ယွမ်ရှောင်၏ သတ္တိ
Vol. 1 Ch. 13
"ယွမ်ရှောင် မင်း ရဲကုရင်ရဲ့ညီကို သတ်လိုက်တာလား။ မင်း ရူးနေပြီ"
ရောင်ချင်းချန်က ယွမ်ရှောင်ကို သေလူဟု သဘောထားနေစဥ် ချိုက်မြောင်သည် ဓားအိမ်တော်၏ တပည့်အသစ်မှာ ဤမျှကြောက်စရာကောင်းကြောင်း မယုံနိုင်ပေ။
"အစ်ကိုမြောင် ငါ့လုပ်ရပ်အတွက် ငါ တာဝန်ယူပါတယ်"
"မင်းအစ်ကို မဟုတ်ဘူး။ မင်းလိုအရူးတစ်ယောက်နဲ့ မပတ်သက်ချင်ဘူး။ မင်းကိစ္စ မင်း ရှင်းပေတော့"
သူက ပြောပြောဆိုဆိုနှင့် ထွက်သွားရန် ခြေလှမ်းပြင်လိုက်သောအခါ ရောင်ချင်းချန်က နှာခေါင်းရှုံ့၍ နတ်ပင်လယ်အဆင့်၏ ခွန်အားဖြင့် နောက်ကျောကို ရိုက်ချလိုက်၏။ ဤအဆင့်တွင် ပင်လယ်ပမာများပြားသော ချီစွမ်းအင်ကို ထုတ်ဖော်နိုင်ပြီး နဂါးနွေဦးအဆင့်များ မယှဥ်နိုင်သောကြောင့် သူ၏ပါးစပ်အတွင်းမှ သွေးများ အန်ထွက်လာကာ ငိုက်ကျသွားသည်။
"နင်က ငါ့ကို အရူးထင်နေတာလား။ အကူအညီသွားခေါ်ဖို့ ကြိုးစားမနေနဲ့။ ဒီကောင့်အပြစ်က ကြီးမားလို့ ကျောက်ရန်ရန်ရဲ့အဖေ မျက်ကန်းကြီးကို ခေါ်လာရင်တောင် ဓားဘုရင်ရဲ့ဒေါသနဲ့ ရင်ဆိုင်ရမယ်"
သူမက အကြီးအကဲတစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်ကျင့်ကြံထားသောကြောင့် ဤနေရာ၌ အာဏာအရှိဆုံး ဖြစ်နေသည်။ ယွမ်ရှောင်က ချိုင်မြောင်ကို တွဲထူပေးလိုက်သောအခါ ဝတ်ရုံဖြူထက်တွင် အနီရောင်သွေးများ စွန်းထင်းကုန်သည်။ သူက ချီစွမ်းအင်ဖြင့် အစ်ကိုမြောင်၏ဒဏ်ရာကို ထိန်းချုပ်ကာ ကောင်းကင်လမ်းမှ လိုက်လံပြဿနာရှာနေသော မိန်းမကို စိုက်ကြည့်နေခဲ့၏။
"ရဲကုရင် ဘယ်သူလဲဆိုတာကို သိတာတောင် ရဲကွာကို ဘာကြောင့်သတ်လိုက်တာလဲ။ အသူရာဓားဂိုဏ်းရဲ့ အနာဂတ်ထောက်တိုင်ဖြစ်တဲ့ ဓားဘုရင်ကို စော်ကားရဲသလား"
"ငါ့ဓားက အကြောင်းအရင်း မလိုအပ်ဘူး"
"အရူးကောင်"
ဝမ်ဖုန်းက ဝင်ရောက်လှောင်ပြောင်လိုက်သော်လည်း သူက လျစ်လျူရှုထားပြီး တစ်ချက်ပြုံးလိုက်သည်။
"အနာဂတ်ကို ဘယ်သူက အတပ်ပြောနိုင်လို့လဲ"
