← Chapters

အသူရာဓားဂိုဏ်းသို့

Vol. 1 Ch. 3

အသူရာဓားဂိုဏ်းသို့

Vol. 1 Ch. 3

"ပြေး"

ကျန်းစန်က အစောင့်များကိုပင် မစောင့်နိုင်ဘဲ အလန့်တကြား ထွက်ပြေးသွားပြီး အော်သံကိုယ်စီဖြင့် ကျန်းမျိုးနွယ်ဝင်များမှာ ယုန်သူငယ်ပမာ ကြောက်လန့်နေကြ၏။ သူတို့က သာမန်ပြည်သူများ၏အသက်ကို စတေးခဲ့ရာ၌ ပျော်ရွှင်ကျေနပ်နေသော်လည်း ကိုယ်တိုင်သေရမည်ဆိုသောအခါ ရင်မဆိုင်ဝံ့ပေ။ သို့သော် မည်မျှထွက်ပြေးပါစေ ၊ယွမ်ရှောင်၏ ဓားတစ်ချက်ချင်းစီက သူတို့ကို တစ်ယောက်ချင်းသတ်ဖြတ်နေသည်။ ကျန်းစန်သည် သူ၏အိပ်မက်ဖြစ်သော ကျန်းတိုင်းပြည်ကြီးကို မအုပ်စိုးနိုင်ခင် ကျန်းမျိုးနွယ်ဝင်များမှာ သွေးအလူးလူးနှင့် လဲကျသေဆုံးနေ၏။

"ဒီကောင့်ကို တားထားစမ်း။ ရယ်အာကို သွားရှာမယ်"

သူက တွေဝေခြင်းလုံးဝမရှိဘဲ မိန်းမဖြစ်သူကို ယွမ်ရှောင်ထံ ပစ်ထုတ်လိုက်သော်လည်း နှစ်လှမ်းပင် ထွက်မပြေးနိုင်ခင် ခေါင်းပြတ်တစ်ခု လိမ့်လာသောကြောင့် ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။ အသက်ချမ်းသာပေးရန် သူက ဒူးထောက်တောင်းပန်လိုက်သော်လည်း အဖြေပေးလာသည်မှာ လည်ပင်းသို့ ထောက်ထားသော ဓားတစ်လက်ဖြစ်ကာ ဓားဖျား၌ ကလေးတစ်ယောက်ပမာ ယက်ကန်ယက်ကန် ဖြစ်နေသည်။

"ကျန်းစန် ကျန်းရယ်မှာ ဓားဝိညာဥ်ရှိတယ်ဆိုရင် ဒါကရော ဘာလဲ"

"ဓားဝိညာဥ်။ မင်း...မင်းကလည်း ဓားအင်မော်တယ်တစ်ယောက်လား။ ဘာကြောင့် ငါတို့ကို သတ်ရတာလဲ။ ငါတို့က ဘာအပြစ်လုပ်မိလို့လဲ"

ယွမ်ရှောင်၏ ညာလက်မှ ကောင်းကင်သင်္ချိုင်းကို မြင်သောအခါ သူက တုန်ရီသွား၍ မျက်လုံးများ ပြူးကျယ်လာ၏။

"မင်းက ငါ့ကို ဒီလောက်လွယ်လွယ်မေ့သွားတာလား။ အခု မင်းထိုင်နေတာ ငါ့နေရာမှာလေ"

"ယွမ်ရှောင်"

အိပ်မက်ဆိုးတစ်ခုက အမှန်တကယ် အသက်ဝင်လာသောကြောင့် သူ၏မျက်နှာက သွေးဆုတ်သွားကာ ထစ်ထစ်အအ ဖြစ်နေခဲ့သည်။

"ငါ့ဓားဝိညာဥ်ရဲ့ အစွမ်းကို မင်းအပေါ်မှာ သုံးရမယ်"

စကားအဆုံးတွင် အပြာရောင်တောက်ပနေသော ဓားတစ်လက်က သူ၏လည်ချောင်းအတွင်း ရွှစ်ခနဲဝင်ရောက်လာကာ အသားများကို ခွဲထွက်သွားသောကြောင့် ဒဏ်ရာတစ်ခု ရုပ်ပျက်ဆင်းပျက် ဖြစ်တည်လာ၏။

