← Chapters

ဓားအိမ်တော်

Vol. 1 Ch. 10

ဓားအိမ်တော်

Vol. 1 Ch. 10

ကျန်းရယ်ကို တပည့်အဖြစ် လက်ခံပြီးနောက် ဓားသခင်သည် တပည့်များနှင့်အတူ ထွက်ခွာသွားရာ ကောင်းကင်ပေါ်သို့ ဓားပျံများ တက်သွားကြ၏။ သူက ဝမ်ဖုန်းဆိုသော တပည့်ကို သူမအား ဂိုဏ်းအတွင်း အသားကျစေရန်အတွက် ကူညီရန် ထားရစ်ခဲ့သည်။

"အစ်ကို၁၂ ခနလောက် စောင့်ပေးပါ"

သူမက လိမ္မော်ရောင်ဝတ်ရုံနှင့် ဝမ်ဖုန်းကို ခွင့်တောင်းလိုက်သောအခါ တစ်ဖက်လူက နွေးထွေးသော အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။

"ငါ့ကို စော်ကားမိတဲ့အတွက် နောင်တရနေပြီလား"

သူမက တစ်ချက်ပင်တုံ့ဆိုင်းမနေဘဲ ယွမ်ရှောင်ထံ သွားရောက်ကာ အထက်စီးမှ မေးလိုက်သည်။

"ဘာကိစ္စ ငါက နောင်တရမှာလဲ။ မင်းရဲ့ဓားဝိညာဥ်က ထင်သလောက် ကြောက်စရာမကောင်းပါဘူး"

ယွမ်ရှောင်က မထီမဲ့မြင်ဟန်ဖြင့် လက်မထောင်ပြလိုက်၏။

"ဓားခုနစ်လက်ပွဲတော်ကို လာခဲ့။ ငါက နင့်ကို ငါ့အစွမ်းပြမယ်။ စာကလေးတွေက ငန်းရဲ့တေးသံကို ဘယ်တော့မှနားလည်မှာ မဟုတ်ဘူး"

သူမက ဒေါသတကြီးဖြင့် မောက်မာစွာပြောဆိုကာ လှည့်ထွက်သွားပြီး သူမ၏အမြင်တွင် ဤလူငယ်သည် ကျင့်ကြံရေးလမ်းကြောင်းအတွင်း မတော်တဆကြုံခဲ့ရပြီး ပျောက်ကွယ်သွားမည့် သူ ဖြစ်သည်။

"အစ်မရောင် သူတို့က ဘာဖြစ်ထားတာလဲ"

ဝမ်ဖုန်းက ယွမ်ရှောင်ကို ညွှန်ပြ၍ မေးလိုက်သည်။

"ဒီကောင်က ကျန်းရယ်ကို တိုက်ခိုက်ပြီး ပထမနေရာ ယူသွားတယ်"

"ကျုပ်က ဓားဝိညာဥ်နဲ့ အရေခွံခွာတဲ့ အနုပညာကို တီထွင်ထားတယ်။ ဒါက လူတစ်ယောက်ရဲ့ အရေခွံကို အရှင်လတ်လတ် ဆွဲခွာနိုင်ပေမယ့် စမ်းသပ်ခံ မရှိဘူး"

ဝမ်ဖုန်း၏ မျက်လုံးများက တင်းမာနေသည်။

"စမ်းသပ်ခံက သေသွားမှာလား"

ရောင်ချင်းချန်က စိတ်ဝင်စားစွာ မေးလိုက်၏။

"ဘယ်သေပါ့မလဲ။ နာနာကျင်ကျင်နဲ့ ပတ်ပြေးနေရလိမ့်မယ်"

"ဒီလူချောလေးအတွက်တော့ သနားစရာပဲ"

"အင်မော်တယ်လမ်းမှာ အမှားတစ်ခုက သေစေနိုင်တယ်လေ။ ဂိုဏ်းထဲမှာ တစ်ချက်မှားသွားရင် အကျိုးဆက် ဘယ်လောက်ပြင်းထန်တယ်ဆိုတာ အသစ်လေးတွေကို သင်ပေးရမယ်။ ဒီကောင် ဘယ်ဓားတောင်ကို ရွေးလဲဆိုတာ အသိပေးပါ။ ကျုပ် သူ့ကို စမ်းသပ်ချင်တယ်"

