← Chapters

သုံးရက်

Vol. 1 Ch. 9

သုံးရက်

Vol. 1 Ch. 9

ပြင်းထန်သော သက်ရောက်မှုကြောင့် ဓားအမွေခံကျောက်၏ အဖြူရောအနက်ပါ တုန်ခါနေကာ အပြာရောင်မြူခိုးများ ရစ်သိုင်းနေ၍ ပြင်းထန်သော အရှိန်အဝါ ပြန့်ထွက်လာသဖြင့် ယွမ်ရှောင်၊ ကျန်းရယ်နှင့် ရောင်ချင်းချန်တို့ နောက်ဆုတ်ပေးလိုက်ရသည်။ ဟန်ချက်ညှိအောင် ထိန်းလိုက်သော ခဏတွင် အက်ကြောင်းများ ပြည့်နှက်နေသော ကျောက်တုံးကြီးကို မြင်လိုက်ရသဖြင့် ရောင်ချင်းချန်၏မျက်လုံးများ ပြူးထွက်လာသည်။ အကြီးအကဲအားလုံး တုန်ယင်နေစဥ် ဘုန်းခနဲ မြည်ဟီးသွားကာ ၎င်းသည် မြူခိုးများအဖြစ် ပေါက်ကွဲပျက်စီးသွားသည်။ ဤပေါက်ကွဲမှုကြောင့် မြေပြင်တစ်ခုလုံး တုန်ခါသွားပြီး အသူရာဓားဂိုဏ်းတစ်ခွင် ပြန့်ထွက်သွား၍ သစ်ပင်တိုင်းမှ သစ်ရွက်များ ကြွေကျလာသည်။ မြင်ကွင်းကို မယုံနိုင်သဖြင့် သူတို့က မျက်လုံးကို ထပ်ကာထပ်ကာ ပွတ်ကြည့်နေကြ၏။

"ဓားအမွေခံကျောက် ပျက်စီးသွားပြီ"

"ကပ်ဘေးလား၊ ဂိုဏ်းရဲ့ သမိုင်းတစ်ခုလုံးမှာ ဒါက လုံးဝမပျက်စီးခဲ့ဘူး"

"ဓားဝိညာဥ်က ကြယ်အဆင့်ကို ကျော်လွန်နေလို့လား"

ဤစကားသံများကြောင့် ယွမ်ရှောင်သည် သူ၏ပါရမီကို လျှို့ဝှက်ထားရန် မဖြစ်နိုင်​ကြောင်း ခန့်မှန်းလိုက်သည်။ ထိုအချိန်၌ ကောင်းကင်တွင် တိမ်များကင်းစင်သွားကာ ဓားအော်သံတရွှီရွှီ ထွက်ပေါ်လာ၍ ဒါဇင်ချီသော ဓားများ ချဥ်းကပ်လာခဲ့၏။ ဓားစင်မြင့်ရှိ သစ်ပင်များနှင့် ကျောက်တုံးများတွင် ဓားခုတ်ရာများ ထူးဆန်းစွာ ထွက်ပေါ်လာပြီး မမြင်ရသော ဓားတစ်လက်ပမာ ထင်မှတ်ရသည်။

"ဘယ်သူလဲ"

သူက စပ်စုနေစဥ် ကောင်းကင်မှ ဓားအလင်းများနှင့်အတူ ပုံရိပ်များ ကျဆင်းလာကာ အရှိန်အဝါက သာလွန်နေသဖြင့် အသူရာဓားဂိုဏ်း၏ အထက်အကြီးအကဲများ ဖြစ်နိုင်သည်။ ၎င်းတို့ကြားတွင် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်က ခေါင်းဆောင်ဖြစ်ပြီး ရှည်လျားသော မျက်ခုံးများ၊ ချွန်ထက်သော နှာခေါင်းနှင့် လင်းယုန်မျက်နှာမျိုး ပိုင်ဆိုင်ထားကာ မျက်လုံးများအတွင်း ဓားများစွာရှိနေသကဲ့သို့ ထင်မှတ်ရသည်။

"ဓားသခင်ကို နှုတ်ခွန်းဆက်သပါတယ်"

