အခန်း (၅၃၁)
Vol. 36 Ch. 531
(ထျန်းမုထုံရှန်း: အရည်အသွေး ၁)
(အထူးဆေးပင်ဖြစ်သည်။ ဂိမ်းအရည်အသွေးကြောင့် စိုက်ပျိုးချိန်တိုတောင်းပြီး စိတ်မကျန်းမာခြင်းကိုကုသရာတွင် အလွန်ထိရောက်သည်။ တချို့စိတ်ကျန်းမာရေးဆေးများအတွက် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သည်။)
မျိုးစေ့ဆိုင်တွင် အမှန်ပင်ထျန်းမုထုံရှန်းမျိုးစေ့ရှိနေသည်။ နောက်ပြီး မှတ်ချက်အရ ဂိမ်းထဲတွင်ရောင်းသောထျန်းမုထုံရှန်းမှာ စိတ်ကျန်းမာရေးအတွက်ထိရောက်သောဆေးမျိုးဖြစ်သည်။
ဒီဆေးပင်က တရုတ်သိပ္ပံအကယ်ဒမီကလုပ်နေတဲ့ U31i ဆေးဝါးအတွက်အသုံးတည့်ရင် စိုက်ပျိုးချိန်တိုတောင်းလွန်းလို့ အံ့ဩစရာကောင်းမှာပဲ!
ဒါမှမဟုတ် ပါမောက္ခလီခိုင်ကတော့ အံ့ဩစရာဖြစ်ပြန်ဦးမည်။
မိုးပေါ်ကရွှေအိုးကျတော့မည်လေ။
ဝန်ကြီးလုမှာ နောက်အစည်းအဝေးရှိသောကြောင့် ဗီဒီယိုအစည်းအဝေးကိုအကြာကြီးမလုပ်။ လုံးဝအသေးစိတ်အချက်အလက်ကို နောက်ပိုင်း တရုတ်သိပ္ပံအကယ်ဒမီမှစေလွှတ်သော ကျွမ်းကျင်ပညာရှင်များနှင့်ဆွေးနွေးရမည်။
''ပါမောက္ခကျင်း... ပါမောက္ခလီ... သုတေသနစမ်းသပ်မှုမှာကူညီရတာ ရှားပါးအခွင့်အရေးပဲ... ပြိုင်ပွဲလုပ်ပြီးတော့ ဘယ်သူအရင်ဆုံးရလဒ်ထွက်မလဲကြည့်ရအောင်''
ပါမောက္ခဟွမ်ကပြောလိုက်သည်။
ပါမောက္ခကျင်းကပြုံးလိုက်ပြီး_
''ဟုတ်တာပေါ့... နောက်မှတို့သုံးယောက်လုံး ဘာရလဒ်မှမထုတ်နိုင်မှာစိုးမိတယ်... အဲလိုသာဆိုရင် ရှက်စရာကောင်းမှာ''
ပါမောက္ခဟွမ်ရယ်လိုက်သည်_
''ဟား ဟား... ဟုတ်ပါ့... အဲဒီအချိန်ကျရင် တချို့သုတေသနပစ္စည်းတွေ အလဲအလှယ်လုပ်ရလိမ့်မယ်''
သူတို့စကားဝိုင်းကြောင့် လီခိုင်မှာရှက်လွန်း၍ ပြန်မဖြေနိုင်။ အဓိကက ဒါကိုပျိုးထောင်ဖို့အထူးမြေကြီးကိုအားထားရမည်ဖြစ်သောကြောင့် အပြစ်ရှိသလိုခံစားနေရသည်။
ဗီဒီယိုအစည်းအဝေးပြီးမှ လီခိုင်မှာသက်ပြင်းချနိုင်တော့သည်။ သူ့လျှို့ဝှက်ချက်တွေပေါ်သွားမှာ တကယ်စိုးနေသည်။
တစ်ဖက်တွင် ချင်လင်မှာ သူ့ဂိမ်းဇာတ်ကောင်ကိုမျိုးစေ့တန်းဝယ်ခိုင်းပြီး စိုက်ခင်းထဲပြန်၍ ဆေးဥယျာဉ်ထဲတွင် ထျန်းမုထုံရှန်းမျိုးစေ့ကိုစိုက်စေလိုက်သည်။
ထျန်းမုထုံရှန်းရဲ့အာနိသင်ကို သူကြည့်ချင်သည်။
နေ့လယ်တွင် စနစ်အသိပေးစာရသောကြောင့် သူ့အံ့ဩမိသည်။
ထျန်းမုထုံရှန်းအပင်ကြီးနေပြီ။