ဝမ်ဖုန်းက လျှာတစ်ချက်သပ်၍ ပြောလိုက်သည်။

"တိုးတိုးပြောပါ"

ရောင်ချင်းချန်က အနည်းငယ်ငေါက်ငမ်းလိုက်ပြီး ကျန်းရယ်ကို ရဲကုရင်က သဘောကျနေကြောင်း သတိပေးထားလိုက်၏။ လက်တွဲဖော်တစ်ယောက်ရှိထားသော ရဲကုရင်၏လောဘကို ဝမ်ဖုန်းက မကျေနပ်သော်လည်း ကြောက်လန့်သဖြင့် တိတ်ဆိတ်နေလိုက်ရ၏။ သူက ကျန်းရယ်ကို နွေးထွေးစွာကြိုဆို၍ ကောင်းကင်ရှိတိမ်များထံ ဓားပျံနှင့်အတူတူ ပျံတက်သွားခဲ့သည်။ သူမက ဓားပျံအသွင် မပြောင်းနိုင်သောကြောင့် သူ၏ဓားပျံထက်တွင် လိုက်ပါသွားရသောအခါ ခါးကိုကိုင်၍ ထိန်းညှိပေးနေရသည်။ ဝမ်ဖုန်းတို့ ထွက်သွားသောအခါတွင်မှ တပည့်အသစ်များမှာ သက်ပြင်းချလိုက်ပြီး ဖိအားအောက်မှ လွတ်မြောက်သွားကြ၏။

"မင်းတို့ကိုးယောက်ထဲမှာ လင်းရန်က ဓားတောင်အမှတ်တစ်ကို လာနိုင်တယ်။ ကျန်တဲ့ ရှစ်ယောက်ကတော့ စဥ်းတောင်မစဥ်းစားနဲ့"

ရောင်ချင်းချန်သည် ကောင်းကင်လမ်းတွင် တတိယရခဲ့ပြီး ကြယ်တံခွန်အဆင့်မြင့် ဓားဝိညာဥ်ပိုင်ရှင်ကိုသာ ရွေးချယ်လိုက်သည်။ သူမ၏အပြောအဆိုအရ ဓားတောင်တစ်သည် ဂိုဏ်းအတွင်း၌ အသန်မာဆုံးဖြစ်ပုံရကာ ကျန်ဓားတောင်များ၏ အင်အားမှာ မတိမ်းမယိမ်းဖြစ်သည်။ ကျန်တပည့်များက ပြဿနာမရှိသော်လည်း ယွမ်ရှောင် အလှည့်ရောက်သောအခါ အကြီးအကဲတိုင်းက မသိကျိုးကျွံ ပြုနေလိုက်ကြ၏။

"ယွမ်ရှောင် မင်းကို ပြောစရာရှိတယ်။ ငါ့ကို ဘယ်လိုမြင်လဲ"

ယုရှန်ကျောက်က ရုတ်တရက် ရှေ့ထွက်လာ၍ သူ့ကို အဝေးတစ်နေရာသို့ ခေါ်ဆောင်သွားကာ မေးလိုက်သည်။

"​အကြီးအကဲယုက တရားမျှတပါတယ်"

သူက ပြန်ပြောလိုက်၏။

"ရောင်ချင်းချန်လက်ကနေ မင်းကို ငါ ကာကွယ်ပေးခဲ့တဲ့အတွက် တစ်ခုလောက်ကူညီပေးပါ။ ဓားတောင်ခုနစ်ကို မရွေးချယ်ပါနဲ့"

ယုရှန်ကျောက်မှာ အားတုံ့အားနာဖြစ်နေသော်လည်း အံကြိတ်ပြီး ပြောလိုက်သည်။

"ဟုတ်ကဲ့"

ယွမ်ရှောင်က ချက်ချင်းတုံ့ပြန်လာသော​​ကြောင့် အံ့သြစေခဲ့သည်။

"ငါ တောင်းပန်ပါတယ်။ တကယ်လို့ ကျန်းရယ်သာ ကြယ်အဆင့် ဓားဝိညာဥ်ကို ပိုင်ဆိုင်ထားရင် မင်းအတွက် ငါ ရင်ဆိုင်ပေးနိုင်ပါတယ်။ ကြယ်အဆင့်အထက်ဖြစ်နေလို့ ငါလည်း မတတ်နိုင်ဘူး။ ဓားတောင်ခုနစ်ကို ကပ်ဘေးတစ်ခု ရောက်မလာစေချင်တဲ့အတွက် နားလည်ပေးပါ"

