ယုံကြည်မှု သိပ်မရှိသော လီချန်ရှို့
Vol. 1-8 Ch. 106
တောအုပ်အတွင်းရှိ သီးခြားမန္တန်အစီအရင်အောက်တွင် လိမ္မော်နီရောင် မီးတောက်များ ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။ ထိုမီးတောက်များကြား၌ မိစ္ဆာခြောက်ကောင်၏ အလောင်းများသည် လျင်မြန်စွာ အရည်ပျော်လာ၏။
မီးတောက်များသည် (၁၀)ကျန့်ခန့် မြင့်တက်တောက်လောင်နေပြီး အပူလှိုင်းများထုတ်လွှတ်ပေးနေလေသည်။ စိတ်တန်ခိုးများထွက်ပေါ်လာပြီး တာအိုရသေ့၏ အသက်မဲ့နေသော မျက်လုံးများတွင် ရောင်ပြန်ဟပ်နေ၏။
တာအိုရသေ့သည် သမာဓိမီးတောက်၏ အပူချိန်ကို စမ်းသပ်ကြည့်ဟန်ဖြင့် လက်မြှောက်လိုက်၏။ သို့သော် သူ၏နှလုံးသားထဲတွင်မူ လွန်စာအေးစက်မှုတစ်ခုကို ခံစားလိုက်ရလေသည်။
စက္ကူရုပ်သုံးရုပ်သည် အသက်အရွယ်မတူသော လူသုံးယောက်အဖြစ် ပြောင်းလဲသွားပြီး မီးပုံဘေးတွင် ရပ်ကာ သုတ္တန်များရွတ်နေကြသည်။ သူတို့သည် ရွတ်နေကြဖြစ်သော ကယ်တင်ခြင်းသုတ္တန်၊ ပြန်လည်မွေးဖွားခြင်းကျိန်စာနှင့် ကုသိုလ်-အကုသိုလ် ကျိန်စာတို့ကို ရွတ်နေကြသည်။ သူတို့သည် သစ်သားငါးလေးကို လက်ထဲရှိ တုတ်တိုလေးဖြင့် ခေါက်နေ၏။ ဝိညာဉ်ဖိနှိပ် ခေါင်းလောင်းလေးကိုလည်း လှုပ်ယမ်းနေ၏။
ထိုနေရာသည် အန်းရွှေမြို့နှင့် လီ(၁၀၀၀)ကျော်အကွာတွင်ရှိပြီး လူသူကင်းမဲ့သည့် နက်ရှိုင်းသော တောင်ကြားတစ်နေရာတွင်ဖြစ်သည်။ သူသည် ထိုနေရာတွင် မိစ္ဆာခြောက်ကောင်နှင့် ပြင်းထန်သော တိုက်ပွဲဆင်နွှဲ၍ ထိုမိစ္ဆာများကို တားခဲ့ခြင်းပင်။ သူသည် အဆိပ်ဆေးလုံးအနည်းငယ်ကို သုံး၍ ထိုမိစ္ဆာများကို သတ်ပစ်ခဲ့လေသည်။
လီချန်ရှို့သည် သူ၏စိတ်ကို အန်းရွှေမြို့အောက်တွင် ဖွက်ထားသော စက္ကူကိုယ်ပွားဆီသို့ပို့လိုက်ပြီး ထိုစက္ကူကိုယ်ပွားမှတဆင့် နတ်အာရုံသုံး၍ ပတ်ဝန်းကျင်တွင်ဖြစ်ပျက်နေသည်များကို အာရုံခံလိုက်သည်။ လီချန်ရှို့တစ်ယောက် ရှုံးရွာသူရွာသားများသည် စုန်းကဝေလူသားများ ဖြစ်ကြောင်း သိရှိခဲ့ရသဖြင့် ခေါင်းနောက်နေ၏။ သို့သော် ထိုကိစ္စသည် ဖြေရှင်း၍ မရသော ကိစ္စပင်။
သို့သော် နဂါးများ ရုတ်ခြည်းရောက်လာသဖြင့် စုန်းကဝေလူသားများနှင့် တိုက်ပွဲဖြစ်တော့မလို ဖြစ်နေသည်။ အောင်းရိပါ ပါလာသဖြင့် ပို၍ ဖြစ်နိုင်ချေရှိလေသည်။
ထို့ကြောင့် လီချန်ရှို့သည် ကမ္မနှောင်ကြိုးများကို အနည်းနှင့်အများ ပို၍ ဖြတ်တောက်လိုလာတော့သည်။ စိတ်လိုက်မာန်ပါပြုခြင်းသည် မကောင်းသော အမူအကျင့်ဖြစ်သဖြင့် သူသတိထားရပေမည်။ လီချန်ရှို့သည် စိတ်ငြိမ်သုတ္တန်ကို စိတ်ထဲမှ ရွတ်လိုက်ပြီး ဖြေရှင်းရန်နည်းလမ်းကို အလျင်အမြန်ရှာလိုက်၏။
ယခုတွင် ပို၍ အရေးကြီးသော ပြဿနာမှာ အောင်းရိသည် သူ့ကို သိနေခြင်းပင်။ တောင်ပင်လယ်မှ ပင်လယ်စောင့်နတ်မင်းနှင့် တုနတ်ဝိဇ္ဇာဂိုဏ်းမှ မထင်မရှား တပည့်လေး လီချန်ရှို့ကို အောင်းရိအနေဖြင့် ဆက်စပ်မိပေလိမ့်မည်။
အလွယ်ကူဆုံးနည်းလမ်းမှာ သူတို့အကုန်လုံးကို သတ်ပစ်လိုက်ခြင်းပင်။ သို့သော် ထိုနည်းလမ်းသည် အရက်စက်ဆုံး၊ မလုပ်သင့်ဆုံးနည်းလမ်းပင်။ ထိုသို့လုပ်ခဲ့လျှင် အကုသိုလ်များရသွားပြီး ပြန်ချေဖျက်ရန် ခက်ခဲ့ပေလိမ့်မည်။
