မင်းထက်မြန်တယ်
Vol. 10 Ch. 138
အခန်း (၁၃၈) မင်းထက်မြန်တယ်
ရန်ကျောက်ကဲက ညင်သာသည့်လေသံဖြင့်…
“ငါ့အဖေက တော်လွန်းလို့ မင်းတို့ ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်က ငါတို့ အလယ်ပိုင်းကောင်းကင်ဒေသက ‘ရန်’ အိမ်တော်ကို မယှဉ်နိုင်ခဲ့ဘူး မဟုတ်လား ၊ အဲဒါက မင်းတို့ ကောင်းကင်မိုးကြိုးနန်းတော်အတွက် အမှန်တရားပဲ ၊ ပြီးတော့ ရှင်းရှင်းပြောရရင် ကောင်းကင်မိုးကြိုးခန်းမဆိုတာကလည်း ငါတို့ ဝါဒတောင်ထက် မသာပါဘူး”
“မင်းအတွက်ကတော့...”
ရန်ကျောက်ကဲက ခေါင်းခါယမ်းလိုက်ရင်း...
“ဒီလိုစကားမျိုးတွေပြောဖို့ ဘယ်နားက ယုံကြည်မှုရသွားလဲဆိုတာ ငါ တကယ်မသိဘူး”
ရန်ရှန်းက...
“ငါတို့ကြားက အဆင့်အတန်း အရမ်းကွာြခားလွန်းတယ်... ငါ့ယုံကြည်ချက်က အဲဒီကလာတာပဲ”
ပြောပြီးသည်နှင့် ရန်ရှန်းက ရုတ်တရက်လက်ကိုမြှောက်လိုက်ရာ ခရမ်းရောင်အလင်းတန်းတစ်ခု သူ့လက်ထဲမှ ထွက်ပေါ်လာသည်။
ထိုအလင်းတန်းက အမှောင်ထုထဲတွင် လင်းလက်နေသည့် လျှပ်စီးပမာ ကောင်းကင်ကိုဖြတ်သန်းပြီး မိုးကုတ်စက်ဝိုင်းထိတိုင် ထိုးဖောက်ဝင်ရောက်သွားကာ ကမ္ဘာမြေတစ်ခုလုံးကို လင်းထိန်သွားစေသည်။
မိုးကြိုးနယ်မြေ ၊ ကောင်းကင်မိုးကြိုးနန်းတော်၏ တိုက်ရိုက်မူပိုင်သိုင်းပညာဖြစ်သော “ခရမ်းရောင်လျှပ်စီးဓားသိုင်း” ပင် ဖြစ်၏။
ရန်ရှန်းလက်ထဲကိုင်ထားသည်ကတော့...
မှော်ဝင်လက်နက်တစ်ခုဖြစ်သည့် “ခရမ်းရွှေရောင်မိုးကြိုးဓား” ပင်။
ထို့နောက် ရန်ရှန်းက မှော်ဝင်လက်နက်ကို အသုံးပြုကာ စွမ်းအားကုန်သုံးပြီး ရုတ်တရက် စတင်တိုက်ခိုက်လိုက်သည်။
သစ်ပင်တစ်ပင် မြင့်မားလေ ပတ်ဝန်းကျင်တစ်ခုလုံးကို အရိပ်အာဝါသပေးနိုင်လေ ဖြစ်သည်။ ထို့အတူ လူတစ်ယောက် စွမ်းအားမြင့်မားလေ သူ့ပတ်ဝန်းကျင်မှလူများကို ကာကွယ်ပေးနိုင်လေ ဖြစ်၏။
ရန်ကျောက်ကဲသည် မကြာခင်ကမှ နာမည်ကြီးလာသူ ဖြစ်သည်။ ရန်ကျောက်ကဲ မည်မျှအစွမ်းထက်သည်ကို ကိုယ်တိုင်ကိုယ်ကျ မတွေ့မြင်ဖူးသည့်တိုင် ရန်ရှန်းက သူ့ကို အတော်လေး သတိထားသည်။
ရှန်ထျန်းအဆင့်သို့တက်ရောက်ပြီးနောက် ရန်ကျောက်ကဲက ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းရောင်ကို ဖုံးကွယ်ထားခြင်း မရှိပေ။ ထို့ကြောင့် ရန်ကျောက်ကဲ မည်သည့်အဆင့်ရောက်ရှိနေသည်ကို ရန်ရှန်းအနေဖြင့် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။
ထိုလူငယ်လေး ရှန်ထျန်းအဆင့်သို့ တက်ရောက်သွားခြင်းက ရန်ရှန်းကို တုန်လှုပ်ချောက်ချားသွားစေသည်ကတော့ အမှန်ပင်။