ယုရှန်ကျောက်က သက်ပြင်းတစ်ချက် ချလိုက်သည်။

"ကိစ္စမရှိပါဘူး"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ခေါင်းညိတ်ပြလိုက်၏။ အကြီးအကဲယုသာမက အခြားအကြီးအကဲများသည်လည်း သူရွေးချယ်မည်ကို ကြောက်လန့်စိုးရိမ်နေကြသည်။ ကျင့်ကြံသူများသည် သာမန်သေမျိုးများထက်ပင် ပို၍တစ်ကိုယ်ကောင်းဆန်ကာ သူတော်ကောင်း အရေခြုံထားသူများပင် ဖြစ်၏။ ရဲကုရင်က ပန်းသီးပုပ်တစ်ခုဟု သူက ထင်ထားသော်လည်း အားလုံးမှာ ထူးမခြားနား ဖြစ်နေသည်။ သို့သော် သူက ဂိုဏ်းတစ်ခုသို့ ဝင်ရောက်ရန် လိုအပ်သောကြောင့် ဓားတောင်ခုနစ်ခုကို ကျော်ဖြတ်၍ ဓားအိမ်တော်ထံ အကြည့်ရောက်သွားခဲ့သည်။ ဓားတောင်ခုနစ်လုံးရှိသော်လည်း ဓားအိမ်တော်က တစ်ခုတည်းရှိသောကြောင့် အစွမ်းထက်နိုင်သည်ဖြစ်ရာ အကျိုးအကြောင်း စုံစမ်းလိုက်သည်။

"အကြီးအကဲယု ဓားအိမ်တော်က ဘာကြောင့် လူမရှိတာလဲ"

"ဓားအိမ်တော်မှာ လူ သိပ်မရှိဘူး။ မင်းက ရွေးချယ်ချင်လို့လား"

"ကျုပ် ဓားအိမ်တော်ကို ရွေးချယ်တယ်"

ယွမ်ရှောင်၏စကားကို ကြားသောအခါ အကြီးအကဲတိုင်း စိတ်သက်သာရာရသွားကာ မျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ လွန်ခဲ့သောသုံးနှစ်တွင် ဓားအိမ်တော်၌ ပြဿနာတစ်ခုဖြစ်ပွားခဲ့ပြီး အုတ်ဂူများကို အရိုအသေပေးရမည့်အကြောင်း ယုရှန်ကျောက်က သတိပေးလာသဖြင့် ယွမ်ရှောင်မှာ မင်သက်သွား၏။ သူ၏စိတ်ထဲတွင် ယုရှန်ကျောက် တုန်လှုပ်နေသော အကြောင်းအရင်းနှင့် ဓားအိမ်တော်အကြောင်း ပို၍သိချင်လာခဲ့သည်။

"ဓားအိမ်တော်ကို မင်းဘာသာ သွားနိုင်ရဲ့လား"

"ကိစ္စမရှိဘူး"

"ကျုပ်ကို တစ်ခုလောက် ဖြေပေးပါ။ ဓားခုနစ်လက်ပွဲတော်က ဘာလဲ"

"ဒါက ရိုးရှင်းပါတယ်။ ဓားသမားတွေက အရင်းအမြစ်နဲ့ ဂုဏ်သတင်းအတွက် တိုက်ခိုက်ကြမယ်။ နတ်ပင်လယ်ဆေးသောက်ထားတဲ့ ပါရမီရှင်ကိုတော့ ဘယ်သူမှ အဆင့်တူအတွင်းမှာ မယှဥ်နိုင်လောက်ဘူး။ မင်းက သူမကို တစ်ကြိမ်အနိုင်ရခဲ့ပေမယ့် အနာဂတ်မှာတော့...."

