ဓားအော်ရာ ရရှိခြင်း
Vol. 1 Ch. 11
ဓားအိမ်တော်၏အလယ်တွင် ညအချိန်၌ မီးအိမ်အနည်းငယ်သာ ထွန်းညှိထားပြီး တစ်လုံးက ယွမ်ရှောင်နှင့် ချိုက်မြောင်၏ သာမန်သစ်သားအခန်းကို အလင်းပေးနေသည်။
"ငါ ချက်ထားတဲ့ ကြက်ကို တစ်ချက်လောက် မြည်းကြည့်ပါဦး"
မီးဖိုချောင်အတွင်း အလုပ်ရှုပ်နေခဲ့သော ချိုက်မြောင်က ပန်းကန်တစ်ခုကို စားပွဲပေါ် ပြင်လိုက်သည်။
"အရသာတော့ ကောင်းပါတယ်။ ဒါကြီးက ဖားကင် မဟုတ်ဘူးလား"
ယွမ်ရှောင်က တူဖြင့် တစ်ချက်မြည်းကြည့်လိုက်သည်။
"ကြက်သားက ငါစားလိုက်တာ ကုန်သွားပြီဆိုတော့ ကြက်သားအမှတ်နဲ့ စားလိုက်ပါကွာ"
ချိုက်မြောင်က ခေါင်းကုတ်၍ ပြောလိုက်ပြီး ထူးခြားသောစရိုက်ကြောင့် ယွမ်ရှောင်က ဆွံ့အနေစဥ် ဖားကင်မှာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ သူက အင်္ကျီရင်ဘတ်ကို ချက်ချင်းဟကြည့်လိုက်သောအခါ သားရဲလေး ပျောက်ကွယ်နေပြီး ဖားကင်ကို တစ်လုတ်တည်း မြိုချလိုက်သည်ကို မြင်လိုက်ရ၏။ ကြယ်ပြာနှင့် လနီ၏ မျက်နှာနှစ်ခုလုံး ကျေနပ်စွာ လျှာသပ်နေသောကြောင့် အစာအိမ်တစ်ခုတည်း ဖြစ်ပုံရသည်။
"ဒါ ဘာကောင်လေးလဲ"
"ကျနော့်ကြောင်လေးပါ"
"ဟ မင်းရဲ့ကြောင်က ခေါင်းမှာ ဂျိုနှစ်ချောင်းနဲ့ ရင်ဘတ်မှာ မျက်နှာတစ်ခု ရှိနေပါလား"
"ဒီကောင်က မျိုးစပ်မို့ပါ။ နည်းနည်းရှုပ်ထွေးတယ်"
ယွမ်ရှောင်၏ ရှင်းပြချက်ကြောင့် ချိုက်မြောင်က ခေါင်းကုတ်လိုက်သော်လည်း အသေးစိတ် လိုက်မေးမနေခဲ့ပေ။ ညစာကို သားရဲလေးက အပိုင်စီးလိုက်သဖြင့် နှစ်ယောက်လုံး စားစရာမရှိသောအခါ ယွမ်ရှောင်သည် အုတ်ဂူများအကြောင်းမေးရန် ပြင်လိုက်၏။
"ဝင်ပေါက်က အုတ်ဂူတွေက ဘာတွေလဲ အစ်ကိုမြောင်"
"ဓားအိမ်တော်ရဲ့ သားခုနစ်ယောက် တစ်ချိန်က သူတို့ဟာ ဂိုဏ်းရဲ့ ဂုဏ်ယူရတဲ့ ပါရမီရှင်တွေ ဖြစ်ကြတယ်။ ခုနစ်ယောက်မြောက်ကတော့ ငါ့အစ်ကိုအရင်း ချိုက်ချင်းယွမ်"
"စိတ်မကောင်းပါဘူးဗျာ"
"ထားလိုက်ပါ။ ငါ မင်းကို ကောင်းကောင်းကြိုဆိုချင်ပေမယ့် ဘာစားစရာမှ မရှိတော့ဘူး"
ချိုင်မြောင်က သက်ပြင်းတစ်ချက်ချ၍ ရှင်းပြလိုက်သည်။
"တစ်ယောက်ယောက် ဗိုက်ပြည့်သွားတော့လည်း ပြီးတာပါပဲ။ ကျေးဇူးတင်ပါတယ်"