ဒီအမြန်နှုန်းက လန့်လောက်စရာ။
အရင်ဂိမ်းထဲမှာ စိုက်ပျိုးချိန်တိုတောင်းသောမျိုးစေ့ဟုဖော်ပြထားသော်လည်း ဒီလောက်မြန်တာ ဒါပထမဆုံးပင်။
ဂိမ်းအချိန်အချိုးအစားအရ လက်တွေ့ဘဝမှာတစ်လအတွင်းအပင်ဖြစ်လိမ့်မည်။
ရုံးခန်းထဲ၌_
ချင်လင်ကအသိပေးစာရလျှင် ချက်ချင်းသူ့ဂိမ်းဇာတ်ကောင်ကို ဆေးဥယျာဉ်ထဲမှထျန်းမုထုံရှန်းခူးစေသည်။ ထို့နောက် ရုံးခန်းတံခါးပိတ်၍ ဂိမ်းထဲဝင်ကြည့်လိုက်သည်။
(ထျန်းမုထုံရှန်း: အရည်အသွေး ၁)
(ဂိမ်းမှထုတ်သောအထူးဆေးပင်ဖြစ်သည်။ စိတ်မကျန်းမာခြင်းကိုကုသရာတွင် အလွန်ထိရောက်သည်။ တချို့စိတ်ကျန်းမာရေးဆေးများအတွက် ကုန်ကြမ်းအဖြစ်အသုံးပြုနိုင်သည်:
စိတ်ငြိမ်စေခြင်း +၁၊ စိတ်ဖိအားလျော့စေခြင်း +၁၊ စိတ်ဖိအားအပေါ်သက်ရောက်မှု +၁)
ချင်လင်က ထျန်းမုထုံရှန်း၏မှတ်ချက်များကိုကြည့်လိုက်သည်။ အရည်အသွေး ၃ ခုသာရှိသော်လည်း တရုတ်သိပ္ပံအကယ်ဒမီကလိုအပ်သော စိတ်ဖိအားအပေါ်သက်ရောက်မှုရှိသည်။
တရုတ်သိပ္ပံအကယ်ဒမီကလုပ်နေသောထျန်းမုထုံရှန်းမှာ အာနိသင်ဘယ်လိုရှိမည်မှန်းမသိသော်လည်း စနစ်မှထုတ်သော +၁ အရည်အသွေးက အဲဒီထက်မညံ့နိုင်။
ထို့ကြောင့် အာနိသင်များသိပြီးနောက် ချင်လင်ကဂိမ်းထဲမှတန်းထွက်ပြီး သူ့စိတ်ထဲမှဖန်သားပြင်ကိုကြည့်လိုက်သည်။ သူ့ဂိမ်းဇာတ်ကောင်ကို သတ္တုမြို့တော်မျိုးစေ့ဆိုင်သွားပြီး ထျန်းမုထုံရှန်းမျိုးစေ့တချို့ထပ်ဝယ်ခိုင်းလိုက်သည်။
ဂိမ်းဇာတ်ကောင်ကိုစိုက်ခင်းထဲပြန်လာစေပြီးလျှင် သူကဂိမ်းထဲပြန်ဝင်လိုက်သည်။ ဂိမ်းမှထွက်လာသောအခါ ဂိမ်းမှထုတ်သောထျန်းမုထုံရှန်းမျိုးစေ့အိတ်လေးပါလာသည်။
တရုတ်သိပ္ပံအကယ်ဒမီမှလွှတ်သောပညာရှင်က တတိယမြောက်နေ့တွင်ရောက်လာသည်။ စမ်းသပ်မှုအကူအညီအတွက် တရုတ်သိပ္ပံအကယ်ဒမီကပြင်ဆင်မှုပြီးပြီဆိုသောသဘောပင်။ ဒါကလည်း ဒီကိစ္စကသူတို့အတွက်ဘယ်လောက်အရေးကြီးကြောင်းဖော်ပြနေသည်။
ချင်းလင်ဓာတ်ခွဲခန်းရောက်လာသောပညာရှင်မှာ သက်လတ်ပိုင်းအမျိုးသားတစ်ဦးဖြစ်သည်။
ရှန်လီနှင့်လီခိုင်က တာဝန်ယူဧည့်ခံသည်။ နောက်ဆုံး ချင်လင်ဆီခေါ်လာကြ၏။ စမ်းသပ်မှုအကူအညီစာချုပ်ကိုလက်မှတ်ထိုးရမည့်သူဖြစ်သောကြောင့်ပင်။
''အကြီးအကဲရန်... ဒါကျွန်တော်တို့ရဲ့ဥက္ကဌချင်ပါ''
ရှန်လီက ချင်လင်ဆီခေါ်လာပြီး မိတ်ဆက်ပေးလိုက်သည်_