သူသည် ယခုကဲ့သို့ အခြေအနေမျိုးတွင် စိတ်လှုပ်ရှားနေ၍မဖြစ်ပေ။ ပိုကောင်းသော နည်းလမ်းတစ်ခုကို အချိန်မီစဉ်းစားနိုင်မှ ရပေမည်။ လီချန်ရှို့သည် သေမည့်အချိန်ကို ထိုင်စောင့်နေတတ်သော လူစားမျိုးမဟုတ်ပေ။ ထို့ပြင် စိတ်လိုက်မာန်ပါလုပ်၍ အနိုင်ယူခြင်းသည် ကျိုးနတ်ဝိဇ္ဇာတစ်ပါးဖြစ်သော သူ၏ ဆရာဒေါ်လေးကျိုးကျိုး၏ နည်းလမ်းဖြစ်၏။ သူမကို “ ဒါက တရားမျှတပါတယ် ”ဟူသော အကြောင်းပြချက်က ကာကွယ်ပေးထားလေသည်။
လီချန်ရှို့တစ်ယောက် သေချာမစဉ်းစားဘဲ ထိုသူများကို အကောက်ကြံခဲ့လျှင် ဓားသွားပေါ်လမ်းလျှောက်ရသကဲ့သို့ ဖြစ်ပေလိမ့်မည်။ လီချန်ရှို့သည် “ ချမ်းချမ်းသာသာ၊ အသက်ရှည်ရှည်နေရမည့် တည်ငြိမ်သောဘဝကိုသာ ရှာဖွေရမည် “ ဟူသော ကိုယ်ပိုင်မူတစ်ခုရှိ၏။ ထိုမူကို သူ၏ နှလုံးသားထက်တွင် အက္ခရာတင်ပြီးပေပြီ။ သူသည် အန္တရာယ်များသော စွန့်စားမှုများကို မလုပ်လိုပေ။
ယခုပြဿနာမှာ သူကိုယ်တိုင် အန္တရာယ်အတွင်း အရဲစွန့်ဝင်လိုက်ခြင်း မဟုတ်ပေ။ အန္တရာယ်သည် သူ့ကို မီးကွင်းများသဖွယ် လာ၍ ရစ်ပတ်လွှမ်းခြုံနေခြင်းဖြစ်၏။ သို့သော် လီချန်ရှို့သည် ပြဿနာကို စောစောစီးစီး သိရှိလိုက်ရသည့် အတွက်တော့ ဝမ်းသာမိသည်။
နဂါးနန်းတော်မှသူများသည် ပင်လယ်စောင့်နတ်မင်းပွဲတော်ကြောင့် ရောက်လာခြင်းဖြစ်ပေမည်။ ထိုအရာသည် လီချန်ရှို့ စက္ကူကိုယ်ပွားများကို ပို့လိုက်ခြင်းနှင့် မည်သို့မှ သက်ဆိုင်ခြင်းမရှိပေ။ အကယ်၍ လီချန်ရှို့သာ ထိုနေရာသို့ စက္ကူကိုယ်ပွားများ မစေလွှတ်ခဲ့ပါက မည်သည့်အရာများ ဖြစ်ပျက်သွားသည်ကို သိလိုက်မည်ပင် မဟုတ်ချေ။
“ ငါ ဆရာဒေါ်လေးအတွက် မန္တန်အစီအရင်ဆင်ပေးနေတုန်းက စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရတယ်။ တစ်ခုခုတော့ ဖြစ်တော့မယ်လို့ ငါထင်လိုက်ပေမယ့် အခုတော့ အဲဒီထင်လိုက်တဲ့ဟာကို လက်တွေ့ကြုံနေရပြီ ”
လီချန်ရှို့ စိတ်ထဲမှနေ၍ အစီအစဉ်တစ်ခုကို ဆွဲလိုက်သည်။ သူ၏ စိတ်သည် စတင်လုပ်ဆောင်နေပေတော့သည်။
လီချန်ရှို့၏ ခန္ဓာကိုယ်အစစ်သည် ဆေးဖော်ဆောင်အတွင်းမှ ထွက်၍ ရေကန်ဆီသို့ ပျံသန်းသွားလိုက်သည်။
အန်းရွှေမြို့အနီးရှိ ‘နတ်ဘုရား’ စက္ကူကိုယ်ပွားသည် အလောင်းများကို ဆက်လက်ရှင်းလင်းနေလေသည်။ အန်းရွှေမြို့အောက်တွင် ပုန်းအောင်းနေသော ‘ကောင်းကင်’ စက္ကူကိုယ်ပွားသည် အချိန်မရွေး တိုက်ခိုက်၍ နဂါးနန်းတော်မှ သူများကို အနိုင်ယူရန် အသင့်ရှိနေ၏။
အန်းရွှေမြို့ပြင်မှ လူများနှင့် နဂါးနန်းတော်မှ စစ်သည်များသည် အကြီးအကျယ်တိုက်ပွဲမဖြစ်ကြသေးသော်လည်း တစ်ဖက်နှင့် တစ်ဖက် ရန်စောင်နေပေပြီ။
နဂါးနန်းတော်မှသူများ စတင်ရောက်ရှိလာချိန်တွင် ရှုံးရွာ၏ ရွာသူကြီးသည် အရေးမစိုက်သည့်မျက်နှာထားရှိနေသော်လည်း အမှန်တွင် ထိုရေနဂါးစစ်သည်များကြောင့် အံ့အားသင့်နေခဲ့၏။
သို့သော် ရွာသူကြီးအိုကြီးသည် ရေနဂါးစစ်သည် ဆယ်ဦးကျော်ခန့်က ပင်လယ်စောင့်နတ်မင်းရုပ်တုအား ဖျက်ဆီးရန် ဆင်းလာသည်ကို မြင်လိုက်ရသောအခါ...