"စိတ်ဝင်စားစရာပဲ။ ဒီကောင်က အသက်အားတွေကို စုပ်ယူနိုင်တယ်။ သစ်ပင်ဖြစ်ဖြစ် သားရဲဖြစ်ဖြစ် လူဖြစ်ဖြစ်"

ဓားဝိညာဥ်က အသက်အားများကို ခြောက်ကပ်အောင် စုပ်ယူလိုက်သောကြောင့် ကောင်းကင်ထောက်တိုင်၏ ပုံပြင်များသည် ယွမ်ရှောင်၏ စိတ်အတွင်း ထွက်ပေါ်လာသည်။

"မင်းပြန်လည်မွေးဖွားလာရင်တောင် ငါ့သမီးက မင်းကို သတ်ပစ်နိုင်တယ်"

ကျန်းစန်က နောက်ဆုံးစကားလုံးကို အားတင်းပြောဆိုကာ မရဏဘုံသို့ ရောက်ရှိသွားသဖြင့် ကျန်းမျိုးနွယ် အဆုံးသတ်ခံလိုက်ရပြီဖြစ်သည်။

"ငါက မင်းတို့ကိုသတ်ပြီးရင် အသူရာဓားဂိုဏ်းကို သွားပြီး ကျန်းရယ်နဲ့ ရဲကုရင်ကို လက်စားချေမယ်"

ဓားဝိညာဥ်က တစ်ဖက်လူ၏ လည်ချောင်းကို ထိုးဖောက်သွားပြီးနောက် ယွမ်ရှောင်သည် တော်ဝင်မြို့တော်ကို တစ်ချက်ဝေ့ကြည့်လိုက်၏။ သူက ကျန်းမျိုးနွယ်ကို ရှင်းပစ်လိုက်သော်လည်း တိမ်တိုင်းပြည်ကို ဆက်လက်အုပ်စိုးရန် အတွေးမရှိပေ။ အသူရာဓားဂိုဏ်း၏ လက်အောက်ခံ တိုင်းပြည်တစ်ခု ဖြစ်သောကြောင့် အန္တရာယ်များစွာ ကျရောက်မည် မဟုတ်ပေ။

"ငါက ဒီနေရာကို ရန်သူနှစ်ယောက်ရဲ့ ခေါင်းတွေနဲ့ ပြန်ရောက်လာရင် မြွေနတ်ဆိုးနဲ့ ပူးပေါင်းတာ ငါမဟုတ်ဘူးဆိုတာ ပြည်သူတွေ သိစေရမယ်။ ငါ့လမ်းကြောင်းမှာ ရန်သူမှန်သမျှကို ရှင်းလင်းသွားမယ်ဆိုပေမယ့် အပြစ်မဲ့သူတွေ မထိခိုက်စေရဘူး"

ဤသို့ဖြင့် ယွမ်ရှောင်သည် တော်ဝင်မြို့ရိုးအပြင်ဘက်သို့ ခုန်ထွက်သွားကာ မြောက်စူးစူးသို့ ခရီးနှင်ခဲ့ပြီးနောက် သုံးလအကြာတွင် အသူရာဓားဂိုဏ်း၏ ဝင်ပေါက်သို့ ရောက်ရှိခဲ့သည်။

"ဒါက ကျင့်ကြံရေးဂိုဏ်းတစ်ခု ဆိုတာပေါ့။ သေမျိုးတွေအထက်မှာ ရှိနေတဲ့ အင်မော်တယ်ဘုံ"

"အသူရာဓားဂိုဏ်းကို ဝင်ရောက်ချင်တယ်ဆိုရင် ကောင်းကင်လမ်းကို ကျော်ဖြတ်ရမယ်"

အော်သံတစ်ခုက သူ၏နားအတွင်း ဝင်ရောက်လာပြီး လမ်းတလျှောက် စုံစမ်းလာသော သတင်းများအရ စမ်းသပ်ချက်တစ်ခုဖြစ်ကြောင်း သိထားခဲ့၏။ အစွမ်းထက်သော ပါရမီရှင်များက ၎င်းကို ကျော်ဖြတ်နိုင်လျှင် ဂိုဏ်းဝင်ခွင့်ရမည် ဖြစ်သောကြောင့် လူငယ်များစွာ စုဝေးနေကြရာ ကျန်းရယ်လည်း ပါဝင်နေသည်။