ရောင်ချင်းချန်သည် ဤစကားကြောင့် မင်သက်သွားကာ သူ့ကို အရူးတစ်ယောက်ဟု သတ်မှတ်လိုက်သော်လည်း ရဲကုရင်ကို ဖြေရှင်းချက်ပေးရန် အဖြေရှာတွေ့ပြီဖြစ်သည်။
"စကားအပို မပြောနဲ့၊ ထောင်ကို လိုက်လာစမ်း။ ဓားပင်လယ်ကနေ ဓားဘုရင်ပြန်လာရင် နင့်အပြစ်ကို စီရင်မယ်"
"ခဏနေပါဦး"
"ဘာများလဲ"
ဓားသခင်၏ တပည့်တစ်ယောက်ဖြစ်သည့်အပြင် ပါရမီရှင်တစ်ယောက် ဖြစ်သော ဝမ်ဖုန်းကို သူမက မျက်နှာသာမပေးဘဲ မနေဝံ့ပေ။
"ဒီကောင်က ကျုပ် မျိုးနွယ်ဝင်နှစ်ယောက်ကို သတ်လိုက်တယ်။ နည်းနည်းလောက် အပြစ်ပေးချင်ပါတယ်"
"နင်က ရဲကုရင်ရှေ့ကို ကျော်ချင်တာလား"
"ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ ဒီကောင်ရဲ့ လက်နှစ်ဖက်ကို ဖြတ်တောက်ပြီး မျိုးနွယ်ကို ရှင်းပြလိုက်မယ်"
ဝမ်ဖုန်းက တစ်ချက်တွေး၍ ပြောလိုက်သောအခါ သူမသည် ခဏတာစဥ်းစားပြီး ခွင့်ပြုပေးလိုက်သည်။ သူက တစ်ချက်ပြုံးပြလိုက်ပြီး ယွမ်ရှောင်ကို ဒေါသတကြီးဖြင့် လှည့်ကြည့်ကာ ဓားအော်ရာငါးခုနှင့် ဓားရှည်တစ်လက်ကို ဆင့်ခေါ်လိုက်သည်။
"သေစမ်း"
သူက ချီကို ဓားဝိညာဥ်ဖြင့် ပေါင်းစပ်လိုက်သောအခါ သဲမုန်တိုင်းတစ် ခုဖြစ်ပေါ်လာပြီ နဂါးနွေဦးပြည့်စုံအဆင့်၏ ခွန်အား ထွက်ပေါ်လာသည်။ ဓားသခင် သင်ကြားပေးထားသော သဲမုန်တိုင်းဓားသိုင်းနှင့် သူ၏ဓားဝိညာဥ် သဲဓားက လိုက်ဖက်ညီလှ၏။ သူက သဲမုန်တိုင်းဖြင့် တရကြမ်းပြေးဝင်လာသောအခါ နှစ်လသာ လေ့ကျင့်ရသေးသော်လည်း ကျန်နောက်လိုက်များထက် ပို၍အစွမ်းထက်နေခဲ့သည်။
"မင်းက ဒီနေရာရဲ့ စည်းကမ်းတွေကို မသိဘူးလား။ အသူရာဓားဂိုဏ်းက သူတော်ကောင်းနေရာ မဟုတ်ဘူး။ သန်မာသူတွေ အသက်ရှင်ပြီး အားနည်းသူတွေ သေရလိမ့်မယ်"
သူက ဓားကို ဆန့်ထုတ်လိုက်သောအခါ ယွမ်ရှောင်ထံ သဲမုန်တိုင်း လွင့်ပျံလာသည်။ ထိုအချိန်၌ ယွမ်ရှောင်သည် ယွမ်မျိုးနွယ် အဆက်ဆက် လက်ဆင့်ကမ်းလာသော ဓားတစ်ချက်သိုင်းဖြင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။ ၎င်းက အသူရာဓားဂိုဏ်း၏ သိုင်းကျင့်စဥ်လောက် အစွမ်းမထက်သော်လည်း ဓားနှင့်လူက တုံ့ဆိုင်းခြင်းမရှိ တိုးဝင်လာသည်။ သူ၏ဓားထက်တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြစ်ပေါ်လာကာ ဝမ်ဖုန်းအထက်သို့ အရိပ်ကျနေခဲ့သည်။
