← Chapters

ဖန်ဆင်းရှင်မိုးစက်များ

Vol. 1 Ch. 4

ဖန်ဆင်းရှင်မိုးစက်များ

Vol. 1 Ch. 4

"ငါ့နာမည်က ယွမ်ရှောင်"

"ဘယ်လိုစာလုံးပေါင်းတာလဲ။ ချမ်းသာသုခဆိုတဲ့ ရှောင်လား"

လူငယ်က မျက်လုံးချင်းဆုံ၍ ဖြေလိုက်သောအခါ ကျန်းရယ်က ထိုနာမည်ကြောင့် ပိုးကောင်စားမိသကဲ့သို့ ရှုံ့မဲ့သွားသည်။

"ဒါပေါ့"

ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်ပြီး နာမည်အရင်းကို အသုံးပြုခဲ့သော်လည်း အင်မော်တယ်အလောင်း၏ ရုပ်ခန္ဓာဖြင့် အသက်ပြန်ဝင်လာသောကြောင့် စိုးရိမ်စရာ မရှိပေ။

"ဒီကောင့်ကို ကြိုက်လို့လား"

သူမက ရဲကွာအနားသို့ ပြန်ရောက်သွားသောအခါ ဤသို့မေးခံလိုက်ရ၏။

"ဟာသ မလုပ်နဲ့"

"ဒီကောင်က ငါ့အစ်ကိုရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် မချောပါဘူး"

"ငါက သူ့အကြောင်း မေးမိတာနဲ့ ကြိုက်နေတယ်လို့ မပြောနဲ့။ အစ်ကိုရဲနဲ့ ဘယ်လိုမှ မယှဥ်နိုင်ဘူး"

"ဟေ့ ငါက ဟာသလုပ်နေတာပါ"

ကျန်းရယ်၏ အေးစက်သော သဘောထား​ကြောင့် ရဲကွာက လျှောချသွားသော်လည်း ယွမ်ရှောင်က အမှန်တကယ် ချောမောကြောင်း စိတ်ထဲမှ လက်ခံလိုက်ရသည်။ မိန်းကလေးတိုင်းနီးပါးက ထိုလူငယ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည် မဟုတ်ပါလော။ ဤကမ္ဘာတွင် ရုပ်ရည်က အရေးမပါသော်လည်း သူက ချွင်းချက်ဖြစ်နေပြီး လိင်တူလိင်ကွဲ မနာလိုခြင်း ခံရလောက်ပေသည်။

"ဒီကောင်က ငါ့လက်သီးတစ်ချက်ကိုတောင် ခံနိုင်မှာ မဟုတ်ပါဘူး။ ရွှေကြယ် ဓားဝိညာဥ်ရဲ့ အစွမ်းကို ပြပေးရမယ်"

ရဲကွာက မနာလိုစွာဖြင့် ခပ်တိုးတိုး ရေရွတ်လိုက်စဥ် ရောင်ချင်းချန်က စမ်းသပ်မှုကို စတင်လိုက်သောကြောင့် လူငယ်များသည် ကောင်းကင်လမ်းထံ တရကြမ်း ပြေးထွက်သွားကြ၏။

"ကျန်းရယ် မင်းရဲ့မျိုးနွယ်ကတော့ ငရဲမှာ စောင့်နေပြီ"

ယွမ်ရှောင်သည် အနက်ရောင်မြူခိုး လွှမ်းခြုံနေသော သစ်တောကြီးကို တစ်ချက်စိုက်ကြည့်ကာ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ပစ်မှတ်နောက်သို့ လိုက်ပါသွားသည်။

"ဘာလဲဟ"

သူက မြူခိုးများအတွင်း ရောက်သွားသောအခါ ရင်ဘတ်မှ ထူးဆန်းသော အရာတစ်ခု လှုပ်နေကြောင်း ခံစားမိသဖြင့် ကြေးအခေါင်းကို သိမ်းဆည်းထားသည်အား သတိရလိုက်၏။

"ဖန်ဆင်းရှင်ကြီး ငါ ဗိုက်ဆာတယ်၊ နို့တိုက်ဦး"

သူက အဖြေမရှာနိုင်ခင်မှာပင် ရင်ဘတ်အတွင်းမှ ခပ်အက်အက် စကားသံတစ်ခု ထွက်လာသောကြောင့် ဝတ်ရုံအတွင်း လက်နှိုက်လိုက်သည်။ သူက နူးညံ့သောအရာတစ်ခုကို ဆွဲထုတ်လိုက်သောအခါ ခွေးလိုလိုကြောင်လိုလို သတ္တဝါတစ်ကောင်ကို မြင်လိုက်ရပြီး ဦးခေါင်း၌ ဂျိုနှစ်ချောင်း ပိုင်ဆိုင်ထားကာ အပြာရောင်မျက်လုံးနှင့် အနက်ရောင်သားမွေးများ ရှိနေသည်။

