ဖန်ဆင်းရှင် အင်မော်တယ်
Vol. 1 Ch. 1
"ယွမ်ရှောင် မင်းရဲ့လုပ်ရပ်က သည်းမခံနိုင်စရာပဲ။ ဘုရင်တစ်ယောက်ဖြစ်နေပြီး ပြည်သူတွေကို ဒုက္ခပေးဖို့ နတ်ဆိုးတွေနဲ့ ပူးပေါင်းရလား။ ပြည်သူတွေ မကြောက်ကြနဲ့၊ မင်းတို့ကို ကယ်တင်ဖို့ ကျုပ် ဓားအင်မော်တယ်ရောက်လာခဲ့ပြီ"
ဒေါသတကြီးစကားသံတစ်ခုက မြို့တော်တစ်ခွင် ပျံ့နှံ့သွားကာ အသံရှင်သည် လေထုကို ပိုင်းဖြတ်ပျံသန်းနေသည့် ဓားတစ်လက်ကို စီးနင်းထားသော လူငယ်တစ်ယောက် ဖြစ်သည်။ လက်ရှိတွင် တိမ်တိုင်းပြည်၏ တော်ဝင်မြို့တော်အတွင်း မြွေနတ်ဆိုးများ ကျူးကျော်ဝင်ရောက်လာ၍ သာမန်လူများကို ကိုက်နေကြသဖြင့် အဆိပ်မိကုန်သည်။ အများစုက ချက်ချင်းသေဆုံးသွားကာ အလောင်းချင်းထပ်၍ လမ်းမများတွင် သွေးချောင်းစီးနေ၏။
"ဓားအင်မော်တယ်တဲ့လား"
မြွေများအကြားတွင် နဂါးဝတ်ရုံအဖြူရောင်ကို ဝတ်ဆင်ထားသော လူငယ်တစ်ယောက်က ပြင်းထန်စွာတိုက်ခိုက်နေပြီး တိမ်နိုင်ငံ၏ ပြည့်ရှင်မင်းမြတ် ယွမ်ရှောင်ဖြစ်သည်။ ယနေ့တွင် သူက ဝန်ကြီးကျန်း၏ သမီး ကျန်းရယ်ကို မိဖုရားမြှောက်ရန် စီစဥ်ထားသော်လည်း ထူးဆန်းသော အဖြစ်များ ဆက်တိုက်ဖြစ်လာခဲ့၏။ သူမက ထူးဆန်းစွာ ပျောက်ကွယ်နေပြီး သန်းချီသော မြွေဆိုးများက တော်ဝင်မြို့အတွင်း ရေမြောင်းများမှတဆင့် ဝင်ရောက်လာကာ သက်တမ်းရာချီ မြွေနတ်ဆိုးတစ်ကောင်လည်း ပါဝင်သည်။ သူက ပြည်သူများကို ကယ်တင်ရန်အတွက် စစ်သည်များနှင့်အတူ တိုက်ပွဲဝင်ခဲ့ပြီး အောင်ပွဲရရန် သေချာသောအခါ ဓားအင်မော်တယ်ဆိုသူက နှမ်းဖြူးရန် ရောက်လာခဲ့သည်။
"ငါက ဒီကိစ္စမျိုးကို ဘာကြောင့်လုပ်ရမှာလဲ။ ငါ့လိုဘုရင်က မြွေနတ်ဆိုးနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို သတ်ပစ်စရာလား"
သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မဟုတ်တမ်းတရား စွပ်စွဲခံနေရသောကြောင့် မျက်လုံးများ ဝင်းဝင်းတောက်နေသည်။ ကောင်းကင်မှ ဓားအလင်းတစ်ချက် ရုတ်တရက် ကျဆင်းလာပြီး မြွေနတ်ဆိုး၏ခေါင်းကို ပိုင်းဖြတ်သွားကာ သူ၏တစ်ကိုယ်လုံးတွင် သွေးများ စွန်းထင်းကုန်၏။
"မြွေနတ်ဆိုး သေပြီ။ ငါတို့ အသက်ရှင်ပြီ"
"ဓားအင်မော်တယ်ကြီး ကောင်းချီးပေးပါစေ"
