ရဲကွာလူသတ်မှု၏ တရားခံ
Vol. 1 Ch. 12
မီးအိမ်အနည်းငယ်ကြောင့် မှိန်ဖျော့နေသော ခြံဝန်းအတွင်း ဓားအလင်းများ ထွက်ပေါ်လာကာ ခြေထောက်ဒဏ်ရာ ရသွားသည့် ချိုက်မြောင်မှာ လဲကျသွား၍ လည်ပင်း၌ ဓားဝိညာဥ်နှစ်ခု ကြက်ခြေခတ် ရောက်ရှိလာ၏။ ထို့နောက် သူ့ကို ဓားတောင်တစ်၏ တပည့်နှစ်ယောက်က ဒရွတ်တိုက်ဆွဲခေါ်သွားကာ ဝမ်ဖုန်းရှေ့သို့ ရောက်သွားကြပြီး ကြွက်ကို ကစားသော ကြောင်ပမာ ပြုံးနေကြသည်။
"ဓားအိမ်တော်မှာ ယွမ်ရှောင်လို့ခေါ်တဲ့ တပည့် မရှိဘူး။ မင်း ငါ့ကို သတ်လိုက်ရင်လည်း ဒီအဖြေက အတူတူပဲ။ ဓားအိမ်တော်က ဂိုဏ်းရဲ့ အဓိကတောင်ထွတ်ကွ၊ မင်းတို့ မထီမဲ့မြင်လုပ်လို့ မရဘူး"
ချိုက်မြောင်က တင်းမာစွာ ပြောလိုက်သည်။ ဝမ်ဖုန်းက သူ၏ပါးကို သွေးထွက်လာသည်အထိ ရိုက်နှက်ကာ စစ်ဆေးနေသည်။
"အရာရာက ပြောင်းလဲသွားပြီ။ ဓားအိမ်တော်က ပျောက်ကွယ်တော့မှာကို ဒီကောင့်ကို ကာကွယ်ပေးနေတုန်းလား။ လင်းရန် ဒီကောင့်လက်ကို ဖြတ်လိုက်စမ်း။ ဓားသိုင်း ဘယ်လိုဆက်ကျင့်မလဲ သိချင်မိတယ်"
တစ်ဖက်လူ၏ တင်းမာမှုကြောင့် တပည့်အသစ်ဖြစ်သော လင်းရန်ကို ဝမ်ဖုန်းက အမိန့်ပေးလိုက်သည်။ ချိုက်မြောင်က အစွမ်းကုန် ရုန်းကန်သော်လည်း ဖမ်းချုပ်ထားသည့် ဝမ်ဖုန်း၏ ဆွေမျိုးနှစ်ယောက်မှာ နဂါးနွေဦးနောက်ပိုင်း အဆင့်ဖြစ်သောကြောင့် မလွတ်မြောက်နိုင်ခဲ့ပေ။
"ဟုတ်ကဲ့"
လင်းရန်က ပထမဆုံးရက်ဖြစ်သော်လည်း ရက်စက်ရမည့် အလုပ်ကြောင့် တုန်ရီနေသည်။
"ဓားတောင်တစ်ရဲ့ အစွမ်းကို ပြလိုက်စမ်း"
ဝမ်ဖုန်း၏အသံက အေးစက်လာသောကြောင့် မစော်ကားဝံ့သော လင်းရန်မှာ အနီရောင် ဓားဝိညာဥ်ကို ဓားရှည်အဖြစ် အသွင်ပြောင်းကာ ရှေ့တက်လာခဲ့၏။ ထိုအချိန်တွင် ခြံဝန်းတံခါးက ဆောင့်ကန်ဖွင့်ခံလိုက်ရပြီး အဖြူရောင်ဝတ်ရုံနှင့် ယွမ်ရှောင်က ခပ်တည်တည် ဝင်ရောက်လာခဲ့သည်။
"ငါရောက်လာပြီ။ သူ့ကို လွှတ်လိုက်"
ချိုက်မြောင်၏ အခြေအနေကို သူက အကြည့်တစ်ချက်ဖြင့် စစ်ဆေးလိုက်သည်။
"ဖားလေး ရောက်လာပြီပေါ့"
