ဓားထုတ်ပြီးလျှင် သေမလား သတ်မလား
Vol. 1 Ch. 5
"ဒီနေရာမှာ ချက်ချင်းမသေချင်ရင် မလှုပ်နဲ့"
ရဲကွာသည် မိန်းကလေး၏မျက်နှာကို ကိုင်တွယ်ကာ ခြိမ်းခြောက်လိုက်၏။
"အသူရာဓားဂိုဏ်းက အင်မော်တယ်တွေအတွက် နေရာပဲ။ နင့်ကစားကွင်း မဟုတ်ဘူး"
သူမက ဒေါသဖြင့် တုံ့ပြန်လိုက်သော်လည်း မျက်နှာကို ဖြန်းခနဲ ရိုက်ခံလိုက်ရသောကြောင့် မြေပြင်သို့ လဲကျသွားကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာသည်။
"ငါ့အစ်ကိုက ဂိုဏ်းရဲ့သမိုင်းမှာ အသက်အငယ်ဆုံး ဂိုဏ်းချုပ်ဖြစ်လာရင် ဒီနေရာက ငါ့အပိုင် ဖြစ်လာမှာပဲ"
သူက တဟားဟားရယ်မော၍ ရှေ့ဆက်ရန် ပြင်လိုက်စဥ် အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာသောကြောင့် ထိတ်လန့်သွားကာ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်သည်။
"ရပ်လိုက်စမ်း"
"ဘယ်သူလဲ"
ကြွေကျနေသော မေပယ်ရွက်များအကြားမှ ဝတ်ရုံဖြူနှင့် ချောမောလှပသော လူငယ်တစ်ယောက် ထွက်ပေါ်လာသောအခါ သူက လှောင်ပြုံးပြုံးလိုက်၏။ သူက အခြားသူများဖြစ်နေမည်ကို ကြောက်လန့်နေသော်လည်း ဤလူငယ်ကို အထင်သေးနေခဲ့သည်။
"အိုး လူချောလေးပါလား။ မဆိုင်ရင် မရှုပ်နဲ့၊ ထွက်သွားစမ်း"
"ကျေးဇူးပြုပြီး မသွားပါနဲ့။ ကယ်ပါရှင်"
မိန်းကလေးက သူမ၏လျော့တိလျော့ရဲ အဝတ်အစားများကို အရှက်လုံအောင် ဖုံးကွယ်ရင်း တောင်းဆိုလိုက်သည်။
"ကောင်းပြီ"
"မင်းက နဂါးနွေဦးအဆင့်ကိုတောင် မရောက်သေးဘဲ ငါ့ကို တားချင်တာလား"
ယွမ်ရှောင်က ခေါင်းညိတ်ပြလိုက်သောအခါ ရဲကွာက လှောင်ရယ်လိုက်ပြီး ဒန်တန်အတွင်း၌ ချီများ စုဝေးလိုက်သည်။
"သူက နဂါးနွေဦးအဆင့်တောင် မရောက်သေးတာလား"
မိန်းကလေးက စိတ်ပျက်သွားပုံရသည်။
"မင်းကို အင်မော်တယ်တွေ ဘယ်လောက်ရက်စက်လဲဆိုတာ ပြပေးမယ်။ အမှိုက်ကောင် ဓားဝိညာဥ်တစ်ခုရဲ့ အသွင်ပြောင်းခြင်းကိုရော မြင်ဖူးလား။ သူရဲကောင်းလုပ်ချင်ရင်တော့ သေဖို့ ပြင်ထားရမယ်။ မဟုတ်သေးဘူး မင်းရဲ့လျှာကို ဖြတ်ပြီး ဒီပြပွဲမှာ အထူးတန်းက နေရာပေးရသေးတာပေါ့"