သို့ပေသိ ရန်ကျောက်ကဲ၏ အဆင့်တက်မှုက မည်မျှအံ့သြစရာကောင်းပါစေ ရန်ရှန်း၏စိတ်ထဲတွင်တော့ သတ်ဖြတ်လိုသည့်အငွေ့အသက်များ ပြင်းထန်စွာ ဖြစ်တည်လာသည်။
ကောင်းကင်မိုးကြိုးခန်းမ၏ တပည့်တစ်ယောက်အနေဖြင့်ရော ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်မှ မျိုးဆက်တစ်ယောက်အနေဖြင့်ပါ ရန်ကျောက်ကဲ ဆက်လက်ကြီးထွားလာမည်ကို ခွင့်ပြုနိုင်မည် မဟုတ်ပေ။
မဟုတ်ပါက ထို ရန်ကျောက်ကဲ၏ လက်ရှိတိုးတက်လာသည့် အရှိန်အဟုန်ဖြင့်ဆိုလျှင်...
ရန်ရှန်း ဆက်ပင်မတွေးဝံ့တော့ပေ။
ကောင်းကင်မိုးကြိုးခန်းမနှင့် ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်ကသာလျှင် လောကတွင် “ပြုင်ဘက်ကင်း ‘ရန်’ မျိုးနွယ်” ဖြစ်လာရန် လုံလောက်ပြီ ဖြစ်သည်။ ယခု ရန်ကျောက်ကဲ ကြီးထွားလာခြင်းက သူတို့အားလုံကို စားမဝင် အိပ်မပျော် ဖြစ်စေသည်။
ထို့ကြောင့် ရန်ရှန်းသည် ထိန်းမနိုင်သိမ်းမရ မောက်မာသည့်စကားလုံးများဖြင့် ရန်ကျောက်ကဲကို စော်ကားပုတ်ခတ်နေခြင်းဖြစ်၏။
ကောင်းကင်မိုးကြိုးခန်းမ၏ မိုးကြိုးလျှပ်စီးပမာ ပြင်းထန်သော ၊ လျှင်မြန်ခြင်းဖြင့်ကျော်ကြားသော သိုင်းပညာသည် ရန်ကျောက်ကဲကို အပြတ်ရှင်းပစ်ရန် လုံလောက်သည်။ ထို့ကြောင့် ရန်ရှန်းက ပထမဆုံးသိုင်းကွက်မှာပင် အားကုန်ထုတ်ကာ ပွဲသိမ်းတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်၏။
လက်ထဲမှ မှော်ဝင်လက်နက်ဖြစ်သော ခရမ်းရွှေရောင်မိုးကြိုးဓားမှာလည်း သိုင်းကျင့်ကြံသူအတော်များများ ခံနိုင်ရည်မရှိသည့် လူသတ်လက်နက်ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တူညီသည့် ရန်သူများပင် ရန်ရှန်း၏ဓားဖြင့် ရင်ဆိုင်ရပါက မည်သို့သော မှော်ဝင်လက်နက်မျိုးဖြင့် ကာကွယ်ထားပါစေ တုံ့ပြန်နိုင်ခြင်းမရှိဘဲ ထိုးနှက်ချက်ကို ခံရမည် ဖြစ်သည်။
ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များသည် တိုက်ပွဲရှည်များကို ဆင်နွှဲလေ့မရှိကြဘဲ သိုင်းကွက်အနည်းငယ်အတွင်း ရန်သူကို အနိုင်ယူလေ့ရှိသည်။
အနိုင်အရှုံး ၊ သေခြင်းရှင်ခြင်းကို တစ်ခဏအတွင်း ဆုံးဖြတ်လေ့ ရှိကြ၏။
အစွန်းရောက်ရှစ်ပါးကမ္ဘာရှိ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုတွင် ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းကျင့်ကြံသူများသည် အားနည်းသူများကို မြင့်မားသည့်သိုင်းစွမ်းဖြင့် အနိုင်ယူရာတွင် အကျွမ်းကျင်ဆုံးအဖြစ် နာမည်ကျော်ကြားကြသည်။
