မိုးကြိုးသခင်လေး
Vol. 10 Ch. 139
အခန်း (၁၃၉) မိုးကြိုးသခင်လေး
ကျောက်ကျိုးနယ် ၊ ‘ရန်’ အိမ်တော်မှ လူများသာမက အလယ်ပိုင်းကောင်းကင်ဒေသမှ ရန်ကျောက်ကဲ၏ လူများသည်လည်း အံ့သြတုန်လှုပ်သွားကြသည်။
ကောင်းကင်မိုးကြိုးခန်းမမှ တပည့်များက ရန်သူနှင့်တိုက်ခိုက်သည့်အခါ သိုင်းကွက်အနည်းငယ်အတွင်း အနိုင်ယူရန် ဆုံးဖြတ်ကြသည်။ သို့မှသာ အနိုင်ရရန် သေချာမည် ဖြစ်၏။
တိုက်ပွဲရှည်ကြာလေ ကောင်းကင်မိုးကြိုးခန်းမမှတပည့်များအနေဖြင့် အနိုင်ရခြေ နည်းပါးလေ ဖြစ်သည်။ သူတို့အနေဖြင့် အရှိန်အဟုန်ဖြင့်တိုက်ခိုက်ရသည့်တိုက်ပွဲများတွင် အနိုင်ရတတ်လေ့ရှိပြီး ခက်ခဲကြမ်းတမ်းသော တိုက်ပွဲများတွင် ရှုံးနိမ့်လေ့ရှိကြသည်။
ယနေ့တော့ ကောင်းကင်မိုးကြိုးခန်းမမှ တပည့်တစ်ယောက်ဖြစ်သော ရန်ရှန်းကို ကျင့်ကြံခြင်းအဆင့်တူညီသော ရန်ကျောက်ကဲက လျှင်မြန်စွာပင် တိုက်ခိုက်အနိုင်ယူလိုက်သည်။ ဤသို့သောဖြစ်ရပ်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မတွေ့မြင်ရသည်မှာ အလွန်ကြာမြင့်ပြီ ဖြစ်သည်။
ရန်ကျောက်ကဲ နေရာမှာပင် မလှုပ်မယှက် မတ်တတ်ရပ်နေသည်။
ရန်ရှန်း၏ ပြတ်တောက်သွားသောလက်မောင်းသည် မြေပြင်ထက်သို့ ပြန်လည်ကျရောက်လာ၏။ ပြတ်ထွက်သွားသည့် ညာဘက်လက်သည် ဝိညာဉ်စွမ်းအားများစွာပိုင်ဆိုင်ထားသော ခရမ်းရွှေရောင်မိုးကြိုးဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး ပိုင်ရှင်ထံသို့ ပြန်သွားရန် ဟန်ပြင်နေသည်။
သို့သော် ခရမ်းရွှေရောင်မိုးကြိုးဓား လှုပ်ရှားလိုက်သည်နှင့် ရန်ကျောက်ကဲ၏ ကျောက်စိမ်းနဂါးဓားက နောက်မှ လိုက်ပါသွားသည်။ ကျောက်စိမ်းနဂါးဓားမှ အစိမ်းရောင်အလင်းတန်းများက ခရမ်းရွှေရောင်မိုးကြိုးဓားကို ဖုံးလွှမ်းသွားပြီး ရွေ့လျားနိုင်ခြင်းမရှိအောင် ထိန်းချုပ်လိုက်သည်။
ရန်ကျောက်ကဲက ကြယ်တာရာချီစွမ်းအား ထုတ်လွှတ်လိုက်သည့်အခါ ရန်ရှန်း၏ လက်ပြတ်ကြီးမှလက်ချောင်းများသည် ဓားကို ဆက်လက်ဆုပ်ကိုင်မထားနိုင်တော့ဘဲ လွှတ်လိုက်ရသည်။
ရန်ရှန်းက ရန်ကျောက်ကဲကို ဒေါသတကြီး စိုက်ကြည့်ရင်း...
“မင်း...”
