ထူးဆန်းသော ကျောက်တုံး
Vol. 90 Ch. 1180
ချင်မူ၏ ချိပ်တံဆိပ်မှာ ပိစိသေးကွေးလွန်းသောကြောင့် အသေအချာသာ မကြည့်ပါက မြင်ရမည်မဟုတ်ချေ။
ချင်မူက အပြုံးဖြင့် ပြောသည်။ “ကျွန်တော့်စွမ်းအားက ကောင်းကင်နတ်အရှင်ရှစ်ပါးနဲ့ယှဉ်ရင် နိမ့်ကျပေမယ့် ကျွန်တော့်ကောင်းကင်နတ်သိုင်းတွေကတော့ သူတို့ထက် နိမ့်ကျမနေဘူး…. ချိပ်တံဆိပ်က သေးငယ်တဲ့ပုံ ပေါက်ပေမယ့် တကယ်တော့ အထဲမှာ စကြ၀ဠာတစ်ခု ရှိတယ်”
သူက သင်္ဘောအား ချိပ်တံဆိပ်ဆီသို့ ပျံသန်းသွားစေသည်။ သင်္ဘောပေါ်ရှိ လူတိုင်း အနည်းငယ် စိတ်လှုပ်ရှားနေကြ၏။ ကောင်းကင်နတ်အရှင်ရှစ်ပါး၏ ချိပ်တံဆိပ်များမှာ အင်မတန် ကြောက်မက်ဖွယ်ကောင်းသည် မဟုတ်လော။ သူတို့သာ ထိုချိပ်တံဆိပ်များကို မတော်တဆ ထိမိပါက ယင်းချိပ်တံဆိပ်များ၏ စွမ်းအားက ပေါက်ကွဲထွက်လာပြီး မရှုမလှသေဆုံးကြရလိမ့်မည်။
သို့သော် ကောင်းကင်ရှိ အက်ကွဲကြောင်းဆီ သင်္ဘောရောက်ရှိသည့်အခါ သူတို့ပတ်ပတ်လည်ရှိ ကောင်းကင်နတ်အရှင်ရှစ်ပါး၏ ချိပ်တံဆိပ်များမှာ တဖြည်းဖြည်း သေးငယ်သွားပြီး ချင်မူ ချန်ခဲ့သည့် ချိပ်တံဆိပ်က ကြီးထွားလာသည်။
ထိုသို့ ပြောင်းလဲမှုက လူတိုင်းကို ဇဝေဇဝါ ဖြစ်သွားစေတော့သည်။
သင်္ဘော ချင်မူ၏ ချိပ်တံဆိပ်ထဲသို့ ရွက်လွှင့်နေစဉ် ဘိုးဘေးနန်းတော်ထဲသို့ တိုက်ရိုက်ဦးတည်နေသည့် ဥမင်လိုဏ်ခေါင်းတစ်ခုကို မြင်လိုက်ကြရသည်။ လိုဏ်ခေါင်း၏ တစ်ဖက်တစ်ချက်စီတွင် ကောင်းကင်နတ်အရှင်များ၏ ချိပ်တံဆိပ်တို့အား ရှင်းလင်းပြတ်သားစွာ မြင်နေရလေသည်။
သင်္ဘောအပြင်၌ ကောင်းကင်နတ်အရှင်ရှစ်ပါး၏ ချိပ်တံဆိပ်များမှ ဖြစ်ပေါ်လာသော မဟာတာအိုအလင်းတန်းများ ဖြတ်ပြေးနေ၏။ လိုဏ်ခေါင်းအပြင်သို့ ကြည့်လိုက်ပါက ကောင်းကင်နတ်အရှင်ရှစ်ပါး၏ ကောင်းကင်နတ်သိုင်းတို့၏ အလှတရားများကို ကြည့်ရှုခံစားနိုင်ကြသည်။
အမြန်သင်္ဘောမှာ မကြီးမားသည့်တိုင် ၎င်းပေါ်ရှိ လူတိုင်းမှာ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ၏ လက်ရွေးစင် ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့က စာရွက်များ၊ စုတ်တံများနှင့် ကောင်းကင်လက်နက်များ ထုတ်၍ ကောင်းကင်နတ်အရှင်ရှစ်ပါး၏ ကောင်းကင်နတ်သိုင်းများတွင် ပါရှိသည့် အံ့ဩဖွယ်ရာများကို တွက်ချက်မှတ်သားနေကြသည်။
