်စ မှတ်ယူထားခြင်း ဖြစ်နေသည်။ အချို့မှာ နှိုင်းယှဉ်မရလောက်အောင် လှပသော မှတ်ဉာဏ်များဖြစ်ပြီး တချို့ကတော့ သူမကို နာကျင်စေ၏။
အချစ်ကြောင့် စုံလုံးကန်းနေသော သူမ၏ မြင်ကွင်း၊ ဖုန်းတုကို တိုက်ခိုက်နေသော ကောင်းကင်ယင်သားတော်၏ မြင်ကွင်းနှင့် သူမအား ကောင်းကင်ယင်သားတော်ကို စွန့်ခွာခဲ့ရန် သူမ၏သူငယ်ချင်းများ ဖျောင်းဖြနေသည့် မြင်ကွင်းများ ရှိကြသည်။
အိပ်မက်တိုင်းတွင် တိရီယွဲ့တစ်ယောက်နှင့် ကောင်းကင်ယင်သားတော်တစ်ယောက် ရှိ၏။ သူမ တစ်ကြိမ်တစ်ခါမှ သတိမထားခဲ့မိဖူးသည့် အသေးစိတ်များ ပြန်လည်ထွက်ပေါ်လာသည်။
နောက်ဆုံးတွင် တိရီယွဲ့၏အကြည့်သည် နောက်ဆုံးအိပ်မက်ဆီသို့ ကျရောက်သွား၏။ ယင်းက သူမနှင့် ကောင်းကင်ယင်သားတော် လက်ထပ်နေကြသည့် မြင်ကွင်း ဖြစ်သည်။
ချင်မူလည်း ထိုမြင်ကွင်းကို သတိထားမိသွားပြီး မျက်မှောင်ကြုတ်သွား၏။ “မမကြီး၊ ကျွန်တော့်ရဲ့ အသိစိတ်အလျဉ်ကို သုံးပြီးတော့ မမကြီးရဲ့ မှတ်ဉာဏ်တွေကို အိပ်မက်အဖြစ် ပြောင်းလဲခဲ့တာပါ… ဒါပေမဲ့ ဒီမှတ်ဉာဏ်ပါ ပါလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး…. ဒီအိပ်မက်ကို ကျွန်တော် ဖယ်ရှားလိုက်ပါ့မယ်”
“မလိုဘူး”
တိရီယွဲ့က ခေါင်းရမ်း၍ အိမ်မက်ကမ္ဘာအား စေ့စေ့ကြည့်နေသည်။ “သူ ငါ့ကို သတ်ခဲ့တုန်းက သူ့ရဲ့ အစွမ်းအစအစစ်တွေကို ထုတ်သုံးခဲ့တယ်…. ဒါက သူ့ရဲ့ ဘဝပြန်ဝင်စားခြင်းကောင်းကင်နတ်သိုင်းကို ချိုးဖျက်ဖို့ အသုံး၀င်လိမ့်မယ်”
ချင်မူမှာ ကြောင်အသွားပြီး သူမကို လွှတ်ထားပေးရုံသာ တတ်နိုင်သည်။
တိရီယွဲ့သည် ထိုနေရာအား ငေးကြောင်ကြည့်နေ၏။ ထိုမှတ်ဉာဏ်၏ ပထမတစ်၀က်မှာ သူမ၏ အလှပဆုံးမှတ်ဉာဏ် ဖြစ်ပြီး နှလုံးသားထဲတွင် ထွင်းထုနေရာယူထားသည်။ ဒုတိယတစ်၀က်မှာတော့ သူမ၏ နှလုံးသားကို နာကျင်စေဆုံး မှတ်ဉာဏ်ဖြစ်ပြီး ၎င်းသည်လည်း သူမနှလုံသားထဲတွင် နစ်အောင် အရာထင်နေ၏။