ရန်ကျောက်ကဲက သိမ်မွေ့သည့်အမူအရာဖြင့်ပင် ကျောက်စိမ်းနဂါးဓားကို အသုံးပြုကာ ခရမ်းရွှေရောင်မိုးကြိုးဓားကို ဖမ်းယူလိုက်သည်။
ရန်ရှန်းမှာ ဒဏ်ရာအပြင်းအထန် ရထားသည့်အတွက် ခရမ်းရွှေရောင်မိုးကြိုးဓားနှင့် ချောမွေ့စွာ မဆက်သွယ်နိုင်တော့ပေ။ ခရမ်းရွှေရောင်မိုးကြိုးဓားမှာ ရန်ကျောက်ကဲလက်ထဲတွင် ရုန်းကန်ရန်ကြိုးစားနေသော်လည်း ကျောက်စိမ်းနဂါးဓားက သူ့ကို အလွယ်တကူပင် ဖိနှိပ်ထားသည်။
ရန်ကျောက်ကဲက အေးဆေးတည်ငြိမ်စွာဖြင့်...
“မင်း ကံကောင်းသွားတယ် ၊ ပြန်ရောက်ရင် လင်ကျိုးနဲ့ သူ့အဖေကို ကျေးဇူးတင်ဖို့ မမေ့ပါနဲ့”
သူ့စကားကိုကြားတော့ ရန်ရှန်းက နားမလည်နိုင်စွာ အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲက သူ့ကို အရေးမစိုက်တော့ပေ။ ခရမ်းရွှေရောင်မိုးကြိုးဓားကို သိမ်းဆည်းလိုက်ပြီး တိမ်တိုက်ဝင်္ကပါဝိညာဉ်ပန်းပွင့်ဆီသို လျှောက်သွားရင်း အားဟူကို လက်တစ်ဖက်ဝှေ့ယမ်းပြလိုက်သည်။
အားဟူက ကျယ်လောင်စွာရယ်မောလိုက်ပြီး အနက်ရောင်ဝတ်သိုင်းသမားများကို ဦးဆောင်ကာ ရန်မင်တို့အုပ်စုထံသို့ တဟုန်ထိုးဝင်ရောက်တိုက်ခိုက်သည်။
ရန်ကျောက်ကဲ၏ အစောပိုင်းစကားများကို သတိရသွားသည့်အခါ ရန်မင်နှင့်အခြားသူများ မျက်နှာများ ဖြူဖျော့သွားကြသည်။ ခုခံတိုက်ခိုက်ချင်သည့်တိုင် ရန်ကျောက်ကဲ၏လူများကို သူတို့ မယှဉ်နိုင်ကြပေ။
ကျောက်ကျိုးနယ် ‘ရန်’ အိမ်တော်မှလူများ၏ ညည်းတွားအော်ဟစ်သံများတလိပ်လိပ်တက်လာချိန် ရန်ကျောက်ကဲက ဒေါသဖြင့်ဖြူဖျော့နေသည့် ရန်ရှန်း၏မျက်နှာကို လျစ်လျူရှုပြီး တိမ်တိုက်ဝင်္ကပါဝိညာဉ်ပန်းပွင့်ကို ခူးဆွတ်ရန်အာရုံစိုက်လိုက်သည်။
ထို့နောက်တွင်တော့ သွေးများဖြင့်ပြည့်နေသည့် နှင်းလွင်ပြင်ကို ချန်ထားခဲ့ပြီး ရန်ရှန်းနှင့် အခြားသူများ ကြောက်လန့်တခြား ထွက်ပြေးကြတော့သည်။
ရန်မင်၏ စောင့်ရှောက်သူ အဘိုးအိုက ရှန်ရှန်း စိတ်မချမ်မသာဖြစ်နေသည်ကို လျစ်လျူရှုကာ ထွက်ခွာမသွားမီ စကားတစ်ခွန်းဆိုလိုက်သည်။
“မိုးကြိုးသခင်လေးလည်း အရှေ့နှင်းတောင်တန်းတွေဆီကို ရောက်နေတယ်ဆိုတာ သိထားပါ”
ထိုအဘိုးအို၏စကားကြောင့် ရန်ကျောက်ကဲက နည်းနည်းလေးပင် မျက်နှာပျက်သွားခြင်း မရှိပေ။ ထိုအစား သူက ထို ‘ရန်’ မျိုးနွယ်များအပေါ် စိတ်ပျက်သွားမိသည်။
အားဟူက ရန်ကျောက်ကဲအနားသို့ ရောက်လာပြီး...
