← Chapters

နဂါးနွေဦးအဆင့်

Vol. 1 Ch. 6

နဂါးနွေဦးအဆင့်

Vol. 1 Ch. 6

ကြယ်ပြာထံမှ အကူအညီမရသောကြောင့် သေရာမှ ပြန်ရှင်လာသော ယွမ်ရှောင်သည် သာမန်သေမျိုးတစ်​ယောက်ဖြစ်သော်လည်း ကိုယ်တိုင် အဖြေရှာရပေလိမ့်မည်။ သူက လက်ဝါးကို ရဲကွာ၏ဒန်တန်တည်ရှိရာ ဝမ်းဗိုက်ထံ ကပ်လိုက်ပြီး ဖန်ဆင်းရှင်၏ဒန်တန်မှ မိုးစက်အဖြစ် သန့်စင်ခံလိုက်ရသော ရတနာကို အာရုံခံလိုက်၏။ ၎င်းက သူ၏ခန္ဓာကိုယ်နှင့် ဆက်စပ်နေကာ တစ်ဖက်လူမှ စုပ်ယူထားခြင်းဖြစ်သောကြောင့် ခဏအကြာတွင် တည်ရှိမှုကို အာရုံခံမိလိုက်သည်။

"လာစမ်း"

ရဲကွာ၏ဒန်တန်အတွင်း ရွှေရောင်မြူခိုးပမာရှိနေသော မိုးစက်က ယွမ်ရှောင်ထံ တိုးဝင်လာပြီး အလောင်းကြီးမှာ တုန်ခါသွား၍ ဒွါရကိုးပေါက်မှ သွေးများစီးထွက်လာရင်း အသက်အားများ လုံးဝခြောက်ကပ်ကုန်သည်။ လေထုက တစ်ချက်တုန်ခါသွားကာ သူ၏ရုပ်ခန္ဓာမှာ ခြောက်ကပ်နေသော သဲကန္တာရအတွင်း မိုးရွာလာသယောင် ထင်မှတ်လိုက်ရပြီး ရွှေရောင်ဒန်တန်ကို ပိုင်ဆိုင်သွားကာ စွမ်းအားများ တစ်ကိုယ်လုံးသို့ ပြန့်ထွက်လာ၏။

"ဒါက အနိမ့်ဆုံး မိုးစက်ဖြစ်ပေမယ့် မင်းကို ကျင့်ကြံရေးလမ်းကြောင်းပေါ် တင်ပေးနိုင်တယ်"

ကြယ်ပြာ၏စကားသံ ထွက်ပေါ်လာသည်။

"အနိမ့်ဆုံးကတောင် ဒီလောက်အစွမ်းထက်တာလား"

"လေပေါနေတာ တော်လောက်ပြီ"

အခေါင်းအဖုံးထက်တွင် ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်ဆိုသော စကားလုံးများ အံ့သြစရာကောင်းလောက်အောင် ထွက်ပေါ်လာသည်။ ယွမ်ရှောင်သည် ၎င်းထံမှ ကြီးကျယ်လှသော စကြဝဠာနှင့် နေ၊ လ၊ ကြယ်၊ လေ၊ မိုးကြိုးနှင့် လျှပ်စီးများ၏ စွမ်းအားကို ခံစားလိုက်ရသည်။

"ဒါက မင်းအတွက် တာအိုကျင့်စဥ်ပဲ"

"ငါက ဒါကို ကျင့်လိုက်ရင် နဂါးသဏ္ဍာန်ကို ဒန်တန်ထဲမှာ ဖွဲ့စည်းနိုင်မှာလား။ ပြီးရင် အသက်အားကို ချီအဖြစ်​ပြောင်းလဲနိုင်တဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာမှာပေါ့"

"ရယ်စရာကောင်းလိုက်တာ။ တာအိုဘုံတွေနဲ့ ခေးအော့က ဆင်းသက်လာတဲ့ ကျင့်စဥ်က နဂါးနွေဦးကို ကျင့်ကြံရုံတင် ဖြစ်နိုင်မလား"