ဝမ်ဖုန်းက လင်းရန်ကို လှုပ်ရှားရန် အချက်ပြလိုက်သည်။
"ဖား ဟုတ်လား"
"ငါက မင်းကို စမ်းသပ်ခံဖားတစ်ကောင်လို့ သတ်မှတ်ထားတယ်။ မင်းရဲ့အရေခွံက တကယ်ကောင်းတယ်။ သနားစရာကောင်းပေမယ့် မင်းကို အသစ်တစ်ခု ရှာပေးမယ်"
ဝမ်ဖုန်းက လှောင်ရယ်လိုက်သည်။
"ယွမ်ရှောင် ထွက်သွား။ ဒီကောင်တွေက ရက်စက်တယ်။ မင်းကိုညှာမှာ မဟုတ်ဘူး"
ချိုက်မြောင်က အလေးအနက်သတိပေးလိုက်ပြီး တွေ့ဆုံခဲ့သည်မှာ မကြာသေးသော်လည်း ယွမ်ရှောင်အတွက် တွေးပေးနေခဲ့သည်။
"အစ်ကိုမြောင် ဒီနေရာမှာ တာဝန်ရှိသူ မရှိဘူးလား"
"ဒါက သီးသန့်တောင်ထိပ် ဖြစ်နေတယ်"
"နားလည်ပြီ"
ယွမ်ရှောင်က လျစ်လျူရှုထားသောကြောင့် ဝမ်ဖုန်းမှာ စိတ်မရှည်ဖြစ်လာပြီး လင်းရန်ကို အမိန့်ပေးလိုက်၏။
"လင်းရန် မင်းက ကောင်းကင်လမ်းကြောင်းမှာ အသန်မာဆုံးလို့ ငါ ထင်တယ်။ ဒီကောင့်ကို ပညာပြလိုက်စမ်း"
"ယွမ်ရှောင် မင်းရဲ့ ပထမနေရာက"
"ရွှစ်"
လင်းရန်က အမိန့်အတိုင်း သူ၏ ကြယ်တံခွန်အဆင့်မြင့် ဓားဝိညာဥ်ကို ဆွဲထုတ်ကာ ယွမ်ရှောင်၏ ကြာစိမ်းဓားဝိညာဥ်ကို ရင်ဆိုင်နိုင်မည်ဟု ထင်ထားခဲ့သည်။ သူက ဆုလာဘ်အတွက် မကျေမနပ်ဖြစ်နေသောကြောင့် တိုက်ခိုက်ရန် ချဥ်းကပ်လာသော်လည်း အပြာရောင် အလင်းတစ်ချက် ထွက်ပေါ်လာသည်။ သူက အံ့သြတကြီးဖြင့် မတုံ့ပြန်နိုင်ခင်မှာပင် ဓားတစ်လက်သည် သူ၏နဖူးအတွင်းမှ ဖောက်ထွက်သွားခဲ့၏။ ကောင်းကင်သင်္ချိုင်းက သူ၏ခေါင်းကို ထိုးဖောက်၍ အနားရှိ တိုင်တစ်လုံးတွင် စိုက်ဝင်သွားကာ တဆတ်ဆတ်တုန်ယင်နေရင်း လင်းရန်၏ အလောင်းကြီးမှာ တအိအိ ပြိုလဲသွားခဲ့သည်။
"မင်းက ပထမနေရာနဲ့ ထိုက်တန်တာလို့ ပြောချင်တာလား"
ယွမ်ရှောင်က ဓားကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး ဝမ်ဖုန်းကို ရန်စသလို ကြည့်လိုက်သောအခါ ပတ်ဝန်းကျင်မှာ ထူးခြားစွာ တိတ်ဆိတ်သွားခဲ့၏။
"မင်းက ဓားတောင်အမှတ်တစ်ရဲ့ တပည့်တစ်ယောက်ကို သတ်ရဲတယ်လား"
ဝမ်ဖုန်းက မယုံနိုင်ဟန်ဖြင့် အော်ငေါက်လိုက်သည်။