ပြည်သူများက ဒူးထောက်၍ ကြွေးကျော်နေကြပြီး ယွမ်ရှောင်က အခြေအနေကို မစုံစမ်းနိုင်ခင်မှာပင် ထိုကျင့်ကြံသူက သူ၏ခေါင်းအထက်သို့ ရောက်လာခဲ့၏။ သူက အေးစက်စက် စိုက်ကြည့်နေကာ ဓား၏အရှိန်အဝါက ပြင်းထန်လှပြီး မြွေသွေးများ စွန်းထင်းနေသည်။
"မင်းက ဒီတိုင်းပြည်ရဲ့ ဘုရင်ဖြစ်ပြီး ပြည်သူတွေကို ပြဿနာပေးခဲ့တယ်။ ဖြေရှင်းချက် ပေးစမ်း"
"ငါတို့ရဲ့မင်းကြီးက မြွေနတ်ဆိုးနဲ့ ပူးပေါင်းထားတာလား"
"ဓားအင်မော်တယ်ကတော့ လိမ်ပြောမှာ မဟုတ်ဘူး"
"ငါမယုံနိုင်ဘူး။ မင်းကြီးက ဘာကြောင့် ဒီလိုလုပ်ရတာလဲ"
ယွမ်ရှောင်တစ်ယောက် မဖြေရှင်းနိုင်ခင်မှာပင် ပြည်သူများထံမှ ရေရွတ်သံများ ထွက်ပေါ်လာခဲ့သည်။
"ယွမ်ရှောင် ပြည်သူတွေက မင်းကို ဘုရင်အဖြစ် ခစားခဲ့တယ်။ ဒါတောင် မင်းက မြွေနတ်ဆိုးဆီမှာ သူတို့ကို အစာကျွေးခဲ့တယ်။ မင်းကြီး ကျုပ်က ဒီမင်းသားကို ကောင်းကောင်းမသွန်သင်နိုင်ခဲ့ဘူး။ ကျုပ်မှာလည်း အပြစ်ရှိပါတယ်"
ထိုအချိန်၌ နန်းတော်အတွင်းမှ ဝန်ကြီးတစ်ပါးဖြစ်သော ကျန်းစန်က ပြေးထွက်လာကာ ယွမ်ရှောင်ကို လက်ညှိုးငေါက်ငေါက်ထိုး၍ စွပ်စွဲပြောဆိုရင်း ဒူးထောက်အော်ဟစ်နေသည်။
"ငါ့ဂုဏ်သတင်းကို ကာကွယ်ဖို့ ဖြေရှင်းခွင့်ပေးပါ။ ငါက ဒီမြွေနတ်ဆိုးနဲ့ ဘာမှမဆိုင်ဘူး"
သူက အပြစ်ပုံချခံလိုက်ရသောကြောင့် ပြည်သူများ၏ စကားများကြောင့် ရင်နာသွားကာ အထင်မလွဲစေရန် ရှင်းပြလိုခဲ့သည်။
"ပါးစပ်ပိတ်ထားစမ်း။ ငါက ကောင်းကင်ကို ကိုယ်စားပြုပြီး မင်းရဲ့အပြစ်တွေကို စီရင်မယ်။ ဆင်ခြေတွေ မလိုချင်ဘူး"
"ကောင်းကင်ကို ကိုယ်စားပြုတယ် ဟုတ်လား။ မင်းက ပြည်သူတွေကို အရူးလုပ်လို့ရချင်ရမယ်။ ဘာအင်မော်တယ်လဲ၊ ဓားကျင့်ကြံသူလေးတစ်ယောက်ကများ၊ ဒီကိစ္စအကုန်လုံး မင်းရဲ့လက်ချက်မလား။ မင်းကို ငါ တစ်ခါမှမတွေ့ဖူးဘူး။ ဘာကြောင့် ငါ့ကို လုပ်ကြံရတာလဲ။ မင်းရဲ့ဂိုဏ်းသာ ဒီအကြောင်းသိသွားရင် သေချာပေါက် အပြစ်ပေးလိမ့်မယ်"
သာမန်ပြည်သူများအတွက် ကျင့်ကြံသူတစ်ယောက်က အင်မော်တယ်ပမာ ကိုးကွယ်စရာဖြစ်သော်လည်း ဗဟုသုတများသော ယွမ်ရှောင်ကို အလွယ်တကူ အရူးလုပ်ရန် မလွယ်ချေ။
"ယွမ်ရှောင် ပါးစပ်ပိတ်ထားစမ်း"