"ဘာကြီးလဲဟ"

"မင်းအဖေလေ"

သူက တအံတသြ ရေရွတ်လိုက်သော်လည်း ၎င်းက မောက်မာစွာ တုံ့ပြန်လာခဲ့သဖြင့် ချစ်စရာပုံသဏ္ဍာန်နှင့် ကွဲလွဲနေသည်။ သူ၏ရင်ဘတ်အတွင်း သိမ်းဆည်းထားသော အခေါင်းက ပျောက်ဆုံးနေသဖြင့် ၎င်းမှာ ထိုအရာပင် ဖြစ်နိုင်သည်။

"မင်းက အခေါင်းကြီးလား"

"မင်းနှမကို အခေါင်း၊ နေဦး လနီ ထွက်လာစမ်း"

၎င်းက စိတ်ပျက်စွာ ရေရွတ်၍ အော်ဟစ်လိုက်သောအခါ ကြောက်မက်ဖွယ်အရာတစ်ခု ဖြစ်ပေါ်လာ၏။ ၎င်း၏ရင်ဘတ်က ထက်ရှသော သွားချွန်ချွန်များ ပြည့်နှက်နေသည့် ပါးစပ်တစ်ခုအဖြစ် ကွဲထွက်သွားကာ အော်သံတစ်ခု ထွက်ပေါ်လာသည်။

"ငါ ဘယ်သူလဲ မမေးနဲ့၊ မင်းပထွေးလို့ မှတ်ထား"

"လခွမ်း"

ယွမ်ရှောင်သည် သားရဲတစ်ကောင်၌ မျက်နှာနှစ်ခုရှိနေသည်ကို မယုံနိုင်ဖြစ်နေပြီး ခေါင်းရှိ မျက်နှာက မောက်မာသကဲ့သို့ ရင်ဘတ်ရှိ မျက်နှာ၌ မျက်လုံးများမှာ ချော်ရည်ပမာ တောက်လောင်နေရင်း ကလေးတစ်ယောက်ပမာ ပြုမူနေသည်။

"ဗိုက်​ဆာတယ်ကွ၊ နို့တိုက်စမ်း"

သူက သတိပြန်မဝင်နိုင်ခင် ရင်ဘတ်ရှိ သားရဲက စိုက်ကြည့်ရင်း စူးစူးရှရှ အော်ဟစ်နေခဲ့သည်။

"ငါက ယောက်ျားကြီး၊ လအုလို နို့တိုက်ရမှာလား"

ဤသားရဲ၏ သွားများဖြင့် ရင်ဘတ်ကို အကိုက်ခံလိုက်ရလျှင် သွေးချင်းချင်းရဲသွားနိုင်သဖြင့် ယွမ်ရှောင်က သားရဲကို ခပ်ခွာခွာ ထားလိုက်၏။

"ဒီကောင်က လနီဆိုရင် မင်းနာမည်ကရော"

"ကြယ်ပြာ"

ဦးခေါင်းရှိ မျက်နှာ၌ စကြဝဠာအတွင်းမှ နဂါးငွေ့တန်းပမာ အပြာရောင်တောက်ပနေသည့် မျက်ဝန်းတစ်စုံ ပိုင်ဆိုင်ထားသောကြောင့် ဤနာမည်နှင့် ကိုက်ညီလှသည်။ အသိစိတ်နှစ်ခုက ရုပ်ခန္ဓာတစ်ခုတည်းတွင် အတူတကွ တည်ရှိနေပြီး ခေါင်းနှစ်လုံးသားရဲအဖြစ် သတ်မှတ်နိုင်၏။ ကြီးမားလှသော အနက်​ရောင် ကြေးအခေါင်းကြီးက ၎င်းအဖြစ် ပြောင်းလဲသွားသည်မှာ မယုံနိုင်စရာ ကောင်းလွန်းနေသည်။

"မင်းက ငါ့ကို ဘာကြောင့် ဖန်ဆင်းရှင်လို့ ခေါ်တာလဲ"

ယွမ်ရှောင်က စိတ်ရှုပ်စွာ မေးလိုက်သည်။

"ဖန်ဆင်းရှင်က ဖန်ဆင်းရှင်ပဲလေ"

ကြယ်ပြာက အပြာရောင်မျက်လုံးများနှင့် စေ့စပ်စွာ စိုက်ကြည့်နေသည်။

"ဟုတ်တယ်။ ဖန်ဆင်းရှင်"