"ဒီကောင်မကလည်း ကောင်းကင်လမ်းမှာ စမ်းသပ်ခံရမှာလား။ လူတိုင်းက မင်းရဲ့ကြယ်အဆင့် ဓားဝိညာဥ်ကို ကြောက်မယ် ထင်နေလို့လား"

ယွမ်ရှောင်က အေးစက်စက်ရေရွတ်လိုက်ပြီး ပြန်လည်မွေးဖွားလာသောအခါ ရုပ်သွင်ပြောင်းလဲသွားသောကြောင့် ကိုယ်တိုင်ထုတ်မပြောလျှင် မည်သူမှမသိနိုင်ချေ။ သူမ၏အနားတွင် ကြောက်စရာအိပ်မက်ဆိုးတစ်ခု ရောက်ရှိနေသည်ကို စဥ်းပင်စဥ်းစားမိမည် မဟုတ်ပေ။

"နားထောင်ကြစမ်း။ ဒီစမ်းသပ်ချက်က ရိုးရှင်းပြီး တရားမျှတတယ်။ လမ်းကြောင်းကို ပထမဆုံး ကျော်ဖြတ်နိုင်တဲ့ ဆယ်ယောက်က ဂိုဏ်းဝင်ခွင့်ရပြီး ကျန်တဲ့သူတွေကို ထုတ်ပယ်မယ်။ ဒီစမ်းသပ်ချက်မှာ အခွင့်အရေးကြီးတစ်ရပ်လည်း ရှိနေတယ်"

ကျန်းရယ်၏အရှေ့တွင် အနီရောင်ဝတ် မိန်းမတစ်ယောက်ရှိနေပြီး လှပသော မျက်နှာကြောင့် ကျက်သရေရှိပုံရသော်လည်း စကားသံမှာ အလွန်တရာ အေးစက်နေခဲ့၏။

"ဘာကြောင့်လဲ အကြီးအကဲရောင်"

ရွှေရောင်ဝတ်ရုံနှင့် အဖိုးတန်ကျောက်မျက်များ ဝတ်ဆင်ထားသောကြောင့် တော်ဝင်မျိုးနွယ်တစ်ယောက် ဖြစ်ပုံရသည့် လူငယ်တစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။

"ထိပ်ဆုံးသုံးယောက်ကို ကောင်းကောင်းဆုချမှာ ဖြစ်တယ်။ အဆင့်သုံးကို နှစ်တစ်ရာနတ်ဆိုးအရိုး၊ အဆင့်နှစ်ကို နှစ်၂၀၀နတ်ဆိုးအရိုးနဲ့ အဆင့်တစ်ကိုတော့ နှစ်ငါးရာနတ်ဆိုးအရိုး ပေးအပ်လိမ့်မယ်"

သူမက ထိုလူငယ်ကို ကြင်နာစွာပြုံးပြပြီး တစ်လုံးချင်းပြောလိုက်သောအခါ လူအုပ်ကို လှုပ်ရှားသွားစေခဲ့သည်။ ယခင်စမ်းသပ်ပွဲများတွင် ပထမဆုကို နှစ်တစ်ရာနတ်ဆိုးအရိုးသာ ပေးအပ်ခဲ့ကြောင်း တီးတိုးစကားသံများ ပျံ့လွင့်လာခဲ့၏။ နှစ်ငါးရာအရိုးသည် နှစ်တစ်ရာသက်တမ်းထက် ဆယ်ဆကျော် ပို၍အဖိုးတန်သဖြင့် အကြောင်းအရင်းကို အဖြေရှာနေကြသည်။ နတ်ဆိုးများက ချီကိုစုပ်ယူ၍ အရိုးများသွန်းလုပ်ရန် အသုံးချတတ်သောကြောင့် အဖိုးတန်ရတနာတစ်ခုဖြစ်ရာ ဓားဝိညာဥ်နှင့်ပေါင်းစပ်လိုက်လျှင် ဓားအော်ရာကို ထုတ်ဖော်နိုင်ပေလိမ့်မည်။ ဓားဝိညာဥ်က မွေးရာပါဖြစ်သောကြောင့် အဆင့်ကိုပြောင်းလဲရန် မဖြစ်နိုင်သော်လည်း နတ်ဆိုးအရိုးကို အသုံးချ၍ ဓားအော်ရာကို ဖန်တီးနိုင်ပေသည်။