"ဘာများထူးဆန်းလို့လဲ။ ဒီကောင်က ကြက်တစ်ကောင်နဲ့ ဘာမှမကွာဘူးလေ"
ယွမ်ရှောင်က ပခုံးတွန့်ပြလိုက်သောအခါ တစ်ဖက်လူသည် သူ၏ဓားအော်ရာငါးခုကို သတိထားမိသွားသည်။ သို့သော် နှစ်ငါးရာ နတ်ဆိုးအရိုးကို နဂါးနွေဦးအဆင့်တစ်ယောက်က သန့်စင်ရန်အတွက် ငါးရက် အနည်းဆုံး လိုအပ်သောကြောင့် နတ်ဆိုးအရိုးအား မည်သို့သန့်စင်လိုက်ကြောင်း နားမလည်ခဲ့ပေ။
"ညီလေး မင်း"
လင်းရန်ကို သတ်ဖြတ်ခြင်းသည် အခြေအနေကို ပိုဆိုးလာနိုင်စေသောကြောင့် ယွမ်ရှောင်၏ ရက်စက်ပြတ်သားမှုကို ချိုက်မြောင်က အံ့သြနေခဲ့သည်။
"ဒူးထောက်ပြီး သတ်သေစမ်း။ ငါကိုယ်တိုင် မင်းကို သတ်ချင်လာအောင် မလုပ်နဲ့"
ဝမ်ဖုန်း၏ ခြိမ်းခြောက်သံအဆုံးတွင် ယွမ်ရှောင်သည် ဝမ်ချင်နှင့် ဝမ်ဟူထံ ပြေးဝင်သွားကာ ချိုက်မြောင်အား အော်ပြောလိုက်သည်။
"အစ်ကိုမြောင် လုပ်လိုက်ကြစို့"
"နားလည်ပြီ"
ချိုက်မြောင်က ဖမ်းချုပ်ခံထားရသော်လည်း အကင်းပါးသူပီပီ ဓားဝိညာဥ်ကို အသင့်ပြင်ထားလိုက်၏။ ဝမ်ဟူက သူ၏လည်ပင်းကို ဓားဖြင့် မိုးထားသော်လည်း ယွမ်ရှောင် တိုက်ခိုက်လာသောအခါ ကိုယ့်ကိုကိုယ် ကာကွယ်လိုက်ရ၏။ ယွမ်ရှောင်က စစ်မြေပြင်များတွင် တတ်ကျွမ်းလာခဲ့သော ရက်စက်သည့် တိုက်ကွက်များ ထုတ်ဖော်ကာ ဝမ်ဟူနှင့် တိုက်ခိုက်နေခဲ့သည်။ ဝမ်ဟူ၏ဓားသည် ကြယ်တံခွန်အဆင့်မြင့် ဓားဝိညာဥ်နှင့် ဓားအော်ရာသုံးခု ပိုင်ဆိုင်ထားသောကြောင့် သံနက်ကဲ့သို့ မာကျောထက်မြက်၏။ သူက ယုံကြည်မှုအပြည့်ဖြင့် ဓားချင်း ရင်ဆိုင်လိုက်သောအခါ တထန်ထန် မြည်သံများနှင့် မီးပွားများ ဖွာထွက်လာခဲ့သည်။
"မင်းရဲ့ဓားဝိညာဥ်က ဘာမှမဟုတ်.... မဟုတ်"
သူက နှာခေါင်းရှုံ့လိုက်သော်လည်း ဓားဝိညာဥ်မှာ မီးပန်းပမာ ပေါက်ကွဲသွားသောကြောင့် အဝေးသို့ လွင့်ထွက်သွားခဲ့သည်။ ၎င်းပျက်စီးသောအခါ ဝိညာဥ်ထိခိုက်သွားပြီး သေသည်ထက်ဆိုးသော အဖြစ်သို့ ရောက်သွားကာ အမှိုက်တစ်ယောက်သာမက ရူးသွပ်သွားခဲ့သည်။
"ဝမ်ဟူ"