ကြယ်ပြာ၏စကားကြောင့် သူက မင်သက်သွားကာ ဖန်ဆင်းရှင်၏ကျင့်စဥ်ဖြင့် နဂါးနွေဦးအဆင့်ကိုတင် တွေးမိသောကြောင့် အမြင်ကျဥ်းနေပုံပေါ်သည်။

"တကယ်တော့ ဒီကျင့်စဥ်က ကျော်ကြားပြီး နတ်ကုန်းမြေတိုက်ကြီးရဲ့အထက် ကောင်းကင်တွေမှာတောင် အစွမ်းထက်တယ်။ ဒါက ရှေးအင်မော်တယ်ရဲ့ အမှတ်အသားဖြစ်ပြီး လူသားတွေအတွက် သူက တာအိုဘုံတွေကို ဖြန့်ချီပေးခဲ့လို့ အင်မော်တယ်တာအိုရဲ့ ဘိုးဘေးလို့ သတ်မှတ်ထားကြတယ်"

ကြယ်ပြာ၏စကားသံက ထိုကျင့်ကြံသူအကြောင်း ပြောသောအခါ အေးစက်နေသည်။

"ဒီလူက ရှေးနတ်ဘုရား ခြောက်ယောက်ထဲက တစ်ယောက်မလား"

ယွမ်ရှောင်က မျက်မှောင်ကြုတ်လိုက်သည်။

"ဟုတ်တယ်။ လူသားမျိုးနွယ်ရဲ့ဘိုးဘေးဖြစ်ပြီး ကျင့်ကြံခြင်းကို မိတ်ဆက်ပေးခဲ့တယ်လို့ ကျော်ကြားတယ်။ မင်း ကျင့်ကြံရမယ့် နဂါးနွေဦးအဆင့်ဆိုတာလည်း ဒီကောင် သတ်မှတ်ပေးခဲ့တာပဲ"

"တကယ်ဆိုရင် ဒီအရာတွေရဲ့ ဘိုးဘေးအစစ်အမှန်က ဖန်ဆင်းရှင် အင်မော်တယ်မလား"

"ဒါပေါ့ကွ။ ဒီနတ်ဘုရားက နို့တိုက်စရာရှိတာကလွဲရင် ဖန်ဆင်းရှင်ကို ဘယ်လိုယှဥ်နိုင်မှာလဲ"

လနီက ဝင်ပြောလိုက်သောကြောင့် သဲလွန်စမကျန်အောင် သမိုင်းဖျောက်ခံလိုက်ရသည့် ဖန်ဆင်းရှင်၏အစွမ်းကို ယွမ်ရှောင်တစ်ယောက် နားလည်လိုက်၏။

"ဖန်ဆင်းရှင် မင်းက သွေး၊ အရိုးနဲ့ အသားစတဲ့ မိုးစက်တွေကိုရရင် ရှေးနတ်ဘုရားခြောက်ယောက်လုံးရဲ့ ကျင့်စဥ်တွေကို ရမယ်"

ကြယ်ပြာက အသိပေးလိုက်သည်။

"ရှေးဟင်းလင်းပြင်ကျင့်စဥ်တင် ရှိတာ မဟုတ်ဘူးလား"

"ဘယ်ဟုတ်မလဲကွ။ မင်းက လမ်းကြောင်းများစွာရဲ့ အရင်းအမြစ်ပဲ။ ဒီကျင့်စဥ်က ဒန်တန်အတွက်သာဖြစ်လို့ သွေး၊ အရိုး၊ အသားနဲ့ ဝိညာဥ်အတွက် ကျန်သေးတယ်။ မင်းက ဒါကို ကျင့်ကြံပြီး အထွတ်အထိပ်ကို ပြန်ရောက်ရင် ရှေးနတ်ဘုရားတွေကို ကျော်တက်သွားလိမ့်မယ်"

"သေချာလား"

"ပြောရရင် ဟင်းလင်းပြင်ကျင့်စဥ်မှာ မင်းက ယန်ကို ကျင့်ကြံရမှာဖြစ်လို့ ယင်ကို ကျင့်ကြံတဲ့ ရှေးအင်မော်တယ်ထက် ပိုပြီးအစွမ်းထက်လိမ့်မယ်။ ယန်ဟင်းလင်းပြင်က ပြည့်စုံသွားရင် ယင်ဟင်းလင်းပြင်က မင်းအတွက် အဖြည့်ခံသက်သက်ပဲ"