သေမျိုးအများစုအတွက် သူတို့၏ စည်းစိမ်များကို ဖျက်ဆီးခြင်းသည် သူတို့၏ မိဘကို သတ်သကဲ့သို့ပင် ခံစားရ၏။
ရှုံးရွာ၏ ရွာသူကြီးအိုကြီးသည် တုန်လှုပ်သွားပြီး အော်ပြောလိုက်သည်။
“ သူတို့ကို တားကြ... ”
သူ့နံဘေးရှိ ရွာသူရွာသား နှစ်ဆယ်ခန့်သည် ပါးစပ်များကိုဟ၍ ရွှေရောင်အလင်းများကို ထုတ်လွှတ်လိုက်သည်။ ထိုအလင်းများသည် လက်ကြီးများ၊ ခြေထောက်ကြီးများ၊ ကြောက်မက်ဖွယ်နတ်မင်း ဦးခေါင်းကြီးများအဖြစ် ပြောင်းလဲသွားကြ၏။ သူတို့၏ မှော်အစွမ်းများကို ထုတ်ပြလိုက်သောအခါ ရေနဂါးစစ်သည်များ မှင်သက်သွား၏။
ရေနဂါးစစ်သည်အချို့ မြေပေါ်သို့ ရိုက်ချခံလိုက်ရ၏။ အချို့ရေနဂါးစစ်သည်များသည်လည်း လွင့်ပျံသွားသဖြင့် ဒဏ်ရာများ ရသွားကြလေသည်။ ကျန်နေသေးသော ရေနဂါးစစ်သည်များကိုလည်း လူတစ်စုက ရှေ့ထွက်၍ တားဆီးလိုက်သည်။ သူတို့၏ လက်သီးများ၊ ခြေထောက်များသည် ရေနဂါးစစ်သည်များအပေါ်ကျရောက်သွားပြီး ပြင်းထန်သောရန်ပွဲတစ်ခု ဖြစ်ပေါ်သွားပေသည်။
စုန်းကဝေများသည် နဂါးများကို ဖမ်းဆီး၊ ဇာမနီငှက်များကို တိုက်ခိုက်နိုင်သော အစွမ်းများရှိလေသည်။ ထိုအရာသည် မွေးရာပါ သဘာဝမှော်အစွမ်းများပင်။
ထိုနေရာတွင် ရိုးရိုး သေမျိုးတစ်သိန်းကျော်လည်း ရှိနေသေး၏။ တောင်ကုန်းတစ်ခုလုံးသည် ပင်လယ်စောင့်နတ်မင်းကို ကိုးကွယ်သူများနှင့် ပြည့်နှက်နေလေသည်။ သူတို့သည် နတ်တမန်တော်များ တန်ခိုးအစွမ်းထုတ်ပြသည်ကို မြင်သောအခါ စိတ်ဓာတ်တက်ကြွလာကြသည်။
ထိုအခိုက်တွင် မြင်ကွင်းတစ်ခုလုံးသည် ပရမ်းပတာဖြစ်နေပေသည်။ လူကြီးများသည် ကလေးငယ်များ၏ မျက်လုံးများကို ကာထားကြပြီး လျှောက်မကြည့်ရန် တားမြစ်နေကြ၏။
ကံအားလျှော်စွာ အကြီးအကျယ် သတ်ဖြတ်ပွဲကြီး ဖြစ်မသွားပေ။ တိမ်ပေါ်ရှိ အောင်းမုန်သည်လည်း သူ၏ ရေနဂါးစစ်သည်များ ပြန်ဆုတ်ရအောင် တိုက်ခိုက်လိုက်သော ရှုံးရွာမှ စုန်းကဝေလူသားများကို ဖြုံသွားသည်။ သူသည် အလိုလို အောင်းရိ၏နောက်သို့ သွား၍ ရပ်လိုက်၏။
သို့သော် ရှုံးရွာသူကြီးအိုကြီးသည် ဆင်ခြင်တုံတရားရှိနေသေးသဖြင့် အော်ပြောလိုက်သည်။
“ သူတို့ကို မသတ်နဲ့ ”
ထိုအခါမှသာ တစ်စဆီဖြစ်ခါနီးနေသော ရေနဂါးစစ်သည်အချို့ သက်သာရာရသွားလေတော့သည်။
တောအုပ်ထဲတွင် စက္ကူကိုယ်ပွား တာအိုရသေ့သည် မီးတောက် အနည်းငယ် ထပ်ထုတ်နေသည်။ သူသည် ချောင်းဟန့်လိုက်ပြီး မိစ္ဆာခြောက်ကောင်၏ အလောင်းများကို ဆက်၍ လက်စဖျောက်နေ၏။
စက္ကူရုပ်များ သုတ္တုန်များ၊ ကျိန်စာများ ရွတ်ဆိုပြီးခါနီးလာရာတွင် မီးတောက်များလည်း အားနည်းလာလေတော့၏။
တာအိုရသေ့၏နံဘေးရှိ စက္ကူရုပ် လူသန်ကြီးသည် ပုလွေတစ်ချောင်းကို ထုတ်၍ ခေါင်းမော့ကာ လွမ်းဆွတ်ဖွယ် တေးသွားတစ်ခုကို မှုတ်လိုက်လေသည်။ အမျိုးသမီးတစ်ဦး၏ အသွင်ကိုယူထားသော စက္ကူရုပ်မှာမူ လွမ်းချင်းများကို ရွတ်နေပြီး အဝါရောင်စက္ကူများကို မီးရှို့ကာ စိတ်သက်သာရာရအောင် လုပ်နေ၏။
