အခန်း (၅၃၄)
Vol. 36 Ch. 534
ဘယ်လိုသရုပ်ဆောင်ရမယ်ဆိုတာ လုံးဝလေ့လာစရာမလို။
ဂိမ်းစနစ်ပေါ်မသွားစေရန် ချင်လင်ကသုံးလေးကြိမ်ဟန်ဆောင်အကွက်ရွှေ့ခဲ့ပြီး နောက်ဆုံးအရည်အချင်းတက်လာခဲ့သည်။
လီခိုင်လည်းအတူတူပင်။ အထူးမြေကြီးအတွက်အကြိမ်ကြိမ်ခုတုံးလုပ်ခံခဲ့ရသောကြောင့် သရုပ်ဆောင်အရမ်းကောင်းလာသည်။ နောက်တစ်နေ့တွင် အပင်အားဖြည့်ဆေးရည်အမျိုးမျိုးပြင်ဆင်ပြီး နေရာအသီးသီးရှိထျန်းမုထုံရှန်းမျိုးစေ့များကိုလောင်းလိုက်သည်။
''ပါမောက္ခလီခိုင်ရဲ့သိပ္ပံသုတေသနစိတ်ထားက တကယ်လေးစားစရာကောင်းတာပဲ''
အကြီးအကဲရန်က သူ့ကိုမြင်ပြီးပြောလိုက်သည်။
ငါးပြတိုက်ဆောက်ပြီးသွားပြီဖြစ်၍ ချင်လင်က ထျန်းမုထုံရှန်းအခြေအနေကိုအာရုံမစိုက်တော့။
မနက်အစောပိုင်း သူ့ပစ္စည်းများစံအိမ်ပို့ပြီးချိန်တွင် ကျောက်မိုချင်းကမူလခန်းမဘက်လှမ်းခေါ်သည်။
ငါးပြတိုက်ဆိုင်းဘုတ်ကို မူလခန်းမအပြင်ဘက်တွင်ချိတ်ဆွဲထားပြီး ခန်းမတစ်ခုလုံးမှာအကြီးအကျယ်ပြောင်းလဲသွားသည်။ အတွင်းပိုင်းမှာ အရင်လိုဟောင်းနွမ်းမနေတော့။ နေရာအတော်လေးကျယ်သွားသည့်အပြင် အတ္တလန္တိတ်ဆောက်လုပ်ရေးပုံစံအသစ်ဖြစ်သွားသည်။
သိပ္ပံဖန်တီးချက်များနှင့်အထူးမှန်များကာထားပြီး နေရာအသီးသီးကို အမျိုးမျိုးသောအလှမွေးငါးပုံစံများနှင့်ပိုင်းခြားထားသည်။
မည်သို့ဆိုစေ ကြီး၊ သေး၊ လတ် အရွယ်စုံအလှမွေးငါးများမှာ အမူအကျင့်အမျိုးမျိုးရှိကြသည်။ တချို့ငါးကြီးများက ငါးလေးများကိုကိုက်တတ်သောကြောင့် ခွဲထားဖို့လိုသည်။
ထိုအချိန်တွင် ငါးပြတိုက်မှာရေစလွှတ်ထားပြီဖြစ်သည်။ ဆောက်လုပ်ရေးအဖွဲ့က ရေထဲသို့အထူးရေတစ်မျိုးထည့်နေသည်ကိုပင်တွေ့ရသည်။
ဆောက်လုပ်ရေးတာဝန်ခံက ချင်လင်နှင့်ကျောက်မိုချင်းကိုရှင်းပြသည်_
''ဥက္ကဌချင်... ဥက္ကဌကျောက်... နောက်ဆုံးရေလုံမလုံစစ်ဆေးတာနဲ့ပိုးသတ်တဲ့အဆင့်စနေပါပြီ... စောင့်ကြည့်မယ့်သူတွေကလွဲပြီး ကျွန်တော်တို့အားလုံးသွားတော့မှာပါ''
''စစ်ဆေးတာနဲ့ပိုးသတ်တဲ့အဆင့်ပြီးရင် ကျွန်တော်တို့ပြန်လာပြီး ရေမှော်ပင် အလှကျောက်တုံးစတဲ့ ငါးပြတိုက်အတွင်းပိုင်းအနေအထားကိုပြန်ပြင်ဆင်ပေးပါမယ်''