"မင်းပြောချင်တာက ရှေးအင်မော်တယ်ဟာ မိန်းမတစ်ယောက်လား"

ယွမ်ရှောင်သည် လနီ၏စကားကို ပြန်အမှတ်ရလိုက်သောကြောင့် မေးလိုက်သည်။

"ဟုတ်တယ်"

ကြယ်ပြာရော လနီပါ ပြိုင်တူဖြေလိုက်ကြသည်။ လူသားအင်မော်တယ် တာအို၏ဘိုးဘေးကို ကျင့်ကြံရေးတွင် အသုံးချရန်ဟူသော အတွေးက ယွမ်ရှောင်အား တုန်လှုပ်သွားစေသည်။ သို့ရာတွင် သူက လောလောဆယ် ရည်မှန်းချက်ကြီးများကို အသာထား၍ နဂါးနွေဦးအဆင့်ကို ကျင့်ကြံရပေလိမ့်မည်။ အခေါင်းအဖုံးမှ စာလုံးများသည် သူ၏ကိုယ်တွင်းသို့ ပေါင်းစပ်သွားကာ ချီလှိုင်းများကို ဒန်တန်အတွင်း ပို့ဆောင်ပေးခဲ့သည်။ ရွှေရောင်ဒန်တန်အတွင်း ပြောင်းလဲမှုဖြစ်ပေါ်လာကာ ရှေးချီစွမ်းအင်တစ်ရပ်သည် ၎င်း၏အလယ်၌ နဂါးတစ်ကောင်ကို သွန်းလုပ်ပေးခဲ့၏။ အခေါင်းမှတဆင့် ချီများစွာရလိုက်သောကြောင့် ၎င်းသည် ပတ်ဝန်းကျင်မှ ချီများကို စုပ်ယူနိုင်စွမ်း ရှိပုံရသည်။ ထို့ကြောင့် အနာဂတ်တွင် သူက ၎င်းအတွင်း ကျင့်ကြံလျှင် များစွာအကျိုးရှိပေလိမ့်မည်။

ကြယ်ပြာနှင့် လနီသည် သူ၏အပေါင်းအပါများသာမက ရွေ့လျားနေသော ကျင့်ကြံရေးအခန်းတစ်ခုလည်း ဖြစ်ကာ သူ၏ဒန်တန်အတွင်း ချီပြင်းထန်သည့် ရွှေရောင်နဂါးတစ်ကောင် ဖြစ်တည်လာသည်။ သူက ရွှေရောင်ဒန်တန်ကို ပိုင်ဆိုင်ထားသော်လည်း အင်မော်တယ်ရုပ်ခန္ဓာနှင့် ဟင်းလင်းပြင်ကျင့်စဥ်ကြောင့် ဆန်းကျယ်သော နဂါးကို ပိုင်ဆိုင်နိုင်ခဲ့သည်။

"ဒါက ဘယ်လိုနဂါးမျိုးလဲ"

ယွမ်ရှောင်က မေးလိုက်သည်။

"ဟင်းလင်းပြင်နဂါး။ ဒါက အဆုံးမဲ့အလားအလာတွေကို ပိုင်ဆိုင်ပြီး ရွှေရောင်ဒန်တန်နဲ့ ပေါင်းစပ်လိုက်ရင် မင်းက စဦးအဆင့်မှာတောင် အဆင့်တူချင်းထက် ခေါင်းတစ်လုံး ပိုမြင့်လိမ့်မယ်"