ရဲကွာ၏ညာလက်အတွင်း ရွှေရောင်ဓားဝိညာဥ် ထွက်ပေါ်လာသောအခါ လေထဲတွင် ဓားများစွာ၏အရှိန်အဟုန်မျိုး ထွက်ပေါ်လာကာ ကြယ်တံခွန်အဆင့်၏ အင်အားကို ဖော်ပြနေသည်။ ၎င်းအထက်တွင် သိပ်သည်းသော ရွှေရောင်အလွှာက ဖုံးအုပ်နေပြီး ဓားအော်ရာဖြစ်ကာ ပို၍မာကျောစေခဲ့သည်။ သူ၏ဓားဝိညာဥ်တွင် ဓားအော်ရာတစ်ခု ပိုင်ဆိုင်ထားကာ နဂါးနွေဦးအဆင့်တွင် သန်မာသော ဓားသမားတစ်ယောက် ဖြစ်သည်။ ဓားဝိညာဥ်က သူ၏ချီဖြင့် ပြောင်းလဲသွားကာ သုံးပေအရှည်အထိ ရုတ်တရက် ဆန့်ထွက်လာခဲ့သည်။ နဂါးနွေဦးအဆင့်သို့ ရောက်ပြီးလျှင် ချီစွမ်းအင်ဖြင့် ထောက်ပံ့ပေးလိုက်လျှင် ၎င်းသည် ဓားမြှောင် (မိုင်ပေါင်းများစွာကို ဖြတ်သန်း၍ ပစ်မှတ်ကို သတ်ဖြတ်နိုင်သည်)၊ ဓားရှည်(အနီးကပ်တိုက်ပွဲများတွင် အသုံးချနိုင်သည်) နှင့် ဓားပျံ(အကြီးမားဆုံးဖြစ်ကာ စီးနင်း၍ ကောင်းကင်တွင် သွားလာနိုင်သည်)ဟူ၍ အသွင်သုံးမျိုး ပြောင်းလဲနိုင်၏။ ရဲကွာသည် သူ၏ဓားဝိညာဥ်ကို ဓားရှည်သဏ္ဍာန် ပြောင်းလဲကာ တိုက်ပွဲအတွက် အသင့်ပြင်လိုက်ပြီး တစ်ဖက်လူမှာ ဓားဝိညာဥ်ကို အသွင်မပြောင်းနိုင်သဖြင့် ဓားရှည်၏အလျား ဆယ်ပုံတစ်ပုံခန့်သာ ရှိနေသည်။
"ဝှစ်"
သို့သော် ယွမ်ရှောင်သည် ရုတ်တရက် ရှေ့တိုးလာပြီး အင်္ကျီလက်အတွင်းမှ သုံးလက်မအရွယ် အပြာရောင် ဓားမြှောင်တစ်ချောင်း ထွက်ပေါ်လာ၏။
"မင်းက အရင်တိုက်ချင်တာလား ဟား ဟား"
ရဲကွာက အထင်သေးစွာ အော်ဟစ်၍ သူ၏ဓားဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်သောအခါ ရွှေရောင်နှင့် အပြာရောင် ဓားဝိညာဥ်နှစ်ခု ဓားသွားချင်း ထိမှန်ခဲ့သည်။
"ထန်"
"အား"
ရဲကွာ၏အော်သံက ရုတ်တရက် ထွက်ပေါ်လာကာ မြေပြင်သို့ လဲကျသွားပြီး ညာလက်ပြတ်ထွက်သွားကာ သွေးများ ပန်းထွက်လာသည်။ သူ အထင်ကြီးထားသော ရွှေကြယ်ဓားဝိညာဥ်၌ အက်ကြောင်းများ ဖြစ်ပေါ်လာကာ အပြာရောင်အလင်းများ တည်ရှိနေသည်။ သူက ဓားဝိညာဥ်ပေါ်သို့ သွေးများ အန်ထွက်လာသောအခါ ၎င်းအလင်းတို့က ချက်ချင်းစုပ်ယူသွား၏။
"ငါ့ဓားဝိညာဥ် အက်သွားတယ်"
သူက မယုံနိုင်ဖြစ်နေပြီး အိပ်မက်ဟု ထင်ရသော်လည်း လက်ပြတ်သွားသော ဒဏ်ရာမှ နာကျင်မှုကြောင့် အစစ်အမှန်ဟု နားလည်လိုက်သည်။ ဓားသမားတစ်ယောက်၏ အသက်က ရုပ်ခန္ဓာနှင့် ဓားဝိညာဥ်တွင် တည်ရှိပြီး ရွှေကြယ်ဓားဝိညာဥ်မှ အက်ကြောင်းများသည် ရဲကွာ၏အသက်ကို ထိခိုက်စေသည်။ သူ၏ဝိညာဥ်က သေမင်းတံခါးဝသို့ ရောက်နေပြီး အပြာရောင် ဓားဝိညာဥ်ပိုင်ရှင်ကို အံ့သြထိတ်လန့်စွာ မော့ကြည့်နေမိသည်။
"ရဲကွာ မင်းရဲ့ ဓားဝိညာဥ်က မင်းထင်သလောက်လည်း အစွမ်းမထက်ပါလား"
ယွမ်ရှောင်က အေးစက်စက် ပြုံးလိုက်သည်။
"မင်း...."