တစ်ခါတစ်ရံ ကျင့်ကြံခြင်းအဆင့် မြင့်မားသည့်ရန်သူများသည်ပင် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့်ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များက အနိုင်ယူသည်ကို ခံရလေ့ရှိသည်။
အကြောင်းပြချက်ကတော့ “လျှပ်စီးပမာ လျှင်မြန်မှု” ဆိုသောစကားလုံးမှလွဲပြီး အခြားမရှိပေ။
ရန်ရှန်းက ကောင်းကင်မိုးကြိုးခန်းမ၏ တိုက်ရိုင်မူပိုင်သိုင်းပညာ ခရမ်းရောင်လျှပ်စီးဓားသိုင်းကို အသုံးပြုတိုက်ခိုက်လိုက်သည်။ ဓားကွက်တစ်ကွက်တည်း ထုတ်ဖော်လိုက်သော်လည်း ထိုဓားကွက်ထဲတွင် စွမ်းအားတစ်ခုလုံး အပြည့်အဝ ထည့်သွင်းထားသည်။
ဓားထုတ်လိုက်သည်နှင့် လျှပ်စီးပမာလျှင်မြန်သည့် ဓားကွက်ပါ ထုတ်ဖော်ပြီးသား ဖြစ်သွားသည်။ ထိုဓားကွက်က တုနှိုင်းမရအောင် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှ၏။
ရှန်ထျန်းအဆင့်အောက် သိုင်းပညာရှင်ဆိုလျှင် ရန်ရှန်း ဓားထုတ်လိုက်သည်ကိုပင် သိလိုက်မည် မဟုတ်ပေ။
ဓားချက်ထိပြီး အသက်ပျောက်သွားသည့်တိုင် ရန်ရှန်းက သူ့ကို မည်သို့မည်ပုံ သတ်ဖြတ်လိုက်သည်ကို နားလည်မည် မဟုတ်ပေ။
ရန်ရှန်း၏ဓားချက်ကို ရင်ဆိုင်လိုက်ရချိန် ရန်ကျောက်ကဲသည်လည်း ထိုသို့ပင် ခံစားလိုက်ရ၏။
သူ့အရှေ့တွင် အလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအလင်းတန်းက ညအမှောင်တွင် လင်းလက်နေသည့် လျှပ်စီးကြောင်းတစ်ခုအလား ဖြစ်သည်။
ထိုအလင်းတန်းက ခရမ်းရောင်လျှပ်စီးကြောင်းနှင့် ပေါင်းစပ်သွားပြီး အေးခဲပြတ်သားလွန်းသော သတ်ဖြတ်လိုသည့်အငွေ့အသက်က အရိုးထဲအထိ အေးစိမ့်သွားစေသည်။ လျှပ်စီးကြောင်းသည် ပူလောင်နေရမည့်အစား အေးစိမ့်လျှက် ရှိ၏။
သို့ပေသည့် အနှီလျှပ်စီးကြောင်းသည် ရန်ကျောက်ကဲကို အနှောင်အယှက် မဖြစ်စေခဲ့ပေ။
သူက ရန်ရှန်းထက် မနှေးသော အရှိန်အဟုန်ဖြင့် ဓားကွက်တစ်ကွက် ထုတ်ဖော်လိုက်သည်။
ကောင်းကင်ဖုံးလွှမ်းကြယ်တာရာချီစွမ်းအား။
လေမီးကပ်ဘေး ၊ လေကပ်ဘေး။
ရန်ကျောက်ကဲက လျှင်မြန်မှုကိုအခြေပြုသည့် သိုင်းပညာ (၂)ခုကို ပေါင်းစပ်လိုက်ပြီး “တိမ်တိုက်နဂါးလွင့်ပျံ” ဓားကွက်ကို လျှင်မြန်စွာ ထုတ်ဖော်လိုက်၏။
လီပေါင်းတစ်ထောင်ကို ရုတ်ချည်းဖြတ်ကျော်ပြီး ကောင်းကင်ဘုံကို ဖြတ်သန်းသွားတော့မည့်အလား ဝိညာဉ်စွမ်းအား နဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။