ကြယ်ပြာက ချီးကျူးလိုက်ခြင်း ဖြစ်၏။ ဤအဆင့်တွင် စဦး၊ အလယ်၊ နောက်ပိုင်း၊ ပြည့်စုံခြင်းနှင့် အ​ခြေတည်ဟူ၍ အဆင့်ငါးဆင့် ခွဲခြားထားကာ ငါးဆင့်မြောက်ကို ပိုင်နိုင်လျှင် အဆင့်ကြီးတစ်ဆင့် တက်နိုင်ပေလိမ့်မည်။ ထိုအဆင့်က ရောက်ရန် ခက်ခဲလှပြီး ဒန်တန်အတွင်းရှိ နဂါး၏လက်သည်း အရေအတွက်အလိုက် အဆင့်ခွဲထား၏။ လက်ရှိတွင် ယွမ်ရှောင်သည် နဂါးလက်သည်းတစ်ခုနှင့် စဦးအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်သော်လည်း ဓားဝိညာဥ်နှင့်အတူ အစစ်အမှန် ဓားသမားတစ်ယောက် ဖြ စ်လာခဲ့သည်။

"ရဲကွာရဲ့ ဒန်တန်က အကန့်အသတ်ရှိတယ်။ သူ့အစ်ကိုရဲ့ အမွှာဒန်တန်က ပိုအစွမ်းထက်တဲ့ မိုးစက်ပဲ။ မင်းက ဒါကိုရရင် ဟင်းလင်းပြင်ကျင့်စဥ်ရဲ့ မန္တန်တွေကို ကျင့်ကြံနိုင်လိမ့်မယ်။ မင်းရဲ့လက်ရှိ ဒန်တန်ကတော့ အားနည်းတယ်"

ကြယ်ပြာက သတိပေးလိုက်သည်။

"ဒါဆိုရင် လောလောဆယ် ငါရထားတဲ့ ကျင့်စဥ်က အပြည့်အစုံ မဟုတ်သေးဘူးပေါ့။ ကြည့်ရတာ ငါ့ခရီးလမ်းက အဆုံးမရှိဘူး ထင်တယ်"

ယွမ်ရှောင်က ရေရွတ်လိုက်ပြီး အင်မော်တယ်မိုးစက်မဟုတ်လျှင်ပင် တော်ဝင်မြို့တော်မှအဖြစ်​ကြောင့် ရဲကုရင်ကို သတ်ပေလိမ့်မည်။

"စကားမစပ် မင်းတို့မှာ တိုက်ခိုက်ရေးစွမ်းအား ရှိသေးလား"

သူက စပ်စုလိုက်သောအခါ သုံးလတိုင်တိုင် အိပ်မောကျနေခဲ့သော ကြယ်ပြာက ဖြေလိုက်၏။

"မင်းကို အသက်ပြန်သွင်းပြီး တိမ်တိုင်းပြည်ကို ပို့ရတာနဲ့တင် ငါတို့က စွမ်းအားကုန်သလောက်ဖြစ်နေပြီး အခုမှ အသစ်မွေးလာသလို ဖြစ်နေတယ်။ ဒါပေမယ့် သေရေးရှင်ရေးဆိုရင် မင်းကို ငါတို့ ကူညီမှာပါ"

"သေချာလား"

"ဒါပေါ့။ ညီအစ်ကိုအတွက် ငါ့ကိုယ်ငါတောင် ဓားနဲ့ထိုးမယ်"

"ငါဆိုရင် နှစ်ချောင်းတောင် ထိုးရဲတယ်"

"ဘဝအသစ်မှာ မင်းတို့နှစ်ယောက်ကို ညီအစ်ကိုအဖြစ် သတ်မှတ်ပြီး ငါက ကာကွယ်ပေးမယ်"

ကြယ်ပြာနှင့် လနီ၏ စကားကြောင့် မိသားစုမရှိတော့သည့် ယွမ်ရှောင်၏ ရေခဲနှလုံးသား အရည်ပျော်စပြုလာသည်။ ထို့နောက် သူက ရဲကွာ၏အလောင်းကို မီးရှို့ဖျက်ဆီးကာ အပြင်ထွက်လိုက်ပြီး အခေါင်းကြီးမှာ သားရဲလေးအဖြစ် ပြောင်းလဲသွားခဲ့သည်။

"မင့်ဘကြီး ငါ့ကို လာကိုက်မနေနဲ့ဟ"

ပခုံးထက်မှ နာကျင်မှုကြောင့် သူက အလန့်တကြား တားမြစ်လိုက်သည်။

"ငါမှားသွားတာ ဟီးဟီး"