လီချန်ရှို့သည် သူကိုယ်တိုင် သေချာ အစီအစဉ်ဆွဲထားသော အသုဘလုပ်ငန်းစဉ်များကို ကြည့်၍ ခါးသက်သက်ပြုံးလိုက်လေသည်။
ထိုကမ္မနှောင်ကြိုးအသေးလေးကို ဖြတ်တောက်ရုံဖြင့် မည်သို့အသုံးဝင်ပေမည်နည်း။
‘ ငါ့မှာ ရစ်တွယ်နေတဲ့ ကမ္မနှောင်ကြိုး အကြီးကြီးကို မဖြတ်တောက်ရသေးဘူး... ငါသာ အဲဒါကို ကောင်းကောင်းမွန်မွန် မကိုင်တွယ်နိုင်ခဲ့ရင် ငါသေသွားနိုင်တယ် ’
သို့သော် သူသည် ချောင်ပိတ်မိနေသည့် အခြေအနေသို့ မရောက်သေးပေ။
အရာအားလုံးအတွက် မျှော်လင့်ချက်ရှိပေသေးသည်။ တည်ငြိမ်သောဘဝကို ဆက်လက်ရှာဖွေနိုင်ရန် အခွင့်အရေးရှိပေသေးသည်။ ထိုအခြေအနေများကို တည်ငြိမ်အောင်လုပ်နိုင်မည့် အခွင့်အရေးလည်း ရှိသေး၏။
လီချန်ရှို့သည် မျက်မှောင်ကြုတ်လိုက်ပြီး စက္ကူကိုယ်ပွား တာအိုရသေ့ကို ထိန်းချုပ်၍ ၎င်း၏အရှေ့တွင် ရှိနေသော ပြာများကို လက်ဝှေ့ယမ်းကာ လွှင့်မျှောလိုက်လေသည်။ သူအနည်းငယ် စိတ်သက်သာရာရသွား၏။ ထို့ကြောင့် ပို၍ တွေးတောနိုင်လာ၏။
လီချန်ရှို့သည် လက်နောက်ပစ်ကာ အလုပ်များကို တစ်ပြိုင်တည်း စတင်လုပ်လိုက်လေသည်။
သူ၏ စိတ်အချို့ကို အန်းရွှေ့မြို့အောက်ရှိ စက္ကူကိုယ်ပွားထံပို့၍ အခြေအနေကို ဆက်လက်စောင့်ကြည့်လိုက်၏။ ရေနဂါးစစ်သည်များ အောက်သို့ဆင်း၍ ထပ်မံတိုက်ခိုက်ရန် ပြင်နေစဉ်တွင် အောင်းရိက အော်ပြောလိုက်၏။
“ ရပ်လိုက်ကြ... ”
ရှုံးရွာသူကြီးအိုကြီးသည်လည်း အော်ပြောလိုက်သည်။
“ သူတို့ကို ပြန်ဆုတ်ခိုင်းလိုက် ”
ထိုအခါမှ ရှုံးရွာမှ လူသန်ကြီးတစ်စုသည် ဖမ်း၍ ထိုးကြိတ်ခံနေရသော ရေနဂါးစစ်သည် အချို့ကို ပြန်လွှတ်ပေးလိုက်သည်။ ထိုစစ်သည်များသည် ဒဏ်ရာများဖြင့် ဖူးယောင်နေသော မျက်နှာများဖြင့် တိမ်တိုက်ပေါ်သို့ ပျံတက်သွားလေသည်။
အောင်းရိသည် တစ်စုံတစ်ခုကို တွေ့ရှိသွားပုံရ၏။ သူသည် ရုပ်တု၏ အရှေ့သို့ပျံသန်းသွားလိုက်ပြီး သေချာလေ့လာလိုက်သည်။
သူ၏ ချောမောခံ့ညားသော မျက်နှာတွင် အံ့အားသင့်မှုများနှင့် ပြည့်နှက်သွားလေသည်။
လီချန်ရှို့အတွက် အချိန်သိပ်မကျန်တော့ပေ။
“ ဒီလိုဆိုတော့လည်း ကိုယ်ကပဲ ဦးအောင် တိုက်ရတော့မှာပေါ့ ”
လီချန်ရှို့ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် ပြတ်သားသော အရိပ်အယောင်များသာ ရှိနေတော့သည်။ သူသည် အလုပ်များကို အဆက်မပြတ် တစ်ပြိုင်တည်း လုပ်လိုက်လေ၏။
တောင်ကြားထဲရှိ တောအုပ်အတွင်းမှ စက္ကူကိုယ်ပွားသည် မြေအောက်အတွင်းသို့ ဝင်ကာ အန်းရွှေမြို့သို့ ဦးတည်၍ အလျင်အမြန်သွားလိုက်၏။ အန်းရွှေမြို့အောက်တွင် ပုန်းအောင်းနေသော စက္ကူကိုယ်ပွားသည် ရုပ်တု၏ အောက်သို့ တိတ်တဆိတ်ရောက်နေပြီဖြစ်ပြီး ၎င်း၏ နတ်တန်ခိုးများကို အချိန်မရွေးထုတ်ရန် အသင့်ဖြစ်နေပေသည်။