ရဲကွာသည် သူ၏ဓားဝိညာဥ်ကို စိုက်ကြည့်ရင်း ဝိညာဥ်ပျက်စီးသော နာကျင်မှုကို ခံစားနေရသည်။
"သူက သန်မာလိုက်တာ"
မိန်းကလေးက ယွမ်ရှောင်ကို မျက်လုံးအပြူးသားနှင့် ကြည့်နေခဲ့သည်။
"ဓားသမားတစ်ယောက်က ဓားကို ဆွဲထုတ်ပြီးရင် သေမလား သတ်မလားပဲ ရွေးချယ်ရမယ်။ မင်းက သေပြီး ငါကတော့ သတ်ရတဲ့လူပေါ့"
ကျင့်ကြံသူများအကြားတွင် ဓားသမားများက အကြမ်းတမ်းဆုံးဖြစ်ကာ အသက်နှင့်ရင်း၍ တိုက်ခိုက်တတ်ကြသည်။
"မင်းက ငါ့ကို အန္တရာယ်ပေးရဲတယ်လား။ ငါ့အစ်ကိုရဲကုရင်က အသူရာဓားဂိုဏ်းရဲ့ အနာဂတ်ဂိုဏ်းချုပ်ဖြစ်ပြီး ဓားဘုရင်ဘွဲ့ ရထားတာကွ"
ယွမ်ရှောင်၏ဓားကို ကြောက်လန့်သောကြောင့် ရဲကွာက ခြိမ်းခြောက်လိုက်သည်။
"ရဲကုရင်လား၊ ငါ သူ့ကို သိတာပေါ့"
"မင်းကသူ့ ကို သိတာတောင် ငါ့ကို ထိရဲတယ်လား"
"ငါ မင်းကို သတ်ချင်ရတာက သူ့ညီဖြစ်နေလို့လေ"
ယွမ်ရှောင်က ပြောပြောဆိုဆိုနှင့် လှုပ်ရှားလိုက်သောအခါ ကောင်းကင်သင်္ချိုင်းဓားဝိညာဥ်သည် တစ်ဖက်လူ၏လည်ပင်းကို ပိုင်းဖြတ်သွားခဲ့၏။ မယုံမကြည်ဖြစ်နေရင်း ရဲကွာ၏ဦးခေါင်းက အသက်မဲ့ရုပ်ခန္ဓာနှင့် ကွဲကွာသွားရင်း မြေပြင်၌ သွေးစွန်းခဲ့သည်။ သူ၏ကျင့်ကြံရေးခရီးက စပင်မစခင် မျက်လုံးအပြူးသားနှင့် သေဆုံးသွားကာ မြေအောက်ကမ္ဘာ၌ ရဲကုရင်ကို စောင့်ကြိုနေပေလိမ့်မည်။
"နင် သူ့ကို သတ်လိုက်တယ်"
မိန်းကလေး၏မျက်နှာက သွေးဆုတ်သွားကာ ကြောက်လန့်စွာ မေးလိုက်သည်။
"ဒီကောင်သေပြီဆိုတော့ နို့သောက်ချိန် ရောက်ပြီ"
သူမကို တစ်ချိန်လုံး စိုက်ကြည့်နေသော လနီက အင်္ကျီရင်ဘတ်အတွင်းမှ တိုးထွက်လာသည်။
"မင်း အဆင်ပြေရဲ့လား"
ယွမ်ရှောင်က ခါးသက်သက်ပြုံးကာ သားရဲလေးကို ပြန်ထိုးထည့်လိုက်ပြီး သူမကို ညှင်သာစွာ မေးလိုက်၏။
"ငါ..ငါ အဆင်ပြေပါတယ်။ ဘာကြောင့် သူ့ကို သတ်လိုက်ရတာလဲ"
"သူ မသေရင် ငါတို့ကို ဂိုဏ်းထဲရောက်ရင် အခြေအနေပိုဆိုးအောင် လုပ်နိုင်တယ်"
"ဒါပေမယ့် သူက ဓားဘုရင်ရဲ့ညီ ဖြစ်နေတယ်"