ချွန်ထက်သော သွားများကို ထုတ်ထားသည့် လနီ၏လက်ချက် ဖြစ်သောကြောင့် သူက ဆွံ့အသွားရသည်။

"ကောင်းကင်သင်္ချိုင်းက အစွမ်းထက်ပေမယ့် ဖြစ်တည်ကာစဆိုတော့ ဖျက်ဆီးခံရနိုင်တယ်။ ဓားအော်ရာတွေကို ရယူဖို့ လိုအပ်နေတယ်။ ဒါကြောင့် ပထမနေရာကို လွဲချော်သွားရင် နောက်တစ်ကြိမ် မရနိုင်လောက်ဘူး"

သူက ပြောပြောဆိုဆိုနှင့် စမ်းသပ်မှုကို ရှေ့ဆက်ရန်အတွက် ပြေးထွက်သွားခဲ့သည်။ ကောင်းကင်လမ်း၏ရှေ့ဆုံးမှ ချီတက်နေသော ကျန်းရယ်သည် သစ်တောအတွင်းမှ နတ်ဆိုးတစ်ကောင် ချဥ်းကပ်လာနေသယောင် ခံစားရသောကြောင့် နောက်ကျောမလုံ ဖြစ်နေခဲ့သည်။ ရဲကုရင်က သူမအတွက် နတ်ဆိုးအရိုးကို ပြင်ဆင်ပေးထားသည့်အပြင် ဓားအမွေခံစင်မြင့်၌ အရေးကြီးပုဂ္ဂိုလ်တစ်ယောက် စောင့်ကြည့်နေကြောင်း အသိပေးထားခဲ့၏။ ထို့ကြောင့် သူမအနေဖြင့် ဘဝမြင့်မားနိုင်သော အခွင့်အရေးကို လွဲချော်ရန် မသင့်ပေ။ ကောင်းကင်လမ်းတွင် ယွမ်ရှောင်ဆိုသော လူငယ်တစ်ယောက် ပါဝင်လာသဖြင့် သူမက အတိတ်မှ လူတစ်ယောက်ကို အမှတ်ရလိုက်သည်။

"နင်က သေမျိုးဘဝနဲ့ အဆုံးသတ်သွားပေမယ့် ငါကတော့ အင်မော်တယ် အထွတ်အထိပ် ဖြစ်လာတော့မယ်"

သူမက အေးစက်စက် ရေရွတ်ကာ ဆက်လက်ခရီးနှင်နေသည်။

ဓားအမွေခံစင့်မြင့်သည် တိမ်များအတွင်း တည်ရှိပြီး ကျောက်ထိုင်ခုံရှစ်လုံး ခင်းကျင်းထားကာ ခုနစ်လုံး၌ အသူရာဓားဂိုဏ်း၏ အကြီးအကဲများ နေရာယူထားသည်။ ၎င်းတို့က တောင်တစ်ခုချင်းစီကို ကိုယ်စားပြုကာ ရောင်ချင်းချန်၏ထိုင်ခုံတွင် နံပတ်တစ်ဟူ၍ ရေးထွင်းထား၏။ အလယ်၌ ပို၍ကြီးမားသော ထိုင်ခုံတစ်လုံးရှိပြီး ဓားအိမ်တော်ဟူသော အစွမ်းထက်စာလုံးများ ရေးထွင်းထားသော်လည်း ပိုင်ရှင်မရှိချေ။ အသူရာဓားဂိုဏ်းတွင် တောင်ခုနစ်လုံးနှင့် အိမ်တော်တစ်ခု ရှိနေခဲ့ခြင်း ဖြစ်သည်။

"ရောင်ချင်းချန် အရာရာက အစီအစဥ်အတိုင်း ဖြစ်ရဲ့လား"

အပြာရောင်ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ယောက်သည် ရောင်ချင်းချန်၏ ကောက်ကြောင်းများကို စိုက်ကြည့်ရင်း မေးလိုက်သည်။ သူက ဝူယုဖြစ်ပြီး တောင်အမှတ်သုံး၏ အကြီးအကဲတစ်ယောက်ဖြစ်သည်။

"အဓိက အကြောင်းအရာက ကျောက်တုံးလမ်းမှာ ဖြစ်ပျက်လိမ့်မယ်"