မျက်ကန်းကို မေးမြန်းအကူအညီတောင်းသည့် လူငယ်များလည်း ရှိကြပြီး မျက်ကန်းက စိတ်ရှည်စွာဖြင့် ဂရုတစိုက် သင်ပြပေးသည်။
ချင်မူလည်း ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ သင်္ဘောအား အရှိန်လျှော့၍ ကောင်းကင်နတ်အရှင်ရှစ်ပါး၏ ကောင်းကင်းနတ်သိုင်းများကို လုံလုံလောက်လောက် လေ့လာစေသည်။
အက်ကွဲကြောင်းထဲမှ သင်္ဘော ထွက်လာသည့်အခါ ဆယ်ရက်ကျော် ကြာခဲ့ချေပြီ။ သို့သော် ကောင်းကင်နတ်ဘုံ၏ စစ်သင်္ဘောများမှာ မရောက်လာကြသေးပေ။
ချင်မူက သင်္ဘောကို အနက်ရောင်သစ်ပင်ကြီးရှိရာသို့ ဦးတည်မောင်းနှင်သွားသည်။ သူက အလေးအနက် သတိပေးနေသည်။ “ဘိုးဘေးနန်းတော်က နှိုင်းယှဉ်မရလောက်အောင် အန္တရာယ်များတဲ့အပြင် ဟင်းလင်းပြင်သားရဲတွေက နေရာတိုင်းမှာ ရှိတယ်…. အဲ့ဒီဟင်းလင်းပြင်သားရဲတွေက သူတို့ရဲ့ခန္ဓာကိုယ်တွေကို ဟင်းလင်းပြင်အဖြစ် ပြောင်းလဲလို့ရပြီး အကောင်အထည်ရှိတဲ့ ဖြစ်တည်မှုအဖြစ်လည်း ပြန်ပြောင်းလို့ရတယ်…. လျှပ်တပြက် ပေါ်တတ်၊ ပျောက်သွားတတ်... အားလုံးပဲ မျက်စိဖွင့်နားစွင့်ထားပါ.... လျှောက်သွားချင်ရင် ရှုကျွင်းကို အဖော်ခေါ်သွားကြ”
ရှုကျွင်းသည် ပြုံး၍ နှစ်သိမ့်၏။ “ထာ၀ရငြိမ်းချမ်းရေးအင်ပါယာ ကောင်းကင်နတ်သိုင်းပညာရှင်တွေနဲ့ နတ်ဘုရားတွေက ဖန်ဆင်းရှင်တွေရဲ့ အသိစိတ်အလျဉ်ကျင့်စဉ်တွေကို ကျင့်ထားပြီးပြီလေ… ဆိုတော့ ဟင်းလင်းပြင်သားရဲတွေ တွေ့ရင် စိတ်ဖိစီးစရာ မလိုပါဘူး… မင်းတို့ရဲ့ အသိစိတ်အလျဉ်တွေက မသန်မာသေးပေမယ့် အင်အားပူးပေါင်းလိုက်ရင် ဟင်းလင်းပြင်သားရဲတွေကို မောင်းထုတ်လို့ရပါတယ်”
အားလုံး ခေါင်းညိတ်နာခံကြသည်။
သင်္ဘော၏ အမြန်နှုန်းမှာ မနှေးသော်လည်း ဘိုးဘေးနန်းတော်၏ ကျယ်ပြန့်မှုနှင့် ယှဉ်လျှင် နှေးလွန်းနေသေး၏။ သင်္ဘောသည် လေထဲ၌ ဆယ်ရက်ကျော် ခရီးနှင်ပြီးသည့်တိုင် အနက်ရောင်သစ်ပင်ကြီးဆီ မရောက်သေးချေ။