အကြီးအကဲအားလုံးက ရိုသေစွာဖြင့် ပြိုင်တူအရိုအသေပေးလိုက်ကြပြီး နဖူးထက်တွင် ချွေးများစို့လာ၏။ ဓားသခင်နှင့်အတူ လိုက်ပါလာသော လူငယ်များမှာ ထူးခြားသော အရှိန်အဝါကိုယ်စီနှင့် ကျင့်ကြံခြင်းမြင့်မားကာ ပါရမီရှင်ဟူသော သတ်မှတ်ချက်ပြည့်မီကာ ဘက်ပေါင်းစုံတွင် တပည့်အသစ်များထက် သာလွန်နေ၏။ ဓားအမွေခံကျောက် ပျက်စီးသွားခြင်းသည် ဓားတောင်နံပတ်တစ်၏ ဓားသခင်ကို အာရုံစိုက်လာစေခဲ့သည်။ ရဲကုရင်က ဓားတောင်တစ်၏ ဓားဘုရင်ဖြစ်သောကြောင့် ဆက်နွယ်မှုတစ်ခု ရှိနိုင်ကြောင်း ယွမ်ရှောင် နားလည်လိုက်သည်။

"ချင်းချန်က ဓားသခင်ကို အရိုအသေပေးပါမယ်"

"ဒီလိုလာခဲ့"

ကျန်းရယ်က နှုတ်ခွန်းဆက်လိုက်သော်လည်း ဓားသခင်က လျစ်လျူရှုထားပြီး ကျန်းရယ်ကို တစ်ချက်လှမ်းကြည့်ကာ ကြားရသူတိုင်းကို ကြက်သီးထစေမည့် ခပ်အက်အက်အသံဖြင့် အမိန့်ပေးလိုက်သည်။

"ဟုတ်ကဲ့"

သူမက ကြောက်လန့်နေသော်လည်း နာခံစွာဖြင့် ချဥ်းကပ်သွားခဲ့သည်။ တစ်ဖက်လူက ဒူးထောက်ရန် အမိန့်ပေးလိုက်သောအခါတွင်လည်း တစ်ချက်ပင် တုံ့ဆိုင်းမနေခဲ့ပေ။

"နာမည်"

"ကျန်းရယ်ပါ"

"ခေါင်းမော့စမ်း"

သူမက ခေါင်းမော့လိုက်သော်လည်း မျက်နှာချင်းမဆိုင်ဝံ့သောကြောင့် တစ်ဖက်လူ၏ ရင်ဘတ်ကိုသာ ကြည့်လိုက်သော်လည်း ဓားသခင်မှာ အံ့အားသင်စရာကောင်းစွာ ပြုံးနေခဲ့သည်။

"ကျန်းရယ် ငါ့တပည့် ဖြစ်ချင်လား"

သူမသည် ဤစကားကြောင့် ရဲကုရင် ပြောပြထားသူကို အမှတ်ရလိုက်သဖြင့် ထပ်ကာထပ်ကာ ဦးညွှတ်ရင်း သဘောတူလိုက်သည်။

"ဒီတပည့်ရဲ့ လမ်းကြောင်းမှာ ဓားသခင်က ညွှန်ကြားပေးမယ်ဆိုရင် အတိုင်းမသိ ဂုဏ်ယူနေမှာပါ"

"အရမ်းကောင်းတယ်။ အခုကစပြီး မင်းက ငါ့ရဲ့ ၁၃ယောက်မြောက် တပည့်ဖြစ်လာပြီ"

"ကြိုဆိုပါတယ် ဆရာတူညီမလေး"

"ကျန်းရယ်က ဆရာတူအစ်ကိုအစ်မတွေကို အရိုအသေပေးပါတယ်"

ဓားသခင်က လူသိရှင်ကြား ကြေညာလိုက်သောအခါ သူ၏တပည့်များက အသိအမှတ်ပြုလိုက်သကဲ့သို့ ကျန်းရယ်ကလည်း ရဲကုရင်ပမာ အစွမ်းထက်သော ဆရာတူမောင်နှမများကို ဦးညွှတ်လိုက်သည်။ သူမသည် ဤလူများထံတွင် အနာဂတ်ကို တောက်ပစွာ မြင်နေရပြီး ကံကြမ္မာ ပြောင်းလဲသွားခဲ့သည်။