ယုရှန်ကျောက်က သက်ပြင်းချ၍ ဖြေလိုက်သည်။

"နှုတ်ဆက်ပါတယ် အကြီးအကဲယု ဟား ဟား"

ယွမ်ရှောင်က တဟားဟားရယ်မော၍ ထွက်ခွာသွားကာ ဂိုဏ်း၏တောင်များထံ ဦးတည်လိုက်ပြီး သစ်ပင်များအကြား ဝင်ရောက်ပျောက်ကွယ်သွားသည်။ နာရီအနည်းငယ်အကြာတွင် သူက မေးမြန်းစုံစမ်းရင်း ဓားအိမ်တော်သို့ ရောက်ရှိလာသည်။ ၎င်းက အဓိကတောင်ထိပ်တွင်ရှိကာ ထူးခြားပြီး တောင်ကြီးက ကောင်းကင်သို့ထောင်ထားသော ဓားတစ်လက်ပမာ ထင်ရသကဲ့သို့ သစ်ပင်များမှာလည်း ဖြောင့်တန်းသော ဓားများထောင်ထားသည်နှင့် မခြားပေ။ ဤနေရာတွင် သူက အသက်ရှူလိုက်ရုံဖြင့် နက်ရှိုင်းသော ချီများကို ရလိုက်သောအခါ နဂါးသဏ္ဍာန်ပင် လှုပ်ခတ်သွားခဲ့သည်။ ဤပတ်ဝန်းကျင်တွင် ကျင့်ကြံလျှင် အခြားနေရာများထက် နှစ်ဆ အကျိုးထူးနိုင်သည့်အပြင် သေမျိုးလောကနှင့် အလွန်တရာ ကွာခြားနေသည်။ သူက တောင်ထိပ်တွင် ခမ်းနားသော အိမ်တော်များကိုမြင်နေရပြီး ကျောက်တုံးလှေကားမှတဆင့် တက်လာသောအခါ သာယာလှပသော ပတ်ဝန်းကျင်မှ ကြိုဆိုနေ၏။ သူက အင်မော်တယ်လမ်းကြောင်းအတွင်း လျှောက်လှမ်းနေရင်း ထင်ထားသည်ထက် ပို၍ရက်စက်ကြမ်းကြုတ်ကြောင်း နားလည်လာရသည်။ သို့သော် သူက သေခြင်းကိုပင် ရင်ဆိုင်ခဲ့ဖူးသောကြောင့် လမ်းပိတ်နေသူများကို ကျော်ဖြတ်ကာ ဉာဏ်အလင်းကို ရှာဖွေရပေလိမ့်မည်။ သူ့အတွက် ကျန်းရယ်က အရေးမပါသော အမှိုက်တစ်ခုသာဖြစ်၍ အလေးအနက်မထားပေ။

"ဒါက ဘာလဲ"

သူက ကျောက်လှေကား၏ တစ်နေရာသို့ ရောက်သောအခါ အုတ်ဂူခုနစ်လုံးကို မြင်လိုက်ရပြီး တစ်ခုချင်းစီထက်တွင် ဓားဖြင့်စုတ်ချက်ဆွဲထားသော စာလုံးများ ရှိနေခဲ့၏။ အနီးကပ်ကြည့်လိုက်သောအခါ ထိုစာလုံးများထံမှ ကြီးမားဆန်းကျယ်သော အရှိန်အဝါကို ခံစားမိလိုက်ကာ ဝမ်းနည်းစိတ်ပင် ဖြစ်ပေါ်လာသည်။

"ချစ်တပည့် ချင်းချန်၏ အုတ်ဂူ"

"ချစ်တပည့် လီချင်းဝေ၏ အုတ်ဂူ"

"ချစ်တပည့် တုချင်းဟိုင်၏ အုတ်ဂူ"

စသဖြင့် စုတ်ချက်တိုင်းတွင် သွေးနှင့်ဝမ်းနည်းမှုများ ထင်ဟပ်နေကာ ရေးသားသူ၏ စိတ်အခြေအနေကို ဖော်ပြထားသည်။ ဤသွေးရောင်စာလုံးများအတွင်း အကြီးအကဲတစ်ယောက်က တပည့်ခုနစ်ယောက်ကို နှုတ်ဆက်နေသောမြင်ကွင်း ဝေဝါးစွာ ဖြစ်တည်နေ၏။ သူက ယုရှန်ကျောက်၏စကားကို အမှတ်ရလိုက်သောကြောင့် အရိုအသေပေးလိုက်သောအခါ သေရည်ခွက်များ ဖြည့်ထားသဖြင့် လူရှိကြောင်း နားလည်လိုက်သည်။