''ဥက္ကဌချင်... သူက တရုတ်သိပ္ပံအကယ်ဒမီရဲ့အကြီးအကဲရန်ပါ... စမ်းသပ်မှုအကူအညီစာချုပ်ကိုလက်မှတ်ထိုးဖို့ရှိပါတယ်''
''သူဌေးချင်... တွေ့ရတာဂုဏ်ယူပါတယ်''
အကြီးအကဲရန်ကရှေ့တိုးလာပြီး ချင်လင်ကိုဝမ်းသာအားရလက်ဆွဲနှုတ်ဆက်လိုက်သည်။ တဆက်တည်း ချင်လင်ဆီစာချုပ်ကမ်းပေးရင်း_
''ဒါကချင်းလင်ဓာတ်ခွဲခန်းအတွက် စမ်းသပ်မှုအကူအညီစာချုပ်ပါ... တစ်ချက်ကြည့်လိုက်ပါဦး သူဌေးချင်''
နောက်ဆုံးတော့ 'သူဌေးရဲ့အရွယ်ကိုသိရင် သိပ်မအံ့ဩနဲ့'ဟု ဝန်ကြီးလုမှာလိုက်သည်ကို အကြီးအကဲရန်သဘောပေါက်ပြီ။
ငယ်လွန်းတဲ့အပြင် အင်တာနက်မှာနာမည်ကြီးနေတဲ့မြင်းသမားလေးရှောင်ချင်ပဲ။
ဘယ်သူကထင်ထားမှာလဲ?
သို့သော် သူဌေးချင်၏အသက်ကိုလျှော့မတွက်ရဲ။ သူမလာခင် ဝန်ကြီးကမှာလိုက်သေးသည်: သူဌေးချင်ရဲ့အသက်အရွယ်နဲ့ ဒီလိုလုပ်ငန်းမျိုးဖန်တီးပြီး ပါမောက္ခလီခိုင်လိုလူကို ချင်းလင်ဓာတ်ခွဲခန်းမှာနေချင်စိတ်ရှိအောင်လုပ်နိုင်တာ အတော်စွမ်းအားရှိတဲ့သူဖြစ်ရမယ်တဲ့။
ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုအောင်မြင်မှုမျိုးရှိပြီး ရှေ့လျှောက်တစ်ဝက်တပျက်မတိမ်းပါးခဲ့ရင် နိုင်ငံရဲ့အရေးပါအရာရောက်သူတွေထဲမှာ ထိပ်တန်းနေရာသေချာပေါက်ရလိမ့်မည်။
ထို့အပြင် ဒိုနာစီမြက်ရင်းလှူဒါန်းခြင်းမှာဖြစ်စေ၊ ရုံချန်းဖွံ့ဖြိုးရေးအတွက်ကူညီခြင်းမှာဖြစ်စေ၊ အထက်လူများက သူ့ကိုထောက်ခံချက်ပေးထားကြသည်။ သူဌေးချင်အပေါ်သူတို့အမြင်က အရမ်းကောင်းသည်။
ဝန်ကြီးလုကတောင် 'သူဌေးချင်ကသိုသိုသိပ်သိပ်နေတတ်ပြီးလက်တွေ့ကျလို့ အရွယ်မတိုင်ခင်လုံးဝသေမှာမဟုတ်'ဟု အသေအချာပြောထားသည်။ ဝမ်၊ MA၊ ရန်ချန်ချန်တို့လို ဩဇာကြီးသူထက်တောင် အောင်မြင်မှုရလိမ့်မည်။
ဘာပဲဖြစ်ဖြစ် ဒီလောက်ငယ်တဲ့အရွယ်မှာတာဝန်ခံမှုရှိသောလုပ်ငန်းရှင်အမူအရာမျိုးရှိနေသည်။
ဒီအချက်မှာ လုပ်ငန်းရှင်နှင့်အရင်းရှင်ကြား အခြေခံကျသောကွာခြားချက်ဖြစ်သည်။
မျိုးဆက်သစ်ထဲတွင် ဒီလိုလူငယ်မျိုးရှာရခက်သည်။
''အကြီးအကဲရန်... ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းကကြိုဆိုပါတယ်''
ချင်လင်လည်းစာချုပ်ယူပြီး အပြုံးနှင့်ကြည့်လိုက်သည်။
ရှင်းရှင်းပြောရရင် တရုတ်သိပ္ပံအကယ်ဒမီကငွေလွှဲပေးပြီး ချင်းလင်ဓာတ်ခွဲခန်းက သုတေသနလုပ်ရမည်။ အပြင်မှာ လုပ်ငန်းစာချုပ်ချုပ်သည့်အတိုင်းပင်။