"ကျန်းရယ် ဒါက ဆရာရဲ့ လက်ဆောင်ဖြစ်ပြီး နတ်ပင်လယ်ဆေးလုံး ဖြစ်တယ်"

ဓားသခင်သည် အပြာရောင် ကျောက်စိမ်းပုလင်းတစ်လုံးအတွင်း၌ သေးငယ်သော်လည်း ပင်လယ်ပမာ ကြီးမားကျယ်ပြန့်သော အရှိန်အဝါနှင့် ဆေးတစ်လုံးကို ထုတ်ပေးလိုက်၏။ ၎င်းကြောင့် အကြီးအကဲခုနစ်ယောက်လုံး မျက်လုံးပြူးသွားကာ သူ၏တပည့်များသည်ပင် မနာလိုမှုကြောင့် အကြည့်များ တင်းမာလာကြ၏။ အဖိုးတန်လှသော ရတနာကို ပထမဆုံး တွေ့ဆုံရာ၌ လက်ဆောင်အဖြစ် ပေးလိုက်သော ဓားသခင်ကြောင့် ရောင်ချင်းချန်ပင် မယုံနိုင်ချေ။ ၎င်းက အသူရာဓားဂိုဏ်းတစ်ခုလုံးတွင် တစ်လုံးသာရှိပြီး နဂါးနွေဦးအဆင့်မှ နတ်ပင်လယ်အဆင့်သို့ ရောက်သွားစေနိုင်သဖြင့် နှစ်ငါးရာ နတ်ဆိုးအရိုးထက် များစွာအဖိုးတန်ပေ၏။

"ကျေးဇူးတင်ပါတယ် ဆရာ၊ ဒီတပည့်က ဆရာကို စိတ်မပျက်စေရပါဘူး။ နတ်ပင်လယ်အဆင့်ကို သေချာပေါက် ရောက်စေရမယ်"

တီးတိုးစကားများကြောင့် ရင်ခုန်မြန်နေသော ကျန်းရယ်က ချက်ချင်းကျေးဇူးတင်လိုက်ပြီး ဝမ်းသာစိတ်ကို ဖုံးဖိမရဖြစ်နေသည်။ ဤဆေးတစ်လုံးတည်းဖြင့် ယနေ့အရှက်ကွဲမှုများက ထိုက်တန်ပေသည်။ ဓားအမွေခံကျောက်ကို ပျက်စီး စေခဲ့သည်မှာ ယွမ်ရှောင်ဖြစ်သော်လည်း ဓားသခင်က ရောက်လာလာချင်း သူမကို တပည့်အဖြစ် လက်ခံခဲ့သည်။

"ရယ်အာ မင်းရဲ့ ဓားဝိညာဥ်ကို ပြ"

ဓားသခင်က တစ်ချက်ပြုံး၍ ပြောလိုက်သည်။

"ဒါက ဓားအမွေခံကျောက်ကို ပျက်စီးစေတဲ့ ရေခဲလ ဓားဝိညာဥ် ဖြစ်ပါတယ်"

ကျန်းရယ်က ဓားထုတ်ပြလိုက်သောအခါ ရောင်ချင်းချန်က မျက်နှာလိုမျက်နှာရ ရှင်းပြလိုက်၏။

"သမိုင်းထဲမှာ ရေခဲလဓားဝိညာဥ်ဆိုရင် အမြင့်ဆုံးရောက်နိုင်တာက အဆင့်မြင့်ကြယ်ပဲ။ ဒီလောကကြီးထဲမှာ ကန့်သတ်ချက်ကို ကျော်လွန်နေတဲ့ ဓားဝိညာဥ် ရှိမယ်လို့ မျှော်လင့်မထားဘူး"

ဓားသခင်က ခေါင်းညိတ်၍ ချီးကျူးနေသော်လည်း မျက်လုံးအတွင်း ဖြတ်ခနဲ ထွက်ပေါ်လာသည့် စိတ်ရှုပ်မှုများကို ဖုံးကွယ်လိုက်၏။

