← Chapters

ထိတ်လန့်ဖွယ် သတင်းတစ်ခု

Vol. 011 Ch. 1041

ထိတ်လန့်ဖွယ် သတင်းတစ်ခု

Vol. 011 Ch. 1041

ရီဖူရှင်း ပြန်သွားပြီးနောက် လီဟန်ဓား နန်းတော်မှ လူများသည် အရှက်ရသော မျက်နှာများနှင့် မိမိတို့နေရာ၌ ပြန်ထိုင်ကြ၏။ သူတို့အားလုံးမှာ ပြင်းထန်သော ဒဏ်ရာများအား ရရှိခဲ့ကြသည်။

အထူးသဖြင့် ဖန်းရှောင်မှာ ပိုမို၍ မသက်မသာ ခံစားနေရ၏။ ရီဖူရှင်းက သူ၏သံစဉ်ကို လောကဓာတ်ဖြင့် ဧရာမ လက်ဝါးအသွင်သို့ ပြောင်းကာ သူမအား မြေပြင်ပေါ်သို့ ရိုက်နှက်ခဲ့သည်။

မွေးနေ့ပွဲမှာ တိတ်ဆိတ်နေ၏။ အားလုံးမှာလည်း အတွေးကိုယ်စီ ဝင်နေကြသည်။ အင်ပါယာရှားက ရီဖူရှင်းအား ရှားရှင်းယွန်၏ ကိုယ်ရံတော်အဖြစ် သတ်မှတ်ခဲ့ခြင်းမှာ ရီဖူရှင်းသည် အလွန်တရာ ထူးခြား ထက်မြက်နေ၍ ဖြစ်မည်။

လီဟန်ဓား နန်းတော်မှ ဓားသမားများမှာ ရီဖူရှင်းအား မည်သို့မှ မယှဉ်နိုင်ခဲ့ကြပေ။ သူတို့အကြား စွမ်းရည်များမှာ အလွန်အမင်း ကွဲပြား ခြားနားကြောင်း အားလုံးက သတိထားမိကြသည်။

ရီဖူရှင်းသည်လည်း ရှန့်ထို အဆင့်အောက်၌ ပြိုင်စံရှားသူ တစ်ဦးဖြစ်သည်မှာ သံသယ ဖြစ်စရာမလို။

သူက ဝမ်ချွန်းနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်း အမှန်တကယ် ရှိနိုင်လောက်ပေသည်။

ယောင်းချီ၏ မျက်လုံးများက အရောင်လက် သွားသည်။ ရီဖူရှင်း၏ ထက်မြက်သော စွမ်းရည်က သူမကိုလည်း အံ့အားသင့် စေခဲ့သည်။ လီဟန်ဓားနန်းတော်မှ ရှန့်ထိုအဆင့် အောက်တွင် မည်သူကမှ သူ့အား မယှဉ်နိုင်ကြပေ။ သူ့အား တိုက်ခိုက်ရန် အဆင့်မီသူမှာ ဝမ်ချွန်း တစ်ယောက်သာ ရှိနိုင်လောက်ပေသည်။

ထို့နောက် သူမက ရှားရှင်းယွန်အား ကြည့်သည်။ သူမ၏အပြုံးမှာ ဆွဲဆောင်အားကောင်း လှပေသည်။

သူမ၏အမြင်တွင် ရှားရှင်းယွန်က ရီဖူရှင်းအပေါ် အေးစက်စွာ ဆက်ဆံသော်လည်း အမှန်တကယ်အားဖြင့် ရီဖူရှင်းအား ကူညီပေးနေသည်မှာ သေချာပေသည်။

“အရှင်မင်းကြီးက တန်ဖိုးထားရတဲ့သူ ဆိုတော့ သူ့ပါရမီက ထူးထူးခြားခြား ကောင်းမွန်နေတာ မထူးဆန်းတော့ပါဘူး” တိတ်ဆိတ်မှုအား အသံတစ်သံက ဖြိုခွင်းလိုက်သည်။ ရှောင်ချိန်ဟေးက ပြုံးလျက် ပြောသည် … “ရှင်းယွန် … မင်းရဲ့ကိုယ်ရံတော်က တစ်ခုခုပဲ။ ဒါပေမဲ့ သူ့အပေါ်မှာ စည်းကမ်း ကြပ်မတ်ဖို့တော့ လိုလိမ့်မယ်။ မဟုတ်ရင် သူ့ကို ထိန်းချုပ်ဖို့ တော်တော် ခက်ခဲသွားလိမ့်မယ်”