ရန်ကျောက်ကဲ၏သိုင်းကွက်ကို တွေ့မြင်လိုက်သည်နှင့် ရန်ရှန်း စိတ်ရှုတ်ထွေးသွားသည်။
သူ့အရှေ့မှ ရန်ကျောက်ကဲက ရုတ်တရက် ပျောက်ကွယ်သွားသည်။
သူ၏ အမြင်အာရုံတွင်သာမက ၊ မိုးမြေတစ်ခွင် ဖြန့်ကျက်ထားသည့် စိတ်အာရုံစူးစိုက်မှုတွင်ပင် ရန်ကျောက်ကဲကို မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။
သူ့လက်ထဲတွင်ကိုင်ထားသည့် ခရမ်းရွှေရောင်မိုးကြိုးဓား ရုတ်တရက်တုန်ခါသွားပြီး ရန်ရှန်းတစ်ကိုယ်လုံးလည်း တုန်ခါသွားသည်။
ရှန်ထျန်းသိုင်းပညာရှင်တစ်ယောက်ဖြစ်သော ရန်ရှန်းသည် ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကို အချိန်မီ မတုံ့ပြန် နိုင်ခဲ့ပေ။ သို့သော် မှော်ဝင်လက်နက်တစ်ခုဖြစ်သည့် ခရမ်းရွှေရောင်မိုးကြိုးဓားကတော့ ချက်ချင်း လှုပ်ရှားသွားသည်။
ဝိညာဉ်စွမ်းအားများဖြင့်ပြည့်နက်နေသည့် ခရမ်းရွှေရောင်မိုးကြိုးဓားမှ ထွက်ပေါ်နေသော ဖြောင့်တန်းသည့်အလင်းရောင်သည် ယခုတော့ အောက်သို့ ကွေ့ဆင်းသွားသည်။
တစ်ချိန်တည်းမှာပင် ရန်ရှန်း၏ခေါင်းအနောက်ဘက်မှ ဆံပင်ရှည်များ အထက်သို့လေဖြင့်မှုတ်ထုတ်လိုက်သည့်ပမာ ခံစားလိုက်ရပြီး သူ့နောက်ကျောတစ်ခုလုံး အေးစိမ့်သွားကာ စူးရှသည့်နာကျင်မှုတစ်ခုကို ခံစားလိုက်ရသည်။
ရန်ရှန်းက တစ်ချက်မတုံ့ဆိုင်းဘဲ ခရမ်းရွှေရောင်မိုးကြိုးဓား ကွေ့ဆင်းသွားသည့်အတိုင်း ခန္ဓာကိုယ်ကို လှည့်ပတ်လိုက်ပြီး သူ့အနောက်ဘက်မှ ဝင်ရောက်လာသည့်ဓားကို ခုတ်ပိုင်းချလိုက်သည်။
သူ အံကိုတင်းတင်းကြိတ်ထားစဉ် သူ့လက်ထဲမှ ခရမ်းရွှေရောင်မိုးကြိုးဓားက ရုတ်တရက် တုန်ခါသွားသည်။
ကောင်းကင်မိုးကြိုးခန်းမ၏ တိုက်ရိုက်မူပိုင်သိုင်းပညာ “လျှပ်စီးဓားသိုင်း (၇၂)ကွက်”။
ထိုဓားသိုင်းကိုထုတ်ဖော်လိုက်သည်နှင့် မိုးကဲ့သို့သည်းထန်ပြီး လျှပ်စီးလက်သကဲ့သို့ ပြင်းထန်သော ခရမ်းရောင်ဓားအလင်းတန်းများက ကောင်းကင်တစ်ခုလုံးသို့ ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် လျှပ်စီးပိုက်ကွန်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သို့သော် ခရမ်းရောင်လျှပ်စီးပိုက်ကွန်အတွင်းသို့ အစိမ်းရောင်ဓားအလင်းတန်းတစ်ခုက တုန်လှုပ်ဖွယ်ရာ ထိုးဖောက်ဝင်ရောက်လာပြီး ခရမ်းရောင်အလင်းတန်းများအားလုံးကို ထိုးခုတ်နှိမ်နင်းပစ်လိုက်သည်။
ဤမြင်ကွင်းကို ကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲ၏ဓားချက်က ပိုမိုလျှင်မြန်သည်မှာ ထင်ရှားသည်။