တချိန်တည်းမှာပင် လီချန်ရှို့အစစ်သည် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ချုံတောင်လေးပေါ်မှ ရေကန်ဘေးရှိ တဲအိမ်လေးထဲတွင် အိပ်နေသော သူ၏ ညီမလေး လန်လင်းအယ်ကိုနှိုး၍ တရားကျင့်ကြံနေရင်း အိပ်ပျော်နေသော သူတို့၏ဆရာကို သူနှင့်အတူသွား၍ နှိုးရန် ပြောလိုက်သည်။
သူ၏ဆရာကို နှိုးပြီးသောအခါ လီချန်ရှို့သည် သူ့ဆရာတဲအိမ်အပြင်ရှိ မန္တန်အစီအရင်ကို နှိုးလိုက်ပြီး သူ၏ တာအိုဝတ်ရုံကို ပင့်၍ သူ့ဆရာအရှေ့တွင် ဒူးထောက်လိုက်၏။ လင်းအယ်နှင့် ချီယွမ်တို့ အံ့ဩသွား၏။
“ အစ်ကိုကြီး... ဘာဖြစ်လို့လဲ ”
လင်းအယ် တုန်လှုပ်နေ၏။
သူမသည် အစ်ကိုကြီးတစ်ယောက် ထိုကဲ့သို့ မျက်နှာထားသုန်မှုန်နေသည်ကို တစ်ခါမှ မမြင်ခဲ့ဘူးချေ။ မကြာသေးခင်က ဂိုဏ်းအန္တရာယ်နှင့် ကြုံခဲ့တုန်းကပင် သူမ၏ အစ်ကိုကြီးသည် တည်ငြိမ်ခဲ့၏။
ချီယွမ် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ ချန်ရှို့... မင်းမှာပြောစရာရှိရင် ပြောသာပြောလိုက်ပါ ”
“ ဆရာ... ကျွန်တော်တောင်းပန်ပါတယ် ”
လီချန်ရှို့ ခေါင်းငုံ့၍ ပြောလိုက်သည်။
“ ဒီနေ့ ကျွန်တော် ကမ္မနှောင်ကြိုးအကြီးကြီးတစ်ခု ရစ်တွယ်စေမိခဲ့ပါတယ်။ နောက်ကျရင် ကျွန်တော့်ကြောင့် ဆရာနဲ့ လင်းအယ်ပါ အဲ့ကမ္မနှောင်ကြိုးထဲ ပါသွားနိုင်ပါတယ်။ တကယ်လို့ တစ်နေ့နေ့မှာ ဒီကိစ္စပေါ်သွားပြီး ပညာရှင်တစ်ဦးဦးက ကျွန်တော့်ကို သတ်ချင်ခဲ့ရင် ကျေးဇူးပြုပြီးတော့ ဆရာနဲ့လင်းအယ်နဲ့ ကျွန်တော့်ကို ဂရုမစိုက်ကြပါနဲ့... ”
ချီယွမ်က လျင်မြန်စွာ ပြန်ပြောလိုက်သည်။
“ ချန်ရှို့... ငါ့ကို မခြောက်စမ်းပါနဲ့.. မင်းမှာ ကိစ္စတစ်ခုခုရှိနေလို့လား... ”
“ အစ်ကိုကြီး ဘာများ ဖြစ်လို့လဲ ”
လင်းအယ်သည် ခပ်သုတ်သုတ် လျှောက်၍ လီချန်ရှို့၏ ဘေးတွင် ဒူးထောက်လိုက်သည်။ သူမသည် လီချန်ရှို့၏ လက်မောင်းကို တွဲလိုက်၏။ သူမ၏ မျက်လုံးများသည် နီရဲနေပေပြီ။
“ ဒီလိုစကားတွေ မပြောပါနဲ့... ညီမလေးတို့ လောကကြီးရဲ့ အဆုံးမှာ သွားပုန်းနေလို့ မရဘူးလား ”
“ ဒီတစ်ခါတော့ ဘယ်နေရာမှာမှ သွားပုန်းလို့ရမှာ မဟုတ်ဘူး ”
လီချန်ရှို့ ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။
“ ဆရာ..ညီမလေး... အချိန်သိပ်မရှိတော့ဘူး... ကျွန်တော်ပြောတာကို အရင်ဆုံး သဘောတူလိုက်ပါ ”
ချီယွမ်သည် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်ပြီး နွေးနွေးထွေးထွေးပြုံး၍ ပြောလိုက်၏။
“ မင်းသာ ပြဿနာနဲ့ကြုံရရင် ငါက ဘယ်လိုလုပ် ဂရုမိစိုက်ဘဲ နေနိုင်မှာလဲ ”
လီချန်ရှို့၏ မျက်နှာ မှိုင်းညို့သွား၏။
“ ကျွန်တော်သာ ဒီကိစ္စကို သေချာမကိုင်တွယ်နိုင်ခဲ့ဘူးဆိုရင် ကမ္မနှောင်ကြိုးထဲကို ရန်ကျောင်းတော်ကိုရော ဂိုဏ်းကိုပါ ဆွဲခေါ်မိသလို ဖြစ်သွားလိမ့်မယ် ”