“ငါ ဓမ္မကိုလည်း လေ့လာခဲ့တယ်…. ဗြဟ္မဗုဒ္ဓကိုတောင် ငါ့ဆရာအဖြစ် တင်မြှောက်ခဲ့သေးတယ်”
တိရီယွဲ့မှာ နာကျင်စရာမှတ်ဉာဏ်မှ နိုးထလာပုံရပြီး အဆင်ပြေနေဟန်တူသည်။ သူမက ချင်မူ့ကို ပြုံးပြရင်း ပြော၏။ “ဗုဒ္ဓအိုကြီးကို သူ့ရဲ့ ဧကရာဇ်ပလ္လင်ကျမ်းစာအစစ်အမှန်ကို လေ့လာချင်တယ်လို့ ပြောခဲ့တယ်…. ဗုဒ္ဓအိုကြီးက ငါက ဉာဏ်ကောင်းလွန်းတဲ့အတွက် မသင်ယူနိုင်ဘူးလို့ ပြောခဲ့တယ်… အဲဒီကျင့်စဉ်က အရူးတစ်ယောက်ပဲ သင်ယူနိုင်တဲ့ ကျင့်စဉ်တဲ့လေ… ဉာဏ်ကောင်းလေလေ၊ သင်ယူဖို့ ခက်လေလေပဲ”
ချင်မူ့မျက်နှာကြီးကား အိုးမည်းသုတ်ခံလိုက်ရသလို မည်းသွားတော့သည်။ “ကျွန်တော်လည်း မသင်ခဲ့ပါဘူး….. ဗုဒ္ဧအိုကြီးက ကျွန်တော့်ခေါင်းထဲကို အတင်းထည့်ခဲ့တာ… သဘောတရားကို မသိဘူး…. ဘယ်လိုအသုံးပြုရမလဲဆိုတာပဲ သိတယ်”
တိရီယွဲ့က ပြုံးလျက် ပြောသည်။ “ငါ့ကို လွှဲပြောင်းပေးဖို့ ဗုဒ္ဓအိုကြီးကို အပူကပ်ခဲ့တော့ သူ လွှဲပြောင်းပေးခဲ့တယ်…. ငါ တကယ်လည်း မသင်ယူနိုင်ခဲ့ဘူးလေ… အဲ့နောက်ပိုင်းတော့ လက်လျှော့ပြီး ဗုဒ္ဓဘုံကနေ ထွက်လာခဲ့တယ်…. နောက်တော့မှ အဲဒီကျင့်စဉ်က အရူးတစ်ယောက်ပဲ သင်ယူနိုင်တာမဟုတ်ဘဲ အနန္တကပ်ဘေးသုတ္တန်အတွက် လိုအပ်တဲ့ အသိဉာဏ်က ငါတို့ ပြောလေ့ရှိတဲ့ အသိဉာဏ်မျိုး မဟုတ်ဘူးဆိုတာ သဘောပေါက်ခဲ့ရတယ်… ဒါပေမဲ့လည်း နားမလည်နိုင်ခဲ့ပါဘူး”
နှစ်ယောက်သား စကားပြောလျက် ရယ်မောနေကြပြီး တိရီယွဲ့မှာ အိမ်မက်ကမ္ဘာများမှ သူမစိတ်ထဲသို့ အချက်အလက်များစွာ ၀င်ရောက်လာသည်ကို ခံစားနေရ၏။ ဝင်ရောက်လာနှုန်းက အင်မတန် မြန်ဆန်ပြီး မရေမတွက်နိုင်သော ချင်မူများနှင့် တိရီယွဲ့တို့ အတူတကွ လေ့လာနေသည့် အကျိုးဆက်ပင် ဖြစ်သည်။
ချင်မူ၏ အနန္တကပ်ဘေးသုတ္တန်သည် သန့်စင်သော အနန္တကပ်ဘေးသုတ္တန် မဟုတ်တော့ချေ။ ထိုအစား သူ၏အဆင့်မြင့်အသိစိတ်အလျဉ်နှင့် ပေါင်းစည်းခြင်းဖြင့် ရရှိလာသော အဆန်းကြယ် ကောင်းကင်နတ်သိုင်းအသစ်တစ်ခု ဖြစ်လေသည်။