“သခင်လေး... စောစောက ရန်ရှန်း တိုက်ခိုက်တဲ့ပုံစံကိုကြည့်ရတာ သခင်လေးကို တစ်ခါတည်းရှင်းပစ်ဖို့ ကြံရွယ်ထားတယ်ဆိုတာ ထင်ရှားတယ်”
ရန်ကျောက်ကဲက ဝိညာဉ်ပန်းပွင့်ကို ဂရုတစိုက် ခူးဆွတ်နေရင်း...
“ရန်ရှန်းကို လွှတ်ပေးလိုက်တာ ငါတို့အတွက် အကျိုးရှိပါတယ် ၊ ဒါနဲ့ သူ့လက်ပြတ်ကြီးကို ပြန်ယူသွားသေးလား”
အားဟူက...
“ယူသွားတယ် ၊ အချိန်မီဆေးကုသနိုင်ရင်တော့ ပြန်ကောင်းဖို့ အလားအလာရှိပါတယ် ၊ ဒါပေမဲ့ သိုင်းသမားတစ်ယောက်နေနဲ့ သူ့ရဲ့ညာဘက်လက်ကတော့ အသုံးဝင်မှာ မဟုတ်တော့ဘူး”
ရန်ကျောက်ကဲက အရေးမစိုက်ဟန်ဖြင့်...
“ဘာပဲဖြစ်ဖြစ် သူက ဓားသိုင်းကျင့်ကြံသူပဲလေ ၊ ညာလက်မသန်တော့ရင် ဘယ်လက်နဲ့ ဆက်လေ့ကျင့်နိုင်ပါသေးတယ်”
အားဟူက ခေါင်းတစ်ချက်ကုတ်လိုက်ရင်း...
“သခင်လေး... ပြောချင်တာက...”
ရန်ကျောက်ကဲမျက်နှာက အနည်းငယ်တင်းမာသွားပြီး...
“တိမ်လွှာတောင်မှာ ကျင့်ကြံနေတုန်းက မင်း ထုံးစံအတိုင်း သတင်းအချက်အလက်တွေ စုဆောင်းထားတယ် မဟုတ်လား ၊ ကောင်းကင်မိုးကြိုးခန်းမနဲ့ပတ်သက်ပြီး ဘယ်လိုသတင်းမျိုးကို သတိထားမိသလဲ”
အားဟူက နားလည်သွားဟန်ဖြင့်...
“ဒါဖြင့်... သခင်လေး အခုပဲ ရန်ရှန်းကို လင်ကျိုးနဲ့သူ့အဖေကို ကျေးဇူးတင်ဖို့ ပြောလိုက်တာက...”
လင်ကျိုးသည် “မိုးကြိုးသခင်လေး” ဟု နာမည်ကျော်ကြားပြီး ရန်ရှန်းကဲ့သို့ပင် လူသိများသည့် ကောင်းကင်မိုကြိုးခန်းမမှ ပါရမီရှင်လူငယ်တစ်ယောက် ဖြစ်သည်။
သူ့နောက်ခံက အနည်းငယ်ထူးခြားပြီး သူ၏ဖခင်မှာ ကောင်းကင်မိုးကြိုးခန်းမတွင် သြဇာအလွန်ကြီးမားသည့် အကြီးအကဲတစ်ယောက် ဖြစ်၏။
လွန်ခဲ့သည့် (၃)နှစ်ခန့်က မိုးကြိုးသခင်လေး’လင်ကျိုး’ သည် ရန်ကျောက်ကဲနှင့်အတူ ယနေ့ခေတ် မင်းသား (၄)ပါးထဲတွင် တစ်ပါးအပါအဝင် ချီးကျူးခံခဲ့ရသည်။
ရန်ရှန်းနှင့် လင်ကျိုးတို့က ဝါဒတောင်မှ ရွှီဖေး ၊ လုဝမ်နှင့် ရန်ကျောက်ကဲ ၊ နေသူတော်စင်ဂိုဏ်းမှ ထန်ယုံဟောင် ၊ ရှောင်ရှန်းနှင့် ချောင်ယမ်လုန်တို့ကဲ့သို့ အသက်အရွယ် မတူညီဘဲ ပြိုင်ဆိုင်နေကြခြင်းမျိုး မဟုတ်ပေ။ သူတို့ (၂)ယောက်က သက်တူရွယ်တူဖြင့် ငယ်ရွယ်စဉ်ကပင် ယခုအချိန်ထိ (၁၀)နှစ်ကျော်ကြာအောင် ယှဉ်ပြိုင်ခဲ့ကြသူများ ဖြစ်သည်။