သူမက စမ်းသပ်ချက်ကို အာရုံစိုက်နေသော ကျန်အကြီးအကဲများကို အကဲခတ်ရင်း မသိမသာဖြေလိုက်၏။ ဤစင်မြင့်ထက်မှ မြင်ကွင်းတွင် ကျောက်တုံးလမ်းကြောင်းကို ထင်ရှားစွာမြင်နိုင်ပြီး ကောင်းကင်လမ်း၏ နောက်ဆုံးအပိုင်းဖြစ်ကာ ဖြတ်ကျော်နိုင်သူတိုင်း အသူရာဓားဂိုဏ်းသို့ ဝင်ရောက်နိုင်ပေလိမ့်မည်။ လက်ရှိတွင် မည်သည့်တပည့်မှ မရောက်လာသေးသော်လည်း ရောက်လာသူတိုင်းကို အကြီးအကဲများက ချက်ချင်းသတိထားမိပေလိမ့်မည်။

"မင်းက လှည့်ကွက်တွေ လုပ်ထားတာလား"

ဝူယုက ခပ်တိုးတိုးမေးလိုက်သည်။

"လှည့်ကွက် မဟုတ်ဘူး။ ကျောက်တုံးလမ်းမှာ တပည့်တွေက နတ်ဆိုးနဲ့ ရင်ဆိုင်ရမယ်ဆိုတော့ နှစ်၂၀၀သက်တမ်းရှိတဲ့ သွေးနတ်ဆိုးကို လွှတ်ထားတယ်။ ကျန်းရယ်နဲ့ ရဲကွာကလွဲရင် ဘယ်သူမှယှဥ်နိုင်မှာ မဟုတ်ဘူး"

ရောင်ချန်းချန်က ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ကျောက်တုံးလမ်းကြောင်းတွင် ပုံမှန်ဆိုလျှင် အသက်တစ်ရာ နတ်ဆိုးကိုသာ စေလွှတ်တတ်သောကြောင့် အခြားသူများ ရိပ်မိသွားမည်ကို ဝူယုက စိုးရိမ်နေသည်။ သို့သော် ဓားဘုရင်၏ကိစ္စကို မည်သည့်အကြီးအကဲက ဝင်ရှုပ်ရဲပါမည်နည်း။

"ကျင့်ကြံခြင်းမှာ ငါတို့က တာအိုနောက်ကို တကယ်လိုက်နေတာလား။ ဒါမှမဟုတ် လူသားခံစားချက်တွေ ရှိနေသေးတာလား"

သူမက ပေါင်တံများပေါ်လွင်စေရန် ဝတ်ရုံကို တင်းလိုက်ပြီး မြှူဆွယ်ဟန်ပြနေခဲ့သည်။

"ဘယ်မောင်ကံဆိုး အရင်သေမလဲ စောင့်ကြည့်ရအောင်"

ဝူယုက အကြည့်လွှဲလိုက်ရင်း ကျောက်တုံးလမ်းကို စောင့်ကြည့်နေသည်။

"အသက်ဆယ့်သုံးနှစ်နဲ့ နဂါးနွေဦးအဆင့်ရောက်တဲ့ ရဲကွာက အစွမ်းထက်ပေမယ့် ကျန်းရယ်ကမှ တကယ့်ပါရမီရှင်ဖြစ်တယ်။ သူမက နောက်ထပ်ဓားဘုရင် ဖြစ်လာနိုင်တယ်"

သူမက ကျန်းရယ်၏ပါရမီနှင့် ငယ်ရွယ်မှုကို မနာလိုဖြစ်နေခဲ့သည်။

"ဓားဘုရင်လား"

"သုံးလအတွင်းမှာတင် သူမက နဂါးနွေဦးအလယ်အဆင့်ကို ရောက်လာတဲ့အပြင် ဓားဘုရင်ရဲကလည်း နတ်ဆိုးအရိုးတွေ လက်ဆောင်ပေးထားတဲ့အတွက် ဓားအော်ရာသုံးခုလောက် ရှိနေပြီ"