တိရီယွဲ့သည် အိပ်မက်ကမ္ဘာထဲ ၀င်ရောက်နိုင်ရန် အနန္တကပ်ဘေးသုတ္တန်အား ဗုဒ္ဓအိုကြီး အသက်သွင်းခဲ့သည်ကို မြင်ခဲ့ဖူး၏။ သို့သော် ဗုဒ္ဓအိုကြီးသည် အိပ်မက်တစ်ခုစီတိုင်း၌ မတူညီသော သတ္တဝါအဖြစ် နေထိုင်ကာ အနန္တကောင်းကင်ဘုံများတွင် မတူညီသော ရှုထောင့်အမျိုးမျိုးမှ ဖြတ်သန်းရင်း ဆင်းရဲဒုက္ခ၊ ချမ်းသာသုခများအား တွေ့ကြုံခံစားကြည့်ခြင်း ဖြစ်၏။
ဗြဟ္မဗုဒ္ဓ အိပ်မက်မှ နိုးထလာချိန်တွင် မတူညီသော သတ္တဝါများ၊ မတူညီသော တွေ့ဆုံမှုများနှင့် မတူညီသော အတွေ့အကြုံများသည် သူ့စိတ်ထဲသို့ ပြန်လည်၀င်ရောက်လာ၍ သူ၏ဉာဏ်တော်ကို ပိုမိုရှင်းလင်းပြောင်မြောက်လာစေ၏။
ဗုဒ္ဓအိုကြီးသည် အဖြေထုတ်ရန် မလိုသလို တွက်ချက်စရာလည်း မလိုချေ။ သူ့ဝိညာဉ်နှင့် နှလုံးသားမှတဆင့် ကြီးမြတ်သော ဉာဏ်အလင်းပွင့်မှုကိုသာ အလိုရှိ၏။
သူ ချင်မူ လုပ်ခဲ့သည့်အရာအား မလုပ်နိုင်ချေ။
ချင်မူ လမ်းစဉ်မှတဆင့် အိပ်မက်များထဲ ၀င်ရောက်ချိန်တွင် စွမ်းအားကြီးသော တွက်ချက်နိုင်စွမ်းများ၊ အဖြေထုတ်နိုင်စွမ်းများနှင့် စမ်းသပ်စစ်ဆေး၍ အဖြေရှာနိုင်စွမ်းလည်း လိုအပ်၏။ ဗုဒ္ဓအိုကြီးကို ၎င်းတို့အား သင်ယူခွင့်ပြုလိုက်ပါက ဗုဒ္ဓအိုကြီးသည် အိပ်မက်လမ်းစဉ်သို့ မ၀င်ရောက်နိုင်တော့သလို၊ အနန္တကပ်ဘေးများကို တွေ့ကြံနိုင်တော့မည်မဟုတ်ချေ။
ဤသည်က သူနှင့် ချင်မူကြားရှိ ကွာခြားချက်ဖြစ်၏။
အိပ်မက်ထဲတွင် ကုန်ဆုံးခဲ့သည့်အချိန်မှာ တိရီယွဲ့အတွက် ရှည်ကြာလွန်းသည်။ နှစ်ပေါင်းမည်မျှ ကုန်ဆုံးသွားပြီလဲ သူမ မသိသော်လည်း သူမနှင့် ချင်မူများသည် နောက်ဆုံး၌ မင်တုကောင်းကင်မုခ်၀ထဲတွင် ပုန်းကွယ်နေခဲ့သည့် ဘဝပြန်ဝင်စားခြင်းတာအိုကို ဖြေရှင်းနိုင်ခဲ့လေပြီ။