ငါးပြတိုက်ဆောက်ပြီးပြီးချင်း ငါးတန်းမွေးလို့မရမှန်း ချင်လင်လည်းသိသည်၊ မဟုတ်ရင် သေကုန်လိမ့်မည်။ အထူးသဖြင့် အယ်ကာလီဓာတ်ဖယ်ရှားရန် ရေထဲရှာလကာရည်ထည့်ပေးရသည်။ မထည့်ရင် အလှမွေးငါးပုပ်ညှီလာလိမ့်မည်။
ပိုးသတ်ခြင်း၊ အယ်ကာလီဓာတ်ဖယ်ရှားခြင်းလုပ်ငန်းစဉ်မှာ တစ်ပတ်ခန့်ကြာပြီး အလှမွေးငါးပုံမှန်မမွေးခင် ရေနှစ်ကြိမ်လဲပေးရသည်။
မကြာမီ ငါးပြတိုက်ကန်ကိုရေဖြည့်လိုက်သည်။ ဆောက်လုပ်ရေးတာဝန်ခံက လူတချို့ခေါ်လာပြီးစစ်ဆေးရာ ရေကောင်းကောင်းလုံကြောင်းတွေ့ရသည်။ စိမ့်ထွက်မှုမရှိတော့မှ တာဝန်ယူစောင့်ကြည့်မယ့်သူထားခဲ့ပြီး ကျန်လူများနှင့်ထွက်သွားသည်။
ဒီအတောအတွင်း ပြဿနာရှိခဲ့ရင် စောင့်ကြည့်သူကအသိပေးပြီး အချိန်မီပြန်လာဖြေရှင်းပေးမည်ဖြစ်သည်။
ချင်လင်ကသူ့ရုံးခန်းထဲပြန်လာပြီး တံခါးလော့ချကာ ဂိမ်းထဲဝင်လိုက်သည်။
အခုငါးပြတိုက်အသင့်ဖြစ်၍ ဂိမ်းထဲတွင်သိမ်းထားသောအလှမွေးငါးများထုတ်နိုင်ပြီ။
မကြာခင် ကန်ထဲရှိအလှမွေးငါးအရေအတွက်ကို ချင်လင်မြင်ရသည်။
ငါးမျှားတံကိုအဆင့် ၂ မြှင့်ပြီးနောက် နေ့တိုင်းအလှမွေးငါးဖမ်းမိသည်။ ကန်ထဲတွင် အလှမွေးငါးစုစုပေါင်း ၁၈၇၂ ကောင်ရှိသည်။
ထိုထဲတွင် ရွှေနာနတ်၊ ကြောင်နီ၊ ငါးသူတော်၊ ဒေါင်းငါး၊ မေရီငါး၊ ကျားဖြူငါးနှင့် တခြားအလှမွေးငါးများပါသည်။
ကျားဖြူလိုငါးမျိုးကို အရည်အသွေး ၂ လုံးဝမမိဖူး၊ ထိုငါးအားလုံးအရည်အသွေး ၁ ဖြစ်သည်။ အားလုံးတွင် အဆင်းလှခြင်း +၁၊ အရသာ +၁ နှင့် စားကောင်းခြင်း +၁ ရှိသည်။
အရသာ +၁ နှင့် စားကောင်းခြင်း +၁ မှာ အလှမွေးငါးအတွက်အသုံးမတည့်သောအရည်အသွေးများဖြစ်၍ ဒီအတွက်စိတ်ပူစရာမလို။ အဆင်းလှခြင်း +၁ ကြောင့် အပြင်မှသာမန်အလှမွေးငါးများထက် သေချာပေါက်ပိုလှမည်။
ငါးပြတိုက်မှာငါးထည့်နိုင်တဲ့အချိန်ကျရင် အလှမွေးငါးအရေအတွက်က အနည်းဆုံး ၂၀၀၀ ရှိလိမ့်မည်။ အရည်အသွေး ၁ အလှမွေးငါး ၂၀၀၀ ကူးခတ်နေရင် လုံးဝလှမည်ပင်။
မင်မြို့တော်ကိုတစ်ခေါက်သွားပြီး အလှမွေးငါးသယ်၍စံအိမ်ပို့ရန် အခွင့်အရေးရှာရမည်။
