← Chapters

အတိတ်နှင့် ပစ္စုပ္ပန်၏ ထူးချွန်ပြောင်မြောင်သော သူရဲကောင်းများ

Vol. 90 Ch. 1179

အတိတ်နှင့် ပစ္စုပ္ပန်၏ ထူးချွန်ပြောင်မြောင်သော သူရဲကောင်းများ

Vol. 90 Ch. 1179

ချင်မူသည် မီးအိမ်တစ်လုံးကို လက်တွင် ကိုင်လျက် ကောင်းကင်ယင်ကမ္ဘာမှ ထွက်လာပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ နန်းစိုက်မြို့တော်ဆီသို့ လျှောက်သွား၏။ ရုတ်တရက် သူ့ရင်ထဲတွင် တစ်စုံတစ်ခု ခံစားလိုက်ရသဖြင့် အနောက်သို့ လှည့်ကြည့်လိုက်သည်။ ကမ္ဘာဦးဘုံ၏ အလယ်တွင် ရပ်တည်နေသည့် စိမ်းစိုအုံ့ဆိုင်းနေသော ကမ္ဘာဦးအား မြင်လိုက်ရသည်။

ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်နန်းဆောင်က ကမ္ဘာဦးသစ်ပင်၏ သစ်ပင်ထိပ်ဖျားထက်တွင် မျောလွင့်ပျံဝဲနေသည်။ ကောင်းကင်နတ်အရှင်ရှောင်၏ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ၎င်း၏ ဘေးတွင် ကမ္ဘာဦးဘုံအား ဖိနှိပ်ထား၏။

ဤအခိုက်အတန့်တွင် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက သူ့ဆီ လှမ်းကြည့်နေသည်။

ချင်မူ ပြုံးလျက် ဦးညွှတ်လိုက်သည်။ ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီက ခေါင်းညိတ်ပြီး အကြည့်လွှဲသွားလေသည ်။

ချင်မူ နန်းစိုက်မြို့တော်ဆီ လှည့်ပြန်တော့မည့်အချိန် ပျံလွှားငှက်ငယ်တစ်ကောင်သည် ပျံသန်းလာပြီး မြေပြင်ထက်၌ နားလိုက်ကာ ယန်ချီလင်းအသွင် ပြောင်းသွား၏။ သူမက သူ့အရှေ့တွင် ရပ်လျက် နှုတ်ဆက်သည်။ “ဆရာက ကောင်းကင်နတ်အရှင်မူကို နှုတ်ဆက်ဖို့ အမိန့်ပေးလိုက်လို့ပါ... ကောင်းကင်နတ်အရှင်မူ ဘိုးဘေးနန်းတော်ထဲက ပိုင်နက်ကို ကာကွယ်နိုင်ရန် ဆရာက အကူအညီပေးနိုင်ပါတယ်တဲ့.... သူ့လက်အောက်မှာ အဆင့်မြင့်သိုင်းပညာရှင်အများကြီး ရှိပါတယ်လို့ မှာလိုက်ပါတယ်”

ချင်မူလည်း ရပ်လိုက်ပြီး တုံ့ပြန်လိုက်သည်။ “ဒါဖြင့် သူ့ကို ပြန်သွားပြောလိုက်ပါ.. ကျွန်တော်ကိုယ့်ပိုင်နက်ကို ကာကွယ်နိုင်တာမလို့ စိတ်ပူစရာမလိုပါဘူးလို့”

ယန်ချီလင်းသည် သူ့ကို ‌လေးလေးနက်နက် ကြည့်ကာ ပြော၏။ “ဆရာက ငါ့ကို ဘိုးဘေးနန်းတော်ဆီ သွားပြီး ထိုက်ချူကျောက်တုံးတွင်းနဲ့ ထိုက်ချီနတ်ကျောက်တုံးတွေကို စောင့်ရှောက်ခိုင်းထားတယ်... “

ချင်မူက သတိပေးလိုက်သည်။ “ဂရုစိုက်ပါ”

ယန်ချီလင်းမှာ အနည်းငယ် မှင်သက်သွားပြီးနောက် ပြုံးလိုက်၏။ “အင်း” ထို့နောက် လှည့်ပြန်သွားလေသည်။

