ဓားဝိညာဥ်အဆင့် စမ်းသပ်မှု
Vol. 1 Ch. 8
ယွမ်ရှောင်သည် အသံလာရာသို့ ကြည့်လိုက်သောအခါ ရောင်ချင်းချန်သည် ထိုင်ခုံမှ ဒေါသတကြီးထလာပြီ ဖြစ်သည်။ သူက သေမျိုးကမ္ဘာတွင် အလှလေးများစွာ မြင်ဖူးသော်လည်း ဤမိန်းမကဲ့သို့ အေးစက်စက် အရှိန်အဝါမျိုးဖြင့် လှပနေသည်ကို မမြင်ဖူးပေ။
"အကြီးအကဲတွေကို ဂါရဝပြုပါတယ်"
သူက သူမ၏ဒေါသကို လျစ်လျူရှုကာ ကျန်အကြီးအကဲများကို အရိုအသေပေးလိုက်သောကြောင့် အကဲခတ်နေသူအားလုံး အထင်ကြီးသွားကြ၏။
"ယွမ်ရှောင် ကိုယ့်အပြစ်ကို သိလား"
ရောင်ချန်းချန်၏ ရင်ဘတ်က ဒေါသကြောင့် နိမ့်တုံမြင့်တုံ လှုပ်ရှားနေသည်။
"မသိဘူး"
"မင်းက ကောင်းကင်လမ်းကြောင်းမှာ ရက်စက်ခဲ့တဲ့အတွက် အသူရာဓားဂိုဏ်း ရဲ့ဖြောင့်မတ်မှုနဲ့ မထိုက်တန်ဘူး"
သူမ၏လေသံက မိုးချုန်းသံပမာ ကျယ်လောင်နေပြီး ပင်လယ်ပမာကြီးမားသော အရှိန်အဝါဖြင့် ဖိအားပေးလာသည်။
"ကျုပ်သိသလောက်ဆိုရင် စမ်းသပ်ချက်မှာ လူဆယ်ယောက်သာ အောင်မြင်နိုင်ပြီး သတ်ဖြတ်ခြင်းကိုလည်း တားမြစ်မထားပါဘူး"
"ငါ့ကို ပြန်အာခံရဲတယ်လား"
"ကျုပ်က အမှန်တရားကို ထောက်ပြတာပါ။ ကြည့်ရတာ စမ်းသပ်ပွဲရဲ့ ပထမနေရာက သတ်မှတ်ထားပြီးသားထင်တယ်"
ယွမ်ရှောင်၏အသံက ပိုမိုအေးစက်လာကာ မြေပြင်မှ ကုန်းရုန်းထနေသော ကျန်းရယ်ထံ မေးငေါ့ပြလိုက်၏။
"သေချင်နေတာလား"
"တော်လောက်ပြီ။ ဒီလိုကိစ္စလေးကို အကြီးကြီးဖြစ်အောင် အကျယ်မချဲ့ချင်စမ်းပါနဲ့"
ရောင်ချင်းချန်က ဒေါသတကြီးဖြစ်လာစဥ် ယုရှန်ကျောက်က ခုန်ထွက်လာပြီး ယွမ်ရှောင်နှင့် သူမအကြားတွင် မတ်တပ်ရပ်လိုက်သည်။
"ကျုပ်က အသူရာဓားဂိုဏ်းကိုဝင်ဖို့ နှစ်ပေါင်းများစွာ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အမှန်တရားအတွက်တော့ နောက်မတွန့်ဘူး"
"မင်း အထင်လွဲနေပါပြီ။ အကြီးအကဲရောင်က ဒီအတိုင်း စနောက်နေတာပါ"
"ယုရှန်ကျောက် ငါ ဟာသလုပ်နေတာ မဟုတ်ဘူး"
သူမက ယုရှန်ကျောက်ကို မီးတောက်နေသော မျက်ဝန်းအစုံဖြင့် စိုက်ကြည့်နေသည်။