"မင်းက ဘယ်သူလဲ"

စကားသံကြောင့် သူက လှည့်ကြည့်လိုက်သောအခါ ဆံပင်များ ငှက်သိုက်အလားရှုပ်ထွေးနေ၍ မုတ်ဆိတ်ကျင်စွယ်ဗရပွနှင့် ကြက်ပေါင်တစ်ချောင်း ကိုက်ထားသူကို မြင်လိုက်ရသည်။

"ကျုပ်က ဓားအိမ်တော်ရဲ့ တပည့်အသစ် ယွမ်ရှောင်ပါ"

ယွမ်ရှောင်က လေးစားစွာ အသိပေးလိုက်သည်။

"နောက်ဆုံးတော့ ဓားအိမ်တော်ကို လူတစ်ယောက် အသစ်ရောက်လာပြီ။ မင်းက တော်တော်ချောတာပဲ။ အခုကစပြီး ဓားအိမ်တော်ရဲ့ မျိုးဆက်သစ်လေးပေါ့ကွာ ဟား ဟား"

ထိုလူက ပျော်ရွှင်စွာ ရယ်မော၍ ကြက်ပေါင်ကို ကိုက်စားနေသည်။

"ခင်ဗျားရဲ့နာမည်ကို သိခွင့် ရှိမလား ဦးလေး"

"မင်းအသက်က ဘယ်လောက်လဲ"

"၁၆"

"ငါက မင်းထက် အသက်တစ်နှစ်တည်း ကြီးတာပါ။ အစ်ကိုကြက်ကင်လို့ ခေါ်ကွာ"

"အစ်ကိုကြက်ကင်ကို နှုတ်ခွန်းဆက်ပါတယ်"

"ငါ့နာမည်အရင်းက ဒါ မဟုတ်ပါဘူး။ နာမည်ပြောင်ပါကွါ။ မျိုးရိုးနာမည်က ချိုက် နာမည်က မြောင် မင်း ငါ့ကို အစ်ကိုမြောင်လို့ ခေါ်နိုင်တယ်။ ယွမ်ရှောင် အခုကစပြီး အစ်ကို မင်းကို ကာကွယ်ပေးမယ်။ ဒီနေရာကြီးက အရမ်းအထီးကျန်လွန်းတယ်"

"ဟုတ်ကဲ့"

ချိုက်မြောင်၏ ထူးခြားသော အကျင့်စရိုက်ကြောင့် ယွမ်ရှောင်သည် အနာဂတ်ခရီးက စိတ်ဝင်စားစရာကောင်းလာနိုင်ကြောင်း နားလည်လိုက်၏။

"နောက်ကျနေပြီဆိုတော့ အစ်မကျောက်က လာတော့မှာ မဟုတ်ဘူး။ ဒီနေ့ည မင်း ငါနဲ့နေလိုက်။ မနက်ဖြန်ကျရင် သူမနဲ့ မိတ်ဆက်ပေးမယ်။ မင်းက ဂိုဏ်းမှာ စာရင်းသွင်းပြီးရင် ဓားအိမ်တော်ရဲ့ တရားဝင်တပည့်ဖြစ်ပြီ။ မင်းက ဒီနေရာမှာ အသစ်ဆိုတော့ အသူရာဓားဂိုဏ်းမှာ ရှင်သန်ဖို့ စည်းမျဥ်းတစ်ခု ပြောပြမယ်"

ချိုက်မြောင်က အစီအစဥ်ကို ပြောပြလိုက်သည်။

"ဘာများလဲ"

"အစ်မကျောက်ကို ဘယ်တော့မှ ရန်မစမိစေနဲ့"

"နားလည်ပါပြီ"

ချိုက်မြောင်၏စကားကြောင့် ယွမ်ရှောင်သည် အစ်မကျောက်မှာ ရဲကုရင်ကဲ့သို့ အစွမ်းထက်တပည့် ဖြစ်နိုင်ကြောင်း မှန်းဆလိုက်သည်။

