အားလုံးသူဌေးချင်ကျေးဇူးတွေ! ပါမောက္ခလီက တကယ်အံ့ဩစရာ!
Vol. 36 Ch. 540
နောက်ထပ်နှစ်ပတ်ကုန်လွန်သွားပြန်သည်။
ချင်းလင်မွေးမြူရေးခြံဖွင့်ပြီးနောက် ရုံချန်းကစေ့စေ့စပ်စပ်ညှိနှိုင်းလုပ်ကိုင်ခဲ့ရာ နောက်ဆုံး အဓိကလမ်းမကြီးယာဉ်လမ်းကြောင်းပြန်ကောင်းသွားသည်။
စီရင်စု_
စွန်းရှန်က ချန်လီကိုရှာပြီးမေးပြန်သည်_
''ကန့်သတ်လမ်းဖွင့်ပြီးနောက်ပိုင်း ယာဉ်လမ်းကြောင်းပြဿနာမရှိတော့ဘူးမလား?''
''လုံးလုံးထိန်းထားပါတယ်''
ချန်လီကရှင်းပြသည်_
''ဒါပေမဲ့ ရုံချန်းမြို့တည်တာနဲ့ အပြင်ပတ်လမ်းအသစ်ကိုဖောက်ရပါမယ်''
ဖွင့်ထားသောကန့်သတ်လမ်းမှာ ချင်းလင်စံအိမ်သို့ဦးတည်သွားသော ရုံချန်းအပြင်လမ်းသာဖြစ်သည်။ သို့ရာတွင် ထိုလမ်းက ရုံချန်းဒေသခံများ၏ခရီးသွားလာမှုကို အနည်းနှင့်အများထိခိုက်မှုရှိလိမ့်မည်။ မလိုလားအပ်သောအကျိုးများကရှိစမြဲပင်။
''အင်း... ရုံချန်းစီရင်စုမှာ အစည်းအဝေးလုပ်မယ်''
စွန်းရှန်လည်း ထောက်ခံလိုက်သည်။
သဲမြို့တော်လိုနိုင်ငံတကာမြို့ကြီးအတွက် ယာဉ်လမ်းကြောပိတ်ဆို့မှုကြောင့် ကန့်သတ်လမ်းဖွင့်ခြင်းမှာပုံမှန်ဆိုသော်လည်း ရုံချန်းလိုစီရင်စုလေးအတွက် ဒီလိုကန့်သတ်လမ်းမျိုးဖွင့်တာရှားသည်။
သို့သော် တခြားနည်းလမ်းမရှိ။ နေ့တိုင်း ကိုယ်တိုင်ကားမောင်းလာသောခရီးသည်များ၊ နိုင်ငံခြားသားယာဉ်များစွာရှိနေသည်။
ခရီးသည်များပြုံကျခြင်းကြောင့် ရုံချန်းအငှားကားနှင့်အွန်လိုင်းအငှားကားများလည်း လျှံထွက်လာသည်။
ချင်းလင်စံအိမ်ဖွံ့ဖြိုးလာသည်နှင့်အမျှ ရုံချန်းအပေါ်ပိုပြီးသက်ရောက်မှုရှိလာသည်။ ရုံချန်းစီရင်စုမှာ ချင်းလင်စံအိမ်နှင့်အကြိမ်ကြိမ်ပူးပေါင်းပြီး အပြောင်းအလဲလုပ်ရသည်။


သို့ရာတွင် ဒီလိုအခြေအနေမျိုးမြင်ရတာ စီရင်စုဝမ်းသာသည်။
မည်သို့ဆိုစေ ချင်းလင်စံအိမ်မှာ တစ်နေ့ခရီးသည် ၁၂၀၀၀ လက်ခံနိုင်သည့်အတွက် တစ်နှစ်ဆိုလျှင် လူဦးရေ ၄.၄ သန်းဖြစ်သည်။
ချင်းလင်စံအိမ်နှင့်မွေးမြူရေးခြံအသုံးစရိတ်နှုတ်ပြီး ရုံချန်းမှာတစ်ဦးချင်းသုံးစွဲငွေ ယွမ် ၅၀၀ နှင့်တွက်လျှင် တစ်နှစ်ကို ၂.၂ ဘီလီယံနီးနီးရှိသည်။
ဤပမာဏမှာ ရုံချန်း GDP ၏ ဆယ်ပုံတစ်ပုံနှင့်ညီမျှသည်။
လက်ရှိ ခရီးသည်တွေခရီးထွက်ရင် ယွမ် ၅၀၀ သုံးဖို့ခက်ပါသလား?