ရှားရှင်းယွန်၏ မျက်လုံးများက ကွေးညွတ် သွားသည်။

သူမက ရီဖူရှင်းအား ထိန်းချုပ်ရန် မည်သည့် အခါကမှ မစဉ်းစားဖူးပေ။

သို့သော်လည်း ရှောင်ချိန်ဟေးက ထိုသို့ပြောလျှင် သူမကလည်း ထူးမခြားနားစွာ ခေါင်းညိတ် ပြောဆိုသည် … “အဖေက သူ့ကို ကျွန်မရဲ့ ကိုယ်ရံတော်အဖြစ် ခန့်အပ်ခဲ့တာ သူ့အကြောင်းကို သိနားလည်လို့ပဲ။ ဒါပေမဲ့ သူက တကယ်ပဲ မောက်မာပြီးတော့ မာနကြီးတယ်။ အခွင့်အရေးရရင် သူ့ကို ဆုံးမဖို့ အဖေ့ကို ပြောလိုက်ပါမယ်။ အပြစ်ပြုမိတဲ့အတွက် ခွင့်လွှတ်ပေးပါ ဦးရီးတော် …”

“အင်း …” ရှောင်ချိန်ဟေးက ခေါင်းညိတ်သည်။ ရှားရှင်းယွန်၏ လေသံမှ အေးစက်မှုကို သူခံစားရ၏။ ကြည့်ရသည်မှာ သူ့အား သူမ၏ ကိစ္စများတွင် ဝင်စွက်ဖက်စေလိုဟန် မရပေ။

ရှားရှင်းယွန် ဆိုလိုသည်က ရီဖူရှင်းသည် ရှားရှင်းယွန်နှင့် အင်ပါယာရှားတို့၏ လက်အောက်မှ ဖြစ်သည်။ ထို့ကြောင့် ရီဖူရှင်း၏ ကိစ္စကို အင်ပါယာရှားက စီမံသည်။ သူမ၏ဦးလေးက ဝင်စွတ်ဖက်စရာ မလိုဟူ၍ ဖြစ်သည်။

“အသေးအမွှား ကိစ္စပါပဲ … ဒီသံစဉ်က မွေးနေ့ပွဲကို ပိုပြီးတော့ အသက်ဝင်စေခဲ့တာပဲ” ဧကရီရှောင်က ပြုံးလျက် ထပ်ပြောသည် … “ရှင်းယွန် … မင်းအဖေက မင်းအတွက် အရာအားလုံးကို စီမံပေးခဲ့တယ်။ ရီဖူရှင်းကို မင်းရဲ့ကိုယ်ရံတော် အဖြစ် ခန့်အပ်ပြီးတော့ မင်းကိုလည်း အထက်ဘုံနဲ့ အောက်ဘုံက လူတွေကိုခေါ်ပြီး လေ့လာရေးခရီး ထွက်စေခဲ့တယ်။ မင်းက ရှန့်ထို ဖြစ်ခါနီးပြီဆို‌တော့ တကယ်ပဲ မင်းရဲ့ကိုယ်ပိုင် အင်အားကို ဖွဲ့စည်းသင့်ပြီ။ အောက်ဘုံက ကောင်းကင် ရွေးချယ်သူတွေကို ဘယ်တော့ အထက်ဘုံသို့ ဆင့်ခေါ်မလဲ”

အင်ပါယာရှားဘုံ၏ မင်းသမီးတစ်ပါး အနေဖြင့် ရှားရှင်းယွန်သည် အနာဂတ်တွင် သူမအဖေ၏ နေရာကို ဆက်ခံနိုင် လောက်ပေသည်။ ထို့ကြောင့် သူမက ကိုယ်ပိုင် အင်အားစုကို စတင် မွေးမြူသင့်ကာ အကောင်းဆုံးသော ပါရမီရှင်များအား ရွေးချယ်သင့်ပေ၏။

အင်ပါယာရှားက သူမအတွက် ရွေးချယ်ပေးသလို သူမကိုယ်တိုင်ကလည်း သင့်တော်သော လူများအား ရွေးချယ်န ိုင်ပေသည်။

“ဟုတ်ကဲ့ … သူတို့ရဲ့ တန်ခိုးအဆင့်က ကွန်းရှီအဆင့်သို့ ရောက်နေလောက်ပြီ။ သူတို့ကို အထက်ဘုံမှာ လေ့ကျင့်ဖို့ ဆင့်ခေါ်မလို့ သမီး စဉ်းစားနေတာ ကြာပါပြီ။ သူတို့ကို အထက်ဘုံမှာပဲ ရှန့်ထိုအဆင့်သို့ တက်ရောက်စေပါမယ်” ရှားရှင်းယွန်က ခေါင်းညိတ်သည်။