(မှတ်ချက်။ ။ အော်ရာ= အရှိန်အဝါ၊ ကျင့်ကြံသူများ၏ အရှိန်အဝါနှင့် ရောထွေးမည် စိုးသောကြောင့် ဓားအော်ရာဟူ၍ အသုံးပြုပါမည်)

"အဆင့်နိမ့် ဓားဝိညာဥ်တစ်ခုတောင် ဓားအော်ရာလုံလောက်ရင် အဆင့်မြင့်ဓားဝိညာဥ်တစ်ခုကို ရင်ဆိုင်နိုင်တယ်။ ဒီအသူရာဓားဂိုဏ်းမှာ ငါ့အတွက် လေ့လာစရာတွေ ရှိနေလိမ့်မယ်"

ယွမ်ရှောင်သည် ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်၏ အ​ဆင့်နှင့် စွမ်းအားကို အဖြေရှာရန်စီစဥ်ထားပြီး အသူရာဓားဂိုဏ်းသို့ ဝင်ရောက်လိုသော အကြောင်းအရင်း ဖြစ်သည်။

"တိတ်ကြစမ်း။ အချိန်တိုအတွင်း ကောင်းကင်လမ်းကို ဖွင့်ပေးမယ်"

ရောင်ချင်းချန်၏ ငေါက်ငမ်းသံကြောင့် လူငယ်များက တိတ်ဆိတ်သွားသော်လည်း စိတ်များတင်းမာနေကြ၏။ ကောင်းကင်လမ်း၏ အဆုံးတွင် ဆုလာဘ်ကြီးတစ်ခု စောင့်ကြိုနေရာ အနာဂတ်သည် သူတို့၏လက်တစ်ကမ်းအကွာ၌ ရှိပြီး အောင်မြင်မှုနှင့် ကျရှုံးမှုကို ကိုယ်တိုင်ဆုံးဖြတ်ရပေလိမ့်မည်။ ထို့နောက် သူမက ကျန်းရယ်နှင့် မေးခွန်းမေးလိုက်သော လူငယ်ကို ခေါ်ဆောင်ကာ မေပယ်တောအုပ်တစ်ခုအတွင်း ဝင်ရောက်သွားခဲ့သည်။ ကျန်းရယ်သည် အဖြူရောင်ဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားကာ လှပနေပြီး ဤသုံးလအတွင်း သူမ၏အရည်အချင်းများ တိုးတက်လာသောကြောင့် ကောင်းကင်လမ်းအတွက်ကြို တင်ပြင်ဆင်ထားပုံရသည်။ သူတို့က လူငယ်တစ်ယောက် မတ်တပ်ရပ်နေသော မေပယ်သစ်ပင်တစ်ပင်ရှေ့တွင် ရပ်လိုက်ကြပြီး ရဲကုရင် ဖြစ်နေသည်။

"ဓားဘုရင်"

ရောင်ချန်းချန်၏ အေးစက်စက်အမူအရာ ပျောက်ကွယ်သွားကာ ဖားယားသောအပြုံးမျိုး ဖြစ်တည်နေသည်။

"နတ်ဆိုးအရိုးအတွက် စီစဥ်ပေးလို့ ကျေးဇူးတင်ပါတယ်"

ရဲကုရင်က ပြောလိုက်၏။

"ဓားဘုရင်အတွက် ဆောင်ရွက်ပေးရတာ ဂုဏ်ယူမိပါတယ်။ စကားမစပ် ဘာကြောင့် ရဲကွာကို နတ်ဆိုးအရိုးမပေးဘဲ ဒီမိန်းကလေးကို ပေးချင်ရတာလဲ"

"သူမက ပထမဆုရဖို့ ထိုက်တန်တယ်"

ရဲကုရင်၏စကားကြောင့် ရောင်ချင်းချန်က မယုံနိုင်ဖြစ်နေခဲ့သည်။ ရဲကွာသည် ရဲကုရင်၏ညီအရင်းဖြစ်ပြီး ကြယ်တံခွန်အဆင့် ဓားဝိညာဥ်ကို ပိုင်ဆိုင်ကာ အသက်ဆယ်နှစ်အရွယ်၌ သိုင်းကျင့်ကြံခြင်းမှ ကျော်ဖြတ်နိုင်ခဲ့သည်။ ရဲကွာကဲ့သို့ ပါရမီရှင်တစ်ယောက်အစား ကျန်းရယ်အတွက် နတ်ဆိုးအရိုး ပြင်ဆင်ပေးထားသည့် ရဲကုရင်၏ သဘောထားကို သူမက နားမလည်ပေ။