တည်းခိုခ၊ တက္ကစီခ၊ ဟိုဝယ်ဒီဝယ်၊ စားတာသောက်တာနှင့် လည်ပတ်တာအဆုံး အားလုံးကုန်ကျလိမ့်မည်။
ဒီတစ်ခုနှင့်တင် လုပ်ငန်းကွင်းဆက်တစ်ခုလုံးကလူတွေကို ရုံချန်းကဖြည့်ဆည်းပေးနိုင်မည်။ အလုပ်အကိုင်အခွင့်အလမ်းနှင့်ဝင်ငွေလမ်းကြောင်းများရှိလာလိမ့်မည်။
အဓိကအကျဆုံးမှာ အပြင်ထွက်နေသောဒေသခံအလုပ်သမားများကိုပြန်ခေါ်နိုင်သည့်အပြင် နိုင်ငံခြားသားဝင်ထွက်မှုနှင့်အရည်အချင်းရှိသူများကိုလည်း ဖိတ်ခေါ်နိုင်မည်။
ဤအချက်က မြို့တော်အဖြစ်တိုးမြှင့်လိုသောစီရင်စုအတွက် အလွန်အရေးပါသည်။
ချင်းလင်စံအိမ်က လူဝင်စီးဆင်းမှုအတွက် အခြေခံကောင်းကောင်းချထားနိုင်ရင် စီရင်စုအတွင်း ၂.၂ ဘီလီယံပစ်မှတ်လေးကိုရနိုင်သေးသည်။
စီရင်စုအတွင်းတွင် ခရီးသည်များကိုဝန်ဆောင်မှုပေးရန် လုပ်ငန်းများ၊ ဖျော်ဖြေရေးအခင်းအကျင်းများဆောက်ထားနိုင်သရွေ့ ရုံချန်းတွင် ခရီးသည်များလည်ပတ်စရာရှိနိုင်သည်။

''ဒါနဲ့... ငါတို့ ချင်းလင်ဖရဲသီးကိုမျက်စိဒေါက်ထောက်ကြည့်ရမယ်... နောက်နှစ် ကိုယ်စားလှယ်အသစ်တွေရှိလာလိမ့်မယ်''
စွန်းရှန်က ချန်လီကိုပြောလိုက်သည်_
''ဒီတစ်ခါ မြို့တော်ရဲ့မြှင့်တင်ရေးကိုယ်စားလှယ်စာရင်းမှာ တို့ရုံချန်းဖြစ်ရမယ်''
ချန်လီကခေါင်းညိမ့်ပြီး_
''ချင်းလင်ဖရဲသီးကိုစောင့်ကြည့်ဖို့စီစဉ်ထားလိုက်မယ်... ဘာပြဿနာမှမရှိနိုင်ပါဘူး''
ဒီနှစ်ချင်းလင်ဖရဲသီးစိုက်ပြီးနောက်ပိုင်း မနှစ်က ရုံချန်း GDP ၏ဆယ်ပုံတစ်ပုံခန့်ရှိမည်ဟု ခန့်မှန်းထားသည်။
နောက်ထပ်လုပ်ငန်းကွင်းဆက်ကြီးတစ်ခုပင်။
ဒီလုပ်ငန်းကွင်းဆက်နှင့်ခရီးသွားလုပ်ငန်းကွင်းဆက်က နောက်နှစ်ရုံချန်း၏ဆန်ကာတင်စာရင်းကိုများစွာအထောက်အကူပေးလိမ့်မည်။
အမှန်အတိုင်းဆိုရလျှင် သူနှင့်စွန်းရှန်နှစ်ယောက်လုံးအလွန်စိတ်လှုပ်ရှားမိသည်။ သူဌေးချင်ကြောင့် ရုံချန်း၏ GDP က ၂၀% တန်းထိုးတက်ပြီး ထိုအထဲတွင် ချင်းလင်အစားအသောက်ကုမ္ပဏီနှင့်ချင်းလင်စံအိမ်မပါသေး။
နောက်ပြီး သူဌေးချင်က ဒီပမာဏကိုထပ်တက်အောင်လုပ်ဦးမလားမသိ။
ဒီအခြေအနေမှာ ရုံချန်းကပြောင်းဆန်နေရင် ရှက်စရာကောင်းလိမ့်မည်။ လူတိုင်းလယ်လုပ်ရန် ပေါက်ပြားပေးနိုင်ရမည်။
…
ချင်းလင်စံအိမ်_
ငါးပြတိုက်_

ချင်လင်နှင့်ကျောက်မိုချင်းက လူတချို့ခေါ်ပြီး ကူးခတ်နေသောငါးများကို မှန်အပြင်မှကြည့်နေသည်။
သူတို့နှစ်ယောက်နောက်တွင်လိုက်လာသောလူတချို့ရှိသည်။ သူတို့အားလုံးမှာ မကြာသေးခင်က ကျောက်မိုချင်းအလုပ်ခန့်ပြီးညွှန်ကြားထားသော ငါးပြတိုက်ဝန်ထမ်းများဖြစ်ကြသည်။