ဝမ်ဖုန်းမှာ မျက်လုံးများ ပြူးကျယ်သွားကာ ဓားဝိညာဥ်တစ်ခုကို ချက်ချင်းဖျက်ဆီးလိုက်သော အစွမ်းကို နားမလည်နိုင် ဖြစ်နေသည်။ နောက်ဆုံးတွင် သူက အခြေအနေကို သဘောပေါက်သွားစဥ် ယွမ်ရှောင်သည် ဝမ်ချင်းထံ မုန်တိုင်းပမာ အရှိန်အဟုန်နှင့် ဝင်ရောက်သွားခဲ့၏။ တစ်ဖက်လူက ချိုက်မြောင်နှင့် ပြင်းထန်စွာတိုက်ခိုက်နေပြီး မျက်လုံးထောင့်မှ အရိပ်တစ်ခုကို မြင်လိုက်ရသော်လည်း အပြာရောင်အလင်းက ရွှစ်ခနဲ ကျဆင်းလာသည်။
"အစ်ကိုဖုန်း ကယ်ပါဦး"
သူ့ကို ချိုက်မြောင်က ရေပက်မဝင်သော ဓားကွက်များနှင့် ပိတ်ဆို့ထားသောကြောင့် မလွတ်မြောက်နိုင်ပေ။ သူ၏မျက်လုံးများ ပြူးကျယ်လာကာ ဝမ်ဖုန်း မကူညီနိုင်ခင်မှာပင် ရင်ဘတ်ရှိ နှလုံးနေရာ၌ သုံးလက်မအရွယ် အပေါက်တစ်ခု ဖြစ်သွားသည်။ သူက ခြေသုံးလှမ်းသာ ရွေ့လျားနိုင်ခဲ့ပြီး ယွမ်ရှောင်ကို မျက်လုံးအပြူးသားနှင့် စိုက်ကြည့်ရင်း ကြောက်လန့်တကြား သေဆုံးသွားကာ မြေပြင်၌ သွေးချင်းချင်းနီလာခဲ့သည်။
"ဝမ်ချင်း"
နောက်လိုက်သုံးယောက် ခဏအတွင်း အသတ်ခံလိုက်ရသောအခါ ဝမ်ဖုန်း၏မျက်လုံးများ နီရဲနေပြီး သတိပြန်ဝင်လာသောအခါ ယွမ်ရှောင်ကို တားမြစ်ရန် လှုပ်ရှားလိုက်၏။
"ဟမ့်"
သူ၏ဓားချက်ကြောင့် ယွမ်ရှောင်၏ လက်မောင်းတွင် ဒဏ်ရာရသွားသော်လည်း ဝမ်ချင်းကို မကယ်တင်နိုင်ခဲ့ပေ။ ယွမ်ရှောင်နှင့် ဝမ်ဖုန်းက ထိပ်တိုက်ရင်ဆိုင်နေစဥ် နောက်လိုက်ခြောက်ယောက်မှာ အသက်ပင်မရှူဝံ့ဘဲ တိတ်တဆိတ် ပုန်းအောင်းနေခဲ့သည်။ သူတို့ထက် ပို၍သန်မာသော ဝမ်ဟူနှင့် ဝမ်ချင်းကို တစ်ဖက်လူက တစ်ချက်တည်းဖြင့် သတ်ပြထားသောကြောင့် လှုပ်ပင်မလှုပ်ဝံ့ပေ။
"ညီလေးယွမ်"
ချိုက်မြောင်သည် ကူညီရန် ရှေ့တက်သွားကာ ချောမောခန့်ညားသော ဂိုဏ်းတူညီအသစ်၏ ရက်စက်မှုကို အံ့သြနေသည်။ မြေပြင်ပေါ်ရှိ အလောင်းသုံးခုက အစွမ်းထက်မှု၏ ပြယုဂ်ပင် ဖြစ်သည်။
"ဝမ်ဖုန်းက အသူရာဓားဂိုဏ်းကို ရောက်လာတာ နှစ်လရှိပြီ။ ဒီကောင့်က နဂါးလက်သည်းလေးခုနဲ့ နဂါးနွေဦးပြည့်စုံအဆင့်ကို ရောက်နေပြီ"