"သူမရဲ့နာမည်က ကျန်းရယ်ဖြစ်ပြီး ကြယ်အဆင့် ဓားဝိညာဥ်ကို ပိုင်ဆိုင်တယ်"

ရဲကုရင်က ကျန်းရယ်နှင့် မျက်လုံးချင်းဆုံ၍ မိတ်ဆက်ပေးလိုက်သောအခါ သူမက ရှက်သွေးဖြာနေခဲ့၏။ သာမန်သေမျိုးများအကြားတွင် ဓားဝိညာဥ်ပိုင်ဆိုင်သူမှာ အလွန်ရှားပါးပြီး ပိုင်ဆိုင်ထားလျှင်လည်း အဆင့်သတ်မှတ်ရန် မလုံလောက်ပေ။ ကြယ်တံခွန်အဆင့် ဓားဝိညာဥ်ပိုင်ရှင် ရဲကွာကိုပင် ပါရမီရှင်ဟု သတ်မှတ်ထားသောအခါ ပို၍အဆင့်မြင့်သော ကြယ်အဆင့်ဆိုလျှင် ကောင်းချီးခံဟု ဆိုနိုင်သောကြောင့် ရောင်ချန်းချန်ကို အံ့သြသွားစေခဲ့သည်။

"မိန်းကလေးကျန်းရဲ့ အနာဂတ်က ဖြောင့်ဖြူးနေပါပြီ"

သူမသည် မူလက ကျန်းရယ်ကို အလေးမထားခဲ့သော်လည်း လက်ရှိတွင် သဘောထားပြောင်းလဲသွားခဲ့သည်။

"လမ်းညွှန်ပြသပေးဖို့ အကြီးအကဲရောင်ကို တောင်းဆိုချင်ပါတယ်"

ကျန်းရယ်က ပြန်ပြောလိုက်ပြီး သူမမျှော်လင့်ထားသော အင်မော်တယ်လမ်းစဥ်ကို ခြေချနိုင်ခဲ့ပြီဖြစ်သည်။ ဤသုံးလအတွင်း ရဲကုရင်၏ လေ့ကျင့်ပေးမှုဖြင့် သူမက စမ်းသပ်ချက်တွင် လောကကြီးအား တုန်လှုပ်စေနိုင်ပေလိမ့်မည်။

"ပထမနေရာကိုရဖို့ အစွမ်းကုန်ကြိုးစားပါမယ် ဂိုဏ်းတူအစ်ကိုရဲ"

သူမက ကတိပြုလိုက်ပြီး ကြယ်အဆင့် ဓားဝိညာဥ်ကြောင့် ပို၍မောက်မာလာခဲ့သည်။

"မင်းအတွက် ငါ့အစ်ကိုကနှ စ်ငါးရာနတ်ဆိုးအရိုးကိုတောင် ပေးထားတယ်ဆိုတော့ တော်တော်ကို ကြိုက်နေတာပဲ"

"ပါးစပ်ပိတ်ထားစမ်း"

ရဲကွာက မကျေမနပ်ရေရွတ်လိုက်သော်လည်း ရဲကုရန်၏ ထက်ရှသောအကြည့်ကြောင့် ချက်ချင်းနှုတ်ဆိတ်သွားသည်။ နတ်ဆိုးအရိုးသည် ကျန်းရယ်အတွက် ရဲကုရင်၏ လက်ဆောင်ဖြစ်ပြီး ရိုးရိုးရှင်းရှင်းမပေးခဲ့ဘဲ ကောင်းကင်လမ်း၌ ဆုလာ်အဖြစ် ဂိုဏ်းမှတဆင့် စီစဥ်ထားသည်။ အကယ်၍ သူမသာ ပထမနေရာကို ရယူနိုင်လျှင် တစ်ချက်ခုတ်နှစ်ချက်ပြတ်ဖြစ်ကာ တော်ဝင်မျိုးဆက်ဟူသော အဆင့်အတန်းကြောင့် အနာဂတ်၌ ပစားပေးခံရပေလိမ့်မည်။