နို့မရသောကြောင့် ဒေါသထွက်နေပုံရသည့် လနီက အနားရှိ ကြုံရာသစ်ရွက်များကို ဝါးနေရင်း ဝင်ပြောလိုက်ခြင်းဖြစ်သည်။

"ဖန်ဆင်းရှင် အင်မော်တယ်ကို ပြောတာလား"

"ဟုတ်တယ်။ ငါ့အတွက် နို့တိုက်တဲ့သူ"

"မင်းပါးစပ် ပိတ်ထားစမ်းပါဟ"

ကြယ်ပြာက သူ့ရင်ဘတ်သူ ပြန်ရိုက်လိုက်သောအခါ လနီကလည်း ပြန်ကိုက်ရန် လုပ်နေသဖြင့် ခန္ဓာတစ်ခုတည်း ရန်ဖြစ်နေကြ၏။

"ခဏရပ်ကြစမ်းပါဦး။ ငါ့ကို သေချာရှင်းပြ"

ယွမ်ရှောင်က ဝင်ရောက်တားမြစ်လိုက်သောအခါ ကြယ်ပြာက အရေးကြီးဟန်ဖြင့် သတိပေးလိုက်သည်။

"မင်းက ဖန်ဆင်းရှင်မိုးစက်တွေကို လိုက်ရှာရမယ်"

"အဲ့တာက ဘာလဲ"

"မင်း ပြန်ရှင်သန်လာပေမယ့် မှတ်ဉာဏ်တွေ ပျက်သွားတာလား"

"ဟုတ်တယ်"

ယွမ်ရှောင်၏ ဝိညာဥ်သည် ဖန်ဆင်းရှင်အင်မော်တယ်၏ ရုပ်ခန္ဓာအား အပိုင်စီးကာ ပြန်လည်ရှင်သန်လာခြင်းကို ဤသားရဲလေးအား ပြောပြရန် မသင့်ပေ။

"ကောင်းပြီ။ ဒါဆိုရင် ငါ ရှင်းပြမယ်။ မင်းကို လူယုတ်မာခြောက်ကောင်က သစ္စာဖောက်ခဲ့တယ်"

ကြယ်ပြာက အံကြိတ်၍ မုန်းတီးစွာ ပြောလိုက်သည်။

"ရှေးနတ်ဘုရားတွေလား"

သူက အခေါင်းအတွင်း အသက်ပြန်ဝင်လာစဥ် ကြားခဲ့ရသော အသံများကို အမှတ်ရလိုက်၏။

"ဟုတ်တယ်။ မင်းက လောကကိုဖန်တီးပြီး စွမ်းအင်ကုန်ခမ်းလို့ အိပ်မောကျနေတုန်း သူတို့က ခွန်းလွန်ငရဲကို ပို့လိုက်ကြတယ်။ ပြီးတော့ အရိုး၊ သွေး၊ အသား၊ ဝိညာဥ်နဲ့ အမြုတေကို ဖန်ဆင်းရှင်မိုးစက်တွေအဖြစ် သန့်စင်ပြီး မရေမတွက်နိုင်တဲ့ ဘုံတွေအပေါ်မှာ ရွာကျစေခဲ့တယ်။ ပြီးတော့ သူတို့က ဒီမိုးစက်တွေကို စုပ်ယူပြီး မင်းရဲ့ စွမ်းအားကို လုယူသွားကြတယ်"

ဖန်ဆင်းရှင်အင်မော်တယ် သေဆုံးခဲ့ရသော အဖြစ်က ရက်စက်လွန်းသောကြောင့် ယွမ်ရှောင်က စုတ်သပ်လိုက်မိသည်။

"သေချာနားထောင်၊ ငါဆက်ပြောမှာက အရေးကြီးတယ်"

ကြယ်ပြာက စိုက်ကြည့်၍ လေးနက်စွာ ပြောလာပြန်သည်။

"ပြောပါ"

"မင်းက ဖန်ဆင်းရှင် အင်မော်တယ်အဖြစ်ကို တက်လှမ်းပြီး ပြန်လက်စားချေရမယ်"

"ဒီအင်အားလောက်နဲ့ ငါက ဘယ်လိုလုပ်နိုင်မှာလဲ"

ယွမ်ရှောင်က ဤစကားဝိုင်းကြောင့် အသက်ရှင်သန်ရုံသာမကဘဲ အင်အားမြင့်တက်လာရန် လိုအပ်ကြောင်း နားလည်လိုက်သည်။