"ဒါဆိုရင် မင်းက သူ့အစွမ်းအစကို မျက်ကွယ်ပြုပြီး မောင်းထုတ်မလို့လား။ ကျန်းရယ်က မင်းနဲ့ ဘယ်လိုပတ်သက်နေတာလဲ"
ပြုံးရယ်နေတတ်သော ယုရှန်ကျောက်၏ မျက်နှာက ချက်ချင်းတင်းမာလာသကဲ့သို့ ကျန်အကြီးအကဲများက အကြည့်ချင်းဖလှယ်လိုက်ပြီး ဝူယုတစ်ယောက်သာ ရောင်ချင်းချန်နှင့်အတူ ရပ်တည်ခဲ့သည်။ လက်ရှိအခြေအနေကြောင့် သူမသည် ယွမ်ရှောင်ကို ပြဿနာရှာရန် လက်လျှော့လိုက်ပြီး ကျန်းရယ်အား ကူညီကာ ဒဏ်ရာအတွက် ကျောက်စိမ်းပုလင်းတစ်လုံးအတွင်းမှ အဖြူရောင်ဆေးလုံးများကို တိုက်လိုက်သည်။ အနီးကပ်ကြည့်လိုက်လျှင် သူမ၏ဒဏ်ရာများက သွေးစွန်းနေသော ဟက်တက်ကွဲ ဒဏ်ရာကြီးများ ဖြစ်နေသည်။
"ဒီယုရှန်ကျောက်သာ ထွက်မလာရင် ငါ သူ့ကို အပိုင်းပိုင်းခုတ်သတ်နိုင်တယ်"
ရောင်ချင်းချန်က အံကြိတ်၍ ရေရွတ်လိုက်ပြီး အကြီးအကဲအားလုံးနှင့် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။
"အကြီးအကဲရောင် ငါညံ့လို့ ဖြစ်ရတာပါ"
ကျန်းရယ်က စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
"မဟုတ်ဘူး။ သူက တိုက်ခိုက်ရေး အတွေ့အကြုံ နည်းနည်းပိုရှိလို့ပါ။ ကျင့်ကြံရေးလမ်းကြောင်းမှာ ပါရမီက အရေးပါပြီး အချိန်နည်းနည်းလောက်ယူလိုက်ရင် တိုက်ခိုက်ရေး အတွေ့အကြုံ များလာလိမ့်မယ်"
သူမ၏ အားပေးစကားကြောင့် သုံးလသာ လေ့ကျင့်ထားသော ကျန်းရယ်က စိတ်အားတက်ကြွလာခဲ့သည်။
"ဟိုကိုကြည့်လိုက်။ ဒါက ဓားအမွေခံကျောက်ပဲ"
ရောင်ချင်းချန်သည် ထိုင်ခုံရှစ်လုံး၏ အနောက်တွင် မြင့်တက်နေသော စင်တစ်ခုထံ ညွှန်ပြလိုက်ပြီး ၎င်းအထက်၌ အဝိုင်းသဏ္ဍာန် ကျောက်ပြားတစ်ချပ်ရှိကာ မျက်နှာပြင်၌ ယင်ယန်ငါးနှစ်ကောင် ပါဝင်သည့် ထိုက်ကျိစက်ဝိုင်းတစ်ခု ရှိနေသည်။
"အစ်ကိုရဲပြောတာကို ကြားဖူးတယ်။ ဒါက ဓားဝိညာဥ်ရဲ့အဆင့်ကို စမ်းသပ်ဖို့မလား"
"ဟုတ်တယ်။ မင်းရဲ့ ရေခဲလက ကြယ်အဆင့်မြင့်ဆိုရင် ဒီကောင် ကြောက်လန့်သွားလိမ့်မယ်"
ရောင်ချင်းချန်က မနာလိုစွာ ပြောလိုက်သည်။
"အဆင့်မြင့် မဟုတ်ရင်ရော"