ငါးပြတိုက်တွင်သုံးစွဲနေသောရေကို လတ်တလောနှစ်ကြိမ်လဲလှယ်ပြီး ဒီနေ့ငါးတချို့စမ်းထည့်ကြည့်သည်။
သုံးရက်မြောက်နေ့ ငါးများအသားကျလျှင် ရေမှော်ပင်၊ ကျောက်တုံးအလှများနှင့် အနေအထားကိုဆက်လက်ပြင်ဆင်နိုင်သည်။ ထို့နောက် လည်ပတ်သောရေထပ်ဖြည့်ပြီး အလှမွေးငါးများထည့်နိုင်သည်။
အားလုံးထဲမှာမှ ဒီလုပ်ငန်းစဉ်က ကရိကထအများဆုံး။
ဆောက်လုပ်ရေးတာဝန်ခံက အပြင်မှရောက်လာပြီး_
''သူဌေးချင်... သုံးရက်နေရင် ဒီငါးတွေအဆင်ပြေသွားပါလိမ့်မယ်... နောက်ဆုံးအစီအစဉ်စနိုင်ပါပြီ''
''အင်း!'' ချင်လင်ကခေါင်းညိမ့်တုံ့ပြန်လိုက်ပြီး သူ့ဘေးမှမိန်းကလေးကိုကြည့်ကာ_
''ဒါရိုက်တာလင်း... အခုကစပြီး ခင်ဗျားကိုငါးပြတိုက်တာဝန်ခံအဖြစ်ထားမယ်... အလှမွေးငါးတွေထည့်မယ့်အချိန်ကျရင် ကျွန်တော့်ကိုအသိပေးပါ... ကျွန်တော် အလှမွေးငါး ၂၀၀၀ ကျော်မှာထားတယ်''
ဒီပြတိုက်မှူးနာမည်က လင်းရွှမ်။ ကျောက်မိုချင်း သဲမြို့တော်မှဆွဲခန့်ထားသောကျွမ်းကျင်ပညာရှင်ဖြစ်သည်။ သူမရောက်လာသောအခါ ကျွမ်းကျင်မန်နေဂျာနှစ်ဦးပါခေါ်လာသည်။
သာမန်ဝန်ထမ်းများကို စံအိမ်မှလွှဲယူနိုင်သည်၊ ရုံချန်းမှထပ်ခေါ်နိုင်သည်၊ သို့သော် ငါးပြတိုက်ကဲ့သို့လုပ်ငန်းမျိုးတွင် တာဝန်ခံနှင့်မန်နေဂျာက ပညာရှင်ဖြစ်ရမည်။
''ကောင်းပါပြီ သူဌေး!''
လင်းရွှမ်ကချက်ချင်းခေါင်းညိမ့်တုံ့ပြန်လိုက်သည်။
သူမက သဲမြို့တော်ငါးပြတိုက်တွင် အကြီးတန်းဒုညွှန်မှူးလုပ်ခဲ့သည်။ ပုံမှန်အခြေအနေတွင် အလုပ်ပြောင်းရင်တောင် စီရင်စုငယ်လေးမှကုမ္ပဏီကိုပြောင်းလာဖို့မဖြစ်နိုင်။ သို့သော် ချင်းလင်စံအိမ်ကခြွင်းချက်ပင်။
ချင်လင်က ကျောက်မိုချင်းနှင့်ငါးပြတိုက်ကိစ္စပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းဆီတန်းသွားသည်။ ဒီနေ့ အရေးတကြီးလုပ်စရာရှိနေသည်။
ထျန်းမုထုံရှန်းစိုက်ပြီး ရက် ၂၀ ကျော်နေပြီ။ ဂိမ်းထုတ်ကုန်မျိုးစေ့မှာအကြီးမြန်သောကြောင့် ရက်ပိုင်းအတွင်း ရင့်မှည့်ပြီးရိတ်သိမ်းနိုင်တော့မည်။
အံ့ဩလောက်စရာအချိန်ပင်။
သို့သော် လက်ရှိစိုက်ထားသောထျန်းမုထုံရှန်းမျိုးစေ့တချို့ကို စိတ်ဖိအားအပေါ်သက်ရောက်မှုရှိမရှိ လုံးဝစမ်းသပ်နိုင်သည်။
လီခိုင်၊ အကြီးအကဲရန်၊ ပါမောက္ခရန်နှင့် ဝန်ကြီးလုတို့အားလုံးက ရလဒ်ကိုသိချင်နေကြသည်။
ဒီနေ့ အစ်ကိုလီက ထျန်းမုထုံရှန်းကို ကနဦးစမ်းသပ်ချက် တန်းလုပ်လိမ့်မည်။