ရန်ရှန်းနှင့် လင်ကျိုးတို့၏ အထက်တွင်လည်း ကောင်းကင်မိုးကြိုးခန်းမ၏ ကြီးကျယ်မြင့်မြတ်သော အကြီးအကဲ (၂)ယောက် ရှိနေပြီး ထိုသူ (၂)ယောက်ကလည်း ပြိုင်ဘက်များ ဖြစ်ကြသည်။
နေသူတော်စင်ဂိုဏ်း အရင်မျိုးဆက်တွင် လက်ရှိဂိုဏ်းချုပ်ဟွမ်ရှုနှင့် ကမ္ဘအလင်းအရှင် ၊ လက်ရှိ ဝါဒတောင်တွင် ဖန်ကျွင်းနှင့် ရန်တိတို့ ယှဉ်ပြိုင်ကြသကဲ့သို့ လင်ကျိုး၏ဖခင်နှင့် ရန်ရှန်း၏ဆရာတို့က ကောင်းကင်မိုးကြိုးခန်းမ၏ ဂိုဏ်းချုပ်ရာထူးအတွက် ယှဉ်ပြိုင်နေသည်မှာ ကြာခဲ့ပြီ ဖြစ်သည်။
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“သူတို့ (၂)ယောက်မှာ လင်ကျိုးရဲ့ အဖေက သိသိသာသာ အားနည်းချက်ရှိတယ် ၊ အထင်မှတ်တဲ့ အခြေအနေတွေသာ ဖြစ်မလာရင် ရန်ရှန်းရဲ့ဆရာက အနိုင်ရဖို့ (၈၀)ရာနှုန်း အခွင့်အရေးရှိတယ် ၊ ဒီလိုကိစ္စတွေသာမရှိရင် ရန်ရှန်းသာ သေချင်လို့ကတော့ ငါက သူ့ဆန္ဒကို ဖြည့်ဆည်းပြီးသားပဲ”
“ရန်ရှန်းသာသေသွားရင် ကောင်းကင်မိုးကြိုးခန်းမရဲ့ အငယ်တန်းမျိုးဆက်မှာ လင်ကျိုးက လုံးဝပြိုင်ဘက်ကင်းဖြစ်သွားပြီလို့ မဆိုနိုင်ပေမယ့် ရန်ရှန်းရဲ့ ဆရာကတော့ အခက်တွေ့သွားလိမ့်မယ် ၊ သူ့အနေနဲ့ ရန်ရှန်းလိုအားကိုးရတဲ့တပည့်မျိုးကို အချိန်တိုအတွင်း မွေးထုတ်နိုင်မှာ မဟုတ်ဘူး ၊ ဒါဆိုရင် လင်ကျိုးရဲ့အဖေက ပိုပြီးနေရာရလာလိမ့်မယ်”
“...ဒါပေမဲ့ ရန်ရှန်းကိုလွှတ်ပေးလိုက်တော့... အနည်းဆုံးတော့ကွာ... လင်ကျိုးရဲ့အဖေလည်း လွယ်လွယ်နဲ့ မရှုံးနိုင်တော့သလို ရန်ရှန်းရဲ့ဆရာကလည်း တောင့်ခံထားနိုင်မယ်”
ထိုသို့မပြတ်မသားအခြေအနေမျိုးတွင် ကောင်းကင်မိုးကြိုးခန်းမ၏ အတွင်းပိုင်းပဋိပက္ခများ ပိုမိုမတည်မငြိမ်ဖြစ်လာပြီး နှစ်ဦးနှစ်ဖက် အခြေအနေက ပိုမိုဆိုးရွားလာနိုင်သည်။ ထိုသို့သောအခြေအနေက ဝါဒတောင်အတွက် ကောင်းမွန်သည်ပင်။
အားဟူက...