သူစိမ်းများသာ ဖြစ်သော်လည်း တစ်ဖက်လူ၏ ဖော်ရွေမှုကြောင့် ယွမ်ရှောင်က အခြေအနေကို ပြောင်းလဲရန် စကားလမ်းကြောင်းပြောင်းလိုက်၏။
"ကျုပ်ကို မကျွေးရလို့ စိတ်ပူစရာမလိုပါဘူး။ ဒီကောင်က လူခုနစ်ယောက်စာလောက် စားနိုင်တယ်ဆိုတော့ အစ်ကိုမြောင် အလုပ်ရှုပ်ရလိမ့်မယ်"
"လခွမ်း ငါ့ကိုတော့ မစားပါနဲ့ကွာ"
သူက သားရဲလေး၏ခေါင်းကို ပွတ်သပ်နေစဥ် လနီသည် သွေးဆာရက်စက်သော ပါးစပ်ကြီးဖြင့် ချစ်စရာကောင်းအောင် ပြုံးပြနေသောကြောင့် ချိုက်မြောင်မှာ ထယောင်လိုက်မိသည်။
ညနက်ချိန် ရောက်သောအခါ ယွမ်ရှောင်သည် တောအတွင်း ထွက်ခွာလာခဲ့ပြီး ရဲကွာထံမှ ယူဆောင်လာသော အရာများကို ကြယ်ပြာက တောင်းယူလိုက်၏။ ယွမ်ရှောင်သည် တစ်ဖက်လူထံမှ မိန်းမအတွင်းခံများအပြင် စိတ်ကျောက်တုံး သုံးဆယ်ကို တွေ့ခဲ့သည်။ ၎င်းတို့ကို ချီစွမ်းအင်ဖြင့် နှစ်ပေါင်းများစွာ ထောက်ပံ့ထားသောကြောင့် ကျင့်ကြံရာ၌ အကူအညီပေးနိုင်သည်။ သူက ၎င်းတို့ကို ပေးလိုက်သောအခါ လနီသည် အားလုံးကို တစ်ချက်တည်း မျိုချလိုက်သောကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သာမန်ကျင့်ကြံသူတစ်ယောက်ဆိုလျှင် ဤသို့ဝါးမျိုလိုက်လျှင် စွမ်းအင်ပမာဏကြောင့် ပေါက်ကွဲသွားပေလိမ့်မည်။
"ဒါတွေက နို့လောက် အရသာမရှိပေမယ့် ဗိုက်ပြည့်ပါတယ်"
လနီက စကားပြောနေစဥ် ၎င်း၏ရုပ်ခန္ဓာထံမှ ချီစွမ်းအင်များ ထွက်ပေါ်လာကာ သန့်စင်နေဟန်ဖြင့် သွေးကြောများ ဖောင်းပွလာသည်။
"မင်းက ဒါတွေကို သန့်စင်လိုက်တာလား"
သူက အံ့သြနေစဥ် ထူးဆန်းသော ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပြီး ကြယ်ပြာက လည်ချောင်းအတွင်း တစ်ခုခုတစ်ဆို့နေဟန်ဖြင့် ချောင်းတဟွတ်ဟွတ်ဆိုးနေခဲ့သည်။ ထို့နောက် ပါးစပ်အတွင်းမှ အနီရောင်အလုံးတစ်လုံး ထွက်ကျလာပြီး သေးငယ်သော်လည်း စွမ်းအင်အရှိန်အဝါတစ်ခု ထွက်ပေါ်နေ၏။
"ဒါက ဘာလဲ"
သူက ၎င်းကိုဖမ်းယူ၍ စပ်စုလိုက်သည်။
"ကောင်းကင်တာအိုဆေးလုံး။ ပြောရရင် နတ်ပင်လယ်ဆေးလုံးလိုပဲ"
ကြယ်ပြာက ချောင်းတဟွတ်ဟွတ်ဆိုးရင်း ဖြေလာခဲ့သည်။