"သူမကို ပထမနေရာပေးလိုက်ရင် ကျုပ်က အဆင့်နှစ်ကို အရယူမယ်၊ အကြီးအကဲရောင် ကူညီစရာ မလိုဘူး"

ရဲကွာက သူ၏အရည်အချင်းကို သက်သေပြချင်နေခဲ့သည်။

"မင်းကိုယ်မင်း သိပ်အထင်ကြီးမနေနဲ့။ နဂါးနွေဦးအဆင့်ကိုရောက်နေတာ ၁၈ယောက်ရှိတယ်။ မင်းကြောင့် ငါအရှက်ရရင် ဂိုဏ်းထဲက မောင်းထုတ်ပစ်မယ်"

ရဲကုရင်က သတိပေးလိုက်သည်။ နဂါးနွေဦးအဆင့်သည် အင်မော်တယ်ကျင့်ကြံခြင်း၏ ပထမဆုံးခြေလှမ်းဖြစ်ကာ သူ၏လမ်းညွှန်မှုဖြင့် ရဲကွာက အသက်ဆယ့်သုံးနှစ်တွင် အောင်မြင်ခဲ့သည်။ သို့သော် ကျန်းရယ်ကမူ အရင်းအမြစ်များ ထောက်ပံ့ခံခဲ့ရသောအခါ သုံးလအတွင်း အောင်မြင်ခဲ့သည်။

"ဓားဘုရင်က ဓားပင်လယ်ကို စိန်ခေါ်ဖို့ စီစဥ်ထားတာလား"

"မှန်တယ်"

ရောင်ချန်းချန်၏ အမေးကို ရဲကုရင်က ခေါင်းညိတ်ပြလိုက်သည်။

"မင်းသာ အောင်မြင်ရင် အသူရာဓားဂိုဏ်းရဲ့ ဓားသမားတွေအားလုံး လေးစားအားကျနေကြလိမ့်မယ်"

သူမ၏မျက်လုံးများတွင် လေးစားသော အရိပ်အယောင် ထင်ဟပ်နေသည်။ ဂိုဏ်း၏တပည့်များအကြားတွင် ရဲကုရင်က ဓားဘုရင်ဟု ကျော်ကြားပြီး ဓားပင်လယ်ကို စိန်ခေါ်ရန် အရည်အချင်းရှိသောကြောင့် မလေးမစားလုပ်၍ မဖြစ်ချေ။

"စမ်းသပ်ချက်အတွက် ပြင်ဆင်ထားကြ"

ထို့နောက် စမ်းသပ်မှုစတင်ရန် အချိန်နီးကပ်လာသောကြောင့် သူမသည် ကျန်းရယ်နှင့် ရဲကွာကို ခေါ်ဆောင်ကာ မေပယ်တောအုပ်အတွင်းမှ ပြန်လည်ထွက်ခွာလာခဲ့၏။ လူငယ်ပေါင်းတစ်ရာကျော်က စမ်းသပ်ချက်အတွက် စုဝေးနေကြပြီး ရဲကွာ၏ဂုဏ်သတင်းကို ကြားဖူးနားဝရှိထားသဖြင့် မစော်ကားရဲကြပေ။ ကျန်းရယ်အတွက်မူ ဤသိုင်းသမားများအပေါ် အာရုံမထားသော်လည်း အနားရှိ လူငယ်တစ်ယောက်က ဆွဲဆောင်သွားခဲ့သည်။

"ဒီလောကကြီးမှာ ဒီလောက်ချောတဲ့ ယောကျ်ား ရှိသေးတာလား"

သူမ၏အမြင်၌ ဤလူငယ်သည် တည်ကြည်ခန့်ညားသည့်အပြင် လူအုပ်အကြား ရောက်နေသော်လည်း ရှေးပုံပြင်များအတွင်းမှ နတ်ဘုရားပမာ ထင်ရှားပေါ်လွင်နေသည်။

"မင်းရဲ့နာမည်ကို ပြောပြပါလား"

သူမက မသိစိတ်၏ ခိုင်းစေချက်အရ ချဥ်းကပ်သွားကာ အထက်ပါအတိုင်း မေးလိုက်လေသည်။

All Chapters