ချင်မူ နန်းစိုက်မြို့တော်သို့ ပြန်ရောက်လာသည်။ ဆေးဆရာ၊ ပထမလူသားဧကရာဇ်နှင့် လူသားဧကရာဇ်ဟောင်းများ လူစုပြီးသည်မှာ ကြာပြီ ဖြစ်၏။ မျက်ကန်းနှင့် ရွှေအလည်း ရောက်နေကြချေပြီ။ ရွှေအက ဝတ်ကောင်းစားလှများဖြင့် လှပတင့်တယ်စွာ ဝတ်ဆင်ထားသော မိန်းကလေးဆယ်ယောက်ကျော် ခေါ်လာသည်။ သူတို့သည် အနောက်နတ်မင်းလက်အောက်က ကောင်းကင်စက်မှုအလုပ်သမများ ဖြစ်ကြ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှ ပါရမီရှင်လူငယ်တစ်သိုက်လည်း ရောက်နေကြသည်။

ချင်မူ ပတ်ဝန်းကျင်သို့ ကြည့်လိုက်သည့်အခါ လူငယ်များအကြား ရင်းနှီးသောမျက်နှာများ တွေ့မြင်ရသည်။ သူတို့ထဲတွင် ဧကရာဇ်အတိုင်ပင်ခံ ကျန်းပိုင်ကွေ့၏ သား ကျန်းယွင်ကျန့်လည်း ပါသည်။ ထိုကောင်လေးကား အသက်နှစ်ဆယ်အရွယ် မြီးကောင်ပေါက် လူချောလေး ဖြစ်လာခဲ့ချေပြီ။

ကျန်းယွင်ကျန့်က ချင်မူ့ကို အလျင်အမြန် နှုတ်ဆက်ပြီး ဦးရီးတော်ဟု ခေါ်၏။ ချင်မူမှာ မပျော်တော့ပေ။ “ဟေ့ကောင် ယွင်ကျန့်၊ မင့်အဖေက ငါ့ထက် အသက်အများကြီး ကြီးတယ်ကွ... ငါ့ကို ဦးရီး‌တော်လို့တော့ မခေါ်နဲ့ကွာ”

ကျန်းယွင်ကျန့်မှာ ချီတုံချတုံ ဖြစ်သွားသည်။ “မွေးစားဖေဖေ...”

ချင်မူ့မျက်နှာကြီး နီရဲသွားလေသည်။ သူက အလိုက်မသိသော ကောင်စုတ်လေးကို တွန်းဖယ်လိုက်၏။ ကျန်းယွင်ကျန့်က ရှိုးတိုးရှန့်တန့်ကလေးဖြင့် ခေါ်ပြန်သည်။ “ခေါင်းကိုင်ဖေဖေ..”

အခြားတစ်ဖက်တွင် ခေါင်းကြီးကြီး လူငယ်တစ်ယောက် ရှိသည်။ သူကား တခြားတော့မဟုတ်။ ချင်မူ မြင်သွားမည်စိုး၍ လူကြားထဲ ခိုးကြောင်ခိုးဝှက် ပုန်းနေသော ရှုကျွင်းပင်။ သို့သော် မဟားတရား ကြီးမားလှသော အဖိုးတန်ခေါင်းကြီးကြောင့် ချင်မူက သူ့ကို မြင်သွားပြီး ဂုတ်မှ လှမ်းဆွဲသည်။ သူက ဒေါသတကြီး မေးလေသည်။ “ခင်ဗျားလည်း ဘိုးဘေးနန်းတော်ကို သွားချင်တယ်ပေါ့”

နတ်ဘုရင်ရှုကျွင်းသည် အားတုံ့အားနာ ပြုံးပြ၏။ “ငါက ဘိုးဘေးနန်းတော်ဆီ မသွားလို့ မရဘူးလား... ဘိုးဘေးနန်းတော်က ဖန်ဆင်းရှင်တွေရဲ့ နန်းတော်လေ.. မင့်ဟာမှ မဟုတ်တာ”