"ဒါဆိုရင် မင်းတို့က စိတ်ကျောက်တုံးတွေကို သန့်စင်ပြီး ဆေးလုံးအဖြစ် ပြန်ထုတ်နိုင်တယ်ပေါ့။ ငါက ဒါကို အသုံးပြုပြီး ကျင့်ကြံနိုင်တာလား"
"ဟုတ်တယ်။ ငါသာ မမှားရင် ဒါက မင်းကို ဒီညတင် နဂါးနွေဦးအလယ်အဆင့် ရောက်သွားစေနိုင်တယ်"
"ငါတို့နှစ်ယောက်ရဲ့ အကူအညီကိုရတာ မင်းကံကောင်းလို့ မှတ်"
ကြယ်ပြာရော လနီရောက သူ၏ တအံ့တသြမေးခွန်းကို ပြန်ဖြေလိုက်ကြသည်။
"ဒီတစ်လုံးတည်းနဲ့ ဒီလောက်အစွမ်းထက်တာ ဖြစ်နိုင်ပါ့မလား"
"ဖန်ဆင်းရှင် မင်းက ကြယ်ပြာ အန်ထုတ်လိုက်တာကို မစားချင်ရင် နောက်ထပ်အပေါက်တစ်ခု ရှိသေးတယ်။ ထုတ်ပေးရမလား နည်းနည်းတော့ နံမယ်နော်"
လနီက ခပ်ညစ်ညစ်ပြုံး၍ မေးလိုက်သည်။
"သွားစမ်းပါကွာ။ ဒါကြီးက ဘာလို့ ဖားကင်ရဲ့အနံ့ ထွက်နေတာလဲ"
ယွမ်ရှောင်က ဆေးလုံးကို ဆုပ်ကိုင်၍ အနံ့ခံကြည့်လိုက်သည်။
"ဒါက ငါတို့စားလိုက်သမျှနဲ့ ဖွဲ့စည်းထားတာလေ"
"ဒါဆိုရင် မင်းတို့ဝါးစားနေတဲ့ သစ်မြစ်တွေရော ကျောက်တုံးတွေရော ပါတာပေါ့"
ယွမ်ရှောင်မှာ အောင့်သက်သက်ဖြစ်သွားစဥ် သားရဲလေးက အခေါင်းအဖြစ်ပြောင်းလဲသွားကာ သူ့ကို စုပ်ယူ၍ ညအမှောင်အတွင်း ဝင်ရောက်သွားခဲ့သည်။ သူက အင်မော်တယ်အဖြစ် ကျင့်ကြံရာတွင် အခေါင်းတစ်ခုကို အသုံးပြုနေရသည်မှာ အမှန်တကယ် ထူးခြားလှ၏။ သူက တင်ပျဥ်ခွေထိုင်၍ အနည်းငယ် တုံ့ဆိုင်းနေသော်လည်း ဆေးလုံးကို မျိုချလိုက်သောအခါ ဖားကင်အရသာကို ခံစားလိုက်ရ၏။ ၎င်းက သာမန်အရာများ ပါဝင်နေသော်လည်း အာနိသင်က အင်မတန်ကောင်းမွန်လှ၏။ ဤသားရဲလေးမှာ ကျင့်ကြံရေးအခန်းတစ်ခုအပြင် ရွေ့လျားဆေးအိုးကြီး ဖြစ်နေသောကြောင့် သူ့အတွက် အလွန်အကျိုးရှိသည်။ ဆေးအာနိသင်က ရုပ်ခန္ဓာနှင့် လျင်မြန်စွာ ပေါင်းစပ်သွားကာ နဂါးနွေဦးအဆင့်တွင် အဆင့်တက်ရန် မခက်ခဲသောကြောင့် ခြေလက်များမှ ဆေးစွမ်းအင်ကို ခံစားနေရသည်။ သို့ရာတွင် ဆေးလုံးများက အလွန်စျေးကြီးပြီး ကောင်းကင်တာအိုဆေးလုံးကဲ့သို့ လွယ်လွယ်ကူကူ မရနိုင်ချေ။
"ရှေးဟောင်းဟင်းလင်းပြင်ကျင့်စဥ်"
ယွမ်ရှောင်သည် နားလည်ထားသည့် ကျင့်စဥ်အခြေခံဖြင့် ဆေးလုံးကို ဒန်တန်အတွင်း အပြည့်အဝ စုပ်ယူလိုက်သောအခါ နဂါးတွင် နောက်ထပ်လက်သည်းတစ်ခု ထပ်မံဖြစ်ပေါ်လာ၏။