"မင်းရူးသွားပြီလား၊ အင်မော်တယ်ကို မစော်ကားနဲ့"
"သူ့ကြောင့် ငါတို့အားလုံး အပြစ်ပေးခံရတော့မယ်"
အကြောက်လွန်နေသော မျက်ကန်းယုံကြည်သူများ၏ စကားက သူ့ကို နာကျင်စေခဲ့သည်။
"မင်းတို့လိုပိုးကောင်တွေအတွက် ငါက အင်မော်တယ်ဖြစ်တယ်။ ငါ့နာမည် ရဲကုရင်ကို မှတ်ထားစမ်း။ ဒီနေ့ မင်းကို ငါ သတ်ပစ်မယ်"
ရဲကုရင်က လက်ချောင်းမှ ဓားအလင်းဖြင့် ယွမ်ရှောင်၏နဖူးကို ချိန်ရွယ်ကာ သတ်ဖြတ်ရန် စီစဥ်လိုက်သည်။
"ခဏနေပါဦး"
ထိုအချိန်၌ မင်သက်စရာကောင်းလောက်အောင် လှပသော မိန်းကလေးတစ်ယောက်က လူအုပ်အတွင်းမှ ထွက်လာကာ အရုဏ်တက်ချိန်ထဲက ပျောက်ကွယ်နေသော ကျန်းရယ် ဖြစ်နေသည်။
"ရယ်အာ ဘေးဖယ်"
ကျင့်ကြံသူတစ်ယောက်၏ ရှေ့မှောက်တွင် သာမန်မိန်းကလေးတစ်ယောက်က အစွမ်းမရှိသောကြောင့် သူက အတူတကွကြီးပြင်းလာရသော မိဖုရားလောင်းကို စိုးရိမ်စွာ တားမြစ်လိုက်သည်။ သို့သော် သူမက ရဲကုရင်၏အနားတွင် မတ်တပ်ရပ်လိုက်ပြီး သိကျွမ်းနေပုံရသောကြောင့် သူက ထိတ်လန့်သွားသည်။
"မင်းတို့..."
ယွမ်ရှောင်က မယုံနိုင်ဟန်ဖြင့် အဖြစ်မှန်ကို မှန်းဆနိုင်ခဲ့သည်။
"မှန်တယ်။ ဒီကိစ္စက ငါ့အကြံအစည်ပဲ"
သူမ၏စကားသံက ရေခဲပမာ အေးစက်နေ၏။
"မင်းက ငါ့ကို သတ်ချင်တာလား။ ဘာကြောင့်လဲ"
ကျန်းမျိုးနွယ်အပေါ် အမြဲတမ်းကောင်းမွန်ပေးခဲ့ပြီး ကျန်းရယ်ကို ပစားပေးခဲ့သဖြင့် ယွမ်ရှောင်မှာ ဒေါသထွက်လာခဲ့သည်။ သူမက လက်ကို မြှောက်လိုက်သောအခါ သုံးလက်မအရွယ် ငွေရောင်ဓားတစ်လက် ဖြစ်ပေါ်လာပြီး အေးစက်စက်အရှိန်အဝါကို ထုတ်ဖော်နေရင်း ပတ်ဝန်းကျင်ရှိ လူများကို ချမ်းတုန်သွားစေသည်။
"ဓားဝိညာဥ်"
"နင်က ဒီအကြောင်းသိတော့ မဆိုးပါဘူး။ ငါက ကြယ်အဆင့် ရေခဲလဓားဝိညာဥ်ကို နိုးထနိုင်ခဲ့တယ်"
ယွမ်ရှောင်သည် မွေးရာပါဓားဝိညာဥ်အကြောင်း သိထားပြီး ကျင့်ကြံသူများသည် ဒန်တန်အတွင်း မှော်ချီကို ကျင့်ကြံသော်လည်း ၎င်းကိုပါ ပိုင်ဆိုင်ကြ၏။ ဒန်တန်က ချီအရင်းအမြစ်ဆိုလျှင် ဓားဝိညာဥ်က ၎င်းကို ထုတ်ဖော်ရန် လက်နက်ပမာဖြစ်သည်။ ဤလောကတွင် ဓားဝိညာဥ်နိုးထလာခြင်းသည် အနာဂတ်လမ်းကြောင်းများစွာ ပိုင်ဆိုင်ခြင်းနှင့် တူညီပြီး ကျန်းရယ်၏အနာဂတ်က ကြီးမားစပြုလာသည်။