“အောက်ဘုံကလူတွေပဲ မဟုတ်ဘူး။ အထက်ဘုံမှာ မင်း သဘောကျတဲ့သူ တွေ့ရင်လည်း မင်းအဖေကို ပြောပြနိုင်တယ်။ ဒါပေမဲ့ မင်းမှာလည်း မင်းရဲ့ကိုယ်ပိုင် အတွေးတွေ ရှိမယ်လို့ ငါထင်တယ်” ဧကရီရှောင်က ပြုံးလျက် ပြောသည် … “ဒါပေမဲ့ မင်းရဲ့ လက်ထပ်မှုမှာတော့ အမေ တစ်ယောက် အနေနဲ့ မင်းအတွက်ငါ တစ်ခုခု လုပ်ပေးချင်တယ်”

“အမေက ဘာတွေ စဉ်းစားနေတာလဲ …” ရှားရှင်းယွန်က ထူးမခြားနားစွာ ပြောသည်။ သူမက ရှန့်ထိုအဆင့်သို့ ရောက်ရန် လိုနေသေးရာ ချစ်မှုရေးရာ ကိစ္စများအား စိတ်မဝင်စားပေ။

“မှန်တယ် … မင်းက ဒီကိစ္စမှာ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ ငါမျှော်လင့်တယ်။ အင်ပါယာရှားဘုံမှာ မင်းနဲ့ ဘယ်သူ ထိုက်တန်မလဲ ငါသိချင်တယ်။ ပြီးတော့ တစ်နေ့ ဘုံသုံးထောင်မှာ ခရီးသွားတဲ့အခါ အကောင်းဆုံးဆိုတဲ့ ပါရမီရှင်တွေကို တွေ့ရမှာ သေချာတယ်” ရှောင်အဘိုးအိုက ပြုံးလျက် ပြောသည်။ သူတို့က မိသားစု အရေးကိစ္စများကို ပြောဆိုနေခြင်းဖြစ်ရာ စိတ်ဝိညာဉ်ဖြင့်သာ ဆက်သွယ် ပြောဆိုကြ၏။

တခြားလူများက ထိုစကားများကို မကြားသိ ရသော်လည်း သူတို့၏ အမူအရာများမှ အနည်းနဲ့အများ ခန့်မှန်း မိကြပေသည်။

မင်းသမီး၏ အနာဂတ် လက်ထပ်မှုမှာ အင်ပါယာရှားဘုံ တစ်ခုလုံးသို့ သက်ရောက်စေနိုင်သော ကိစ္စဖြစ်သည်။ မင်းသမီး၏ ပါရမီမှာ ပြိုင်ဘက်ကင်းသလို ရုပ်ရည်အားဖြင့်လည်း ရှားပါးပေသည်။ အထက်ဘုံအတွင်းမှ အကောင်းဆုံးသော ပါရမီရှင်တိုင်းသည် သူမအပေါ် စိတ်ဝင်စားကြ၏။ သို့သော်လည်း မည်သူကမှ လူအများရှေ့တွင် ထုတ်ဖော် မပြောရဲကြပေ။

ထန်ကျိနန်းတော်မှ မိုဝမ်သည် အဖြစ်အပျက်များ အားလုံးကို ငြိမ်သက် တိတ်ဆိတ်စွာဖြင့် ကြည့်နေခဲ့သည်။ အနာဂတ်တွင် အင်ပါယာရှားဘုံမှာ ပိုမို၍ စိတ်ဝင်စားဖွယ်‌ ပိုကောင်း လာပေတော့မည်။

ထိုအရာများ အားလုံးက ရီဖူရှင်းနှင့် သက်ဆိုင်ဟန် မရှိပေ။

သူက ပြန်သွားပြီးနောက် ငြိမ်သက် တိတ်ဆိတ်စွာဖြင့် လေ့ကျင့်ပေဦးမည်။

ရှောင်ကလန် မွေးနေ့ပွဲမှ တိုက်ပွဲသတင်းမှာ အင်ပါယာရှားဘုံ အတွင်း၌ စတင်ပျံ့နှံ့လာခဲ့သည်။ လူအများအပြားမှာ ရီဖူရှင်း၏ စွမ်းရည်များနှင့် ပတ်သက်၍ အမှန်တကယ် အထင်ကြီး ကြရသည်။ သူက လီဟန်ဓား နန်းတော်မှ ဓားသမားများ အားလုံးကို အမှန်တကယ် အနိုင်ယူနိုင်ခဲ့၏။