ချင်မူကလည်း ဘိုးဘေးနန်းတော်၏ မြေပြင်အနေအထားကို လူငယ်များ ပိုမိုလေ့လာနိုင်အောင် တမင်တကာ အရှိန်လျှော့ထားပေးသည်။
ချင်မူ့အတွက် အနက်ရောင်သစ်ပင်နယ်မြေအား ကာကွယ်နိုင်ခြင်း၊ မကာကွယ်နိုင်ခြင်းက အရေးမကြီးချေ။ ဤနေရာတွင် လူများကသာ အဖိုးတန်ဆုံး ရတနာများ ဖြစ်၏။ အနက်ရောင်သစ်ပင်ကြီးသာ အတိုက်ခိုက်ခံရပါက သူတို့အနေဖြင့် မြေပြင်အနေအထားနှင့် အကျွမ်းတ၀င် ရှိနေပြီး လွတ်မြောက်နိုင်ကြပေမည်။
‘ငါ့သစ်ပင်ကြီးက ရတနာမြေတွေထဲမှာ အကောင်းဆုံးပဲ.. ကောင်းကင်နတ်အရှင်ရှစ်ယောက် ငါ့မြေကို မြင်ခဲ့တုန်းက သူတို့ရဲ့ အကြည့်တွေက နည်းနည်း ထူးဆန်းနေခဲ့တယ်… ဟမ့် ငါ့မြေကို လောဘတက်နေကြတာပဲ နေမှာ’
ချင်မူက စိတ်ထဲမှ တွေးနေသည်။ “ထိုက်ကျိကျောက်တုံးတွင်းထဲက ရှေးဟောင်းနတ်ဘုရားနှစ်ပါးက ငါ့အပေါ် တကယ်ကောင်းတာပဲ’
သူတို့ ခရီးတစ်၀က် ရောက်သော် ကောင်းကင်နတ်ဘုံ၏ သင်္ဘောဆယ်စီးသည် ရောက်လာခဲ့၏။
သို့သော် စစ်သင်္ဘောဆယ်စီး၏ လှုပ်ရှားမှုက အံ့ဩမှင်သက်ဖွယ် ကောင်းချေသည်။ သူတို့က ကောင်းကင်နတ်အရှင်ရှစ်ပါး၏ ချိပ်တံဆိပ်များထဲမှ တိုက်ရိုက်ရွက်လွှင့်လာပြီး ဘိုးဘေးနန်းတော်၏ ကောင်းကင်ထက်သို့ ရောက်ရှိလာသည်။ သင်္ဘောပေါ်ရှိ မိစ္ဆာများနှင့် နတ်ဘုရားများက ကောင်းကင်လက်နက်မျိုးစုံအား တစ်ပြိုင်နက် အသက်သွင်းလိုက်ကြသဖြင့် သင်္ကေတဒိုင်းအလွှာများသည် သင်္ဘောအပြင်ဘက်တွင် တောက်ပလာကြ၏။ ၎င်းတို့ကား နှိုင်းမရလောက်အောင် ခမ်းနားတင့်တယ်နေပြီး သင်္ဘောဆယ်စီးအား နေရာလပ်မကျန် ထောင့်စေ့အောင် ကာကွယ်ထားလေသည်။
သင်္ဘောများအပေါ်၌ ဧကရာဇ်ပလ္လင်အဆင့် သိုင်းပညာရှင်များပင် ရှိကြသည်။ သူတို့က ဟင်းလင်းပြင်သားရဲများကို ခြောက်လှန့်ရန် သူတို့၏ ဧကရာဇ်စွမ်းအားကို ထုတ်လွှတ်ထားကြ၏။
အံ့ဩဖွယ်ကောင်းစွာနှင့် ဘိုးဘေးနန်းတော်ရှိ ဟင်းလင်းပြင်သားရဲများအား အစအနပင် မမြင်ရချေ။ သူတို့၏ ဝင်ရောက်လာမှုက အုတ်အော်သောင်းနင်း ဖြစ်စေသည့်တိုင် ဟင်းလင်းပြင်သားရဲများမှာ ပေါ်မလာကြချေ။
ဤသည်က မဖြစ်နိုင်သော အရာပင်။