ချင်မူ့အမူအရာ ပြောင်းလဲသွားသဖြင့် နတ်ဘုရင်ရှုကျွင်းက ပျာပျာသလဲ ရှင်းပြသည်။ “ငါက ဘိုးဘေးနန်းတော်နဲ့ ရင်းနှီးတယ်လေကွာ.... အဲဒီမြေကို ပိုင်တဲ့ အရှင်သခင်ပဲ မဟုတ်လား.. မင်းကို သေချာပေါက် ကူညီပေးနိုင်တာပေါ့... ဒါ့အပြင် ငါ သွားရင်တောင်မှ မင်းကို ဒုက္ခပေးနိုင်မှာ မလို့လား.. အခု ဖန်ဆင်းရှင်တွေက ဆုတ်ယုတ်နေပြီဆိုတော့ ငါ့လက်အောက်မှာ ဖန်ဆင်းရှင်တစ်ပိုင်းတောင် မရှိဘူး.... အခု ငါကတောင် ဖန်ဆင်းရှင်တစ်ယောက်မဟုတ်ဘဲ လူနဲ့ မတူနေတာလေ... ငါက အခု ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ တက်သစ်စ လူငယ်တစ်ယောက် ဖြစ်နေပြီ... ငါ့နာမည်ကလည်း ကျော်ကြားနေပြီ”

ချင်မူ တွေဝေသွားပြီးနောက် ပြောလိုက်သည်။ “ခင်ဗျား အရင်အာဏာကို ပြန်မက်ပြီး ပြဿနာရှာမှာ ကြောက်တာ... ခင်ဗျားပိုင်နက်ကိုတော့ မဟာဧကရာဇ်က သိမ်းထားပြီးပြီ”

ရှုကျွင်းသည် ဂရုမစိုက်ဘဲ ပြုံးနေ၏။ “အချိန်မရွေး ပြန်ယူရပါတယ်ကွ”

ချင်မူလည်း သူ့အား လွှတ်ပေးထားလိုက်ရတော့သည်။

အားလုံး ထွက်ခွာရန် အသင့်ဖြစ်နေကြချေပြီ။ လင်ယွိရှို့က ကုန်ထုတ်စက်ရုံအား အမြန်ဆုံး လေသင်္ဘောတစ်စင်း ပို့လွှတ်ရန် အမိန့်ပေးထားပြီး သင်္ဘောရောက်လာသည်နှင့် အကုန်လုံး တက်လိုက်ကြသည်။ အမြန်သင်္ဘောသည် သိပ်မကြီးပေ။ မီတာသုံးဆယ်ခန့်သာ ရှိသည်။

လင်ယွိရှို့က သူတို့ကို လိုက်ပို့ပေးပြီး ထောင်ကျယ်အိတ်တစ်အိတ်အား ချင်မူ့ဆီ ပေးသည်။ “ဒီထဲမှာ စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း ရှိတယ်... နင် ဘိုးဘေးနန်းတော်အပြင်ရောက်ရင် တံတားဆောက်ပြီး ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ဆက်သွယ်လို့ရမယ်”

ချင်မူလည်း တခဏစဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်သည်။

အမြန်သင်္ဘောသည် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ထံ ဦးတည်နေသော စွမ်းအင်အကူးအပြောင်းတံတားထဲ ဝင်ရောက်သွား၏။ များစွာမကြာလိုက်ဘဲ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ကား ရှေ့တွင် ပေါ်လာချေပြီ။

ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သို့ ရောက်သည့်အချိန်မှာပဲ ဤပန်းပဲနန်းတော်ထဲတွင် ရွက်လွှင့်ရန် အဆင်သင့်ဖြစ်နေသော သင်္ဘောအရှည်ကြီးတစ်စင်းအား မြင်လိုက်ရသည်။

ယင်းကား ကောင်းကင်နတ်ဘုံမှ ကောင်းကင်နတ်အရှင်ဆယ်ယောက်၏ တပည့်များအတွက် သင်္ဘောဖြစ်၏။ ကြီးမားလွန်းသောကြောင့် ‌ကောင်းကင်ထက်တွင် လွင့်မျောနေသော ကျွန်းတစ်ကျွန်းအလားပင် ထင်ရသည်။ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်မှ သင်္ဘောအား ပြုပြင်ပေးထားပြီး ဆေးစွမ်းအင်ကျောက်တုံးများလည်း အပြည့်တင်ဆောင်ထားသည်။ သင်္ဘောပေါ်ရှိ နတ်ဘုရားမိစ္ဆာများသည် လက်နက်အပြည့်အစုံ ဖြစ်သည့်အပြင် အရေအတွက်ကား မသေးလှပေ။ သူတို့က သတ်ဖြတ်လိုစိတ်များဖြင့် ဘိုးဘေးနန်းတော်ဆီ ဦးတည်သွားကြသည်။