"ဘာကြီးလဲ"
ဝမ်ဖုန်းသည် ယွမ်ရှောင်အစား ကြောက်စရာ သားရဲကြီးတစ်ကောင်အဖြစ် မြင်ယောင်နေသဖြင့် မျက်လုံးများ ပြူးကျယ်နေ၏။ သူ၏သဲမုန်တိုင်းအတွင်း အပြာရောင်ဓားတစ်လက် တိုးလာကာ သဲဓားကို ဖြတ်တောက်၍ ညာလက်ကို ဖြတ်တောက်သွားခဲ့သည်။
"အား"
နာကျင်မှုကြောင့် သူ၏မျက်လုံးများ ပြူးထွက်လာကာ အသံနက်ဖြင့် အော်ဟစ်လိုက်၏။
"မင်းက ငါ့လက်ကို ဖြတ်ချင်တာလား"
ယွမ်ရှောင်က တုံ့ဆိုင်းမနေဘဲ ဓားကို နောက်တစ်ကြိမ် ခုတ်ပိုင်းကာ ဘယ်လက်ကို ဖြတ်တောက်လိုက်သောကြောင့် အနီးရှိ ရောင်ချင်းချန်ထံ သွေးစက်များ လွင့်ပျံလာခဲ့၏။
"ငါ့လက် ငါ့ဓားဝိညာဥ် အား"
ဝမ်ဖုန်း၏မျက်နှာက သွေးဆုတ်ဖြူရော်နေကာ နာကျင်လှသောကြောင့် ကျယ်လောင်စွာ အော်ဟစ်နေပြီး မျက်လုံးများမှာ ဖားတစ်ကောင်ပမာ ပြူးထွက်လာသည်။
"ဓားသခင်ရဲ့တပည့်က ထင်သလောက်လည်း အစွမ်းမထက်ပါလား။ မင်းက ဘယ်လိုပါရမီရှင်လဲ။ ငါ့ကို ပြောစမ်း မင်း ဘယ်လိုအဆုံးသတ်ချင်လဲ"
ယွမ်ရှောင်က စိတ်ပျက်လက်ပျက်နှင့် မေးမြန်းလိုက်ပြီး တစ်ဖက်လူ၏ မျက်နှာကို ဓားပြားဖြင့် ရိုက်လိုက်သည်။
"ငါ...ငါ မသေသေးဘူး"
"ရွှစ်"
သူ၏စကားအဆုံးတွင် ဓားတစ်ချက် ထွက်ပေါ်လာကာ ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားသဖြင့် မြင်ရသူတိုင်းအား တုန်လှုပ်စေသည်။
"ဘယ်လိုလဲ ဝမ်ဖုန်း။ မင်း မသေသေးရင် စကားပြောပါဦး"
ယွမ်ရှောင်က အလောင်းကြီးကို စကားပြောနေသောကြောင့် ချိုက်မြောင်ပင် ဆွံ့အသွားရသည်။ ဝမ်ဖုန်း၏ခေါင်းက မြေပြင်တွင် လိမ့်သွားကာ လျှာတန်းလန်းဖြင့် ဖားတစ်ကောင်ပမာ သေဆုံးနေသဖြင့် မဖြေနိုင်တော့ပေ။ ဓားသခင်၏၁၂ ယောက်မြောက် တပည့်သည် ကျင့်ကြံရေးလမ်းကြောင်း အပီအပြင် မစတင်နိုင်ခင်မှာပင် အဆုံးသတ်သွားသည်။
"အစ်ကိုဖုန်းအတွက် လက်စားချေပေးပါ အကြီးအကဲရောင်"