"ကောင်းကင်လမ်းရဲ့ ဆုလာဘ်ကလည်း သူမအတွက် မဟုတ်ဘူးလား။ ဓားဘုရင်က ဒီမိန်းကလေးကို တကယ်နှစ်သက်နေတာပဲ။ သူမရဲ့ ကြယ်အဆင့် ဓားဝိညာဥ်ရဲ့ အဆင့်အတိအကျကိုများ သတိထားမိလား"

ကြယ်တံခွန်အဆင့်နှင့် ကြယ်အဆင့်တွင် ဓားဝိညာဥ်များကို အဆင့်နိမ့်၊ အလယ်အဆင့်နှင့် အဆင့်မြင့်ဟူ၍ အဆင့်အတန်းခွဲခြားထားကာ စွမ်းအားချင်း ကွာခြားလှသည်။ ရေခဲလဓားဝိညာဥ်က အဆင့်နိမ့်ကြယ်ဖြစ်နေလျှင်ပင် အသူရာဓားဂိုဏ်း၌ ထိပ်တန်းဟုဆိုနိုင်ပြီး အဆင့်မြင့်ဖြစ်လျှင် သေချာပေါက် အထွတ်အထိပ် ရောက်ပေလိမ့်မည်။

"ဓားအမွေခံကျောက်မှာ ဒါကို အတိအကျ စမ်းသပ်ရလိမ့်မယ်"

ရောင်ချန်းချန်က ခေါင်းယမ်းပြလိုက်သည်။ ဝူယုက ဓားအိမ်တော်၏နေရာကို မနှစ်မြို့စွာကြည့်နေစဥ် အကြီးအကဲတစ်ယောက်၏ စကားသံ ထွက်ပေါ်လာသဖြင့် ခုနစ်ယောက်လုံး သတိထားမိလိုက်ကြသည်။ တပည့်ဆယ်ယောက်က ကောင်းကင်လမ်းကို ကျော်ဖြတ်နိုင်သွားလျှင် စမ်းသပ်မှု ပြီးဆုံးပြီဖြစ်သည်။

"ကြည့်ရတာ မိန်းမလှလေးတစ်ယောက် ထင်တယ်"

"ဒါက ရေခဲလဓားဝိညာဥ် မဟုတ်လား။ ဒီအအေးဓာတ်နဲ့ဆိုရင် ကြယ်အဆင့် ဖြစ်လိမ့်မယ်"

"ကြယ်အဆင့်နိမ့်ဆိုရင်တောင် ပါရမီရှင်လို့ ခေါ်နိုင်နေပြီ"

အကြီးအကဲများ၏ စကားကြောင့် ဝူယုက စုံစမ်းလိုက်သောအခါ ရောင်ချန်းချန်က ခေါင်းညိတ်ပြလိုက်သည်။

"ကျန်းရယ်လား"

"ဟုတ်တယ်။ သူမက ဦးဆောင်နေတယ်"

"ကြည့်ရတာ မင်းရဲ့ သွေးနတ်ဆိုးတောင် မလိုလောက်တော့ပါဘူး"

"မျှော်လင့်ရတာပဲ"

အကြီးအကဲခုနစ်ယောက်လုံးသည် ကျောက်တုံးလမ်းကို အာရုံစိုက်နေစဥ် မုန်တိုင်းလမ်းကြောင်းကို ယွမ်ရှောင်က ဖြတ်ကျော်လာပြီး ကျန်းရယ်အား လိုက်မီလာခဲ့သည်။ ကျောက်တုံးလမ်းသည် နောက်ဆုံးစမ်းသပ်မှုဖြစ်ကာ နတ်ဆိုးများ စောင့်ကြပ်နေပြီး တပည့်များ၏သတ္တိကို စမ်းသပ်ရန်ဖြစ်သည်။ ဂိုဏ်းမှဖမ်းဆီးထားသော နတ်ဆိုးများမှာ ကြမ်းကြုတ်ရက်စက်ကြောင်း သူက သိထားသော်လည်း မျက်လုံးများ တောက်ပနေသည်။ သူက နဂါးနွေဦး အဆင့်တက်ရန်အတွက် အချိန်ကုန်ခဲ့သော်လည်း ကျန်းရယ်မှအပ လူတိုင်းကို ကျော်ဖြတ်လာခဲ့သည်။