ဟင်းလင်းပြင်သားရဲများသည် မြင်သမျှသက်ရှိများကို စားသောက်ရန် အမြဲပြေးထွက်လာတတ်ကြပြီး ဦးစွာ စားနိုင်အောင် တိုက်ခိုက်လေ့ရှိကြ၏။ စားစရာမရှိပါက မြက်ပင်ကိုလည်း မချန်ဘဲ စားပစ်တတ်ကြသည်။
သူတို့ ဗိုက်၀သွားလျှင်တောင်မှ ကောင်းကင်သို့ထံ ပြေးတက်၍ နေနှင့်လကို ဝါးမြိုရန် ကြိုးစားတတ်ကြသည်။
သို့သော် ယခုတွင် ဟင်းလင်းပြင်သားရဲများ၏ လှုပ်ရှားမှု ရှိမနေချေ။ ချင်မူတို့ ဤနေရာသို့ ရောက်နေသည်မှာ ကြာလှပြီဖြစ်သည့်တိုင် ဟင်းလင်းပြင်သားရဲများ၏ မည်သည့်တိုက်ခိုက်မှုကိုမှ မကြုံတွေ့ရပေ။ ဤသည်က ဘိုးဘေးနန်းတော်ကို အင်မတန် ချောက်ချားဖွယ်ရာ ဖြစ်နေစေသည်။
‘ဟင်းလင်းပြင်သားရဲမိခင် မွေးဖွားခဲ့ပြီ’
အမြန်သင်္ဘောအပေါ်တွင် ချင်မူသည် ကောင်းကင်ကို အကဲခတ်ကြည့်ရင်း မျက်နှာအမူအရာ လေးနက်တင်းမာနေ၏။ သူ့အကြည့်က ဟင်းလင်းပြင်အလွှာများကို ဖြတ်ကျော်သွားသည်။
သူ့အကြည့်သည် အသိစိတ်အလျဉ်ကဲ့သို့ ဟင်းလင်းပြင်အလွှာများအား နက်နက်ရှိုင်းရှိုင်း ကြည်လင်ပြတ်သားစွာ မမြင်နိုင်ပေ။ ထို့ကြောင့် ဟင်းလင်းပြင်သားရဲများ၏ မည်သည့်အရိပ်အယောင်ကိုမှ မမြင်ရဘဲ ဖြစ်နေသည်။
ရက်အနည်းငယ်ကြာသည့်အခါတွင်တော့ သင်္ဘောလေးကား အနက်ရောင်သစ်ပင်ကြီးဆီ ရောက်လာခဲ့ချေပြီ။
သင်္ဘောပေါ်ရှိ လူတိုင်းမှာ ထောင်သောင်းချီသော သစ်နက်တောင်တန်းများကို ကြည့်ရင်း မှင်သက်အံ့ဩနေကြသည်။ ဤနေရာကား ကြီးမားကျယ်ပြောလွန်းလှ၏။ မဟာမြို့ပျက်ထက်တွင် ကျယ်ဝန်းချေသည်။
ဤနေရာမှ သတ္ထုတွင်းနက်များ အကုန်အစင် တူးဖော်မည်ဆိုလျှင် မည်မျှရှည်လျားကြာမြင့်လှမည့် အလုပ်ဖြစ်မည်နည်း။
သူတို့ကို ပို၍ပင် အံ့အားသင့်စေသည်မှာ ကောင်းကင်ဘုံ ၂၈ ဘုံအား ဖြန့်ကျက်ထားသော ပြိုင်ဘက်ကင်း ရတနာ ဖန်သားကောင်းကင်စေတီပင် ဖြစ်သည်။ ကောင်းကင်ဘုံများသည် ကမ္ဘာလောကများသဖွယ် ဤနေရာကို ဝန်းရံလျက် စောင့်ရှောက်ကာကွယ်ပေးထား၏။
ခမ်းနားတင့်တယ်မှုကား ဩချရလောက်သည်။
နတ်ဘုရင်ရှုကျွင်းမှာတော့ အနက်ရောင်တောင်တန်းများကို မြင်လျှင် မျက်နှာအမူအရာ အကြီးအကျယ် ပျက်ယွင်းသွားတော့သည်။ သူ့မှ တစ်ခုခု ပြောချင်နေသော်လည်း တွန့်ဆုတ်နေသည်။