"ဒါက လအဆင့်များ ဖြစ်နိုင်မလား။ ဂိုဏ်းရဲ့သမိုင်းထဲမှာ လအဆင့် ပါရမီရှင်တစ်ယောက်မှ မရှိဖူးဘူး"

ရောင်ချင်းချန်သည် စိတ်ထဲတွင် ရဲကုရင်ပင် လအဆင့် ဓားဝိညာဥ်မပိုင်ဆိုင်ကြောင်း တွေးနေမိသည်။

"ပိုနိုင်တယ်"

သို့သော် ဓားသခင်၏စကားက သူမကို မင်သက်သွားစေသည့်အပြင် အဆင့်နှစ် ဓားအမွေခံကျောက်သည် လအဆင့် ဓားဝိညာဥ်ကြောင့် ပျက်စီးစရာ အကြောင်းမရှိဟု မှတ်ချက်ပေးလိုက်ပြန်သည်။

"ဒါက ကြယ်တာရာအဆင့် ဖြစ်နိုင်မလား"

သူမက အသက်ရှူရပ်မတတ် ဖြစ်သွားကာ ဓားသခင်၏ လုပ်ရပ်များနှင့် အကြောင်းအရင်းကို နားလည်သွားသည်။ ကြယ်အဆင့် ဓားဝိညာဥ်ကို ပါရမီရှင်ဟု သတ်မှတ်လျှင် ကြယ်တာရာအဆင့် ဓားဝိညာဥ်က ဒဏ္ဍာရီတစ်ပုဒ်ပင်။

"ဓားပင်လယ်ကနေ အဆင့်လေး ဓားအမွေခံကျောက်တစ်တုံးကို ငါ တောင်းဆိုရမယ်။ ရယ်အာရဲ့ဓားက လအဆင့်ဖြစ်ဖြစ် ကြယ်တာရာအဆင့်ဖြစ်ဖြစ် ဒီကျောက်က ဖော်ပြပေးနိုင်တယ်"

ဓားသခင်က ကျေနပ်စွာရေရွတ်ရင်း ကျန်းရယ်၏ဦးခေါင်းကို ပွတ်သပ်လိုက်သောအခါ သူမက မြူးထူးနေပုံရသည်။

"သုံးရက်အတွင်း ဓားခုနစ်လက်ပွဲတော်မှာ ရောက်လာလိမ့်မယ်"

ရောင်ချင်းချန်၏ စပ်စုသော အကြည့်ကို ဓားသခင်က ကြိုတင်​ဖြေကြားလိုက်၏။

"ဒါဆိုရင် ဓားခုနစ်လက်ပွဲတော်ရဲ့ နောက်ဆုံးမှာ သူမကို ထုတ်ပြလိုက်ရင် အသူရာဓားဂိုဏ်းတစ်ခုလုံး မြင်တွေ့နိုင်လိမ့်မယ်"

သူမက မြှောက်ထိုးပင့်ကော်ပြောလိုက်ပြီး စိတ်ထဲတွင် ကျန်းရယ်သည် ရဲကုရင်ကိုပင် ကျော်တက်သွားမည်ဟု တွက်ဆထားသည်။ ဓားအမွေခံကျောက်မှတဆင့် ဤသတင်းပြန့်သွားလျှင် ပတ်ဝန်းကျင်ကို လှိုင်းထန်သွားစေနိုင်သည်။

"ရောင်ချင်းချန် မင်း တော်တယ်"

"ကျန်းရယ်က ဓားသခင်ရဲ့တပည့်ဆိုတော့ ကျွန်မက ပစားပေးရမှာပါ"

ဓားသခင်၏ ချီးကျူးစကားကြောင့် ရောင်ချင်းချန်၏ အပြုံးက နားရွက်ချိတ်မတတ် ဖြစ်နေသည်။

"ကောင်းပြီ။ ရယ်အာရဲ့ ဓားဝိညာဥ်ကို ဓားခုနစ်လက်ပွဲမှာ စမ်းသပ်မယ်"

အသူရာဓားဂိုဏ်းတစ်ခွင် ကျော်ကြားလာမည့် အခွင့်အရေးကြောင့် ကျန်းရယ်မှာ ဝမ်းသာလုံးဆို့နေခဲ့သည်။ ယွမ်ရှောင်သည် သူ၏လုပ်ရပ်ကြောင့် ရန်သူကောင်းစားသွားသဖြင့် ခါးသက်သက်ဖြစ်နေကာ အနားရှိ ယုရှန်ကျောက်ထံ ချဥ်းကပ်လိုက်သည်။