သူက အော်ဟစ်သတိပေးလိုက်သည်။
ဝမ်ဖုန်းတွင် ဓားအော်ရာငါးခု ပိုင်ဆိုင်ထားကာ ကြယ်အဆင့် ဓားဝိညာဥ်လည်း ရှိသောကြောင့် ဓားသခင်၏တပည့် ဖြစ်ထိုက်ပေသည်။
"ယွမ်ရှောင် မင်းက ဓားတောင်နံပတ်တစ်ရဲ့ တပည့်သုံးယောက်ကို သတ်ခဲ့တယ်။ မင်းရဲ့ အဖိုးမတန်တဲ့ အသက်က ပြန်ပေးဆပ်ဖို့ မလုံလောက်ဘူး"
ဝမ်ဖုန်းက အေးစက်စက် ခြိမ်းခြောက်လိုက်သည်။
"ငါ အခုမှ သွေးပူနေတုန်းရှိသေးတယ်။ နောက်ထပ်နည်းနည်းလောက် ဆက်သတ်ပြီး ကိန်းပြည့်ဖြစ်အောင် လုပ်လိုက်ဦးမယ်"
ယွမ်ရှောင်က တစ်ချက်ပြုံးလိုက်ပြီး ဝမ်ဖုန်းအပါအဝင် ရန်သူတစ်ယောက်တလေကိုပင် အလွတ်မပေးရန် ကြံစည်ထား၏။
"မင်းကများ ဓားသခင်ရဲ့ တပည့်ဆိုတဲ့ အဆင့်အတန်းကို သိလို့လား"
ဝမ်ဖုန်း၏ ဓားချက်အောက်တွင် ပတ်ဝန်းကျင်မှ သဲများ လှိုင်းထန်လာသောကြောင့် သူ၏ဓားဝိညာဥ်သည် သဲကို ထိန်းချုပ်နိုင်စွမ်း ရှိပုံရသည်။
"ကြည့်ရတာ ရဲကွာကို ဘယ်သူသတ်တာလဲ ငါသိပြီ ထင်တယ်"
ထိုအချိန်၌ အရိုးထိ အေးစက်လောက်သော အသံမျိုးက အနောက်ဘက်မှ ထွက်ပေါ်လာ၏။
"ဘယ်သူလဲ"
ချိုက်မြောင်က ချက်ချင်းလှည့်ကြည့်လိုက်သောအခါ လင်းရန်၏အလောင်းကို စစ်ဆေးနေသော အနီရောင်ဝတ် မိန်းမ ရောင်ချင်းချန်ကို တွေ့လိုက်ရသည်။ လင်းရန်၏နဖူးထက်ရှိ ဒဏ်ရာမှ အနက်ရောင်မီးခိုးများ ထွက်ပေါ်လာခဲ့သည်။
"ရဲကွာရဲ့ ဒဏ်ရာနဲ့ အတူတူပဲ"
သူမက နတ်ပင်လယ်အဆင့် အင်အားဖြင့် အရှိန်အဝါကို ထုတ်ဖော်၍ ယွမ်ရှောင်အား ဖိနှိပ်ကာ အေးစက်စက်မျက်ဝန်းများနှင့် မျက်တောင်မခတ်ဘဲ ကြည့်နေခဲ့သည်။ သူမသည် ဝမ်ဖုန်းနောက်သို့ လိုက်ပါလာသော်လည်း အရေးကြီးကိစ္စတစ်ခုကို အဖြေထုတ်နိုင်မည်ဟု မျှော်လင့်မထားခဲ့ပေ။
"အင်မော်တယ်လမ်းကြောင်းမှာ လျှို့ဝှက်ချက်ကို ပါးပါးနပ်နပ် မထိန်းသိမ်းနိုင်ရင် သေတာထက်ဆိုးတဲ့ အဖြစ်မျိုး ကြုံရတတ်တယ် ယွမ်ရှောင်"
ရောင်ချင်းချန်က မျက်လုံးများ ကျဥ်းမြောင်း၍ ယွမ်ရှောင်ကို အသေးစိတ် အကဲခတ်နေခဲ့လေသည်။