"စိတ်ပူစရာမလိုဘူး။ မင်းက အသူရာဓားဂိုဏ်းရဲ့ ပါရမီရှင်တွေထဲမှာ ပါဝင်တယ်။ ဒီကျောက်တုံးကနေ တောင်တွေကို ထွန်းလင်းသွားစေတဲ့ လိမ္မော်ရောင်မျိုး ထွက်လာရင် တစ်ဂိုဏ်းလုံး သတိထားမိလိမ့်မယ်။ မင်းက ကောင်းကင်လမ်းကြောင်းမှာ နံပတ်တစ် မဟုတ်ရင်တောင် ကြီးမားတဲ့ ဂုဏ်သတင်းကိုရမှာ သေချာတယ်"
ရောင်ချင်းချန်က အားပေးရင်း အနိုင်ရသူအပြုံးမျိုး ထုတ်ဖော်လိုက်သည်။
"တကယ်လို့ ယုရှန်ကျောက်သာ မင်းရဲ့ဓားဝိညာဥ်အကြောင်း သိသွားရင် ဒီကောင့်ကို ကာကွယ်ပေးခဲ့မိတာ နောင်တရလိမ့်မယ်။ ညီမလေး နားလည်ထားရမှာက ဒီနေ့အရှုံးဟာ အရေးစိုက်စရာ မလိုဘူး။ ယွမ်ရှောင်က မင်းနဲ့ လောကချင်းမတူဘူး။ မင်းက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရင် ဒီကောင်က အောက်ခြေမှာ ကျန်ရစ်နေခဲ့လိမ့်မယ်"
"ကျေးဇူးတင်ပါတယ် အကြီးအကဲရောင်"
"ငါ့ကို အစ်မရောင်လို့ ခေါ်လို့ရပါတယ်"
ရောင်ချင်းချန်သည် ကျန်းရယ်ကို အားပေးနှစ်သိမ့်နေသော အကြောင်းအရင်းမှာ ရဲကုရင်၏ဒေါသကို လျော့ပါးစေလိုသောကြောင့်ပင်။
"ဘယ်အချိန်မှာ စမ်းသပ်ရမလဲ"
ကျန်းရယ်က ဓားအမွေခံကျောက်ကို မျှော်လင့်တကြီး စိုက်ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။
"ခဏစောင့်ဦး။ တပည့်ဆယ်ယောက်ပြည့်ရင် အကုန်လုံး စမ်းသပ်ခံရမယ်။ အချိန်ကျရင် ဒီကောင်က မင်းနဲ့ယှဥ်ရင် ဘာမှမဟုတ်ဘူးဆိုတာ သိသွားလိမ့်မယ်"
ကျန်းရယ်သည် ယွမ်ရှောင်ဆိုသော နာမည်ကြောင့် ထိုလူငယ်အပေါ် အနိုင်လိုချင်စိတ် အလွန်တရာပြင်းပျနေခဲ့သည်။ နာရီဝက်အကြာတွင် တပည့်ဆယ်ယောက်ပြည့်သွားပြီး ရဲကွာရောက်မလာသော်လည်း ရဲကုရင်နှင့်အတူ ရှိနိုင်သောကြောင့် ရောင်ချင်းချန်က အလေးမထားခဲ့ပေ။ သူမက တပည့်အသစ်များကို ဓားအမွေခံကျောက်ထံ ခေါ်ဆောင်သွားကာ ပထမဆုအဖြစ် နှစ်ငါးရာ နတ်ဆိုးအရိုးကို ယွမ်ရှောင်အား ခါးသက်သက်ပေးလိုက်ရသည်။ ၎င်းက အဝတ်အိတ်တစ်ခုအတွင်း ထည့်ထားသော်လည်း ကြမ်းကြုတ်သော အရှိန်အဝါတစ်ရပ် လေထဲတွင် ပျံ့နှံနေသည်။ ယွမ်ရှောင်က ဖွင့်ကြည့်လိုက်သောအခါ ခရမ်းရင့်ရောင် အရိုးတစ်ခုကို မြင်လိုက်ရပြီး သွေးရုန်းများ ထင်ဟပ်နေကာ သေမျိုးကမ္ဘာတွင် ကြောက်စရာဖြစ်သော နတ်ဆိုးဘုရင်၏အရိုး ဖြစ်နေသည်။ နတ်ကုန်းမြေတိုက်ကြီးတွင် ဤသို့သော နတ်ဆိုးမျိုးက သာမန်သေမျိုးပေါင်းသန်းချီကို အလွယ်တကူသတ်ဖြတ်နိုင်သော်လည်း အသူရာဓားဂိုဏ်းကို မယှဥ်နိုင်ချေ။ ကျန်းရယ်က အလွန်ဒေါသထွက်ပြီး စိတ်ဆတ်နေသော်လည်း ဓားအမွေခံကျောက်အားကိုးဖြင့် အရှက်ပြန်ခွဲရန် တေးမှတ်ထားလိုက်သည်။
ရောင်ချင်းချန်သည် အေးစက်သောအသံဖြင့် ဓားအမွေခံကျောက်က အဆင့်နှစ်ဖြစ်ကာ ငါးနှစ်ကောင်သည် ဓားထည့်သွင်းရန် နေရာဖြစ်ကြောင်း၊ တပည့်နှစ်ယောက်က ဓားဝိညာဥ်များ ထည့်သွင်းလိုက်လျှင် ယင်ယန်ချီများမှတဆင့် အရည်အသွေးကို အရောင်ဖြင့် ဖော်ပြနိုင်ကြောင်း ရှင်းပြလိုက်သည်။ ဤကား ယင်နှင့် ယန်၏ အားပြိုင်မှုဖြစ်သကဲ့သို့ ဓားဝိညာဥ်ချင်း၏ ရင်ဆိုင်မှုလည်း ဖြစ်သည်။ အသူရာဓားဂိုဏ်းတစ်ခုလုံးတွင်ပင် ဓားအမွေခံကျောက်တစ်ခုတည်းသာ ရှိပြီး ကိုယ်ပိုင်ဓားဝိညာဥ်၏ အဆင့်ကို မသိသော တပည့်အသစ်များမှာ စိုးရိမ်နေကြသည်။ ရောင်ချင်းချန်၏စကားအရ ကြယ်တံခွန်အဆင့်တွင် အနီဖျော့၊ အနီ၊ အနီရင့်နှင့် ကြယ်အဆင့်တွင် လိမ္မော်ရောင်အဖျော့၊ လိမ္မော်၊ လိမ္မောရောင်အရင့်ဟူ၍ ကွဲပြားကာ ကျန်းရယ်သည် အဆင့်မြင့် ကြယ်ဓားဝိညာဥ်ကို မျှော်လင့်နေခဲ့သည်။
စမ်းသပ်မှု စတင်သောအခါ အခြားတပည့်များသည် ကြယ်တံခွန်အဆင့်သာဖြစ်သော အနီရောင်တောက်ပနေပြီး အထူးချွန်ဆုံးမှာ အနီရင့်ရောင်သာ ဖြစ်သည်။ ထို့နောက် ယွမ်ရှောင်နှင့် ကျန်းရယ်၏အလှည့် ရောက်သောအခါ သူမက ကျိန်ဆိုလိုက်သည်။
"ယွမ်ရှောင် နင့်ကို ဆယ်ဆပြန် အရှက်ခွဲမယ်"
"မင်းကိုယ်မင်း ဘာထင်နေတာလဲ"
သူက အထင်သေးစွာ နှာခေါင်းရှုံ့လိုက်သည်။
"တော်လောက်ပြီ။ ရှေ့တက်လာကြစမ်း"
ရောင်ချင်းချန်၏အမိန့်ဖြင့် သူတို့က နေရာယူလိုက်ပြီး လူတိုင်း၏ အာရုံကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
"ဓားဝိညာဥ်ကို နေရာတကျထားလိုက်"