“ အဲ့ဒါဆိုရင် မရေမတွက်နိုင်တဲ့ နှောင်ကြိုးတွေဖြစ်လာပြီး နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီး ခံစားရပါလိမ့်မယ် ”
ချီယွမ် ထပ်မံပြုံးလိုက်သည်။
“ ငါက မြေနတ်ဝိဇ္ဇာလေးတစ်ပါး ပါပဲ။ ဘာတွေကို ကြောက်နေရဦးမှာလဲ... ”
“ ဆရာ... ”
လီချန်ရှို့၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရပြီး မျက်လုံးများ အရောင်လဲ့လာလေသည်။
“ အေး...ငါ့တပည့်... ”
ချီယွမ်သည် လက်မြှောက်၍ လီချန်ရှို့၏ ပခုံးကို အသာအယာပုတ်လိုက်၏။ ရုတ်ခြည်းပင် တဲအိမ်ထဲ၌ ပို၍ နွေးထွေးသွားလေသည်။
လင်းအယ်မှာမူ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ စဉ်းစားနေသည်။
‘ ဟုတ်နေလောက်မလား... ’
လင်းအယ်က နူးညံ့စွာမေးလိုက်လေသည်။
“ အစ်ကိုကြီး... အစ်ကိုကြီး အဲ့ကိစ္စကို မလုပ်ရသေးဘူးမဟုတ်လား... ”
လီချန်ရှို့ ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်။
“ ဟုတ်တယ်... အခုမှ လုပ်တော့မလို့... ”
“ အဟွတ်...အဟွတ်...မင်း... ”
ချီယွမ်၏ ကိုယ်ယောင်ကိုယ်ဝါ ထွက်ပေါ်လာသည်။ သူသည် မြင်းမြီးနှင်တံကို မြှောက်၍ လီချန်ရှို့ကို ရိုက်ရန် ရွယ်လိုက်၏။
“ မင်းက လုပ်တောင်မလုပ်ရသေးတာကို... ဘာလို့ ဒီကိုလာပြီး ဒါတွေလာပြောနေတာလဲ ”
လီချန်ရှို့သည် အနောက်သို့ ခုန်၍ ရှောင်လိုက်ပြီး ပြုံးပြလိုက်၏။
“ ပိုပြီးလုံခြုံအောင် ကျွန်တော်မလုပ်ခင် ဆရာနဲ့ ညီမလေးကို ကြိုပြောဖို့ ဆုံးဖြတ်လိုက်တာပါ။ တကယ်လို့ နောက်ကျတစ်ခုခုဖြစ်လာရင် ဆရာတို့ ကျွန်တော့်ကို ဂရုမစိုက်ကြပါနဲ့။ ဆရာ ကျွန်တော့်ကို ဂိုဏ်းက နှင်ထုတ်လိုက်ပြီး ကျွန်တော်နဲ့ ကမ္မနှောင်ကြိုးတွေကို ဖြတ်ပစ်လိုက်ပါ။ ဆရာသဘောတူတယ်လို့ပဲ ကျွန်တော်ယူဆလိုက်တော့မယ်နော်... ကျွန်တော်ပြန်သွားရဦးမယ်။ စိတ်ပျံ့လွင့်နေလို့မရဘူး ”
ထိုသို့ပြောပြီးနောက် လီချန်ရှို့သည် နောက်လှည့်၍ ဆေးဖော်ဆောင်သို့ ပျံသွားရန် ဟန်ပြင်လိုက်သည်။ ချီယွမ်သည် တုံ့ဆိုင်းနေသော်လည်း လင်းအယ်မှာမူ အစ်ကိုကြီးနောက်ကို လိုက်သွဦးလိုက်သည်။
“ အစ်ကိုကြီး... ဒီတစ်ခေါက် အစ်ကိုကြီး ယုံကြည်မှုရှိလား ”
လီချန်ရှို့သည် နောက်သို့ပင် ပြန်လှည့်မကြည့်ဘဲ ဖြေလိုက်သည်။
“ ရှိတယ်လို့ပြောလို့မရဘူး... ”
လင်းအယ်က ကတိုက်ကရိုက် ထပ်ပြောလိုက်သည်။
“ ဘယ်လောက်ရာခိုင်နှုန်းလောက် ယုံကြည်မှုရှိလဲ ဆိုတာ တိတိကျကျပြောပါ... ”
“ (၈၅)ရာခိုင်နှုန်းလောက်ပေါ့ ”
လီချန်ရှို့တစ်ယောက် သက်ပြင်းချ၍ တောအုပ်အတွင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့သည်။
လင်းအယ်လည်း မျက်မှောင်ကြုတ်လိုက်သည်။ (၈၅)ရာခိုင်နှုန်း ယုံကြည်မှုရှိခြင်းက အမှန်ပင် ယုံကြည်မှုမရှိသကဲ့သို့ပင်။
“ ဟမ်... ”
လင်းအယ် မျက်တောင်ခတ်လိုက်သည်။