"အစ်ကိုရဲက ငါ့ကို အသူရာဓားဂိုဏ်းနဲ့ မိတ်ဆက်ပေးတော့မယ်။ ငါက အင်မော်တယ်တစ်ပါး ဖြစ်လာတော့မယ်။ နင်ကတော့ သေမျိုးတစ်ယောက်ဖြစ်လို့ နိမ့်ကျလွန်းတယ်။ ငါတို့က လက်ထပ်စရာမလိုဘူး။ အနာဂတ်မှာ နင့်လိုသာမန်လူတစ်ယောက်က ငါ့လိုအင်မော်တယ်ကို ကိုးကွယ်ပူဇော်ရလိမ့်မယ်"
သူမက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်ပြီး ရဲကုရင်ကို မျှော်လင့်တကြီးဖြင့် ကြာကြည့်ကြည့်နေသည်။
"မင်းက စိတ်လွတ်သွားတာလား။ မင်းဘာသာကျင့်ကြံချင်ရင်လည်း သွားလေ။ ဘာကြောင့် ပြည်သူတွေကို မင်းက သေစေချင်ရတာလဲ"
ယွမ်ရှောင်က အပြစ်မရှိသူများ သေဆုံးခဲ့သောကြောင့် ယမ်းပုံမီးကျ ဒေါသထွက်နေသည်။
"အစ်ကိုရဲပြောတာက တော်ဝင်မျိုးနွယ်ဝင်တစ်ယောက်ဆိုရင် ဂိုဏ်းထဲမှာ ကျော်ကြားတယ်တဲ့။ ဒီတော့ ငါ့အဖေက တိမ်တိုင်းပြည်ရဲ့ဘုရင် ဖြစ်လာရမှာပေါ့။ နင်က ငါ့လမ်းကို ပိတ်နေတဲ့အတွက် နင့်ဂုဏ်သတင်းကို ဖျက်ဆီးပြီး နန်းလုရတော့မှာပေါ့"
ကျန်းရယ်က ကျန်းစန်ကို လက်ညှိုးထိုးပြ၍ အောင်နိုင်သူဟန်ပန်ဖြင့် ကောက်ကျစ်စွာပြုံးနေခဲ့သည်။ ကျန်းစန်သာ ဘုရင်ဖြစ်လာလျှင် သူမက မင်းသမီးဖြစ်လာပြီး ဂိုဏ်းအတွင်း၌ ကျော်ကြားပေလိမ့်မည်။ ထို့ကြောင့် သူမက မိဖုရားအဖြစ်ထက် ယွမ်ရှောင်ကို လုပ်ကြံကာ ထီးနန်းရယူလိုခဲ့သည်။ ရဲကုရင်က ဤစကားဝိုင်းကို စွမ်းအင်ဖြင့် ပိတ်ဆို့ထားသောကြောင့် အခြားလူများကြား သွားမည်ကို စိုးရိမ်စရာ မလိုအပ်ချေ။
"နင့်လိုသေမျိုးတစ်ယောက်ရဲ့ ဘဝကို ဖျက်ဆီးရတာ လွယ်လွန်းတယ်။ ဒီနေ့ကစပြီး ဒီတိုင်းပြည်ဟာ အသူရာဓားဂိုဏ်းရဲ့ လက်အောက်ခံ ကျန်းတိုင်းပြည် ဖြစ်လာတော့မယ်။ နင်တို့ယွမ်မျိုးနွယ်ကတော့ အဆုံးသတ်ပြီမို့ ကံကြမ္မာကို လက်ခံပေတော့။ ငါက ဓားဝိညာဥ်ကို မနိုးထခင်မှာတောင် ငါ့အနာဂတ်က အဆုံးအစမဲ့တယ်လို့ ခံစားနေရတယ်။ အခုက ငါက အင်မော်တယ်တစ်ယောက် ဖြစ်လာတော့မယ်"
ကျန်းရယ်က ပို၍မောက်မာလာပြီး ဆက်ပြောလိုက်သည်။
"မင်းကလား အင်မော်တယ်ဖြစ်မှာ။ ကောက်ကျစ်ယုတ်မာပြီး အကြံပက်စက်တဲ့ မိန်းမတစ်ယောက်က ကိုယ့်ကိုကိုယ် အင်မော်တယ်လို့ ခေါ်ရဲတယ်ပေါ့ ဟား ဟား"
ယွမ်ရှောင်က မထီမဲ့မြင်ပြုကာ အော်ဟစ်လှောင်ရယ်လိုက်သည်။
"သေမျိုးကများ ငါတို့လို အင်မော်တယ်တွေကို ခြိမ်းခြောက်ရဲတယ်ပေါ့။ သေစမ်း"
"အစ်ကိုရဲ ဒီကောင့်ကို ချက်ချင်းသတ်လိုက်ပါ"
"မင်းတို့က အပြစ်မရှိတဲ့ ပြည်သူတွေကို အန္တရာယ်ပေးခဲ့တယ်။ ငါက ဒီဘဝမှာ ကျင့်ကြံသူတစ်ယောက် ဖြစ်မလာရင်တောင် ဒီစကားကို မှတ်ထားလိုက်။ တစ်နေ့မှာ မင်းတို့တွေ အသေဆိုးနဲ့သေကြရမယ်။ ငါ့ဘဝမှာ နောင်တရတာ တစ်ခုပဲ ရှိတယ်။ ငါ့ပြည်သူတွေကို မကာကွယ်နိုင်ခဲ့ဘူး"
"တိတ်စမ်း။ မင်းကများ အင်မော်တယ်အကြောင်း ပြောရဲတယ်။ သေမျိုးအမှိုက်ကများ"
"ပိုးကောင်တစ်ကောင်ကတောင် ကောင်းကင်ကို အုပ်စိုးနိုင်တယ်။ ငါ့လိုယောကျ်ားတစ်ယောက်က ဘာကြောင့် ဒီလမ်းစဥ်ကို မပြောရဲရမှာလဲ"
ယွမ်ရှောင်က သတ္တိရှိစွာ ပြောလိုက်သည်။
"အင်မော်တယ်တစ်ယောက်က လူတွေကို ကယ်တင်ဖို့၊ လောကကြီးနဲ့ တစ်သားတည်းဖြစ်ဖို့၊ နတ်ဆိုးတွေကိုရှင်းလင်းဖို့၊ လူသားမျိုးနွယ်ကို ကယ်တင်ဖို့၊ ကောင်းကင်ရဲ့လမ်းကြောင်းကို ကာကွယ်ဖို့ ဖြစ်တယ်"
မြွေနတ်ဆိုးများ၏ အလောင်းထက်တွင် ရပ်နေသော သူက ရဲတင်းစွာ တစ်လုံးချင်းပြောလိုက်သည်။ သူက ရဲကုရင်ကို မယှဥ်နိုင်သော်လည်း ဤအခိုက်တွင် သူ၏လက်ထဲရှိ ဓားက အရောင်လက်နေကာ ချိန်ရွယ်လိုက်သည်။ သူ၏ပတ်ဝန်းကျင်၌ ဓားရောင်များ တောက်ပလာ၍ လေများထန်လာသဖြင့် ပတ်ဝန်းကျင်ကို ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။
"အင်မော်တယ်ဆိုတာ မင်းကို တစ်ချက်တည်းနဲ့ သတ်နိုင်တာပဲ"
ရဲကုရင်က ကြောက်လန့်စပြုလာသောကြောင့် ဓားဝိညာဥ်ကို ပစ်ခတ်ကာ သူ၏ဦးခေါင်းကို ထိုးဖောက်သွားစေခဲ့သည်။ သူက လဲကျသေဆုံးသွားသည့်တိုင်အောင် မျက်လုံးအစုံမှာ ပိတ်မသွားဘဲ ရဲကုရင်နှင့် ကျန်းရယ်ကို စူးစူးစိုက်စိုက် ကြည့်နေဆဲပင်ဖြစ်၏။ ဤမျက်လုံးအစုံမှ မီးတောက်များက ကမ္ဘာတည်သရွေ့ လောင်ကျွမ်းနေပုံရသည်။ သူက သေဆုံးသွားသော်လည်း ထိုအကြည့်ကို ရင်မဆိုင်ဝံ့သော ရဲကုရင်နှင့် ကျန်းရယ်မှာ ချက်ချင်းထွက်ခွာသွားခဲ့သည်။ ထိုအချိန်မှစတင်၍ တိမ်တိုင်းပြည်ကို ကျန်းစန်က မင်းမူအုပ်ချုပ်ခဲ့ပြီး ယွမ်ရှောင်၏ အမည်မှာ သမိုင်းကြောင်းအတွင်း မြုပ်နှံခံလိုက်ရသည်။