ရောင်ချင်းချန်၏ အသံက တင်းမာနေသော်လည်း ကျန်းရယ်ကို ညှင်သာစွာ စောင့်ကြည့်နေသည်။ သူမ၏ဓားဝိညာဥ်က ရေခဲပမာ အေးစက်၍ ဓားအော်ရာသုံးခုရှိနေသဖြင့် လေထုပင် အေးခဲလာသော်လည်း ကျန်တစ်ဖက်၌ ယွမ်ရှောင်၏ ဓားဝိညာဥ်က ဓားအော်ရာတစ်ခုနှင့် သာမန်ဆန်နေသည်။
"ကောင်းကင်ထောက်တိုင် အို လေးစားရပါသော ဓားဘိုးဘေး ယနေ့မှာ တပည့်နှစ်ယောက်က ဓားဝိညာဥ်အဆင့်ကို စမ်းသပ်ပါတော့မယ်။ အသူရာဓားဂိုဏ်းကို ကောင်းချီးပေးတော်မူပါ"
ရောင်ချင်းချန်က ဂါထာလိုလို မန္တန်လိုလို စာတစ်ပုဒ်ကို ကောင်းကင်ထောက်တိုင်ရှိခဲ့ဖူးသော နေရာထံ မျှော်ကြည့်ကာ ရွတ်ဆိုလိုက်သည်။ ဓားသမားများအားလုံးက ၎င်းကို လေးစားကြပြီး ဒဏ္ဍာရီအရ ဓားဝိညာဥ်များ၏ မူလအစဟု သတ်မှတ်ထားကြသည်။ ၎င်းပျောက်ကွယ်သွားသော်လည်း သူမက ဓလေ့ထုံးတမ်းများကို လျစ်လျူရှုမထားရဲပေ။
"ခင်ဗျား ကြည့်တဲ့နေရာ မှားနေတယ်။ ကောင်းကင်ထောက်တိုင်အစစ်က ဒီမှာ"
ယွမ်ရှောင်က တစ်ချက်ပြုံး၍ ကောင်းကင်သင်္ချိုင်းကို မြှောက်ပြလိုက်သည်။
"အရူး နင်က ပင်လယ်ရေသောက်တာ များသွားပြီထင်တယ်"
ကျန်းရယ်က လှောင်ရယ်လိုက်ပြီး ရေခဲလကို အနက်ရောင်ငါးနေရာ၌ ထိုးစိုက်လိုက်ပြီး ယွမ်ရှောင်က အဖြူရောင်ငါးနေရာတွင် ထိုးစိုက်ခဲ့သည်။ ယင်ယန်ကိုယ်စားပြု ငါးနှစ်ကောင်ပုံရိပ်က အသက်ဝင်လာကာ ပတ်ဝန်းကျင်မှ ချီများကို စုပ်ယူပြီး စိန်ခေါ်မှုတစ်ခု စတင်လာကာ မည်သည့်ဓားဝိညာဥ် အနိုင်ရမည်က စိတ်ဝင်စားစရာ ဖြစ်နေသည်။
"ဒီကျောက်က ငါ့ဓားအစွမ်းကို ခံနိုင်ပါ့မလား"
ယွမ်ရှောင်က အတွေးနက်နေစဥ် အနက်ရောင်အခြမ်းကို အာရုံစိုက်နေသော ရောင်ချင်းချန်၏အော်သံ ထွက်ပေါ်လာသည်။
"လိမ္မော်ရောင်အရင့်လား"
ထိုအချိန်တွင် ကောင်းကင်သင်္ချိုင်းက လှုပ်ခါလာပြီး အရှိန်အဝါများ ထွက်ပေါ်လာကာ ဓားအမွေခံကျောက်အတွင်းမှ အပြာရောင် မြူခိုးများ ထွက်ပေါ်လာစေသည်။
"တစ်ခုခု မှားနေတာလား"
ယွမ်ရှောင်သည် အပြာရောင် မြူခိုးအကြားတွင် တဆတ်ဆတ်တုန်ခါနေသော ဓားအမွေခံကျောက်ကို မြင်လိုက်ရသည်။
"ဘာတွေဖြစ်နေတာလဲ"
ရောင်ချင်းချန်က ထိတ်လန့်သွားကာ အလန့်တကြား ရေရွတ်လိုက်လေသည်။