အိမ်မက်ကမ္ဘာများ ဖျက်ဆီးခံလိုက်ရသည်နှင့် နားလည်သဘောပေါက်မှုမျိုးစုံမှာ သူတို့၏ဦးနှောက်အသီးသီးထဲသို့ ပြန်ရောက်ရှိလာကြသည်။ သူတို့နှစ်ယောက်က မျက်လုံးများမှိတ်၍ အချိန်အတော်ကြာ စဉ်းစားဆင်ခြင်နေကြ၏။
တိရီယွဲ့ မျက်လုံးများ ဖွင့်လိုက်သည့်အခါ သူမသည် မင်တုကောင်းကင်မုခ်၀အောက်၌ ရပ်နေဆဲဖြစ်ပြီး ချင်မူမှာ ထွက်ခွာသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သူမက မလှမ်းမကမ်း၌ ရပ်နေသော နတ်ဘုရားချိရှို့ကို မြင်လိုက်ရသဖြင့် လက်ဝှေ့ရမ်းပြလိုက်သည်။ နတ်ဘုရားချိရှို့က လျှောက်လာ၍ ပြောသည်။ “ကောင်းကင်နတ်မင်း၊ ကောင်းကင်နတ်အရှင်မူက သူ အရင်ထွက်သွားတယ်ဆိုတာ အကြောင်းကြားဖို့ ကျုပ်ကို နေခိုင်းခဲ့ပါတယ်… သူ ထွက်သွားတာ နေ့တစ်၀က် ရှိပါပြီ”
တိရီယွဲ့က မေးလိုက်၏။ “သူ ဘာမှာခဲ့သေးလဲ”
နတ်ဘုရားချိရှို့က ဖြေသည်။ “မမကြီး ဖုန်းတုမှာ ဆက်နေရင် ကလဲ့စားချေနိုင်မှာ မဟုတ်ဘူးတဲ့… ကလဲ့စားချေချင်ရင် ထွက်လာရမယ်လို့ ပြောပါတယ်”
တိရီယွဲ့က တခဏ တွေးပြီးနောက် ပြုံးလိုက်သည်။ “ငါ နားလည်ပါတယ်… ငါ သိကြားဗုဒ္ဓကို သွားတွေ့မယ်… သူတစ်ယောက်ပဲ ကမ္ဘာဦးဘုံက ပရမတ္တလှေကို ပြုပြင်နိုင်တာ”
ချင်မူသည် ဖုန်းတုမှ ထွက်ခွာ၍ ကောင်းကင်ယင်ကမ္ဘာသို့ ပြန်ရောက်လာ၏။
ကောင်းကင်ယင်နတ်ဘုရားမမှာ သူ့အား စောင့်နေခဲ့သောကြောင့် သူ ထွက်လာသည်ကို တွေ့ရသည်အခါ ၀မ်းသာသွားတော့သည်။ သူမက အပြုံးလေးဖြင့် လက်ဝှေ့ရမ်းပြကာ ပြောသည်။ “မြန်မြန်လာ… ငါ နင့်ကို ငါ့ရဲ့ကောင်းကင်နတ်သိုင်းနဲ့ မှော်အစီအရင်တွေ ပြမလို့.. နင် လုံး၀ ပျော်သွားလိမ့်မယ်”
ချင်မူလည်း ရှေ့သို့ လျှောက်သွားပြီး ကောင်းကင်ယင်နတ်ဘုရားမသည် ကောင်းကင်ယင်သတ္တုအချို့နှင့် ရွှံ့စေးတို့ကို ရောကာ ရုပ်တုအချို့ ပုံဖော်ထားသည်ကို တွေ့လိုက်ရလေသည်။ ယောက်ျားရုပ်၊ မိန်းမရုပ်များ ရှိကြပြီး အကုန်လုံးက မြေပြင်ပေါ်တွင် ရပ်နေကြသည်။