သူမ၏ အတွေးများတစ်ခုခုလွဲနေပြီ ဖြစ်ကြောင်းသိသော်လည်း ပြဿနာအရင်းအမြစ်ကို ရှာမတွေ့ပေ။
လီချန်ရှို့ ဆေးဖော်ဆောင်သို့ ပြန်ရောက်သောအခါ ပတ်ဝန်းကျင်ရှိ လှည့်ဖျားမန္တန်အစီအရင်များ၊ ထောင်ချောက်မန္တန်အစီအရင်များ၊ ဖုံးကွယ်မန္တန်အစီအရင်များနှင့် သတိပေးမန္တန်အစီအရင်များကို နှိုးလိုက်၏။ ထို့ပြင် အာရုံခံကျောက်မျက်များကိုလည်း ချိတ်ဆွဲလိုက်လေသည်။
ဆေးပေါင်းဖိုအောက်တွင်လည်း မီးတောက်များရှိနေပြီး စက္ကူရုပ်များက စောင့်ကြည့်နေကြ၏။ လီချန်ရှို့၏ စိတ်ထဲတွင် အန်းရွှေမြို့အပြင်ဘက်မှ မြင်ကွင်းများ ပြန်၍ ပေါ်လာလေသည်။
လူများနှင့် နဂါးများ ကြားမှာ တိုက်ပွဲသည် စရန် တာဆူနေပေပြီ။
ထိုအခိုက်တွင် အောင်းရိသည် ပင်လယ်စောင့်နတ်မင်းရုပ်တုမှ ရုပ်သွင်ကို လုံးဝ မှတ်မိသွားပြီဖြစ်၏။ သူသည် ချီတုံချတုံဖြစ်နေပြီး မျက်ဝန်းများထဲတွင်လည်း မယုံကြည်နိုင်သော အရိပ်အယောင်များနှင့် ပြည့်နှက်နေလေသည်။
လီချန်ရှို့သည် အခိုးအငွေ့ကိုယ်ယောင်ဖျောက်အတတ်ကို သုံး၍ မြေအောက်ထဲသို့ ဝင်သွားလိုက်သည်။ သူသည် ကျောက်လမ်းအတိုင်းသွားလိုက်ပြီး သစ်သားတံခါးကို တွန်းဖွင့်လိုက်လေသည်။ ထို့နောက် မြေအောက်လျှို့ဝှက်ခန်းအတွင်းရှိ စားပွဲအနောက်မှ ကုလားထိုင်းအဝိုင်းတွင် ထိုင်လိုက်၏။
‘ လာစမ်း... ’
‘ နိုင်မလား...ရှုံးမလား ’
ရုတ်ခြည်းပင် လီချန်ရှို့ စိတ်ဆုံးဖြတ်လိုက်၏။ သူ၏ အတွေးများရှင်းလင်းသွားပြီး ဆက်ဖြစ်လာနိုင်မည့် အခြေအနေများကို သုံးသပ်ခန့်မှန်းလိုက်သည်။
သူ၏ လက်ရှိပြဿနာမှာ ပင်လယ်စောင့်နတ်မင်း မည်သူဆိုသည်မှာ ပေါ်သွားတော့မည့် အရေးဖြစ်သည်။
သူသည် အောင်းရိကို သတ်ပစ်၍ မရပေ။ သတ်လိုက်ပါက နဂါးမျိုးနွယ်၏ အမျက်ဒေါသများကို သူခံစားရပေလိမ့်မည်။
ထို့ပြင် ပင်လယ်စောင့်နတ်မင်း၏ နတ်တမန်တော်များသည် စုန်းကဝေလူသားများ ဖြစ်နေသည်။ အနောက်ကျောင်းတော်မှ ပညာရှင်များသည် ပင်လယ်စောင့်နတ်မင်းဘုံကျောင်းများကို ဖျက်ဆီးပစ်ရန် ကြံနေလောက်ပေပြီ။
လီချန်ရှို့၏ စိတ်ထဲတွင် လှုပ်ယမ်းနေသော ကြိုးများကို မြင်ယောင်သွား၏။ ထိုကြိုးများထဲမှ တစ်ချောင်းသာ အန္တရာယ်ကင်းလေသည်။ သူသာ အန္တရာယ်ကင်းသော ကြိုးကိုစွဲမိလျှင် အမတလမ်းစဉ်ကို ဆက်၍ လျှောက်လှမ်းနိုင်ပေမည်။
အခြားကြိုးများသည် အလေးချိန်ကြောင့် ပြတ်ကျသွားမည်ကြိုးများ၊ အဆိပ်များ၊ ဓားများနှင့် ရင်ဆိုင်ရမည့် ကြိုးများဖြစ်လေသည်။
ကြိုးများသည် လှုပ်ယမ်းနေဆဲပင်။ သို့သော် လီချန်ရှို့သည် နှလုံးသားထဲတွင် အေးချမ်းမှုတစ်ခုကို ခံစားလိုက်ရသည်။ သူပြုံးလိုက်၏။
သူ ကြိုးတစ်ချောင်းကို ရွေးချယ်ပြီးသွားသည့် ပုံပင်။
“ ငါ ဘာအကြံမှ ထုတ်လို့မရဘူးဆိုတော့ ငါ့ရဲ့ တွေးခေါ်ပုံကို ပြောင်းဖို့ ကြိုးစားကြည့်ရမှာပဲ ”