သူက မည်မျှ စွမ်းအား ကြီးသနည်း။

ဝမ်ချွန်း ပေါ်ထွက် လာမည်လား။

လူအများအပြားက ထိုသို့ လိုလားတောင့်တ ကြသော်လည်း လီဟန်ဓား နန်းတော်မှာ မည်သို့မှ လှုပ်ရှားခြင်း မရှိသလို ဝမ်ချွန်းသည်လည်း ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။ အချို့က ပြောသည်မှာ သူက ထိုအရေး ကိစ္စများအား စိတ်မဝင်စားဘဲ ရှန့်ထိုအဆင့်သို့ တက်ရောက်ရန် အားထုတ် နေသည်။

မည်သို့ဆိုစေ ဝမ်ချွန်း၏ စိတ်ထဲ၌ ဘာတွေ ရှိနေသည်ကို မည်သူမှမသိပေ။ လီဟန်ဓား နန်းတော်မှ ရှန့်ထို အဆင့်အောက်၌ နံပါတ်တစ် ဓားသမားသည် ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တောင်အောက်သို့ ဆင်းလာခြင်း မရှိခဲ့ပေ။ လွန်ခဲ့သော နှစ်နှစ်ကတည်းက သူသည် ရှီအဆင့်၏ အမြင့်ဆုံးသို့ ရောက်နေခဲ့ပြီး ဖြစ်သည်။

အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားကာ ကောင်းကင် ပြက္ခဒိန်၏ ၁၀၀၂၀ ခုနှစ်သည် ကုန်ဆုံး လာခဲ့ပြီ ဖြစ်သည်။

ပြောကြသည်မှာ တစ်စုံ တစ်ယောက်၏ ကျင့်ကြံခြင်းသည် မြင့်မားသော အဆင့်သို့ ရောက်လေလေ အချိန် ကုန်ဆုံးခြင်းကို အလေးအနက် မထားလေ ဖြစ်သည်။

မည်သို့ဆိုစေ အင်ပါယာရှားဘုံမှာ ဆက်လက်၍ စည်ကား နေခဲ့သည်။ မရေမတွက်နိုင်သော အင်အားစုများသည် ကိုယ်စီကိုယ်င အလုပ်ရှုပ် နေခဲ့ကြကာ အများအပြားမှာ ပြီးခဲ့သော နှစ်အတွင်း လူငယ်များ၏ တိုးတက်မှုကို လေ့လာ ဆန်းစစ် ကြမည် ဖြစ်သည်။

ရီဖူရှင်းက မင်းသမီးအား ခစားရန် နန်းတော်သို့ မဝင်ရောက်ခဲ့သလို ဝမ်ချွန်းသည်လည်း ပေါ်မလာခဲ့ပေ။ အင်ပါယာ ရှားနန်းတော် သည်လည်း တိမ်တိုက်တောင်၏ အမြင့်ဆုံး၌ ဆက်လက် ရပ်တည်နေကာ ခေတ်တစ်ခု၏ ကြီးမားသော အမှတ် သင်္ကေတအား ဖော်ထုတ် ပြသသည်။

အင်ပါယာရှား နန်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင်များသည် နန်းတော် အပြင်သို့ ထွက်လာကြကာ တစ်စုံတစ်ခုအား စောင့်ဆိုင်း နေသည့်အလား အဝေးသို့ ကြည့်နေကြသည်။

မိုင်ရာချီဝေးသော အရပ်ဆီမှ တိမ်များ ရွေ့လျားနေခဲ့ကာ တိမ်များ အကြားမှ နဂါးတစ်ကောင်၏ အော်ဟစ်သံကို ကြားကြရသည်။

ရွှေရောင် နဂါးကြီးသည် ကြီးမား ခန့်ထည်စွာဖြင့် တိမ်များ အကြားမှ ပေါ်ထွက်လာခဲ့၏။ ထို့နောက် ဆက်လက်၍ ရွှေနဂါးကြီးများ တစ်ကောင်ပြီး တစ်ကောင်  ဆက်လက် ထွက်ပေါ် လာခဲ့သည်။ ထိုအခိုက်တွင် လူအများအပြားမှာ တုန်လှုပ် ကြရသည်။ ထိုနဂါးများမှာ လူအသွင် ပြောင်းနိုင်သော ရှန့်ထိုသားရဲများ ဖြစ်၏။ ယခု နဂါး ဆယ့်ရှစ်ကောင် ဆွဲငင်လာသော ရထားလုံး တစ်စီးသည် ကောင်းကင်ထက်၌ အမှန်တကယ်‌ ပေါ်ပေါက် လာခဲ့၏။