"နဂါးနွေဦးအလယ်အဆင့် နဂါးလက်သည်းနှစ်ခု။ အစ်ကိုမြောင်က နဂါးနွေဦးနောက်ပိုင်းအဆင့်ကို ရောက်နေပြီ။ ဒါပေမယ့် ငါ့ဓားဝိညာဥ်နဲ့ ကျင့်စဥ်ကို ပေါင်းလိုက်ရင် ပိုပြီးသန်မာနိုင်တယ်"
သူက ဤအခြေအနေကို ကျေနပ်မနေဘဲ နတ်ဆိုးအရိုးကို ထုတ်ယူလိုက်သည်။ ၎င်းက မသန့်စင်သော နတ်ဆိုးအရိုးဖြစ်ကာ နတ်ဆိုးသားရဲများအောက် တန်ဖိုးနည်းပါးသော်လည်း ကြမ်းကြုတ်သော အရှိန်အဝါ ထွက်နေသဖြင့် နတ်ဆိုးဘုရင်၏အရိုး ဖြစ်ပေလိမ့်မည်။ သူသိထားသော အချက်အရ ဓားဝိညာဥ်ဖြင့် နတ်ဆိုးအရိုးကို ထိုးစိုက်ကာ ချင်ဆီကို စုပ်ယူရပေလိမ့်မည်။ ဓားဝိညာဥ်က အားနည်းလျှင် ခြစ်ရာပင် မထင်နိုင်သော်လည်း အစွမ်းထက်လျှင် အလွယ်တကူ ထိုးဖောက်နိုင်သည်။ သူ၏ဓားဝိညာဥ်က သာမန်ဆန်သော်လည်း ကောင်းကင်ထောက်တိုင်နှင့် ရှေးခေါင်းတလားတစ်ခု၏ ပေါင်းစပ်မှုဖြစ်သောကြောင့် အရိုးထံ ဓားဖျား အလွယ်တကူ ထိုးစိုက်နိုင်ခဲ့သည်။
"ဝေါင်း"
နတ်ဆိုးအရိုးထံမှ ကြမ်းကြုတ်သော ဟိန်းသံတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်သင်္ချိုင်း ဓားဝိညာဥ်သည် ချင်ဆီကိုစုပ်ယူ၍ ဓားအော်ရာငါးခုအထိ ပိုင်ဆိုင်သွားခဲ့၏။ သူ၏ဓားအော်ရာ အရေအတွက်က ကျန်းရယ်ထက် နှစ်ခုပိုများလာပြီး ပိုမိုမာကျော၍ ကြမ်းတမ်းထက်ရှလာစေနိုင်သဖြင့် ဓားအော်ရာမှာ အရေးပါသည့် အချက်တစ်ခု ဖြစ်သည်။
"နဂါးနွေဦးအလယ်အဆင့် ဓားအော်ရာငါးခု"
ယွမ်ရှောင်သည် သူ၏တိုးတက်မှုကို ကျေနပ်စွာ ရေရွတ်လိုက်သည်။ ထို့အပြင် သူ၏ဓားဝိညာဥ်က အခြားဓားဝိညာဥ်များကို ဝါးမျိုနိုင်သောကြောင့် အနာဂတ်အတွက် စဥ်းစားနေစဥ် ကြယ်ပြာ၏စကားသံ ထွက်ပေါ်လာ၏။
"မင်းရဲ့အစ်ကိုမြောင် ပြဿနာတက်နေပြီ"
"ဘာဖြစ်တာလဲ။ ငါတို့ကို ဘယ်သူ တိုက်ခိုက်နေတာလဲ"
"ငါကြားရသလောက်ဆိုရင် ဓားတောင်အမှတ်တစ်က ဖြစ်လိမ့်မယ်"
ကြယ်ပြာသည် နားရွက်များကို ထောင်၍ ပတ်ဝန်းကျင်ကို ထောက်လှမ်းလိုက်သောကြောင့် နားပါးသူ ဖြစ်၏။
"ဒီလိုလား"
သူက သတ်ဖြတ်လိုစိတ်ဖြင့် အမှောင်အတွင်းသို့ ဝင်ရောက်သွားကာ သစ်သားအခန်းထံ ဦးတည်သွားခဲ့လေသည်။