“ဟုတ်တယ် ၊ မကြာခင်ကပဲ ကောင်းကင်မိုးကြိုးခန်းမရဲ့ အတွင်းပိုင်းအခြေအနေက ရုတ်တရက် ပြောင်းလဲသွားတယ် ၊ လင်ကျိုးရဲ့အဖေက အဆက်မပြတ် လက်သွက်သွက် ဉာဏ်ထက်ထက်နဲ့ ကစားနေတယ်လို့ကြားတယ် ၊ ဒီတော့ သူက မျက်နှာသာရပြီး တဖြည်းဖြည်း အားကောင်းလာတယ် ၊ အခုဆိုရင် ကောင်းကင်မိုးကြိုးခန်းမမှာ သူ့ရဲ့ ပြောရေးဆိုခွင့်နဲ့ သြဇာအာဏာက ဂိုဏ်းချုပ်နေရာကိုရဖို့ အရှိန်အဟုန်နဲ့ တက်လာပြီ”
သူက ဆက်ပြောသည်။
“မိုးကြိုးသခင်လေး’လင်ကျိုး’ကိုယ်တိုင်ကလည်း ကျင့်ကြံခြင်းမှာ ချက်ချင်းကြီးတိုးတက်လာခဲ့တာ အခုဆိုရင် ရန်ရှန်းကိုတောင် ကျော်တက်သွားပြီလို့ သတင်းကြားတယ် ၊ ဒီတော့ အခြေအနေက လင်ကျိုးရဲ့အဖေက အသာစီးရနေတဲ့ သဘောပဲ ၊ ဒီတော့ အခုချိန်သာ ရန်ရှန်းရဲ့ဆရာက ရန်ရှန်းကို ဆုံးရှုံးလိုက်ရမယ်ဆိုရင် သူ့အတွက် အဆင်မပြေတာတွေ ပိုများလာလိမ့်မယ်”
ရန်ကျောက်ကဲက တိမ်တိုက်ဝင်္ကပါပန်းပွင့်ကို ခူးဆွတ်လိုက်ပြီး သေသေချာချာ သိမ်းဆည်းလိုက်သည်။
“အမှန်ပဲ ၊ ဒီတော့ ငါတို့က အားကြီးသူကို နှိမ့်ချ အားနည်းသူကို ကူညီပေးလိုက်တယ်လေ ၊ သူတို့ (၂)ယောက်လုံး ရှေ့တိုးမရ နောက်ဆုတ်မရလုပ်ထားရတာ ငါတို့အတွက် ပျော်စရာအကောင်းဆုံးပဲ ၊ ဟုတ်တယ်မလား”
“ရန်ရှန်းကတော့ ဘယ်ဘက်လက်နဲ့ ဓားသိုင်းဆက်မကျင့်ခင် သူ့ဒဏ်ရာကို အရင်ဆုံး ဂရုတစိုက်နဲ့ ကုသရမှာပဲ ၊ ဒါပေမဲ့ သူ့ရဲ့ပြိုင်ဘက်ကတော့ လင်ကျိုးဖြစ်နေဆဲပဲ”
ရန်ကျောက်ကဲက မျက်လုံးတစ်ချက် ပင့်ကြည့်လိုက်ရင်း...
“ဘာပဲဖြစ်ဖြစ် ရန်ရှန်းရဲ့ဆရာအနေနဲ့ လင်ကျိုးရဲ့အဖေကို မယှဉ်နိုင်လောက်တော့ဘူး ၊ ရန်ရှန်းနဲ့ သူ့ဆရာအတွက်တော့ ကောင်းမွန်တဲ့နေ့ရက်တွေ ကုန်ဆုံးသွားပါပြီ”
အားဟူက အနည်းငယ် သံသယဝင်သွားပြီး...
“သခင်လေး... ဘာလို့ဒီလိုဖြစ်မှာ သိနေတာလဲ”
ရန်ကျောက်ကဲက...
“ဒါက ကြိုတင်သတိပေးချက်တစ်ခုပဲ၊ ငါလည်း သေသေချာချာ ရှင်းမပြတတ်ဘူး”
ထို့နောက် သူက တိမ်တိုက်ဝင်္ကပါဝိညာဉ်ပန်းပွင့်ကို သေတ္တာတစ်ခုအတွင်းထည့်လိုက်ပြီး ချိတ်ပိတ်လိုက်သည်။
သေတ္တာလေးကို အားဟူထံ လွှဲပြောင်းပေးလိုက်ရင်း...