သူ၏ နောက်လိုက်ခြောက်ယောက်က ပြေးထွက်လာကာ ရောင်ချင်းချန်ကို ပြိုင်တူတောင်းဆိုလိုက်ကြ၏။ အမှန်တကယ်၌ သူမကိုယ်တိုင်လည်း တုန်လှုပ်နေပြီး တစ်ဖက်လူ၏အင်အားကြောင့် မင်သက်နေသည်။ လရောင်အောက်တွင် ဓားသခင်၏တပည့်မှာ အကြီးအကဲတစ်ယောက်ရှေ့တွင် အသတ်ခံလိုက်ရပြီး တရားခံမှာ အပြစ်သားတစ်ယောက် ဖြစ်နေသည်။
"ယွမ်ရှောင် ရဲကွာနဲ့ ဝမ်ဖုန်းကို သတ်လိုက်တဲ့အတွက် ဓားအိမ်တော်တစ်ခုလုံး ပေးဆပ်ရမယ်"
သူမက အော်ဟစ်လိုက်ပြီး ယွမ်ရှောင်ကို ဆင်ခြေအဖြစ်အသုံးပြုကာ အမှတ်တစ်ဓားတောင်ကိုယ်စား ဓားအိမ်တော်ကို ရှင်းပစ်ချင်နေသည်။ အခြေအနေက ထင်ထားသည်ထက် ကျော်လွန်လာသောကြောင့် သူမက ရဲကွာ၏သေဆုံးမှုကိုပင် မေ့လျော့သွားခဲ့သည်။
"မင်းတို့က ဓားသခင်ကို သွားခေါ်။ ကျောက်ရန်ရန်နဲ့ မျက်ကန်းကြီးကို ငါ သွားခေါ်မယ်"
ရောင်ချင်းချန်က ဓားတောင်အမှတ်တစ်၏ တပည့်ခြောက်ယောက်ကို အေးစက်စက် အမိန့်ပေးလိုက်သည်။
"နေစမ်းပါဦး။ မင်းတို့ကို ဘယ်သူက သွားခွင့်ပေးလို့လဲ။ ဒီညမှာ မင်းတို့တစ်ယောက်မှ အသက်ရှင်ဖို့ မစဥ်းစားကြနဲ့"
ယွမ်ရှောင်က ရင်ဘတ်အတွင်းမှ အနက်ရောင်ခေါင်းတလားကို သူမထံ ပစ်ပေါက်လိုက်သည်။
"အရူး"
သူမက လှောင်ရယ်လိုက်သော်လည်း ခေါင်းတလားသည် ကျားနှင့် ခြင်္သေ့ ပေါင်းစပ်ထားသည့် ကြမ်းကြုတ်သော သားရဲတစ်ကောင်အဖြစ် ပြောင်းလဲသွားကာ လေထဲမှ ခုန်အုပ်လိုက်သည်။
"ဘုန်း"
သူမက လွင့်ထွက်သွားကာ လက်သည်းကြီးများဖြင့် ခုတ်ပိုင်းခံလိုက်ရသောကြောင့် မြေပြင်တွင် သွေးအလိမ်းလိမ်းနှင့် ပြုတ်ကျသွားသည်။ နံရိုးအားလုံး ကျိုးထွက်သွားသောကြောင့် ဖျော့တော့နေသော နှုတ်ခမ်းမှ ညည်းသံသဲ့သဲ့ ထွက်လာ၏။ သူမကို တိုက်ခိုက်လိုက်သူမှာ နဂါးသဏ္ဍာန်အကြေးခွံများ ဖုံးအုပ်ထားကာ ခေါင်းအထက်တွင် ဂျိုနှစ်ချောင်းနှင့် ကြယ်အစုအဝေးတစ်ခုနှင့် ဆင်တူသော မျက်လုံးပိုင်ရှင် သားရဲကြီးတစ်ကောင် ဖြစ်သည်။ ကြောက်စရာအကောင်းဆုံးမှာ ၎င်း၏ပါးစပ်အတွင်း၌ ဓားသဏ္ဍာန်သွားများနှင့် ဆူးချွန်လျှာကြီးတစ်ခု ရှိနေခြင်းပင်။
"တောက်တီ"