သင်္ဘောထက်ရှိ ဆေးမီးဖိုများက မီးတောက်မီးလျှံများ အလျှံတညီးညီး တဟုန်းဟုန်း လောင်မြိုက်လျက် လင်းလက်နေကြသည်။ ဧရာမမီးဖိုကြီးများမှာ အသေးစားနေများနှင့်ပင် တူနေတော့သည်။

သင်္ဘောကုန်းပတ်၏အလယ်တွင် စွမ်းအင်အကူးအပြောင်းတံတားတစ်စင်း ရှိသည်။ ဤစွမ်းအင်အကူးအပြောင်းတံတားက ကောင်းကင်နတ်ဘုံ၏ သင်္ဘောနှင့် ဆက်သွယ်ထားသောကြောင့် တပ်ကူ‌တောင်းရန် အဆင်ပြေချေသည်။

သင်္ဘောတိုင်း၌ အပြင်အဆင်ကွဲပြားသော အောင်လံတော်များ လွင့်လူထားပြီး ခတ်နှိပ်ထား‌သော သင်္ကေတစာလုံးများလည်း မတူကြပေ။ ၎င်းတို့သည် ဟောင်၊ ရှောင်၊ ဟုန်၊ ကုန်း၊ ချန်း၊ ဟွေ့နှင့် ကျန်‌ကောင်းကင်နတ်အရှင်များအား ကိုယ်စားပြုကြ၏။

“မွေးစားဖေဖေ၊ ကျွန်တော်တို့လည်း ကောင်းကင်နတ်အရှင်မူအလံတော်ကို လွှင့်လိုက်သင့်လား” ကျန်းယွင်ကျန့်က မေးသည်။

ချင်မူ တစ်ခုခု ပြောရန် ပြင်နေစဉ် မျက်ကန်းနှင့် ရွှေအက သူတို့အလံများအား စိတ်လှုပ်ရှားစွာ လွှင့်တင်လိုက်ကြသည်။ ၎င်းတို့အ‌ပေါ်တွင် နွားခေါင်းတစ်ခေါင်းနှင့် နွားကျောင်းသားလေးတစ်ယောက် ရှိနေပြီး ‘မူ’ စာလုံးကိုလည်း ရေးသားထား၏။

ဘေးနှစ်ဖက်ရှိ သင်္ဘောများက သူတို့၏အမြန်သင်္ဘောကို ငုံ့ကြည့်ကာ တဟားဟား ထရယ်ကြသည်။

“ကောင်းကင်နတ်အရှင်မူ”

သင်္ဘောတစ်စင်းအပေါ်မှ နတ်ဘုရားတစ်ပိုင်းက ကိုယ်ကို ညွှတ်ချပြီး ပြုံးပြသည်။ “ကောင်းကင်နတ်အရှင်ရဲ့ သင်္ဘောက သေးလည်း သေး၊ ‌နှေးလည်း နှေးလှချည်လား... ကောင်းကင်နတ်အရှင်အဆင့်အတန်းနဲ့ အတော်လေးကို ဆန့်ကျင်နေပါတယ်... ဒီဖက်လာခဲ့ပါလား ... ကျုပ်တို့အားလုံး ဘိုးဘေးနန်းတော်ဆီ သွားနေတာပဲဆိုတော့ လမ်းကြုံတင်ပေးလို့ ရပါတယ်”

မျက်ကန်းက စိတ်ဆိုးမာန်ဆိုးဖြင့် တုံ့ပြန်လိုက်၏။ “မင့်မှာ မျက်လုံးရှိပေမယ့် အမြင်အာရုံမကောင်းဘူးပဲ... အေးပေါ့လေ မင်းလို ဉာဏ်တိမ်တဲ့သူတစ်ယောက်က ဒီသင်္ဘောရဲ့ အားသာချက်တွေကို ဘယ်လိုလုပ် တွေးနိုင်ပါ့မလဲ”

ထိုသို့ပြောလိုက်ပါသော်လည်း သူ့မှာ မတင်မကျ ဖြစ်နေ၍ ရွှေအကို ခပ်တိုးတိုး မေးလိုက်သည်။ “ပန်းပဲဆရာ၊ ဒီသင်္ဘောက ဘယ်လိုလဲ... ကောင်းကင်နတ်ဘုံရဲ့ အဲဒီသင်္ဘောကြီးတွေကို အနိုင်ယူနိုင်လား”