“ဒီပစ္စည်းကို ဘယ်သူမှ မရိပ်မိအောင် ဝါဒတောင်ကို အမြန်ဆုံး ပို့ပေးပါ”
အားဟူက ခဏမျှ စဉ်းစားလိုက်ရင်း...
“ကျွန်တော်ယူသွားရင် အရမ်းသိသာနေမှာပေါ့ ၊ တခြားသူတွေ အလွယ်တကူ အာရုံစိုက်မိလိမ့်မယ် ၊ ကျွန်တော့်အစား တခြားသူကို ပို့ခိုင်းရင်ကောင်းမယ်ထင်တယ်”
ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း...
“အဲဒါကို မင်း ကြည့်စီစဉ်လိုက်လေ ၊ ဒီပစ္စည်းက အရမ်းအရေးကြီးလို့ ငါ့အဖေလက်ထဲရောက်အောင် ထည့်ဖို့တော့လိုတယ်”
အားဟူက သဘောတူလိုက်ပြီး ထိုကိစ္စ စီစဉ်ရန် ထွက်ခွာသွားသည်။
အားဟူထွက်ခွာသွားသည်ကိုကြည့်ရင်း အချို့ကိစ္စများသည် အားဟူကိုပင် ပွင့်ပွင့်လင်းလင်း ပြောပြရန် အဆင်မပြေကြောင်း တွေးလိုက်မိသည်။
လင်ကျိုးနှင့် သူ့အဖေ ရုတ်တရက် အာဏာရလာခြင်းနှင့်ပတ်သက်ပြီး သူက ဒီအတိုင်း ခန့်မှန်းလိုက်သည် မဟုတ်ပေ။
သူ ရရှိထားသည့် သတင်းအချက်အလက်များကို စုစည်းပြီး ခွဲခြမ်းစိတ်ဖြာကြည့်သည့်အခါ ရန်ကျောက်ကဲအနေဖြင့် ပိုပြီးထင်ကြေးပေးစရာများ ရှိလာသည်။
“လင်ကျိုး... အင်း... စိတ်ဝင်စားစရာပဲ”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်ပြီး သူ့စိတ်အစဉ်က ရှည်လျားသည့်အတွေးများထဲ နစ်မျောသွားသည်။
သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များကို ပြန်ကြည့်သည့်အခါ လွန်ခဲ့သော (၃)နှစ် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် ရန်ရှန်းက တံခါးပိတ်ကျင့်ကြံနေသည့်အတွက် မပါဝင်နိုင်ခဲ့ပေ။ မိုးကြိုးသခင်လေး’လင်ကျိုး’ကတော့ ရောက်ရှိလာသည့်အတွက် ရန်ကျောက်ကဲနှင့် တစ်ကြိမ်တွေ့ဆုံဖူးသည်။
ထိုအချိန်...
ရန်ကျောက်ကဲ၏ မျက်လုံးရှေ့တွင် ဝေးဝါးသည့် ပုံရိပ် (၂)ခု ထွက်ပေါ်လာပြီး ထိုပုံရိပ်များက တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကာ လင်ကျိုး၏ ပုံသဏ္ဌန်အဖြစ် ပြောင်းလဲသွားသည်။
ခဏမျှစဉ်းစားပြီးနောက် ရန်ကျောက်ကဲ ပြန်လည်သတိဝင်လာပြီး သူ့လူများကို ချက်ချင်း ညွှန်ကြားလိုက်သည်။
“အားလုံးပဲ လူစုခွဲပြီးတော့ ဒီအရှေ့နှင်းတောင်တန်းတစ်ခုလုံးကို သေသေချာချာ ရှာဖွေပါ ၊ ကောင်းကင်မိုးကြိုးနန်းတော်က လျှပ်စီးရော မိုးကြိုးရော ဒီနေရာကို တစ်ချိန်တည်းရောက်လာတယ် ၊ ကိစ္စတစ်ခုခု ရှိလာနိုင်တယ်”