"ဒါကြောင့် တာအိုခန္ဓာကို ပြန်လည်တည်ဆောက်ဖို့ မိုးစက်တွေကို စုဆောင်းရမယ်။ ဒီမိုးစက်တွေကို စုပ်ယူမိတဲ့ လူတိုင်းဟာ ကောင်းချီးခံတွေဖြစ်လာကြပြီး လူဆိုးခြောက်ယောက်ကလည်း ခွဲယူခဲ့ကြတယ်"

ကြယ်ပြာ၏စကားကြောင့် နတ်ကုန်းမြေတွင် ဒဏ္ဍာရီအဖြစ် ကျော်ကြားသော အင်မော်တယ်မိုးအကြောင်း ယွမ်ရှောင်က အမှတ်ရခဲ့သည်။ မရေမတွက်နိုင်သူများက ကံကောင်းစွာဖြင့် ၎င်းမိုးကြောင့် ကောင်းချီးခံများဖြစ်လာကာ လူမသိသူမသိဘဝမှ ပါရမီရှင်အဖြစ် ပြောင်းလဲခဲ့ကြသည်။

"ဒါဆိုရင် ကံကောင်းတဲ့ ကောင်တွေက ဖန်ဆင်းရှင်မိုးစက်တွေကြောင့်ပေါ့။ တကယ်လို့ ငါက ဒါတွေကို စုဆောင်းလိုက်ရင် အထွတ်အထိပ်ကို ပြန်ရောက်မှာလား"

သူက စပ်စုလိုက်သည်။

"ဟုတ်တယ်။ မိုးစက်တွေက ရှေးနတ်ဘုရားခြောက်​ယောက်ဆီမှာ အများဆုံးရောက်နေပေမယ့် ဒီအခြေအနေနဲ့တော့ သေမျိုးဘုံက အရာတွေကို အာရုံစိုက်တာ ကောင်းလိမ့်မယ်"

ကြယ်ပြာက ရှင်းပြလိုက်သည်။

"မိုးစက်တွေက အရေအတွက် ဘယ်လောက်ရှိလဲ"

"နေရာတိုင်းမှာ ရှိတယ်။ မင်း ခုနကတွေ့လိုက်တဲ့ ရဲကွာဆီမှာ တစ်ခုရှိတယ်။ ဒီကောင်ရဲ့ ဒန်တန်က ရွှေရောင်တောက်ပနေပြီး နဂါးနွေဦး အဆင့်တူချင်းထက် ပိုသန်မာတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ဖန်ဆင်းရှင်ရဲ့ဒန်တန်က ပြောင်းလဲလာတဲ့ မိုးစက်တစ်ခုကို ရထားလို့လေ"

ကြယ်ပြာက ဖြေကြားလိုက်သည်။ အရိုး၊ သွေး၊ အသားနှင့် အသက်အားကို ဖန်တီးထားသည့် ဒန်တန်မှာ ဖန်ဆင်းရှင်၏ ရတနာများ ဖြစ်ကြသည်။

"ရဲကွာမှာ မိုးစက်တစ်ခု ရှိတာလား"

"ဒီကောင်တင် မဟုတ်ဘူး။ သူ့အစ်ကို ရဲကုရင်မှာလည်း ဒန်တန်အမွှာ ရှိနေတယ်။ ဒါကြောင့် သူ့ချီက အဆင့်တူချင်းထက် နှစ်ဆပိုများတယ်။ ဒီကောင်ရဲ့မိုးစက်က သူ့ညီထက် သေချာပေါက် ပိုမြင့်လိမ့်မယ်။ မင်းက ဖန်ဆင်းရှင်အင်မော်တယ် ပြန်ဖြစ်လာချင်ရင် ဒန်တန်ကနေ စရမယ်။ ဒီညီအစ်ကိုနှစ်ယောက်ကတော့ မင်းရဲ့ပစ်မှတ်ပဲ။ ကိုယ့်ကိုကိုယ်တော့ အထင်ကြီးမနေနဲ့။ အခုပုံစံနဲ့ဆိုရင် မင်းက အနိမ့်ဆုံး ကျင့်ကြံသူတစ်ယောက်ထက် ဘာမှမပိုဘူး"

ကြယ်ပြာက ညွှန်ကြားလိုက်သည်။

"ရွှေရောင်ဒန်တန် အမွှာဒန်တန်။ ဒါတွေက ဖန်ဆင်းရှင်မိုးစက်ကြောင့် ဖြစ်လာတာပေါ့။ ရှေးနတ်ဘုရားခြောက်ယောက် ငါက ဒီအလောင်းရဲ့ စွမ်းအားအစစ်အမှန်ကို ရဖို့ သူတို့ကို ကျော်ဖြတ်ရမယ်"