ကောင်းကင်ယင်နတ်ဘုရားမက လျှို့ဝှက်နေပြီး ပြုံးလျက် ပြောသည်။ “ငါ သူတို့ကို ပန်းလေး၊ မြက်လေးနဲ့ အလှဆင်ပေးမလို့ပဲ… ဒါပေမဲ့ ဒီနေရာက အနက်ရောင်ဝိညာဉ်သဲမှုန်ရဲ့ ဌာနေလေ… ပန်းတွေ၊ မြက်တွေ စိုက်ဖို့ ခက်တယ်… ဆိုတော့ ငါ ရွှံ့ရုပ်လေးတွေပဲ ပုံဖော်လို့ရခဲ့တယ်”
သူမသည် မျက်လုံးများ စိတ်လှုပ်ရှားစွာ တောက်ပနေပြီး ကောင်းကင်နတ်သိုင်းကို အသက်သွင်းလိုက်၏။ ကောင်းကင်နတ်သိုင်း ကျရောက်သွားချိန်တွင် အရုပ်များက ပါးစပ်များဟ၍ သမ်းဝေလာကြသည်။ ထို့အပြင် သူတို့မှာ ယင်ဝိညာဉ်သုံးခု၊ ယန်ဝိညာဉ်ခုနစ်ခု ရှိသည့်အလား အသက်၀င်လာကြလေသည်။
ချင်မူမှာ အံ့ဩမှင်သက်နေမိသည်။ ဤအစွမ်းအစမျိုးအား သူ ပထမဆုံး မြင်ဖူးခြင်းပင်။
သူ့ဝိညာဉ်ကို သူကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်သော်လည်း သူ လိုက်လုပ်ခဲ့သော နည်းလမ်းမှာ သဘာ၀အတိုင်း မွေးဖွားသည့် ရှေးဟောင်းနတ်ဘုရားတစ်ပါး၏ နည်းလမ်းဖြစ်သည်။ သူသည် ဝိညာဉ်ကောင်းကင်ရတနာထဲရှိ ကောင်းကင်နှင့်မြေကြီးကို ဖွင့်လှစ်ကာ ရှေးဟောင်းနတ်ဘုရားတစ်ပါး မွေးဖွားလာသလို သူ့ဝိညာဉ်သူ မွေးဖွားစေခဲ့ခြင်း ဖြစ်၏။
ဤသည်က ကောင်းကင်ယင်နတ်ဘုရားမ၏ နည်းလမ်းနှင့် မတူချေ။ ကောင်းကင်ယင်နတ်ဘုရားမသည် ဝိညာဉ်မရှိသော အရာများကို ဝိညာဉ်ထည့်သွင်းကာ အသက်ဖြစ်တည်လာစေခဲ့ချေပြီ။
“မလှုပ်နဲ့”
ရွှံ့လူများ လှုပ်ရှားချင်နေသည်ကို ကောင်းကင်ယင်နတ်ဘုရားမမှာ မြင်လိုက်ရသဖြင့် အလောတကြီး လက်ခါပြလိုက်သည်။ “မလှုပ်ကြနဲ့… နင်တို့ကို ရွှံ့နဲ့လုပ်ထားတာ… လှုပ်လိုက်ရင် နင်တို့ခန္ဓာကိုယ်တွေ ပြိုကွဲသွားပြီး နင်တို့ သေကုန်လိမ့်မယ်”
ချင်မူက ညာလက်ကို မြှောက်ကာ လက်ညှိုးဆန့်လိုက်ရင်း အနည်းငယ် ပွတ်ဆွဲ၍ ဖန်ဆင်းခြင်းလမ်းစဉ်အား အသက်သွင်းလိုက်သည်။ သူ၏ ဖန်ဆင်းကောင်းကင်နတ်သိုင်းသည် ပေါက်ကွဲထွက်လာပြီး ရွှံ့ရုပ်များကို လွှမ်းခြုံသွား၏။ သူက ပြုံးလျက် ပြောသည်။ “နတ်ဘုရားမ၊ ခင်ဗျားကလွဲရင် ကောင်းကင်ယင်ကမ္ဘာမှာ နယ်ခံသက်ရှိတွေ မရှိကြဘူး… ကျွန်တော်တို့ ပူးပေါင်းပြီး သူတို့ကို ပြည့်စုံအောင် လုပ်ကြတာပေါ့”