သွေးအိုင်အတွင်း လဲကျနေသော သူမက အလန့်တကြား ရေရွတ်လိုက်သည်။
"ဘာတောက်တီလဲ၊ မင်းက ငါ့ကို စော်ကားတာလား"
ကြယ်ပြာက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။ နောက်ဆုံးတွင် ယွမ်ရှောင်သည် ရူးသွပ်နေခြင်းမဟုတ်ဘဲ အမှန်တကယ် ကြောက်စိတ်မရှိကြောင်း သူမက နားလည်သွားခဲ့သည်။ အသူရာဓားဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်သော်လည်း တပည့်အသစ်တစ်ယောက်လက်ထဲတွင် မရှုမလှ ခံစားလိုက်ရသည်။ ယွမ်ရှောင်သည် သူမ၏ တောင်းပန်လိုသော အကြည့်ကို လျစ်လျူရှုကာ ခွေးပြေးဝက်ပြေးထွက်ပြေးသွားသည့် တပည့်ခြောက်ယောက်အနောက်သို့ လိုက်ပါသွားခဲ့သည်။ ဓားချက်များအောက်တွင် အပြာရောင်ဓားသည် ထိုခြောက်ယောက်၏ သေကွင်းသေကွက်များကို ထိုးစိုက်၍ အဆုံးသတ်ပေးလိုက်သည်။
"ယွမ်ရှောင် ငါ့မှာ ဂရုစိုက်ရမယ့် မိသားစု ရှိပါတယ်။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ မင်း ငါ့ကိုသတ်လိုက်ရင် ဂုဏ်သိက္ခာမရှိတဲ့ အင်မော်တယ်တစ်ယောက် ဖြစ်လာလိမ့်မယ်"
တပည့်ငါးယောက် အသတ်ခံလိုက်ရပြီး နောက်ဆုံးကျန်ရစ်သူမှာ ထွက်မပြေးတော့ဘဲ ဒူးထောက်၍ တောင်းပန်လိုက်သည်။
"ငါက မိဘမဲ့ဆိုတော့ မိသားစုဆိုတာ နားမလည်ဘူးကွ။ အင်မော်တယ်လမ်းကြောင်းမှာ ငါက ဂုဏ်သိက္ခာမရှိရင်တောင် ငါ့လမ်းကြောင်းကို ငါ ကိုယ်တိုင်ဖောက်ပြီး လက်စားချေမယ်"
ယွမ်ရှောင်၏စကားသံက ညအမှောင်တွင် ပဲ့တင်ထပ်သွားကာ ထိုတပည့်သည်လည်း အဆုံးသတ်ခံလိုက်ရ၏။
"ရောင်ချင်းချန် မင်းအလှည့် ရောက်ပြီ"
သူက ရောင်ချင်းချန်အနားသို့ လျှောက်လာကာ ဝတ်ရုံဖြူအထက်တွင် သွေးစက်များမှာ ချယ်ရီပန်းပမာ လှပနေသည်။
"အစ်ကိုမြောင် ကျုပ် ဒီကောင်မနဲ့ စကားနည်းနည်းပြောစရာရှိလို့ ခဏရှောင်ပေးပါလား"
ယွမ်ရှောင်က ယဥ်ကျေးစွာ တောင်းဆိုလိုက်သောအခါ ချိုက်မြောင်က ပခုံးတစ်ချက်တွန့်၍ ခြံဝန်းအတွင်း ချက်ချင်းပြန်လည် ဝင်ရောက်သွားခဲ့သည်။
"ကျုပ် ခင်ဗျားကို ကျေးဇူးတင်ရမယ်"
"ဘာ.. ဘာကြောင့်လဲ"
"ငါ့ကို အင်မော်တယ်လမ်းကြောင်း ပြပေးတဲ့အတွက်လေ"