"ရဲကုရင်"

ယွမ်ရှောင်၏ မျက်လုံးများ အေးစက်သွားကာ ရှေးနတ်ဘုရားခြောက်ယောက်ကို လက်လှမ်းမမီနိုင်သေးသော်လည်း ဤရန်သူကိုတော့ ရှင်းလင်းရပေလိမ့်မည်။

"ငါ ပြောတာကို နားလည်လား"

"နားလည်တယ်။ ငါ့ကို တစ်ယောက်ယောက်က အင်မော်တယ်လမ်းစဥ်အကြောင်း ဆရာလုပ်သွားတယ်။ ဒီကောင့်ကို လက်စားချေဖို့ အသူရာဓားဂိုဏ်းကို ရောက်လာတာပဲ။ ငါက မင်းထင်ထားတာထက် ပိုပြီးသန်မာလာချင်တယ်။ တစ်ခုတော့ ပြောထားရဦးမယ်။ ငါ့နာမည်က ယွမ်ရှောင်၊ ဖန်ဆင်းရှင် အင်မော်တယ် မဟုတ်ဘူး"

ယွမ်ရှောင်က လေးနက်စွာပြောလိုက်ပြီး အင်မော်တယ်၏ ရုပ်အလောင်းကို ကံကောင်း၍ ရခဲ့ကြောင်း အမှန်အတိုင်း ဝန်ခံလိုက်သည်။

"အရေးမကြီးပါဘူး။ ငါက ဟုတ်တယ်ဆိုရင် ဟုတ်လိုက်"

ကြယ်ပြာ၏စကားကို သူက တုံ့ပြန်ရန် မသိသောကြောင့် ပတ်ဝန်းကျင်က ခဏတာ တိတ်ဆိတ်သွားသည်။

"ဖန်ဆင်းရှင် နှစ်သန်းပေါင်းများစွာအကြာမှာ လောကကြီးက ပြောင်းလဲသွားခဲ့ပြီ။ ငါတို့ မင်းကို လွမ်းနေခဲ့တာ"

"ငါရောပဲ"

ကြယ်ပြာ၏ မျက်လုံးများမှ မျက်ရည်များ ရုတ်တရက် စီးကျလာကာ ကျောက်ခဲများကို ဝါးစားနေသော လနီကလည်း ပလုတ်ပလောင်းပြောလာခဲ့သည်။ အကြောင်းအရင်းတစ်ခုကြောင့် ယွမ်ရှောင်သည် ပထမဆုံးတွေ့ဖူးခြင်း ဖြစ်သော်လည်း သူတို့အပေါ် ကြင်နာသနားနေခဲ့မိသည်။

"ရှေ့မှာ နို့ ရှိတယ်"

သူက တစ်ခုခုပြောရန် ပြင်လိုက်စဥ် လနီက တစ်ခုခုကို အနံ့ရသွားပုံပေါ်သည်။ အနီးအနားတွင် တိုက်ပွဲတစ်ခု ဖြစ်နေပုံရပြီး သူက အသံလာရာ မေပယ်တောအုပ်အတွင်း လျင်မြန်စွာ ရှေ့ဆက်လိုက်၏။ ထိုနေရာတွင် မိန်းကလေးတစ်ယောက်မှာ အဝတ်အစားများ စုတ်ဖြဲခံထားရပြီး လှပသော ခြေထောက်အစုံ၌ သွေးများ စီးကျနေသည့် ဓားဒဏ်ရာ ရှိနေခဲ့သည်။ သူမ၏ရှေ့မှောက်တွင် ရွှေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော ရဲကွာက လှောင်ပြုံးတစ်ခုနှင့် ရပ်နေသည်။

"ငါ့ကို ချမ်းသာပေးပါ"

မိန်းကလေးက တောင်းပန်ရင်း ကြောက်လန့်နေသည်။

"ဘယ်မြေခွေးက ယုန်ကို လွှတ်ပေးလို့လဲ"

ရဲကွာက ရယ်မောရင်း တစ်လှမ်းချင်း ရှေ့တက်လာသည်။

"မလုပ်ပါနဲ့။ ဒါက ကောင်းကင်လမ်းစမ်းသပ်ချက်လေ"

သူမက ဒဏ်ရာအပြင်းအထန်ရထားပြီး နာကျင်နေသောကြောင့် ဤမကောင်းဆိုးဝါးကို တိုက်ခိုက်ရန် အင်အားမရှိသဖြင့် ငိုကြွေးလိုက်လေသည်။

All Chapters