"လာ လာ ဒီနေ့ ငါ စိတ်ကောင်းဝင်နေတယ်။ မင်းကို ကြက်ကင်တစ်ကောင် ကျွေးမယ်။ မင်းက တစ်ခုခုတော့ တစ်ခုခုပဲဆိုပေမယ့် မင်းပုံစံကို ငါ သဘောကျတယ်"

ချိုက်မြောင်က သဘောကျစွာရယ်မောနေခဲ့ပြီး ယွမ်ရှောင်သည် အသူရာဓားဂိုဏ်း၌ နွေးထွေးမှုကို ပထမဆုံးအကြိမ် ခံစားလိုက်မိသည်။

"ဘယ်သူ လုပ်တာလဲ"

ကြောက်မက်ဖွယ် အလောင်းကို မြင်လိုက်ရသော ရောင်ချင်းချန်သည် ရဲကွာဖြစ်ကြောင်း သိလိုက်ရသဖြင့် အော်သံနက်ကြီးဖြင့် မေးလိုက်သည်။ ဓားဘုရင်၏ညီက ကောင်းကင်လမ်းကြောင်းတွင် အသတ်ခံလိုက်ရသဖြင့် အကျိုးဆက်က ကြီးမားပေသည်။

"မသိရပါဘူး"

တပည့်တစ်ယောက်က တင်ပြလိုက်သည်။

"ငါ့အမိန့်ကို နားထောင်စမ်း။ နေရာတိုင်းကို ပိတ်ဆို့ထားပြီး ကောင်းကင်လမ်းစမ်းသပ်ချက်မှာ ပါတဲ့လူတိုင်းကို သွားခွင့်မပေးနဲ့။ တပည့်အသစ်ဆယ်ယောက်ကလွဲရင် အကုန်လုံးကို ထောင်ထဲ ချက်ချင်းထည့်လိုက်စမ်း"

သူမ၏မျက်နှာက ဒေါသစိတ်ကြောင့် တင်းမာနေသည်။

"ရဲကွာရဲ့အလောင်းကို ထိန်းသိမ်းဖို့ ရေခဲတုံးတွေ ယူလာကြစမ်း။ ဓားဘုရင် ပြန်လာရင် သူ့ညီအလောင်းကို မပြလို့ မဖြစ်ဘူး"

ကျန်းရယ်အတွက် အဆင်ပြေသွားသော်လည်း ရဲကွာ၏အလောင်းက ပြဿနာကြီးတစ်ခု ဖြစ်နေသောကြောင့် သူမက ရဲကုရင်၏ဒေါသနှင့် ရင်ဆိုင်ရမည်ကို ကြောက်လန့်နေသည်။

ဓားတောင်တစ်တွင် ညနက်နေသော်လည်း အလင်းရောင်များ တောက်ပနေကာ နတ်ဘုံနတ်နန်းအလား လှပနေသည်။ ခန်းမတစ်ခုအတွင်း ဝမ်ဖုန်းသည် ဓားတောင်အမှတ်တစ်မှ တပည့်ကိုးယောက်ကို စုဝေးထားသည်။

"ညအမှောင်ကတော့ မကောင်းတာလုပ်ဖို့ သင့်တော်နေပြီ။ မင်းတို့ရဲ့ ဂိုဏ်းတူညီမလေးကျန်းအတွက် လက်စားချေကြစို့"

"အကြီးအကဲရောင်ဆီက ဘာသတင်းရထားလဲ။ ဒီခွေးကောင်က ဘယ်တောင်ထွတ်ကို ဝင်သွားတာလဲ"

"ဓားအိမ်တော်"

ဝမ်ဖုန်းတို့ဆယ်ယောက်က ဤသတင်းကြောင့် တဟားဟား ရယ်မောလိုက်ကြ၏။ ဝမ်ဖုန်း၏မျက်လုံးများတွင် လောဘမီးတောက်လောင်နေကာ ကျန်းရယ်အတွက် လက်စားချေရန်ဟု အသံကောင်းဟစ်နေသော်လည်း အမှန်တကယ် ပစ်မှတ်မှာ နှစ်ငါးရာ နတ်ဆိုးအရိုး ဖြစ်လေသည်။

All Chapters