"ဓားဝိညာဥ်ကို စမ်းသပ်တာက နှစ်ယောက်လုံးဆိုတော့ ကျုပ်ရဲ့ ဓားဝိညာဥ်ရော မဖြစ်နိုင်ဘူးလား"

"ငါ့ကိုပြ"

ယုရှန်ကျောက်က သတိပြန်ဝင်လာပြီး မျှော်လင့်စရာမရှိသော်လည်း စစ်ဆေးပေးလိုခဲ့သည်။

"သတိထားပါ အကြီးအကဲယု"

ကောင်းကင်သင်္ချိုင်းက သာမန်ဟု ထင်ရသော်လည်း အလွန်ထက်ရှသောကြောင့် ယွမ်ရှောင်က သတိပေးလိုက်သည်။

"ဘာမှမထူးခြားဘူး။ ဒါက ကြာစိမ်းဓားဝိညာဥ်တစ်ခု မဟုတ်လား။ အဆင့်နိမ့် ကြယ်တံခွန်အဆင့်။ ဒီလိုဓားဝိညာဥ်မျိုးနဲ့ ကျင့်ကြံသူတွေ တစ်ရာကျော်လောက် ငါ မြင်ဖူးတယ်"

ယုရှန်ကျောက်က ခေါင်းတစ်ချက်ယမ်းကာ ရှင်းပြလိုက်သောအခါ ယွမ်ရှောင်မှာ ဆွံ့အသွားခဲ့သည်။

"သုံးရက်အတွင်း သူမရဲ့ဓားဝိညာဥ်ကို စစ်ဆေးပြီး လအဆင့်နဲ့အထက် ဖြစ်နေရင် အသူရာဓားဂိုဏ်းရဲ့ သမိုင်းကြောင်းမှာ နာမည်တစ်ခု ပိုင်ဆိုင်သွားလိမ့်မယ်"

ယုရှန်ကျောက်က သူ့ကို အလေးမထားဘဲ ကျန်းရယ်ကို စိုက်ကြည့်ရင်း တအံ့တသြ ရေရွတ်လိုက်သည်။

"ငါရော ဒီပွဲတော်မှာ စမ်းသပ်ခွင့် ရနိုင်မလား"

ယွမ်ရှောင်က အတွေးနက်နေပြီး အဆင့်လေး ဓားအမွေခံကျောက်သည် သူ၏ဓားဝိညာဥ်ကို စစ်ဆေးနိုင်စွမ်းရှိမရှိ သိချင်နေသည်။ အကယ်၍ ကျန်းရယ်သာ ဤပွဲ၌ လူရယ်စရာဖြစ်သွားလျှင် သေချာပေါက် ကျေနပ်စရာကောင်းပေလိမ့်မည်။ အမြင့်ရောက်လေလေ အကျနာလေလေ ဖြစ်သောကြောင့် သူက လက်ရှိအခြေအနေကို မေ့ထားလိုက်၏။ ထို့အပြင် ဓားသခင်နှင့် ရဲကုရင်က ဆက်နွယ်နေသောကြောင့် သူက မပတ်သက်လိုချေ။

"ပြဿနာတစ်ခု ရှိတယ်။ မင်းကြောင့် သူမက နတ်ပင်လယ်ဆေးတစ်လုံး ရသွားတယ်"

ရင်ဘတ်အတွင်းမှ ကြယ်ပြာက တီးတိုးသတိပေးလိုက်သည်။

"နွားမတစ်ကောင်က ဘယ်လောက်အဖိုးတန်တဲ့ ဆေးတွေ စားစား၊ ဖီးနစ် ဖြစ်မလာနိုင်ဘူး။ သူမက အမြင့်ဘယ်လောက်ရောက်ရောက် ငါက ဓားတစ်ချက်တည်းနဲ့ ဆွဲချနိုင်ပါတယ်"

ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး ယုံကြည်မှုအပြည့်နှင့် ပြောလိုက်လေသည်။

All Chapters