တစ်ပတ်က မြန်မြန်ဆန်ဆန်ကုန်လွန်သွားသည်။
တစ်ပတ်အတွင်း ငါးပြတိုက်ရေမှာအဆင့်မီသွားပြီဖြစ်၍ လုံးဝပြဿနာမရှိ။ ဗိုင်းရပ်စ်သတ်ဖို့၊ အယ်ကာလီဖယ်ရှားဖို့က တစ်ပတ်ဆိုကောင်းကောင်းလုံလောက်သည်။
ဆောက်လုပ်ရေးအလုပ်သမားများလည်း ရေစလဲသည်။ ဤသို့နှစ်ကြိမ်လုပ်ပြီးနောက် ငါးတချို့ထည့်ပြီး အခြေအနေစစ်ဆေးကြည့်သည်။
ငါးရှင်သန်နိုင်ပါက ရေနေပင်များ၊ ကျောက်တုံးများ စတင်ခင်းကျင်းနိုင်သည်။ နောက်ဆုံး အလှမွေးငါးတွေအများကြီးထည့်မည်။
ချင်လင်က ငါးပြတိုက်မှသူ့ရုံးခန်းထဲပြန်ရောက်သောအခါ လီခိုင်ကအလောတကြီးရောက်လာပြီး အံ့ဩသံနှင့်_
''ညီလေးချင်... အထူးမြေကြီးက အစွမ်းပြနေပြန်ပြီ''
''ဘာဖြစ်လို့လဲ အစ်ကိုလီ?''
ချင်လင်ကဒီလိုမေးလိုက်သော်လည်း အကြမ်းဖျင်းသူတွေးမိသည်။ ဂိမ်းရဲ့ထျန်းမုထုံရှန်းအာနိသင်ပဲဖြစ်ရမည်။
ဘာပဲဖြစ်ဖြစ် အချိန်အချိုးအစားအရ ဂိမ်းရဲ့ထျန်းမုထုံရှန်းက လက်တွေ့လောကမှာ တစ်လနှင့်ဖြစ်လိမ့်မည်။
အဲဒီဝန်းကျင်မှာ ဂိမ်းရဲ့ထျန်းမုထုံရှန်းကြီးထွားပုံက တရုတ်သိပ္ပံအကယ်ဒမီမှထျန်းမုထုံရှန်းကြီးထွားပုံနှင့်အတော်ကွာလိမ့်မည်။
လီခိုင်က ချင်လင်ကိုရုံးခန်းအပြင်ဆွဲခေါ်ပြီး_
''ငါနဲ့စမ်းသပ်တဲ့နေရာလိုက်ကြည့်ရင်သိမှာပဲ... တချို့ထျန်းမုထုံရှန်းမျိုးစေ့တွေက အထူးမြေကြီးကြောင့် မျိုးစိတ်လုံးဝပြောင်းသွားတယ်... ကြီးတာအရမ်းမြန်တယ်''
ချင်လင်ကလီခိုင်နောက်လိုက်ပြီး ချင်းလင်ဓာတ်ခွဲခန်းရောက်လာရာ အကြီးအကဲရန်လည်းရှိနေသည်။
''သူဌေးချင်... ပါမောက္ခလီရဲ့သုတေသနက အလုပ်ဖြစ်တဲ့ပုံပဲ''
အကြီးအကဲရန်ကသူ့ကိုတွေ့တွေ့ချင်း ရေရွတ်လိုက်သည်_
''တစ်ပတ်ပဲရှိသေးတယ်... အရွက်တွေဒီလောက်မြန်မြန်ထွက်နေပြီ... ပါမောက္ခလီခိုင်ဆိုတဲ့အတိုင်းပဲ... ဒီအကြီးမြန်တဲ့အပင်တွေက စိတ်ဖိစီးမှုအတွက်ကောင်းမလား သိချင်လိုက်တာ''
ချင်လင်လည်း ထျန်းမုထုံရှန်းစိုက်ထားသောစိုက်ခင်းကိုကြည့်လိုက်သည်။ ထျန်းမုထုံရှန်းပင်အများစုက အရွက်လက်တစ်ဆုပ်စာသာရှိသေးသော်လည်း တချို့မှာအကိုင်းအခက်များထွက်ပြီး တစ်ကိုင်းထက်မကခွဲထွက်နေလေသည်။