ရွှံ့ရုပ်များသည် ချက်ချင်း အသွေးအသားများ၊ ကလီစာများ၊ အရိုးများ၊ ကြွက်သားများနှင့် အရေပြားတို့ ထွက်ပေါ်လာကြ၏။ မကြာမီ ပြီးပြည့်စုံသော သတ္တဝါများ ဖြစ်လာကြချေပြီ။
ရွှံ့ရုပ်များမှာ အံ့ဩဝမ်းသာ ဖြစ်နေကြသည်။ သူတို့သည် အတူတကွ ဟိုဟိုသည်သည် ခုန်ပေါက်၍ ကောင်းကင်ယင်နတ်ဘုရားမနှင့် ချင်မူကို ဦးချကြ၏။ “ကောင်းကင်ဖခင်၊ ကောင်းကင်မိခင်”
ကောင်းကင်ယင်နတ်ဘုရားမမှာလည်း အံ့ဩလျက် ၀မ်းမြောက်သွားသည်။ သူမက ပြုံး၍ ပြောလေသည်။ “ငါတို့ရဲ့ ကောင်းကင်နတ်သိုင်းက တကယ် အသက်ဖြစ်တည်စေနိုင်တာပဲဟ… စိတ်၀င်စားဖို့ ကောင်းလိုက်တာ… ငါ နောက်ထပ် ရွှံ့ရုပ်တွေ သွားလုပ်ဦးမယ်”
သူမ နောက်ထပ် ရွှံ့ရုပ်များ လုပ်တော့မည့်အချိန်တွင် ချင်မူက အလျင်အမြန် နှုတ်ဆက်စကားဆိုလိုက်သည်။ “ဒါက နတ်ဘုရားမအတွက် သန့်စင်တဲ့မြေပါ… အပြင်မှာတော့ မတူဘူး…. ကျွန်တော် ဒီနေရာမှာ ကြာကြာနေလို့ မရဘူး…. နတ်ဘုရားမ၊ အခု နတ်ဘုရားမလည်း တစ်ယောက်တည်း မဟုတ်တော့ဘူး…. ကိုယ်ပိုင်ပြည်သူတွေ ရှိလာပြီဆိုတော့ သူတို့ကို တာ၀န်ယူရတော့မယ်”
ကောင်းကင်ယင်နတ်ဘုရားမက သူ့ကို ကြည့်၍ ပြုံးကာ ပြောသည်။ “နင်က ရုတ်တရက်ကြီး လေးနက်သွားတာပါလား.. ကြောက်စရာပဲ”
ချင်မူက ရယ်ကာ လက်ဝှေ့ရမ်းလိုက်သည်။ “အပြင်ရန်သူတွေ နတ်ဘုရားမရဲ့ ပြည်သူတွေကို သတ်ဖို့ ကျူးကျော်လာရင် ဘယ်လိုရင်ဆိုင်မှာလဲ”
ကောင်းကင်ယင်နတ်ဘုရားမက သူ့ကို လိုက်ပို့ရင်း၍ ခေါင်းငုံ့ကာ ပြေးလွှားနေသော လူများကို ကြည့်လိုက်၏။ ထိုသူများက ကောင်းကင်ယင်လောက၏ ပထမဆုံး နယ်ခံသတ္တဝါများ ဖြစ်ချေသည်။
‘သူတို့ကို ငါ ကာကွယ်မယ်… မဖြစ်မနေ ကာကွယ်ပေးမယ်’ သူမက စိတ်ထဲမှ တွေးလိုက်၏။