"မင်းရောငါရော မပြောရင် ဘယ်သူ သိနိုင်မှာလဲ"
"ဟုတ်ပါပြီ"
"ငါ ဒီအလောင်းကို အရင်ရှင်းလိုက်ဦးမယ်"
ယွမ်ရှောင်က ရဲကွာ၏အလောင်းကို ခြေထောက်မှ ဒရွတ်တိုက်ဆွဲပြီး သစ်တောအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသောအခါ မိန်းကလေး၌ မကောင်းသော အတွေး ဖြစ်ပေါ်လာသည်။ လူသတ်တရားခံမှာ ယွမ်ရှောင် ဖြစ်သောကြောင့် သူမက မပတ်သက်လိုသောကြောင့် အံကြိတ်၍ နေရာမှထကာ ကောင်းကင်လမ်းကြောင်း၏ အစသို့ ပြန်လည်ပြေးထွက်သွားခဲ့သည်။ ဤအကြောင်းကို သတင်းမပို့လျှင် သူမပါ အပြစ်ပေးခံရမည်ကို အလွန်ကြောက်လန့်နေသောကြောင့် ဖြစ်သည်။
"ကယ်ကြပါ တစ်ယောက်ယောက်က ဓားဘုရင်ရဲ့ ညီကို သတ်လိုက်ပါတယ်"
"ဘာတွေအော်နေတာလဲ"
ထိုအချိန်၌ သူမ၏ကျောဘက်မှ အေးစက်စက် စကားသံတစ်ခု ထွက်ပေါ်လာသောအခါ လှည့်ကြည့်လိုက်မိသည်။
"ငါ မင်းကို လွှတ်ပေးလိုက်ရင် ငတုံးတစ်ယောက် ဖြစ်သွားမှာပေါ့။ ငါ မင်းကို ကယ်တင်ခဲ့ပေမယ့် အပြစ်ပေးခံရမှာကို ကြောက်ပြီး ကျေးဇူးကန်းတယ်ပေါ့"
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ငါ နှုတ်လုံမယ်လို့ ကတိပေးပါတယ်"
"ဒီလောကကြီးမှာ တစ်ခါပဲ ခွင့်လွှတ်ပေးရတယ်။ နောက်ဘဝရောက်ရင် ဒီထက်ပိုပြီး စဥ်းစားတတ်ဖို့ မျှော်လင့်ပါတယ်"
မိန်းကလေးက အလန့်တကြားဖြင့် ဒူးထောက်၍ တောင်းပန်နေသော်လည်း ယွမ်ရှောင်က စိတ်ထားပြတ်သားသူပီပီ သူမ၏လည်ထံ ဓားဖြင့် ထိုးသွင်းလိုက်သည်။ သူမက အသက်ကင်းမဲ့သွားပြီး မြေပြင်သို့ မျက်လုံးအပြူးသားနှင့် လဲကျသွားသည်။
"ဖန်ဆင်းရှင် မင်း ငါရဲ့နို့ကို သတ်လိုက်ပြီ။ အစားပြန်ပေး"
လနီ၏အော်သံ ထွက်ပေါ်လာစဥ် ယွမ်ရှောင်သည် ခံစားချက်ကင်းမဲ့စွာဖြင့် သစ်တောအတွင်း ဝင်ရောက်သွားခဲ့သည်။ အချိန်တစ်ခုအကြာတွင် သူက ရဲကွာ၏အလောင်းနှင့် ဦးခေါင်းကို ချိတ်ဆွဲထားခဲ့သော သစ်ပင်အောက်သို့ ရောက်လာခဲ့၏။
"ဒီတိုက်ပွဲအပြီးမှာ မင်းရဲ့ဓားဝိညာဥ်က အခြားဓားဝိညာဥ်တွေကို ဝါးမျိုနေတာ သိလိုက်တယ်"