ထို့နောက် ကောင်းကင်တစ်ခုလုံး လွှမ်းခြုံထားသည့် ခရမ်းရောင်အလင်းတန်းများ ပျောက်ကွယ်ငြိမ်းသတ်သွားတော့၏။
ပြင်းထန်သောလေမုန်တိုင်း တိုက်ခတ်လာသည့်အလား ရန်ရှန်းနားထဲသို့ လေတိုးသံများ တဝူးဝူး ဝင်ရောက်လာသည်။
သူ၏ဓားအလင်းရောင် ကွယ်ပျောက်သွားသည်ကို တွေ့လိုက်ရသည်နှင့် ရန်ရှန်း၏မျက်အိမ်များ ချက်ချင်းကျုံ့ဝင်သွားပြီး ဓားကွက်နောက်တစ်ကွက် ဖော်ထုတ်လိုက်သည်။
သို့သော် သူ၏ ခရမ်းရွှေရောင်မိုးကြိုးဓားမှ အလင်းရောင်ထွက်ပေါ်လာခြင်း မရှိတော့ပေ။
ရန်ရှန်း အံ့အားသင့်သွားသည့်အချိန်မှာပင် ပြတ်ထွက်သွားသော လက်တစ်ဖက်ကို တွေ့မြင်လိုက်ရသည်။ လက်ပြတ်ကြီးသည် ခရမ်းရောင်အလင်းတန်းများ ဖြာလင်းနေသည့် ဓားတစ်လက်ကို ဆုပ်ကိုင်ထားပြီး ကောင်းကင်ထက်သို့ ပျံတက်သွားသည်။
ပြတ်သွားသောလက်မှ သွေးများဖြာထွက်လျှက် အဖြူရောင်နှင်းများထက် သွေးစများ ရွှဲရွှဲစိုကာ စွန်းထင်းသွားသည်။
ရန်ကျောက်ကဲက ညာဘက်လက်တွင် ကျောက်စိမ်းနဂါးဓားကို ဆုပ်ကိုင်ထားပြီး ရန်ရှန်းကို တည်ငြိမ်စွာ ကြည့်နေသည်။
ရန်ရှန်းမှာ ယခုမှ ညာဘက်လက်မောင်းမှ ပြင်းထန်သည့်နာကျင်မှုကို ခံစားလိုက်ရသည်။ ငုံ့ကြည့်လိုက်တော့မှ ဓားကိုင်ထားသော ညာဘက်လက်ကို ရန်ကျောက်ကဲက တစ်ချက်တည်းဖြင့် ဖြတ်တောက်ပစ်လိုက်ကြောင်း သိလိုက်ရသည်။
ဓားချက်ခုတ်ပိုင်းသည်ကိုမတွေ့ရဘဲ ရန်ရှန်း၏လက် ပြတ်တောက်သွားသည်ကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲ၏ဓားချက် မည်မျှလျှင်မြန်ကြောင်း သိနိုင်သည်။
ရန်ရှန်းက ကြေကွဲဖွယ်ရာ အော်ဟစ်လိုက်ပြီး ညာဘက်လက်မှဒဏ်ရာကို ဘယ်ဘက်လက်ဖြင့် ဆုပ်ကိုင်ထားသည်။
ပတ်ဝန်းကျင်မှ လူများမှာ ယခုမှ အိပ်မက်ကလန့်နိုးလာသလို ခံစားကြရပြီး တိုက်ပွဲက မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။
အများစုမှာ ခရမ်းရောင်အလင်းတန်းနှင့် အစိမ်းရောင်အလင်းတန်းများကိုသာ တွေ့မြင်လိုက်ရပြီး မည်သည့်အရာကိုမှ မတွေ့မြင်လိုက်ကြရပေ။
ထို့နောက် သူတို့မြင်တွေ့လိုက်ရသည်က ကောင်းကင်ထက်သို့ ပျံတက်သွားသည့် လက်ပြတ်ကြီးတစ်ခုသာ ဖြစ်သည်။
တိုက်ပွဲက မျက်စိတစ်မှိတ်မျှသာ အချိန်ကြာလိုက်၏။
ရန်မင်တို့အုပ်စုမှာ မျက်လုံးများပြူးကျယ်နေကြပြီး မည်သို့ဖြစ်ပျက်သွားသည်ကို နားမလည်နိုင် ဖြစ်နေကြသည်။
စိတ်ပျက်လက်ပျက် ဒူးထောက်ကျသွားသည့် ရန်ရှန်းကို ရန်ကျောက်ကဲက တည်ငြိမ်စွာကြည့်လိုက်ရင်း...