လီချန်ရှို့ လက်ဦးမှုရယူလိုက်၏။ သူ၏ စိတ်ကို တောင်သမုဒ္ဒရာအနီးရှိ အန်းရွှေမြို့သို့ ပြန်ပို့လိုက်သည်။ ထိုအခိုက်တွင် ပင်လယ်စောင့်နတ်မင်းရုပ်တုရှေ့တွင် အမွှေးတိုင်များ ထွန်းညှိပူဇော်ထား၏။
အောင်းရိသည်လည်း ရုပ်တု၏ မျက်နှာကို မျက်တောင်မခတ်တန်း ကြည့်နေလေသည်။ ထိုရုပ်တု၏ ရုပ်သွင်သည် အစ်ကိုချန်ရှို့နှင့် တူကြောင်း သူသိရှိပြီးဖြစ်၏။ သူသည် အံ့အားသင့်နေပြီး ခေါင်းထဲတွင်လည်း အတွေးများနှင့် ပြည့်နှက်နေပေသည်။
‘ ဘာလို့ အစ်ကိုချန်ရှို့က တောင်သမုဒ္ဒရာရဲ့ ပင်လယ်စောင့်နတ်မင်း ဖြစ်နေရတာလဲ ’
‘ အဲဒါက... ရန်ကျောင်းတော်ရဲ့ အစီအစဉ်တစ်ခုလား ’
‘ ဒါပေမဲ့ ဘာလို့ နတ်ဝိဇ္ဇာတောင် မဖြစ်သေးတဲ့ အစ်ကိုချန်ရှို့ကို တာဝန်ပေးရတာလဲ... ’
‘ အစ်ကိုချန်ရှို့က ထူးချွန်ပြီး ဗဟုသုတများတယ်။ တော်တော်လေး ကိုယ့်ကျင့်သိက္ခာကောင်းတယ်ဆိုပေမယ့်... ’
အောင်းရိတစ်ယောက် ရုတ်တရက် မှင်သက်သွား၏။ ရုပ်တုသည် အသက်ဝင်လာပြီး စိတ်တန်ခိုး အရိပ်အယောင်များ ပေါ်လာသည်ဟု အောင်းရိခံစားလိုက်ရ၏။
မြေပေါ်တွင် ရှုံးရွာမှ လူသန်ကြီးများသည် ဆွေးနွေးနေကြ၏။ သူတို့သည် တိမ်တိုက်များကို စူးစူးဝါးဝါးကြည့်၍ ပင်လယ်စောင့်နတ်မင်း၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုအခိုက်တွင် အောင်းမုန်သည်လည်း စိတ်ဆုံးဖြတ်ပြီးလေပြီ။ သူသည် ရေနဂါးစစ်သည်များကို ထိုကိုးကွယ်သူများအား သတ်ခိုင်း၍ ပင်လယ်စောင့်နတ်မင်းဘုံကျောင်းကို သင်ခန်းစာပေးလိုသည့် အတွေးများ ရုတ်ခြည်းဝင်လာလေသည်။
သို့သော် မမျှော်လင့်ထားသည့် အရာတစ်ခု ဖြစ်ပေါ်လာ၏။
မြေပြင်သည် အတန်ငယ် လှုပ်ရှားသွား၏။ ပေနှစ်ဆယ်မြင့်သော ကျောက်ရုပ်တုကြီးသည် လှုပ်ယမ်းလာပြီး ကောင်းကင်ပေါ်သို့ ဖြည်းဖြည်းချင်း မြောက်တက်သွားလေသည်။ ရုပ်တုကို နတ်အလင်းများလွှမ်းခြုံသွားပြီး ရုပ်တုနဖူးတွင် အလင်းတန်းတစ်ခု လက်သွား၏။
ရုပ်တုမှနေ၍ ဂါထာရွတ်ဖတ်သံ ထွက်ပေါ်လာလေသည်။
ထိုဖြစ်စဉ်များကို မြေအောက်တွင် ပုန်းနေသည့် စက္ကူကိုယ်ပွားမှ လုပ်နေခြင်းပင်။ နဂါးနန်းတော်မှ သူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။
တောင်ကုန်းပေါ်ရှိ သေမျိုးကိုးကွယ်သူများသည် ညီညီညွတ်ညွတ် ဦးညွှတ်လိုက်ကြသည်။ ထိုသေမျိုးများအကြားမှ အသက်အကြီးဆုံးသူမှာ အသက်ရှစ်ဆယ်အရွယ် အဘွားအိုတစ်ဦးဖြစ်ပြီး အငယ်ဆုံးမှာ ဆက်ကျော်သက်အရွယ် မိန်းမပျိုလေးတစ်ဦးဖြစ်သည်။ သူတို့အကုန်လုံးသည် စိတ်လှုပ်ရှားနေဟန် ရှိလေသည်။
အောင်းရိ စကားပြောရန် ဟန်ပြင်လိုက်စဉ်တွင် သူ၏နားအတွင်းသို့ အသံပို့လွှတ်မှုတစ်ခု ဝင်လာ၏။
“ ညီလေးရိ ... နဂါးနန်းတော်ရဲ့ လက်ရှိ အကြပ်အတည်းတွေကို ညီလေး ဘယ်လောက်အထိ သိလဲ... ”
တိမ်ပေါ်တွင် ရပ်နေသော အောင်းရိတစ်ယောက် ကြက်သေ,သေသွားလေတော့သည်။
***