"အင်မော်တယ်ဆိုတာက ဘာလဲ။ ကျင့်ကြံသူတွေကရော ဒီလိုမျိုးလား"
ယွမ်ရှောင်သည် သေလုမျောပါးဖြစ်နေစဥ် စိတ်ထဲ၌ ဤမေးခွန်းများ ထပ်ကာထပ်ကာ ထွက်ပေါ်လာသည်။ သေဆုံးလျှင် မျောနေတတ်ပြီး သူ၏ဝိညာဥ်က အတိတ်ကို ပြန်လည်အမှတ်နေရခဲ့၏။ သူက အသက်ခြောက်နှစ်တွင် သိုင်းပညာကိုကျင့်ကြံခဲ့ပြီး ရှစ်နှစ်တွင် သွေးကြောများဖွင့်လှစ်နိုင်ခဲ့၍ ဆယ်နှစ်အရွယ်၌ တိမ်နိုင်ငံ၏ပါရမီရှင်ဟု ကျော်ကြားခဲ့ပြီး ဆယ့်ငါးနှစ်တွင် သိုင်းပညာပြိုင်ဘက်ကင်းခဲ့သည်။ သို့ရာတွင် သူ၏လောကသည် အကန့်အသတ်ရှိပြီး ကျင့်ကြံသူတစ်ယောက်နှင့် တိုက်ခိုက်နိုင်ခြင်းပင် မရှိသဖြင့် ကြိုးစားမှုနှင့် ပါရမီက အရေးမပါခဲ့ပေ။
"နောက်တစ်ကြိမ် အခွင့်အရေးရှိရင် အစွမ်းကုန်ကြိုးစားပြီး ကျင့်ကြံသူ ဖြစ်လာစေရမယ်"
သူ၏ ခိုင်မာသော စိတ်ဓာတ်ဖြင့် သေခြင်းတရားကို လက်ခံလိုက်သော်လည်း ဝိညာဥ်က ဆွဲအားတစ်ခုကြောင့် စကြဝဠာအတွင်း မြင့်တက်သွားခဲ့သည်။ သူ၏မြင်ကွင်းအတွင်း ရှိသမျ အရာအားလုံး ကျုံ့ဝင်သွားကာ ဆယ့်ခြောက်နှစ်လုံးလုံး ကျင်လည်ခဲ့သော ကမ္ဘာကြီးသည် သင်္ချိုင်းတစ်ခုအထက်တွင်် ရှိနေကြောင်း အံ့အားသင့်ဖွယ် မြင်လိုက်ရ၏။ မြူခိုးများလွှမ်းခြုံနေသော မှတ်တိုင်ကြီးတစ်ခုက ကောင်းကင်နှင့် မြေကြီးအကြား ထောက်တိုင်ပမာ ရှိနေသည်။ ၎င်း၏အောက်တွင် ကြီးမားလှသော ကြေးအခေါင်းတလားတစ်ခုရှိကာ စကြဝဠာအတွင်း မျောလွင့်နေ၍ ပင်လယ်ပမာ ကျယ်ဝန်းသော အစိမ်းရောင် အရှိန်အဝါများ ဖြန့်ကျက်နေခဲ့သည်။
"ငါက သေကာနီးမို့ ကယောင်ကတန်း မြင်နေရတာလား"
ယွမ်ရှောင်က စိတ်ရှုပ်ထွေးနေစဥ် ကြောက်မက်ဖွယ် စွမ်းအားတစ်ရပ်က သူ့ကို အခေါင်းထံ ဆွဲယူလိုက်သည်။
"ဒီခေါင်းတလားက ကောင်းကင်နဲ့ မြေကြီးကို ခွဲခြားထားပြီး မရေမတွက်နိုင်တဲ့ ဝိညာဥ်တွေကို ခေတ်ပေါင်းများစွာ သန့်စင်တယ်။ အမြင့်ဆုံးအဆင့်တွေကို ဝါးမျိုပြီး လောကပေါင်းများစွာ ဖန်တီးဖို့ ဖန်ဆင်းရှင် အင်မော်တယ်လမ်းကို လျှောက်လှမ်းရလိမ့်မယ်"
ကြီးကျယ်ခမ်းနားသော စကားသံတစ်ခုက နားကွဲမတတ် ကျယ်လောင်စွာဖြင့် သူ၏နားအတွင်း ပဲ့တင်ထပ်သွားလေသည်။