“ငါတို့ကြားက အဆင့်အတန်းက အရမ်းကွာခြားလွန်းတယ်... ဟုတ်တယ်မလား”
ရန်ရှန်းက ဘယ်ဘက်လက်ချောင်းများကို အသုံးပြုကာ ညာဘက်လက်မှထွက်နေသည့်သွေးများတိတ်သွားစေရန် ထိန်းထားလိုက်သည်။
သူက ရန်ကျောက်ကဲကို မယုံနိုင်စွာဖြင့် ခေါင်းမော့ကြည့်လိုက်၏။
ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များသည် မိုးအောက်မြေပြင်တစ်ခွင်တွင် ဂုဏ်းယူဝင့်ကြွားသူများ ဖြစ်ကြသည်။ ကျင့်ကြံခြင်းအဆင့် တူညီသူများထဲတွင် ပြိုင်ဘက်ကင်းဟု မဆိုနိုင်သည့်တိုင် လျှင်မြန်မှုတွင်တော့ သူတို့ကို မည်သူမှ မယှဉ်နိုင်ကြပေ။
လက်ရှိ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆)ခုတွင် ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များသည် အခြားဂိုဏ်းများမှ တပည့်များထက် လျှင်မြန်ကြသော်လည်း ကောင်းကျိုးလည်းရှိသလို ဆိုးကျိုးလည်းရှိသည်။
အဆုံးမဲ့တောင်တန်းမှ တပည့်တစ်ယောက် လှောင်ပြောင်ဖူးသည်မှာ “ကောင်းကင်မိုးကြိုးခန်းမမှတပည့်များက တိုက်ပွဲအစတွင် အလွန်လျှင်မြန်စွာတိုက်ခိုက်ပြီး အနိုင်ယူကြသည် ၊ မဟုတ်ပါက သူတို့သည် ငါးဝမ်းဗိုက်မှအသားကဲ့သို့ ဖြစ်လာမည်” ဟူ၍ဖြစ်၏။
သို့သော် ရန်ကျောက်ကဲကတော့ သူတို့အကျွမ်းကျင်ဆုံး “လျှင်မြန်မှု” ဖြင့်ပင် သူတို့ကို အနိုင်ယူခဲ့ပြီး ရန်ရှန်း ဂုဏ်အယူဆုံး ဓားသိုင်းထက် လျှင်မြန်သောဓားချက်အသုံးပြုကာ အောင်ပွဲရရှိခဲ့သည်။
ဤသည်ကို ရန်ရှန်း လက်ခံရန် ခက်ခဲနေသည်။
တိုက်ပွဲတွင် သူ ရှုံးနိမ့်သွားရုံသာမက ရန်ကျောက်ကဲက ပြီးပြည့်စုံသော အောင်ပွဲတစ်ခု ရရှိခဲ့သည်။
ရန်မင်နှင့် ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်မှလူများမှာ မျက်နှာများ ဖြူဖပ်ဖြူလျော်ဖြစ်လျှက် ရှိကြသည်။
ရန်ရှန်းသည် ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်တွင် အတော်ဆုံး ပါရမီရှင် ဖြစ်သလို မိုကြိုးနယ်မြေ ၊ ကောင်းကင်မိုးကြိုးခန်းမ၏ မျိုးဆက်သစ်လူငယ်များထဲတွင် အထင်ရှားဆုံးပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်သည်။
ကျင့်ကြံခြင်းအဆင့်တူသည့် ရှန်ထျန်းကနဦးအဆင့် သိုင်းပညာရှင်များကြားတွင် ပြိုင်ဘက်ကင်းဖြစ်ရုံသာမက ရှန်ထျန်းအလယ်ဆင့် သိုင်းပညာရှင်များသည်ပင် သူ့ကို ဦးညွှတ်ကြရသည်။
ယခုတော့ ကောင်းကင်ဘုံမှမျက်နှာသာပေးခံရသော ‘ရန်ရှန်း’ သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ရန်ကျောက်ကဲကို ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်လေ၏။