ရွှေအသည် ကောင်းကင်နတ်ဘုံ၏ သင်္ဘောကို အကဲခတ်ပြီးနောက် ခေါင်းယမ်းလိုက်၏။ “ကောင်းကင်နတ်ဘုံရဲ့ သင်္ဘောက ရှေးကျပြီး ဆေးစွမ်းအင်ကျောက်တုံးအများကြီး သုံးစွဲပေမယ့် မီးအားတော့ တော်တော်ပြင်းတယ်.. ငါတို့သင်္ဘောက သေးတဲ့အပြင် အခြေခံလည်း အားနည်းတယ်.. အဲဒီသင်္ဘောနဲ့ ဘယ်ယှဉ်လို့ရမလဲ... ငါတို့ကို အလွယ်တကူ ချန်ထားခဲ့ဖို့ဆိုရင် ကောင်းကင်နတ်ဘုံရဲ့ သင်္ဘောက ဆေးမီးဖိုတွေကို အရှိန်ကုန်တင်လိုက်ဖို့ပဲ လိုတာ”

ဆေးဆရာက ခေါင်းညိတ်ပြီး လေကို အနံ့ခံကြည့်သည်။ “သူတို့ဆေးမီးဖိုတွေမှာ ဆေးစွမ်းအင်ကျောက်တုံးတွေကို အပြည့်အဝ လောင်ကျွမ်းပေးနိုင်တဲ့ ဝိညာဉ်စွမ်းအင် အလုံအလောက် မရှိဘူး... ဒါပေမဲ့ သူတို့သုံးတဲ့ ဆေးစွမ်းအင်ကျောက်တုံးတွေက အရည်အသွေးအမြင့်ဆုံးတွေပဲ... အဲဒီကျောက်တုံးတွေ လောင်ကျွမ်းရင် မီးအားက သိပ်ပြင်းတယ်... ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဆေးမီးဖိုတွေက ပိုအဆင့်မြင့်ပေမယ့် သေးတော့ မယှဉ်နိုင်ဘူး”

ကောင်းကင်နတ်အရှင်ဆယ်ယောက်၏ သင်္ဘောများက မီးအားကို အရှိန်တင်လိုက်သဖြင့် အလွန်မြန်လာကာ ကြယ်ပျံများလို ခွင်းထွက်သွားတော့သည်။ သူတို့၏သင်္ဘောလေးမှာတော့ သူတို့ချန်ခဲ့သည့် အလင်းတန်းများအကြားထဲ ကျန်ခဲ့သည်။

ချင်မူက ကောင်းကင်နတ်အရှင်ယွဲ့၏ မီးအိမ် ထုတ်ကာ ရွက်တိုင်တွင် ချည်သည်။

အမြန်သင်္ဘောသည် ဖြည်းဖြည်းချင်းသာ ရွေ့နေဆဲ ဖြစ်သော်လည်း မကြာခင် ကောင်းကင်နတ်ဘုံ၏ သင်္ဘောအား အရှေ့တွင် မြင်လိုက်ရသည်။ များစွာမကြာလိုက်ဘဲ အမြန်သင်္ဘောကား ၎င်းအရှေ့သို့ ရောက်သွားချေပြီ။

ကောင်းကင်နတ်ဘုံ၏ စစ်သင်္ဘောများထက်တွင် အကုန်လုံး အံ့အားသင့်နေသည့် မျက်နှာများဖြင့် ကျန်ရစ်ခဲ့၏။

‌

ရွှေအတို့ နောက်လှည့်ကြည့်လိုက်သည့်အခါ ကောင်းကင်နတ်ဘုံ၏ စစ်သင်္ဘောများမှာ အဝေး၌ ကျန်ခဲ့ကာ မိုးကုပ်စက်ဝန်းတွင် ပျောက်ကွယ်သွားလေသည်။

ရက်အနည်းငယ်ကြာသ်ော အမြန်သင်္ဘောက ဘိုးဘေးနန်းတော်အနား ရောက်လာသည်။ အားလုံး အဝေးမှ လှမ်းကြည့်လိုက်ရာတွင် ကောင်းကင်ထဲရှိ အက်ကွဲကြောင်းတစ်ကြောင်းအား မြင်လိုက်ရ၏။ အက်ကွဲကြောင်းကြီးမှာ သွေးဖြင့် လောင်းချခံထားရသကဲ့သို့ နီရဲတောက်နေသည်။