ကြယ်ပြာက ရဲကွာ၏အလောင်းကို စစ်ဆေးနေသည်။
"ဓားဝိညာဥ်က ညာလက်ဝါးအရိုးမှာ ရှိလောက်တယ်။ စမ်းသပ်ကြည့်ရအောင်"
"ကောင်းပြီ"
သူ၏ညွှန်ကြားမှုဖြင့် ယွမ်ရှောင်က ကောင်းကင်သင်္ချိုင်းကို ရဲကွာ၏ ညာလက်ဝါးအတွင်း စိုက်လိုက်သောအခါ ရွှေကြယ်ဓားဝိညာဥ်မှာ ချက်ချင်းစုပ်ယူခံလိုက်ရသည်။ ဓားသွားအထက်ရှိ ကြာဖူးက လင်းလက်လာပြီး ခဏအတွင်းမှာ အပြာရောင် အလွှာတစ်ခုကို ထုတ်လုပ်ပေးခဲ့သည်။ သူ၏ဓားဝိညာဥ်က အခြားသူ၏ဓားဝိညာဥ်ကို စုပ်ယူလိုက်သည်နှင့်တပြိုင်နက် ၎င်းက ပျောက်ကွယ်သွားကာ ဓားအော်ရာတစ်ခုပင် ပိုင်ဆိုင်လိုက်ရသောကြောင့် အံ့သြနေခဲ့သည်။ ဓားဝိညာဥ်များက ဓားအော်ရာကို ပိုင်ဆိုင်လိုလျှင် သက်တမ်းနှစ်ရာချီသော နတ်ဆိုးအရိုးများ လိုအပ်သော်လည်း ကောင်းကင်သင်္ချိုင်းက ကွဲပြားနေ၏။
"ရှေးခေါင်းတလားနဲ့ ကောင်းကင်ထောက်တိုင် တာအိုရင်းမြစ် ပေါင်းစပ်လိုက်မှသာ ဒီလိုဓားဝိညာဥ် အစွမ်းထက်လာနိုင်တယ်"
ကြယ်ပြာက စိတ်လှုပ်ရှားစွာ မှတ်ချပြုလိုက်၏။
"တာအိုရင်းမြစ်က ဘာလဲ"
"ကောင်းကင်ထောက်တိုင်က တာအိုဘုံရဲ့ တာအိုရင်းမြစ်တစ်ခုဖြစ်ပြီး မင်းသိထားတဲ့ လောကကြီးဟာ ဒီအရင်းအမြစ်နဲ့ ဖန်တီးထားတာပဲ"
"မင်းပြောချင်တာက ကောင်းကင်ထောက်တိုက်ဟာ ဘုံတစ်ခုရဲ့ အမြုတေလား"
"မှန်တယ်။ တာအိုရင်းမြစ် ဆယ်ခုရှိပြီး ခွန်းလွန်ငရဲနဲ့ ကောင်းကင်ထောက်တိုင် အပါအဝင်ဖြစ်တယ်"
"ဒါဆိုရင် တော်တော်များတာပဲ။ ဘာကြောင့် ကောင်းကင်ထောက်တိုင်က ကောင်းကင်သင်္ချိုင်း ခေါင်းတလားနဲ့ ပေါင်းစပ်သွားရတာလဲ"
အံ့သြစရာများကြောင့် ယွမ်ရှောင်က မျက်လုံးပြူးနေသည်။
"ဒါက မင်းရဲ့အရင်ဘဝမှာတောင် ဆန်းကျယ်မှု ဖြစ်နေတယ်။ မင်းက ရှေးခေါင်းတလားတွေကို ရထားတယ်ဆိုတော့ အဖြေထုတ်နိုင်မှာပါ"
ကြယ်ပြာက သက်ပြင်းချ၍ဖြေ လိုက်သည်။
"ရှေးခေါင်းတလားဆယ်ခုဆိုတာက ကြေးအခေါင်းကြီးထဲက အခေါင်းတွေလား။ ဒါဆိုရင် တာအိုရင်းမြစ်တစ်ခုနဲ့ အခေါင်းတစ်ခု ပေါင်းစပ်နိုင်တာလား"