သင်္ဘောက ကောင်းကင်ဘုံ ၂၈ ဘုံအတွင်း ရွက်လွင့်ဖြတ်သန်းသွားနေပြီး ရုတ်တရက် ရွှေအက ချင်မူ့ကို အလျင်အမြန် ရပ်ခိုင်းလိုက်သည်။
သူက သင်္ဘောပေါ်မှ လွှားခနဲ ခုန်ချပြီး သစ်နက်တောင်တန်းများ၏ အပြင်အကျဆုံး အလွှာပေါ်က အနက်ရောင်တောင်တစ်လုံး၏ အခြေသို့ ခပ်သွက်သွက် ပြေးသွား၏။ ထို့နောက် မြေကြီးထဲမှ ကျောက်တုံးတစ်လုံး တူးလိုက်လေသည်။
ချင်မူလည်း သင်္ဘောကို အောက်သို့ နိမ့်ဆင်းစေလိုက်ရင်း မြေပြင်ပေါ် ဆင်းသက်လိုက်သည်။ ကျန်ရှိသူများလည်း ပတ်ဝန်းကျင်အား လေ့လာရန် ဆင်းလာကြသည်။ ရွှေအလက်ထဲတွင် သာမန်ထက်မထူးခြားသော ကျောက်တုံးတစ်လုံးအား သူတို့မြင်လိုက်ကြရ၏။ ကျောက်တုံးမှာ မြစ်ရေဖြင့် နှစ်ပေါင်းများစွာ တိုက်စားခံခဲ့ရသည့်အလား ရိုးရိုးရှင်းရှင်းပင် ဖြစ်ပြီး ဖန်သားပြင်လို ချောမွေနေသည်။
ရွှေအက သေတ္တာကို ဖွင့်၍ အထဲသို့ လက်ထည့်ကာ တူကြီးတစ်လက် ဆွဲထုတ်လိုက်သည်။
အားလုံး သေတ္တာထဲ ချောင်းကြည့်ကြသော်လည်း ငွေစက်လုံးတချို့မှအပ မည်သည်မှ ရှိမနေပေ။
ချင်မူ ပြုံးစစ ဖြစ်သွားသည်။ သူလည်း တစ်ချိန်တုန်းက ဤလူငယ်များလို သေတ္တာထဲ ဘာရှိလဲ သိချင်ခဲ့ဖူး၏။ ရွှေအက သူ့ကို မကြာခဏ စနောက်ခဲ့ဖူးလေသည်။
ရွှေအသည် တူကြီးကို မြှောက်၍ ကျောက်တုံးအား ထုတော့မည့်အချိန် တုံံ့ခနဲ ရပ်လိုက်ကာ အလေးအနက် မေး၏။ “မူအာ၊ မင်းရဲ့ ကောင်းကင်ဘုံ ၂၈ ဘုံရဲ့ ခံနိုင်အားက ဘယ်လောက်လဲ”
ချင်မူက ပြန်ဖြေသည်။ “တော်တော်လေး ကောင်းပါတယ်... ကျောက်စိမ်းမြို့တော်နဲ့ နတ်ကောင်းကင်ခန်းမအဆင့် သိုင်းပညာရှင်တွေရဲ့ တိုက်ကွက်တွေကို ခုခံနိုင်တယ်... အချိန်တိုလေးအတွင်း မပျက်စီးဘူး”
ရွှေအမှာ စိတ်သက်သာရာရသွားပြီး တူကြီးကို ပင့်မြှောက်ကာ ကျောက်တုံးအပေါ် ထုရိုက်ချလိုက်၏။ “ကောင်းတယ်.. ဒီကျောက်တုံးထဲက အရာ ထွက်လာရင် ဖမ်းဖို့ ခက်လိမ့်မယ်”
ချွင်
အသံကျယ်ကြီးတစ်သံ ထွက်လာသဖြင့် အားလုံး နားထဲ စူးကုန်ကြသည်။ အတန်ကြာသည်အထိ တခြားအသံများ မကြားရတော့ပေ။