“အင်ပါယာလီဘုံ …” လူအများအပြားက တုန်လှုပ်စွာဖြင့် ရေရွတ် မိကြသည်။

အင်ပါယာလီသည် တာလီ ပြည်ထောင်အား တည်ထောင်ကာ သူ၏ကိုယ်ပိုင် အထက်ဘုံနှင့် အောက်ဘုံအား အုပ်ချုပ်သည်။ အင်ပါယာရှားဘုံနှင့် နှိုင်းယှဉ်ပါက သူ၏အင်အားမှာ ပိုမိုစုစည်းပြီး ခိုင်မာပေသည်။

အင်ပါယာလီဘုံမှ စွမ်းအားရှင်များက အဘယ်ကြောင့် အင်ပါယာရှား နန်းတော်သို့ ဦးတည် နေရသနည်း။

“အင်ပါယာရှား နန်းတော်သို့ သွားကြရအောင် …” လူအများအပြားက ရေရွတ်ကာ သူတို့သည်လည်း နန်းတော်ထံသို့ ဦးတည် လိုက်ကြသည်။

ထိုစွမ်းအားမြင့် တန်ခိုးရှင် အုပ်စုသည် အင်ပါယာရှား နန်းတော်အရှေ့သို့ ရောက်သောအခါ တစ်စုံတစ်ခုအား ရပ်တန့် စောင့်စား နေကြဟန် ရှိသည်။ နန်းတော်မှ စွမ်းအားမြင့် ရှန့်ထိုများသည် ရထားလုံး၏ ရှေ့တွင် ပတ်ရပ်ထားကြ၏။

မည်သို့ဆိုစေ သူတို့သည် အင်ပါယာရှားဘုံ အတွင်း၌ ဖြစ်ကြ၏။ လာရောက်သူက အင်ပါယာလီ ကိုယ်တိုင် ဖြစ်လျှင်ပင် စည်းမျဉ်းများကို လိုက်နာရန် လိုသည်။

ရထားလုံးသည် အောက်သို့ ဆင်းသက်လာကာ အတွင်းမှ တစ်ယောက်ပြီး တစ်ယောက် ထွက်ပေါ် လာသည်။ ခေါင်းဆောင် လုပ်ဟန်တူသူကား ရွှေရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့ဘေးတွင် စွမ်းအားမြင့် တန်ခိုးရှင်များစွာ ရှိကြသည်။

လူငယ်က အင်ပါယာရှား နန်းတော်ထံသို့ ဦးညွှတ်လိုက်လျှင် သူ့ဘေးမှ လူတစ်ယောက်က အော်ဟစ် အကြောင်း ကြားသည် … “အင်ပါယာလီဘုံရဲ့ အိမ်ရှေစံမင်းသား လီယောင်က အင်ပါယာရှားထံသို့ လာရောက် တွေ့ဆုံ ဂါရဝပြုပါတယ်”

အတန်ကြာလျှင် နန်းတော် အတွင်းမှ အသံ တစ်သံအား ကြာကြရသည်။

“ဝင်ခွင့်ပြုတယ် …” အသံအား နေရာတိုင်းမှ ကြားကြရ၏။ လီယောင်နှင့် စွမ်းအားမြင့် တန်ခိုးရှင်များသည် အင်ပါယာရှား နန်းတော် အတွင်းသို့ ဝင်ရောက် သွားကြ၏။

သတင်းများ မြန်ဆန်စွာ ပျံ့နှံ့လာခဲ့သည်မှာ အင်ပါယာလီဘုံမှ အိမ်ရှေ့စံမင်းသား လီယောင်သည် အင်ပါယာရှားဘုံမှ မင်းသမီး ရှားရှင်းယွန်အား လက်ထပ်ခွင့် လာတောင်းသည်။ ထိုသတင်းမှာ မြန်ဆန်စွာ ပျံ့နှံ့လာခဲ့သလို ကြားသိရသော လူတိုင်းမှာလည်း ကြီးစွာ ထိတ်လန့် ကြရ၏။

***

All Chapters