ချင်မူက ကောင်းကင်ထဲရှိ အက်ကွဲကြောင်းအနား သွားကာ သင်္ဘောလေးအား ရပ်သည်။ ထို့နောက် လင်ယွိရှို့ ပေးခဲ့သည့် ‌ထောင်ကျယ်အိတ်ကို ထုတ်၍ စွမ်းအင်အကူးအပြောင်းတံတား၏ အစိတ်အပိုင်းများ ထုတ်လိုက်သည်။

အကုန်လုံး သူ့ကို အလျင်အမြန် လာကူကြပြီး စွမ်းအင်အကူးအပြောင်းတံတားအား မြန်မြန်ဆန်ဆန်ပင် ဆောက်လိုက်ကြ၏။

ချင်မူ စွမ်းအင်အကူးအပြောင်းတံတားကို အသက်သွင်းလိုက်သည်နှင့် အလင်းတန်းတစ်တန်းသည် ယဇ်ပလ္လင်ထဲမှ ကောင်းကင်အတွင်းသို့ ထိုးတက်သွားတော့သည်။

ကမ္ဘာဦးဘုံ၏ ထာဝရငြိမ်းချမ်းရေးအင်ပါယာထဲရှိ စွမ်းအင်အကူးအပြောင်းတံတားတစ်စင်းလည်း တစ်ပြိုင်တည်း လင်းလာသည်။ ဝင်္ကပါသည် အသက်ဝင်သွားပြီး တံတားနှစ်စင်း ဆက်သွား၏။

ချင်မူက သူ့တစ်ယောက်တည်း တတွတ်တွတ် ရေရွတ်နေပြီးနောက် ကောင်ကင်နတ်သိုင်းများ ထုတ်လွှတ်သည်။ သူက သိုင်းကွက်များကို စွမ်းအင်အကူးအပြောင်းတံတားထဲ ခတ်နှိပ်လိုက်ပြီး ပြောလိုက်သည်။ “ကဲ အခု ပြီးပြီ... ဘိုးဘေးနန်းတော်ထဲ ဝင်ကြစို့”

သူ ထုတ်လွှတ်ခဲ့သော ကောင်းကင်နတ်သိုင်းက ကောင်းကင်နတ်အရှင်လင်၏ မပြောင်းလဲသော ဒြပ်ထု ကောင်းကင်နတ်သိုင်းဖြစ်သည်။ တံတား အဖျက်စီးခံလိုက်ရင်လျှင်တောင်မှ မူလအခြေအနေသို့ အလျင်အမြန် ပြန်ရောက်သွားလိမ့်မည်။ ဤနည်းဖြင့် လမ်းမပျောက်နိုင်တော့ပေ။

အကုန်လုံး ကောင်းကင်ထဲရှိ အက်ကွဲကြောင်းအရှေ့သို့ သွားကာ ကောင်းကင်နတ်အရှင်ရှစ်ယောက် ချန်ရစ်ခဲ့သော ချိတ်တံဆိပ်များကို ‌မြင်လျှင် အနည်းငယ် ထိတ်လန့်လာကြ၏။

ချင်မူက ပြုံးလျက် ပြောသည်။ “ကောင်းကင်နတ်အရှင်ရှစ်ယောက်က ဒီနေရာကို ချိတ်ပိတ်ခဲ့တာပါ... ကျွန်တော်လည်း ချိတ်တံဆိပ်တစ်ခု ချန်ခဲ့တယ်... မပူကြနဲ့ ကျွန်တော့်ချိတ်တံဆိပ်က အေးအေးဆေးဆေး ဖြတ်သွားလို့ရပါတယ်”

“မူအာ၊ မင်းရဲ့ ချိတ်တံဆိပ်က ဘယ်မှာလဲ” မျက်ကန်းမှာ အတန်ကြာသည်အထိ လိုက်ရှာနေသော်လည်း ချင်မူ၏ချိတ်တံဆိပ်အား မမြင်ရပေ။

“အဲ့နားမှာလေ.... ‌‌ကောင်းကင်နတ်အရှင်ရှစ်ယောက်ရဲ့ ချိတ်တံဆိပ်တွေကြားမှာ ညပ်နေတဲ့ မျဉ်းလေးကို တွေ့လား”

ချင်မူ လက်ညှိုးထိုးပြတော့မှ အကုန်လုံး မြင်ကြတော့သည်။ သူတို့၏မျက်နှာအမူအရာများ ထူးဆန်းကုန်ကြ၏။ “ဒီလောက်သေးရလား... ဖြတ်သွားလို့တောင် ရပါ့မလားဟ”

All Chapters