ယွမ်ရှောင်၏ ကိုယ်ထက်တွင် စွန်းထင်းနေသော သွေးများသာမရှိလျှင် သူ၏အပြုံးမှာ နှစ်လိုဖွယ်ကောင်းပေလိမ့်မည်။
"ငါ မှားသွားပါတယ်။ မင်းရဲ့ပါရမီကို မမြင်နိုင်ခဲ့ဘူး"
သူမက ကြောက်စိတ်ကြောင့် တုန်လှုပ်စွာ တောင်းပန်လိုက်သည်။
"ကြာစိမ်းဓားဝိညာဥ် ဟုတ်လား။ ဒီဓားက အဆင့်နိမ့် ကြယ်တံခွန်ပေါ့ ဟုတ်လား။ ဓားအမွေခံကျောက်ကို ငါက ဖျက်ဆီးလိုက်ပေမယ့် ကျန်းရယ်က နာမည်ကောင်းရသွားတယ်။ ဒါပေမယ့် ဒီကောင်မက ဓားခုနစ်လက်ပွဲတော်မှာ အကျနာပါလိမ့်မယ်"
ယွမ်ရှောင်၏အပြုံးက တောက်ပနေသည်။
"ယွမ်ရှောင် နင်က ငါတွေ့ဖူးသမျှထဲမှာ အသန်မာဆုံး ပါရမီရှင်ပါ"
မူလတွင် တစ်ဖက်လူက ရူးသွပ်နေသည်ဟု ထင်မှတ်မှားခဲ့သော်လည်း လက်ရှိ၌ သူမသည် အမှန်တရားကို နားလည်သွားခဲ့၏။
"နောက်ထပ်လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ရဲကုရင်နဲ့ ကျန်းရယ်က သေမျိုးတစ်ယောက်ကို အကောက်ကြံခဲ့ပေမယ့် သူက သေရွာပြန်လာပြီး လက်စားချေဖို့ ရောက်ရှိလာပြီ"
သူက တစ်လုံးချင်းပြောလိုက်သောအခါ ရဲကွာနှင့် ကျန်းရယ်အပေါ် လုပ်ရပ်များ၏ အကြောင်းအရင်းကို သူမက နားလည်သွားခဲ့သည်။ အကယ်၍ ကောင်းကင်လမ်းကြောင်းတွင် အကြီးအကဲများသာ စောင့်ကြည့်မနေခဲ့လျှင် ကျန်းရယ်ပင် အသတ်ခံလိုက်ရနိုင်သည်။ လျှို့ဝှက်ချက်သိသွားလျှင် သေခြင်းတရားက စောင့်ကြိုနေမည် ဖြစ်သောကြောင့် သူမအတွက် စိတ်ဓာတ်ကျစရာပင် ဖြစ်သည်။
"ယွမ်ရှောင် ငါ့ကို မသတ်ပါနဲ့။ ငါက မိန်းမလှတစ်ယောက်ပါ။ နင်သာ အသက်ချမ်းသာပေးရင် ဘာမဆို လုပ်ပေးနိုင်ပါတယ်"
ရောင်ချင်းချန်က နှုတ်ခမ်းကို လျှာဖြင့်သပ်၍ မြှူဆွယ်ရန် ကြိုးစားလိုက်သည်။ သို့သော်လည်း သူမကို အဖြေပေးလာသည်မှာ အေးစက်စက်ဓားသွားတစ်ခု ဖြစ်နေသောကြောင့် အားခနဲ အော်သံနက်ကြီးနှင့်အတူ မြေအောက်ကမ္ဘာသို့ ရောက်ရှိသွားခဲ့သည်။
"ကြည့်ရတာ မိန်းမလှတွေလည်း ငါ့ဓားကို မတားနိုင်ဘူး ထင်ပါတယ် ဟား ဟား"
ယွမ်ရှောင်က ခပ်ညစ်ညစ်ပြုံးလိုက်ပြီး ကျေနပ်စွာ ရယ်မောလိုက်လေသည်။