ကျောက်တုံးလမ်းသည် ဧရာမကျောက်တုံးကြီးများဖြင့် ဖန်တီးထားသော လှေကားတစ်ခုဖြစ်ကာ ဆယ်ပေကျော်မြင့်သောကြောင့် ဧရာမလူကြီးများ တက်ရန်အလား ထင်မှတ်ရ၏။ ယွမ်ရှောင်က ထိုနေရာသို့ ရောက်သောအခါ တစ်ဖက်လူသည် နှစ်တစ်ရာသက်တမ်းရှိ သားရဲတစ်ကောင်နှင့် တိုက်ခိုက်နေကြောင်း မြင်လိုက်ရသည်။ ၎င်း၏အပေါ်ပိုင်းက လူသားခန္ဓာဖြစ်ပြီး အောက်ပိုင်းက မြွေခန္ဓာဖြစ်ကာ တော်ဝင်မြို့တော်၌ သူရင်ဆိုင်ဖူးသော နတ်ဆိုးထက် သန်မာသည့် အရှိန်အဝါကို ပိုင်ဆိုင်ထား၏။ အံ့သြစရာကောင်းသည်မှာ အတိတ်တွင် သိုင်းပညာညံ့ဖျင်းသော သူမ၏ဓားချက်များက ပြင်းထန်နေပြီး အေးစက်စက် လေပြင်းများ ဖြစ်ပေါ်နေခဲ့သည်။

"တကယ်လို့ ငါသာ နဂါးနွေဦးအဆင့်ကို မရောက်သေးရင် ဒီကောင်မကို နိုင်မှာ မဟုတ်ဘူး"

အချိန်ခဏအတွင်း သူမက နတ်ဆိုးကို ခေါင်းဖြတ်လိုက်သောကြောင့် လွန်ခဲ့သော သုံးလအတွင်း ကြိုးစားလေ့ကျင့်ထားခြင်း ဖြစ်နိုင်သည်။

"ရပ်စမ်း"

သူက အေးစက်စက် အကြည့်တစ်ချက်နှင့် တားမြစ်လိုက်သည်။

"ဘယ်သူလဲ"

ကျန်းရယ်က နောက်လှည့်လိုက်သောအခါ အနက်ရောင်မြူခိုးများအကြားမှ ကျောက်တုံးလမ်းပေါ်သို့ တက်လှမ်းလာသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။

"ငါ့ကိုရပ်ဖို့ ပြောလိုက်တာ နင်လား"

သူမက ယွမ်ရှောင်၏ ချောမောမှုကြောင့် ရင်ခုန်သွားခဲ့သည်။

"ဒီနေရာမှာ ငါတစ်ယောက်တည်း ရှိတာ။ မင်းနဲ့ အကြီးအကဲရောင် လက်ဝါးချင်းရိုက်ထားတာ ငါသိတယ်။ သူမက မင်းကို ပထမနေရာပေးမယ်လို့ အာမခံထားတယ်မလား"

ယွမ်ရှောင်၏စကားက သူမ၏မာနကို ထိခိုက်သွားစေသောကြောင့် မျက်မှောင်ကြုတ်လိုက်သည်။

"တိုက်ခိုက်မှာဆိုရင် စကားမရှည်နဲ့။ ငါ့ဓားက လူမရွေးဘူး"

သူမ၏မျက်လုံးများတွင် ဒေါသအရိပ်အ​ယောင်များ ထင်ဟပ်လာကာ ပြန်လည်ဆင်းသက်လာခဲ့သည်။ အတိတ်တွင် သူမက နူးညံ့ကြင်နာသူဖြစ်ကြောင်း အမြဲတမ်း ဟန်ဆောင်ထားသဖြင့် သရုပ်ဆောင်ကောင်းသူ ဖြစ်၏။ ကံဆိုးစွာဖြင့် ယွမ်ရှောင်တစ်ယောက် သေရွာပြန်လာပြီး ကျန်းမျိုးနွယ်တစ်ခုလုံးကို ရှင်းပစ်လိုက်ကြောင်း မသိသေးပေ။

All Chapters