ယွမ်ရှောင်၏စကားကို ကြယ်ပြာက ခေါင်းညိတ်ပြလိုက်သောအခါ သူသည် ခပ်တိုးတိုး ရေရွတ်နေခဲ့သည်။
"ငါ့ဓားဝိညာဥ်က ကောင်းကင်ထောက်တိုင်လောက် အစွမ်းမထက်သေးဘူးဆိုတော့ အစွမ်းထက်လာဖို့ လိုအပ်နေသေးတယ်။ တစ်နေ့ကျရင် တစ်လောကလုံးနဲ့ ညီမျှတဲ့ စွမ်းအားမျိုး ရလာမှာပါ။ ငါ့လက်ထဲမှာ အခေါင်းတွေရှိနေပြီဆိုတော့ တာအိုရင်းမြစ်တွေ ပျောက်ကွယ်နေတယ်။ ဒါတွေကို ပေါင်းစပ်လိုက်ရင် နောက်ထပ်ဓားဝိညာဥ်တွေရလာမှာလား ဒါမှမဟုတ် ရတနာတွေလား"
"ကောင်းကင်သင်္ချိုင်းတစ်ခုတည်းနဲ့တောင် မင်းက တာအိုဘုံတစ်ခုလုံးကို ရင်ဆိုင်နိုင်ပါတယ်"
ကြယ်ပြာက ရှင်းပြလိုက်သည်။
"မိုးစက်တစ်ခုရဲ့ ပိုင်ရှင်က သေဆုံးသွားရင် ပျောက်ကွယ်သွားတတ်တယ်။ ရွှေရောင်ဒန်တန်ကို မြန်မြန်ယူလိုက်။ ဒါဆိုရင် မင်းက နဂါးနွေဦးအဆင့်ကိုရောက်ပြီး ချီကို ဓားဝိညာဥ်ထဲ ထည့်နိုင်ပြီဆိုရင် တရားဝင် ဓားသမားတစ်ယောက် ဖြစ်ပြီ"
သူက သတိပေးလိုက်သောကြောင့် သိုင်းပညာလမ်းကြောင်းမှ ဖောက်ထွက်လိုသော ယွမ်ရှောင်က လှုပ်ရှားလိုက်၏။ သိုင်းပညာလေ့ကျင့်ရာတွင် ဝိညာဥ်အာရုံခံခြင်း၊ အသားပြုပြင်ခြင်း၊ သွေးလောင်ကျွမ်းခြင်း၊ အရိုးသန့်စင်ခြင်းနှင့် မူလဖွင့်ခြင်းဟူ၍ အဆင့်ငါးဆင့် ရှိသည်။ သူက မူလဖွင့်ခြင်းအဆင့်သို့ ရောက်ရှိနေကာ ဒန်တန်ကို ဖွင့်လှစ်၍ ကျင့်ကြံရေးအုတ်မြစ်အဖြစ် တည်ဆောက်ရန် လိုအပ်နေသည်။ ဒန်တန်ပွင့်သွားလျှင် ပတ်ဝန်းကျင်မှ ချီကို စုပ်ယူနိုင်ပြီး မှော်စွမ်းအင်အဖြစ် ပြောင်းလဲကာ နဂါးနွေဦးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေလိမ့်မည်။
နဂါးနွေဦးအဆင့်သည် ရစ်ခွေနေသော နဂါးတစ်ကောင်နှင့် တူညီပြီး ကျင့်ကြံသူတစ်ယောက်ချင်းစီ၌ ထူးခြားကာ ကိုယ်ပိုင်ကျင့်စဥ်များ ကျင့်ကြံရသည်။ အချို့တွင် အပြာရောင်နဂါးရှိပြီး အချို့တွင် မီးနဂါးများ ပိုင်ဆိုင်သကဲ့သို့ ဒန်တန်အတွင်း နဂါးသဏ္ဍာန်ဖြစ်ပေါ်လာလျှင် အင်မော်တယ်လမ်းကြောင်းသို့ တရားဝင်ရောက်ခြင်းဖြစ်သည်။ အသူရာဓားဂိုဏ်းသို့ လာလမ်းတွင် ယွမ်ရှောင်သည် မူလဖွင့်ခြင်းအဆင့်အထိ ပြန်လည်လေ့ကျင့်နိုင်ခဲ့ပြီး ဓားဝိညာဥ်အစွမ်းဖြင့် အဆင့်မတူသော ရဲကွာကို ရှင်းပစ်နိုင်ခဲ့သည်။