ရွှေအ၏ တူကြီး ကျသွားသည်နှင့် ကျောက်တုံးသည် ကွဲသွား၏။ ကွဲသွားသည့် ကျောက်တုံးထဲမှ ခပ်လင်းလင်း အရာဝတ္ထုတစ်ခု ထွက်လာသည်။ ၎င်းက ပျံတက်ပြီး ထွက်ပြေးသွားသည်။ ထို့နောက် ဖန်သားကောင်းကင်စေတီ၏ အပြင်ကမ္ဘာရှိ အတားအဆီးနံရံကို ဝင်တိုက်ကာ ပြန်ကန်ထွက်လာသည်။
ထိုအရာဝတ္ထုကား အတိုင်းထက်အလွန် မြန်သည်။ ၎င်းမှာ အတားအဆီးနံရံအား တစ်ချက်တည်း မချိုးဖျက်နိုင်ခဲ့သဖြင့် တခြားနေရာများဆီ ပြန်တိုက်၏။ အချိန်တိုလေးအတွင်း ၎င်းသည် မိုင်ပေါင်းများစွာ ပျံသန်း၍ ဖန်သားကောင်းကင်စေတီ၏ အတားအဆီးနံရံအား ဝင်တိုက်ရင်း ပြန်ကန်ထွက်နေ၏။
အားလုံး အာရုံစိုက် ကြည့်လိုက်သည့်အခါ ငြိမ်သက်နေသော ရေပြင်ထဲ၌ အလင်းဟပ်နေသော လရောင်သဖွယ် ဓားပျံတစ်လက်အား မြင်လိုက်ကြရသည်။
ဓားပျံသည် ပျံသန်းနေရင်း လရောင်လို နတ်အရောင်အဝါတို့အား ထုတ်လွှတ်နေခြင်း ဖြစ်၏။
ချင်မူက ကျောက်တုံးကို ငုံ့ကြည့်ပြီး ကျောက်တုံးထဲတွင် ဗလာကျင်းနေသော ဟင်းလင်းပြင်တစ်ုခအား မြင်လိုက်ရသည်။ ဟင်းလင်းပြင်၏ နံရံများသည် နတ်သတ္ထုတစ်မျိုး၏ အကြွင်းအကျန်များ ဖြစ်၏။ ဤဓားက ဤကျောက်တုံးထဲရှိ နတ်သတ္ထုမှ မွေးဖွားလာခဲ့ကြောင်း ထင်ရှားပေသည်။ နတ်သတ္ထုကို စုပ်ယူပြီးနောက်တွင် ကျောက်တုံးအတွင်း၌ ပိတ်မိနေကာ ထွက်မလာနိုင်တော့ခြင်း ဖြစ်မည်။
သို့သော် ဤသည်မှာ သဘာဝနတ်လက်နက်တစ်မျိုးအား ချင်မူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။
ကျန်းယွင်ကျန့်နှင့် လူငယ်များ ပျံတက်သွားကြပြီး အလင်းဓားပျံနောက် လိုက်ကာ ထိုဓားအား လက်အောက်ငယ်သားအဖြစ် ဖိနှိပ်ချင်နေကြသည်။ သို့သ်ော သူတို့ ၎င်းဆီ မရောက်ခင် ဆယ်မိုင်ကျော် ရှည်လျားသော ဓားရောင်တန်းက ကြောက်မက်ဖွယ်စွမ်းအားဖြင့် ပိုင်းချလိုက်ကြောင်း မြင်လိုက်ရ၏။
ထိုနတ်ဓားသည် အသိညဏ်ရှိသည်သာမက အသိစိတ်အလျဉ်လည်း ပိုင်ဆိုင်ထားသယောင်ပင်။ ၎င်းမှာ တစ်ပါးသူ၏ လက်ထဲ မကျရောက်လိုသဖြင့် အကုန်လုံးကို သတ်ဖြတ်ချင်နေတော့သည်။
ချင်မူ ကူညီတော့မည့်အချိန် မျက်ကန်းက ပြုံးလျက် ပြောသည်။ “လွှတ်ထားလိုက်... မင်း အသိုက်ကို ကာကွယ်နေတဲ့ ကြက်မကြီးလို မလုပ်ရဘူး... သူတို့ကို မင်း တစ်သက်လုံး ကာကွယ်ပေးထားနိုင်မှာမှ မဟုတ်တာ”