ကြယ်ပြာသည် ယွမ်ရှောင်ကို ကျင့်ကြံရန် နေရာတစ်ခုရှာဖွေစေပြီး နက်ရှိုင်းကာ သစ်တောများဖုံးကွယ်နေသော တောင်ကြားတစ်ခုသို့ ရောက်သောအခါ ရပ်တန့်စေသည်။
"အခု ဘာလုပ်ရမလဲ"
"စောင့်ကြည့်နေ"
ကြယ်ပြာ၏စကားအဆုံးတွင် သူက အင်္ကျီအတွင်းမှ ခုန်ထွက်ကာ ဘုန်းခနဲမြည်သံနှင့်အတူ အနက်ရောင်သားမွေးများအကြားမှ မြူခိုးသဏ္ဍာန် အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သူက အရှည်ရှစ်ပေကျော်သော အခေါင်းကြီးအဖြစ် ပြောင်းလဲသွားကာ ဒေါင်လိုက်ရှိနေသဖြင့် အဝေးမှကြည့်လျှင် ဗီရိုတစ်လုံးနှင့် ဆင်တူနေသည်။
"အထဲကို ဝင်လာခဲ့။ ပိုပြီးလုံခြုံတယ်"
အခေါင်းအဖုံးက ပွင့်ထွက်လာကာ အပြာရောင် မျက်လုံးတစ်စုံ ဖြစ်တည်လာ၏။
"မြန်မြန်ဝင်လာ၊ ငါ့ဗိုက်ထဲမှာ ချီးမရှိဘူး"
အချိန်ခဏအတွင်းမှာပင် အခေါင်း၏ကိုယ်ထည်၌ အနီရောင်မျက်လုံးနှင့် ပါးစပ်ကြီးထွက်ပေါ်လာကာ လနီ၏စကားသံကို ကြားလိုက်ရသည်။
"ဒီလောက်အထိ အသေးစိတ် ပြောစရာ မလိုပါဘူးဟ"
ယွမ်ရှောင်က ခါးသက်သက်ပြုံးကာ အခေါင်းအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့်တပြိုင်နက် ဘန်းခနဲ အဖုံးပိတ်သွားခဲ့သည်။ အခေါင်းအတွင်း၌ ရှေးခေါင်းတလားကိုးခု ရှိနေကြောင်း သူက မြင်လိုက်ရပြီး အလွန်သေးငယ်နေကာ ထောင့်တစ်ခုတွင် အစီအရီ ရှိနေသည်။
"မင်းက ဘာတွေစောင့်နေတာလဲ။ ဖန်ဆင်းရှင်မိုးစက်နဲ့ ပေါင်းစပ်လိုက်တော့လေ"
ကြယ်ပြာက သတိပေးလိုက်သည်။
"ဘယ်လိုလုပ်ရမှာလဲ"
ယွမ်ရှောင်က တလမ်းလုံး ထမ်းလာရသည့် ရဲကွာ၏အလောင်းကြီးကို မြှောက်ပြလိုက်၏။
"ငါလည်း ဘယ်သိမှာတုန်း၊ မင်းလို အင်မော်တယ်မှ မဖြစ်ဖူးတာ"
"လခွမ်းဟေ့"
ကြယ်ပြာ၏ စကားကြောင့် ယွမ်ရှောင်မှာ မျှော်လင့်ချက် ပျောက်သွားလေသည်။